မင်းအောင်လှိုင်နဲ့ ထရမ့် နှိပ်စက်မှုကြား မြန်မာသတင်းသမားတွေ ရှေ့ဆက်နိုင်ကြဦးမလား

ဟယ်ရီ ရေးသည်။

မဏ္ဍိုင်၊ မတ် ၂၂၊ ၂၀၂၅။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်ပြုံး*ဟာ VOA ထုတ်လွှင့်ချက်တွေကို ဂြိုလ်တုစလောင်းကနေ နေ့စဉ်ကြည့်လေ့ရှိသူဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာ့အရေးသုံးသပ်ချက်၊ အယ်ဒီတာဆွေးနွေးခန်းနဲ့ ကမ္ဘာ့သတင်းမီဒီယာတွေထဲကမြန်မာ အစီအစဉ်တွေကို သူအာရုံစိုက်နားထောင်ထာပါ။   

မတ် ၁၆ ရက်မှာတော့ VOA မြန်မာပိုင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်တွေကို ခေတ္တရပ်နားထားကြောင်း အသိပေးချက်ကို တွေ့လိုက်ရပြီး သတင်းအစီအစဉ်တွေကို သူ ဆက်မကြည့်ရတော့ပါဘူး။

“နေ့တိုင်းနားထောင်နေကျ VOA နားမထောင်ရတော့ဘူး။ မင်းအောင်လှိုင်အကြိုက် ဖြစ်ပြီပေါ့။” လို့ သူကပြောပါတယ်။

VOA ထုတ်လွှင့်ချက်တွေဟာ မတ် ၁၆ ရက်ကစ လုံးဝရပ်နားသွားပြီး RFA ကတော့ ထုတ်လွှင့်မှုအစီအစဉ် အတော်များများကို စတင်ရပ်နားထားရပါတော့မယ်လို့ မတ် ၂၁ ရက်မှာ ကြေညာထားပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမိန့်တွေကြောင့် အမေရိကန်ကမ္ဘာ့မီဒီယာအေဂျင်စီ (USAGM)ရဲ့ လက်အောက်က VOA ၊ RFA သတင်းဌာနတို့နဲ့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပြည်ပရောက် မြန်မာသတင်းဌာနတွေရဲ့ လုပ်ငန်းတွေ ထိခိုက်သွားပါတယ်။

မြန်မာ့ပြည်တွင်းစစ် ပြင်းထန်နေတဲ့ ခုလိုအချိန်မှာ အဆိုပါ ရေဒီယိုသတင်းဌာန ၂ ခုအပါအဝင် မြန်မာသတင်းဌာနတွေ ခုလိုအကျပ်ဆိုက်တာဟာ မြန်မာပြည်သူတွေအတွက် မှန်ကန်တိကျတဲ့ သတင်းအချက်အလက်ရရှိမှု လျော့ကျသွားနိုင်ပြီး လူမှုဘဝ၊ အသက်တွေအထိ အန္တရာယ်ကျရောက်နိုင်ခြေ မြင့်လာနိုင်တယ်လို့ မြန်မာသတင်းပညာသိပ္ပံကျောင်း (MJI) ရဲ့ သင်ကြားရေးမှူး ဦးမြင့်ကျော်က ဆိုပါတယ်။

“အင်တာနက် ပြတ်တောက်နေတဲ့ ဒေသအများအပြား၊ လျှပ်စစ်မီး ပုံမှန်မရရှိတဲ့ ဒေသအများအပြားမှာ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက အရပ်သားပြည်သူတွေအတွက် အသက်တမျှအရေးကြီးတဲ့ သတင်းတွေဖြစ်ပါတယ်။ ပညာသည်ပီသစွာ တင်ပြတဲ့ မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေက လူထုတွေရဲ့ အသက်အန္တရာယ်ကို များစွာ လျော့ချစေနိုင်တာလည်း ဖြစ်ပါတယ်။” လို့ သူကပြောပါတယ်။

ဝါရင့်မြန်မာသတင်းစာဆရာတချို့ကလည်း အမေရိကန်အထောက်အပံ့ခံ မြန်မာသတင်းမီဒီယာတွေအားနည်းသွားပါက စစ်အာဏာရှင်နဲ့ တရုတ်ရဲ့ လွှမ်းမိုးမှု ပိုကြီးလာပြီး မြန်မာ့ဒီမိုကရေစီကို ထိခိုက်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ရေနစ်သူ ဝါးကူထိုးတဲ့ ထရမ့်

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၁ အာဏာသိမ်းကတည်းက မြန်မာသတင်းဌာန ၈ ခုရဲ့ လိုင်စင်တွေရုတ်သိမ်းပြီး သတင်းသမားတွေကို ဆက်တိုက်ဖမ်းဆီးထောင်ချခဲ့ပါတယ်။ International Federation of Journalists (IFJ) ရဲ့ ၂၀၂၄ အစီရင်ခံစာအရ မြန်မာသတင်းသမား ၄၄ ယောက် အဖမ်းခံထားရပါတယ်။

RSF ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ မှာ မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်အဆင့်က နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၁ မှာ ရှိနေပါတယ်။ သတင်းထောက်တွေကို ထောင်သွင်းအကျဉ်းချမှု ပထမအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အထောက်ပံ့ခံ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေက သတင်းထောက်တွေဟာ ထရမ့်ရဲ့ နိုင်ငံခြားအကူအညီလျှော့ချရေး အမိန့်ညွှန်ကြားချက် ထွက်ပြီးနောက် လစာမရတော့ဘဲ စားဝတ်နေရေးခက်ခဲကြပြီး သတင်းအလုပ် ဆက်မလုပ်နိုင်တော့ကြပါဘူး။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် သတင်းထောက်စလုပ်ဖြစ်ခဲ့ အသက် ၂၈ အရွယ် အမျိုးသမီးသတင်းထောက် မချယ်ရီဟာ မြန်မာပြည်အလယ်ပိုင်းကသတင်းတွေကို တင်ဆက်နေတဲ့ ပြည်ပခြေစိုက် မြန်မာသတင်းမီဒီယာတခုမှာ လုပ်ခဲ့သူပါ။

သူဟာ မြန်မာပြည်တွင်းကနေ ၂ နှစ်ကျော်ကြာတဲ့အထိ သတင်းတွေပို့ပေးခဲ့ပြီးနောက် လုံခြုံရေးပြဿနာကြောင့် ထိုင်းနိုင်ငံကိုထွက်ပြေးခဲ့ရပြီး ပြည်ပကနေ သတင်းစာအလုပ်တွေကို ဆက်လုပ်နေခဲ့ပါတယ်။

အစုလိုက်အပြုံလိုက် သေတာတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေကြားက ပဋိပက္ခတွေနဲ့ အကျင့်ပျက်ချစားမှုတွေကို သူဟာ အဓိကထားဖော်ထုတ်ခဲ့ပါတယ်။ ဒီသတင်းတွေ၊ ဆောင်းပါးတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက သူ့ကိုဆက်သွယ်စုံစမ်းတာတွေ ကြုံဖူးသလို သူ့သတင်းတွေကြောင့် ပြည်သူတွေအဆင်ပြေသွားတာမျိုးလည်း ကြုံဖူးတယ်လို့ သူက ပြောပါတယ်။

“ကိုယ်ရေးလိုက်တဲ့သတင်းကြောင့် ကောင်းတဲ့ သက်ရောက်မှုတွေရှိတာလည်း ခဏခဏ ကြားရတယ်။ လာပြောပြကြတယ်။ အဲ့ဒီလို ကြားရချိန်တွေဆို ငါတကယ့်သတင်းသမားပီသအောင် လုပ်ရမယ်လို့ တွေးဖြစ်တယ်။ သတင်းထောက်အလုပ်က စိတ်တအားပင်ပန်းရတယ်လေ။ ခုလိုလေးတွေကြားရတော့ သတင်းထောက်အဖြစ် ရှေ့ဆက်ဖို့ အားရှိတာပေါ့။” လို့ သူက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကစပြီး USAID ရပ်သွားတာကြောင့် သူလုပ်နေတဲ့သတင်းဌာနမှာ အပြောင်းအလဲတွေဖြစ်ခဲ့ပြီး  သူ့ရဲ့စိတ်အားတက်ကြွမှုတွေဟာလည်း ပြောင်းပြန်ဖြစ်ဖို့ ကြုံလာခဲ့ရပါတယ်။  

ထောက်ပံ့မှုတွေ ရုတ်တရက်ရပ်သွားတဲ့အတွက် အခက်အခဲဖြစ်ခဲ့ရပုံကို သူက အခုလို ရှင်းပြပါတယ်။

“USAID ရုတ်တရက် ရပ်သွားတော့ ပထမဆုံး အခက်ခဲ ကြုံရတာက စားဝတ်နေရေးပေါ့။ လစာတွေ မရတော့ဘူးလေ။ ကိုယ့်နိုင်ငံထဲမှာဆို ဒီလောက်ခက်ခဲမယ် မထင်ဘူး။ ခုက သူများနိုင်ငံမှာဆိုတော့ ကိုယ့်မှာ မရှိရင် ငတ်တော့မှာပဲဆိုတဲ့ စိတ်ဝင်မိတယ်။ ကိုယ်ငတ်တော့မယ်ဆိုတာထက် မိသားစုကို ပိုက်ဆံပြန် မပို့နိုင်တော့ဘူးလို့ တွေးမိတော့ အဲဒီစိုးရိမ်ချက်က ပိုဆိုးတယ်။”

စားဝတ်နေရေးအဆင်မပြေတာနဲ့ သူ့သတင်းဌာနက လုပ်ဖော်ကိုင်ဖက်တချို့လည်း အလုပ်ထွက်သွားတာ ကြောင့် သူလည်း မတ်လထဲမှာ အလုပ်ထွက်လိုက်ပါတော့တယ်။

သတင်းငတ်လို့မဖြစ်တဲ့ မြန်မာပြည်သူတွေ

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ပဋိပက္ခမှာ အဓိကကျသူတွေရဲ့ အသံပါအောင် တင်ဆက်နိုင်တဲ့ မြန်မာသတင်းဌာနတွေ နည်းပါးနေချိန် VOA, RFA နဲ့ BBC တို့က သတင်းဌာနတွေထဲမှာ ထင်ရှားပြီး ရေဒီယိုအပါအဝင် ပလက်ဖောင်းအစုံနဲ့ ထုတ်လွှင့်နိုင်ပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင်AA နဲ့ မြန်မာစစ်တပ်ကြား တကျော့ပြန်တိုက်ပွဲစခဲ့တဲ့ ၂၀၂၃ နို၀င်ဘာကတည်းက ဖုန်းလိုင်း၊ အင်တာနက်နဲ့ လျှပ်စစ်မီးအဖြတ်ခံထားရပြီး ဒေသခံတွေဟာ ရေဒီယိုအစီအစဉ်တွေကို အဓိကအားကိုးနေရတာလို့ VOA Burmese မှာ ရခိုင်ပြည်နယ်သတင်းတွေ တင်ဆက်ပေးနေတဲ့ သတင်းထောက်သက်နိုင်က ပြောပါတယ်။

ဒါကြောင့် အခုရပ်သွားတဲ့ VOA သာမက RFA  ရေဒီယိုအစီအစဉ်ပါရပ်နားသွားရင် ရခိုင်လူဦးရေသုံးသန်းကျော်အတွက် နစ်နာစေသလို ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ဖြစ်ထားတဲ့ ရခိုင်ပြည်နယ်မှာ သတင်းအမှောင်ဖုံးသွားမှာကိုလည်း  စိုးရိမ်တယ်လို့ သူက ဆိုပါတယ်။

ဝါရင့်မြန်မာသတင်းစာဆရာဦးမြင့်ကျော်က BBC ရေဒီယိုအစီအစဥ်က တစ်ရက်ကို ၁၅ မိနစ်ကြာ မြန်မာဘာသာစကားနဲ့ ထုတ်လွှင့်နေပေမယ့်လည်း ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံက သတင်းစားသုံးသူတွေအတွက် ဒီထက်ပိုတဲ့ တင်ဆက်မှုမျိုးနဲ့ မတူညီတဲ့ သတင်းဌာနတွေဆီကနေ စုံလင်တဲ့ သတင်းအချက်အလက်တွေရဖို့ လိုနေသေးတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိအခြေအနေအရ မြန်မာ့သတင်းမီဒီယာတွေ အနေနဲ့ စုပေါင်းလုပ်ဆောင်မှု၊ အရင်းအမြစ် မျှဝေသုံးစွဲမှုတွေကို သတင်းမီဒီယာသမားတွေနဲ့ သတင်းဌာနတွေအကြား ပိုမိုလုပ်ဆောင်ကြဖို့ လိုအပ်မှာဖြစ်တယ်လို့ သူကအကြုံပြုပါတယ်။

“အခုလိုအခြေအနေမှာ သတင်းဌာနတွေ၊ သတင်းသမားတွေ အနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်အမှတ်သင်္ကေတ၊ ကိုယ့်ဂုဏ်သတင်းထက်ကို ပရိသတ်အကျိုးရှိစေနိုင်မယ့် ရွေးချယ်မှုမျိုးကို ပိုဦးစားပေး ရွေးချယ်နိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။

မကြာသေးခင်က အလုပ်နားလိုက်တဲ့ သတင်းထောက်ချယ်ရီက သူ့ကို သတင်းလာပေးကြတဲ့ သတင်းရင်းမြစ်တွေကိုလည်း သူအလုပ်နားလိုက်ကြောင်းအသိပေးပြီး အလုပ်ဆက်လုပ်နေသေးတဲ့ တခြားသတင်းထောက်တွေနဲ့ ချိတ်ဆက်ပေးနေတယ်လို့ သူကဆိုပါတယ်။

သတင်းလိုက်ရင်း သတင်းဆောင်းပါးတွေရေးတဲ့အထိ အရှိန်ရလာတဲ့သူဟာ တခြားအလုပ်လည်း မလုပ်တတ်တာကြောင့် ရှေ့ဆက်ပြီး သတင်းထောက်အလုပ်ကိုပဲ ဆက်လုပ်ဖြစ်ဦးမှာပါလို့ ပြောပါတယ်။ ဒါပေမဲ့ သူ့မှာ ပူပန်စိတ်တချို့တော့ ရှိနေပါတယ်။

အရင်လို ပျော်ပျော်ရွှင်ရွှင် တတ်တတ်ကြွကြွနဲ့ လုပ်နိုင်ပါ့မလား။ အတွေးအသစ်တွေ ရှိပါ့မလားတော့ စိုးရိမ်စိတ်ဖြစ်မိတယ်။”

*လုံခြုံရေးအရ အမည်လွှဲ

Leave a Comment

6 comments

b"asta binance h"anvisningskod December 2, 2025 - 7:15 am

Your article helped me a lot, is there any more related content? Thanks! https://accounts.binance.com/ru/register-person?ref=O9XES6KU

Reply
Kode Referal Binance Terbaik December 8, 2025 - 7:25 pm

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.

Reply
jilikovip December 22, 2025 - 10:44 pm

Saw an ad for jilikovip. Looks like a VIP program for some online platform. Worth checking out if you are into that kind of thing. Discover more about their VIP perks here: jilikovip

Reply
okebet4 January 14, 2026 - 8:58 pm Reply
pin77 app January 14, 2026 - 10:20 pm Reply
cow888 January 20, 2026 - 3:56 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing