မြေအောက်ရေပညာရှင် မောင်ကျေးရေ (ရုပ်ပုံလွှာ)

သက်ဦးမွန် ရေးသည်။

မဏ္ဍိုင်၊ ဇွန် ၁၁ ၊ ၂၀၂၆။

ဦးမြင့်သိန်း မြေအောက်ရေပညာရှင်ဖြစ်လာစေမယ့် ကျေးရေဌာနကို စဝင်တဲ့ ခုနှစ်က ၁၉၈၀ ခုနှစ်ပါ။ ကျေးရေဆို တာက အဲဒီအချိန် စက်မှုလယ်ယာဦးစီးဌာနအောက်က ကျေးရွာရေရရှိရေးဌာနခွဲကို အတိုကောက်ခေါ်တာပါ။

ကျေးရေဟာ စက်မှုလယ်ယာဦးစီးဌာနရဲ့လက်အောက်က ဌာနခွဲတစ်ခုဆိုပေမယ့်လည်း ဌာနရဲ့လူအင်အား၊ ငွေ အင်အားနဲ့ စီမံကိန်းတွေကို ကိုယ်တိုင်စီမံခန့်ခွဲ အုပ်ချုပ်လုပ်ကိုင်ခွင့်ရှိတယ်လို့ ဦးမြင့်သိန်းက ဆိုပါတယ်။

အဲဒီ ကျေးရေဌာနမှာ ဦးမြင့်သိန်းက ဌာနစုမှူး (ဇလဘူမိဗေဒ) ရာထူးနဲ့ အလုပ်ဝင်ပါတယ်။ ဒါဟာ ဦးမြင့်သိန်း မြေအောက်ရေပညာရှင်ဖြစ်လာမယ့် ခြေလှမ်းအစလည်းပဲ ဖြစ်ပါတယ်။ ဒီကျေးရေဌာနမှာ လုပ်ကိုင်တာကနေ ဦးမြင့်သိန်းက မြေအောက်ရေပညာရှင် ဖြစ်လာခဲ့တာပါ။

ကျေးရေဌာနမှာ ဦးမြင့်သိန်းက ရုံးချုပ်မှာပဲနေရတာ များပါတယ်။ ဆည်မြောင်းမှာလို ဆည်တွေဆောက်မယ့် တော ထဲကို မသွားရတော့ပါဘူး။ ရုံးချုပ်မှာက ရုံးကိစ္စတွေရယ် ပြီးတော့ အဲဒီအချိန်က ပေါ်ကာစ ကွန်ပြူတာတွေ အသုံး ပြုတတ်ဖို့ ကွန်ပြူတာသင်တန်းတွေလည်း တက်ခဲ့ရပါတယ်။

ဒါ့အပြင် ၁၉၈၆-၈၇ မှာလည်း ကွန်ပျူတာတက္ကသိုလ်က ဖွင့်လှစ်တဲ့ (Computer Programming Course -4)ကို တက်ရောက်သင်ကြားခဲ့ရပါသေးတယ်။ ပြောရရင် ထိုစဉ်က ဌာနဆိုင်ရာတွေမှာ စာရွက်စာတမ်းတွေနဲ့ပဲ အလုပ် လုပ်နေရာကနေ ကွန်ပြူတာတွေနဲ့ အဆင့်မြင့်ဖို့ သင်တန်းတွေပေးနေတဲ့ အချိန်လည်းဖြစ်တာပါ။

ဦးမြင့်သိန်းဟာ ကျေးရေဌာနက အမှတ် ၅ ကျေးရွာရေရှိရေးစခန်းမှာ စတင်အလုပ်ဝင်ရပါတယ်။ အဲဒီစခန်းက အောက်မြန်မာပြည်မှာ စက်‌ရေတွင်းတူး၊ တွင်းပြင်လုပ်ငန်းတွေကို တာဝန်ယူလုပ်ကိုင်ရတဲ့စခန်းဖြစ်ပါတယ်။ ဒါ့ အပြင် ရန်ကုန်နဲ့အောက်မြန်မာပြည်မှာ တွင်းတူးလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ လိုအပ်တဲ့ မြေအောက်ရေဆိုင် ရာပံ့ပိုးမှု၊ ပူးပေါင်းဖြေရှင်းပေးမှုနဲ့ တွင်းတူးမှတ်တမ်း အစီရင်ခံစာတွေကို ရေးသားပေးရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်ရေတွင်းတူးဖို့ တွင်းတူးဆိုင်းတွေနဲ့လည်း လိုက်ပါဆောင်ရွက်ရပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသတွေ ဖြစ်တဲ့ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်တို့မှာလည်း စာသင်ကျောင်း၊ လူမှုကျန်းမာရေးဆေးခန်းစတာတွေမှာ စက်ရေ တွင်းတွေ တူးဖော်ပေးရတဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ သန့်စင်သော သောက်သုံးရေရရှိရေး အစီအစဉ်တွေလည်း လုပ်ကိုင် ရပါတယ်။

“ရန်ကုန်ထဲကဆိုရင် မြောက်ဒဂုံတို့ တောင်ဒဂုံတို့။ အဲဒီမှာမြို့သစ်တွေလည်း တည်ဖို့လုပ်နေတော့ ရေတွင်းတွေ တူးပေးရတယ်။ အဲဒီမှာ ဘူမိဗေဒပညာရှင်အနေနဲ့ လိုက်ပါရတယ်။” လို့ ဦးမြင့်သိန်းက ဆိုပါတယ်။

ဒါ့အပြင် ရေရှိနိုင်တဲ့ မြေအောင်းလွှာတွေကို စမ်းသပ်အတည်ပြုပေးရပါတယ်။ မြေကြောတိုင်းတဲ့ စက်တွေကို အသုံးပြုပြီး ဇလဘူမိ ပြင်ဆင်မှုတွေလုပ်ရပါတယ်။ ရေကြောတွေကို ရှာရပါတယ်။ အဲ့အချိန်က ဌာနမှာ ဘတ်ဂျက် ကလည်းရှိနေတဲ့အခါ ပစ္စည်းအစုံ လူအပြည့် ငွေအပြည့်နဲ့ တွင်းတူးသမားတွေကို ကားတစ်စီးနဲ့ တင်ပြီး ရေတွင်း ပတ်တူးခဲ့ရတာလို့ ဆိုပါတယ်။ ပြီးရင် ရေတွင်း မှတ်တမ်းတွေလုပ်ရပါတယ်။

ကျေးရေဌာနမှာ မြေအောက်ရေနဲ့ ပတ်သက်တဲ့ ပညာရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ရ၊ ပညာဆည်းပူးခဲ့ရပါတယ်။ အဲဒီထဲမှာ နယ်သာလန်နိုင်ငံမှာ မြေအောက်ရေပညာရပ်ဆိုင်ရာကို လေ့လာသင်ကြားခဲ့တဲ့ မြေအောက်ရေပညာရှင် ဆရာကြီး ဦးငွေစန်း၊ အမေရိကန်နိုင်ငံကနေ မြေအောက်ရေပညာရပ်ဆိုင်ရာ သိပ္ပံဘွဲ့ရရှိထားတဲ့ မြေအောက်ရေ ဂုရုကြီးလို့ ဦးမြင့်သိန်းတင်စားထားတဲ့ ဆရာကြီးဦးငွေသိန်းတို့ရဲ့ ဦးဆောင်မှု၊ စီမံခန့်ခွဲမှုအောက်မှာ သူတို့နဲ့အတူ လက်တွဲ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တနည်းအားဖြင့် ဆရာကောင်းသမားကောင်းတွေနဲ့ ဆုံခဲ့ရတယ်လို့ ဆိုရမှာပါ။

🔲 Dry Zone က တွင်းသုံးထောင်

ဒါ့အပြင် ကျေးရေးဌာနကို ရောက်တဲ့အခါ မြေအောက်ရေ ပညာရပ်ကို ထဲထဲဝင်ဝင် ကျွမ်းကျင်စေမယ့် စီမံကိန်းကြီး တစ်ခုမှာလည်း ဦးမြင့်သိန်းက ပါဝင်ဆောင်ရွက်ခဲ့ရပါတယ်။ အဲဒီစီမံကိန်းဟာ ဦးမြင့်သိန်းကျေးရေဌာနကို ရောက်စ၊ စီမံကိန်းလည်း စတင် ဆောင်ရွက်ခါစ ဖြစ်နေတာပါ။

အဲဒီစီမံကိန်းက မြန်မာပြည်အလယ်ပိုင်းအပူပိုင်းဒေသ (Dry Zone)မှာ ကျေးရွာရေရရှိရေးစီမံကိန်းအဖြစ် အဲဒီ ဒေသမှာ ရေတွင်းပေါင်း သုံးထောင်ကျော်တူးပေးရတဲ့ စီမံကိန်းကြီးပဲဖြစ်ပါတယ်။ ဒီစီမံကိန်းကို UNICEF က အဓိက ပံ့ပိုးပေးတာဖြစ်ပြီး စီမံကိန်းအတွက် ဒေါ်လာ သန်း ၆၀ ဝန်းကျင် ရရှိခဲ့တာပါ။

(Dry Zone လို့ခေါ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသဆိုတာက နိုင်ငံလူဦးရေ ၅၁ သန်းကျော်ရှိတဲ့အထဲက သုံးပုံတစ်ပုံ မှီတင်းနေထိုင်ကြတာပါ။ ဒီဇုန်ထဲမှာ မန္တလေးတိုင်းဒေသကြီးဧရိယာထဲက ၆၈ ရာခိုင်နှုန်း၊ မကွေးတိုင်း ဒေသကြီးထဲက ၅၆ ရာခိုင်နှုန်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ၂၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ အဲဒီဇုန်ထဲမှာ ခရိုင် အားဖြင့် ၁၃ ခရိုင်၊ မြို့နယ်အားဖြင့် ၅၄ မြို့နယ် ပါဝင်တယ်လို့ အပူပိုင်းဇုန်စိမ်းလန်းစိုပြေရေး(စိမ်းစို)ဌာနက စာရင်း ဇယားတွေက ဆိုပါတယ်။

အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင် ၂၆,၁၃၉ ကျယ်ဝန်းတဲ့ ဒီဒေသရဲ့ ပထဝီမြေမျက်နှာသွင်ပြင်ကို အကြမ်း ဖျင်းပြောရရင် အရှေ့၊ အနောက်နဲ့ မြောက်ဘက်မှာ တောင်တန်းတွေနဲ့ ဝန်းရံထားပြီး တောင်ဘက်မှာတော့ မြေနိမ့် ဖြစ်ပါတယ်။ မြောက်မှတောင်သို့တည်ရှိနေတဲ့ တောင်တန်းတွေဟာ နွေရာသီမှာ အနောက်တောင်လေ တိုက်ခတ် ခြင်းကို ထိရောက်စွာ တားဆီးကြသလို ဆောင်းရာသီမှာလည်း အရှေ့တောင်မုတ်သုန်လေ တိုက်ခတ်ခြင်းကို ထိ ရောက်စွာ တားဆီးကြပါတယ်။ အကျိုးဆက်အနေနဲ့ အပူပိုင်းဒေသဟာ မိုးကွယ်ဒေသဖြစ်သွားပြီး ဒီဒေသရဲ့အချို့ နေရာတွေဟာ နှစ်စဉ်နီးပါး မိုးခေါင်တာကို ကြုံတွေ့ရပြီး အချို့နေရာတွေကတော့ လေး၊ ငါးနှစ်မှာ တစ်ကြိမ် နှုန်းလောက် မိုးခေါင်လေ့ရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။)

ဒီစီမံကိန်းကို ကုလသမဂ္ဂက တစ်ကမ္ဘာလုံးအတွက် ကောင်းမွန်သန့်စင်တဲ့ရေရှိရေး (Sustainable Water Supplied) လို့ဆိုကာ ၁၉၈၀ ခုနှစ်မှာ စတင် အကူညီပေးဆောင်ရွက်ခဲ့တာပါ။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက ထိုပရောဂျက်ကို ပထမဆုံးရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“ မြန်မာက ပထမဆုံးရတာ။ တခြားနိုင်ငံတွေ မရသေးဘူး။ အဲ့အချိန်တုန်းက ကျွန်တော်တို့ ဌာနက လူကြီးတွေက ပညာလည်းတတ် ပြောတတ်ဆိုတတ်တွေ။” လို့ ပရောဂျက်ရရှိခဲ့ပုံကို ဦးမြင့်သိန်းက ပြန် ပြောပြတယ်။

ဆရာဦးငွေစန်းဆိုရင် နိုင်ငံတကာနဲ့ဆက်ဆံရာမှာ အလွန်ပြေပြစ်ချောမွေ့ပါတယ်။ အင်္ဂလိပ်လိုလည်း နိုင်ငံခြား သား ပညာရှင်တွေနဲ့ ရင်ဘောင်တန်းပြောဆိုနိုင်သူပါ။ အစည်းအဝေးတစ်ခု လုပ်ပြီဆိုရင်လည်း အစည်းအဝေးရဲ့ အစီရင်ခံစာကို အစည်းအဝေးပြီးတာနဲ့တပြိုင်နက် စာမူအကြမ်းရေးပြီးသည်အထိ ကျွမ်းကျင်သူလို့ ဆရာဖြစ်သူရဲ့ ပညာရည် ပြည့်၀ပုံကို ဦးမြင့်သိန်းက ပြန်ပြောပြပါတယ်။

ဒီစီမံကိန်းအတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ နယ်သာလန်၊ ဩစတေးလျနိုင်ငံတို့ကလည်း စီမံကိန်း လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ အထောက်အပံ့တွေ ပေးခဲ့ပါတယ်။

စီမံကိန်းရဲ့ အဓိကလုပ်ဆောင်ချက်တွေက ကျေးလက်ဒေသနေ ပြည်သူတွေ သန့်ရှင်းသောသောက်သုံးရေရရှိဖို့ မြေအောက်ရေတူးဖော်နိုင်မယ့် ဒေသတွေမှာ စက်ရေတွင်းတွေ တူးဖော်ပေးတာ၊ မြေအောက်ရေတူးဖော်ဖို့ ခက်ခဲ တဲ့ ဒေသတွေအတွက်လည်း အနီးအနားဝန်းကျင်ရှိ မြေပေါ်ရေအရင်းအမြစ်တွေက ရေကို ရေသွယ်ပိုက်နဲ့ သွယ်ယူ ဖြန့်ဝေပေးတာ စတဲ့လုပ်ငန်းတွေကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှာ လုပ်ဆောင်ခဲ့ တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဖြန့်ဝေပေးတဲ့ သောက်သုံးရေ အရည်အသွေးကိုလည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (National Health laboratory) က စနစ်တကျတာဝန်ယူ စမ်းသပ်မှတ်တမ်းတင်ပါတယ်။ နောက်ပိုင်းမှာ စီမံကိန်းက ဘဏ္ဍာ ငွေနဲ့ အမှတ် ၅ ကျေးရွာရေရရှိရေးစက်စခန်းမှာ ရေအရည်အသွေးစမ်းသပ်စစ်ဆေးခန်းကို တည်ထောင်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

တူးဖော်ခဲ့တဲ့ စက်ရေတွင်းပေါင်းထောင်ကျော်ကိုလည်း တိုင်းအလိုက်မှတ်တမ်းများ စနစ်တကျထားရှိခဲ့ကြတယ်လို့ ဦးမြင့်သိန်းက သူပါဝင် ဆောင်ရွက်ခဲ့ရတဲ့ စီမံကိန်းအကြောင်းကို ပြန်ရှင်းပြပါတယ်။

ဒီစီမံကိန်းကြီးက ကျေးရွာရေရှိရေး သက်သက်တင်မဟုတ်ခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ်ကဏ္ဍကို တစ်ဆင့်မြင့်တက်စေခဲ့ပြီး သန့်ရှင်းသော သောက်ရေသုံးရေရရှိခြင်းကြောင့်လည်း မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ် ကဏ္ဍအတွက်လည်း ဦးမြင့်သိန်းတို့လို ရေနဲ့သက်ဆိုင်တဲ့ ပညာရပ်နဲ့ပညာ ရှင်တွေကိုလည်း ပေါ်ထွန်းစေခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဆိုပါ စီမံကိန်းကို ဦးစီးဦးဆောင်လုပ်ဆောင်ခဲ့ကြတဲ့ မြန်မာအင်ဂျင်နီယာတွေ၊ ဘူမိဗေဒပညာရှင်တွေကို နိုင်ငံတကာအဆင့်မြင့်နည်း ပညာတွေရရှိဖို့ နိုင်ငံခြားပညာ တော်သင် စေလွှတ်တာတွေ၊ လုပ်ငန်းခွင်ဆိုင်ရာ ပြည်ပလေ့လာရေး အလုပ်ရုံဆွေးနွေးပွဲတွေကို စေလွှတ်ပညာ သင်စေခဲ့တာကြောင့်ပါ။

အဲဒီလူတွေထဲမှာ ဦးမြင့်သိန်းတစ်ယောက်လည်း အပါအဝင်ပါပဲ။ သူက အဲဒီစီမံကိန်းရဲ့ အစီအစဉ်ကနေ ၁၉၈၇ မှာ နယ်သာလန်နိုင်ငံကို သွားရောက် ပညာသင်ကြားခွင့်ရခဲ့ပြီး မြေအောက်ရေ စူးစမ်းလေ့လာရေးဆိုင်ရာ ဘွဲ့လွန်ကို ရရှိခဲ့တာပါ။

🔲 ရေဒုက္ခတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံအပူပိုင်းဒေသ

စီမံကိန်းမတိုင်မီ အဲဒီ ၁၉၇၀/၈၀ ကာလတွေတုန်းကဆိုရင် မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသဟာ သောက်သုံး ရေ ပြဿနာကို ခေတ်အဆက်ဆက် ကြုံတွေ့နေခဲ့ရတာပါ။ ပူပြင်းခြောက်သွေ့တဲ့ဒေသဖြစ်တဲ့အတွက် မိုးရေ၊ ကန်ရေနဲ့ မြစ်နဲ့ နီးတဲ့ဒေသတွေဆိုရင် မြစ်ရေကိုပဲ အဓိကထားသုံးကြတာပါ။ ရေတွင်းတွေရှိပေမယ့်လည်း ရှားပါး ပါတယ်။

“ မြန်မာပြည်သူတွေသည် ၁၉၈၀/၉၀ မတိုင်ခင်လောက်ထိ ဧရာ၀တီမြစ်ဘေး၊ စစ်တောင်းမြစ်ဝှမ်းဘေး၊ သံလွင်မြစ် ဝှမ်းဘေး၊ ရခိုင်ပြည်က နတ်မြစ်ဘေး၊ ချင်းတွင်း မြစ်ဝှမ်းဘေးတွေမှာ ရေချိုလက်တက်ရှိတဲ့နေရာတွေပေါ့။ အဲဒီမြစ် ကမ်းပါးတစ်လျှောက်မှာ ရှိတဲ့သူတွေသည် မြေပေါ်ရေ မြစ်ချောင်းရေတွေကိုသုံးတာပဲ။” လို့ ဦးမြင့်သိန်းက ဆိုပါ တယ်။

မိုးရာသီဆိုရင် ချောင်းရေ မြစ်ရေကို သုံးလို့ရပေမယ့် နွေဆိုရင်တော့ ချောင်းတွေ ကန်တွေလည်း ခမ်းကုန်ပါတယ်။ အဲ့အချိန်ကျရင်တော့ ချောင်းတွေ၊ ကန်တွေမှာ လက်ယက်တွင်းနဲ့ ရေကို တူးဖော်သုံးကြရပါတယ်။

“ ခြောက်နေတဲ့ကန်တွေမှာ မြေခြောက်အပေါ်လွှာတွေကို ဖယ်လိုက်ရင် ရွှံ့ရောသဲတွေရှိတယ်။ အောက် မှာ တော့ သဲတွေ၊ သဲအောက်မှာ ရေတွေ။ အဲ့ဒါကို တူးပြီး သုံးကြတာပေါ့။”

၁၉၈၀ မတိုင်ခင်ကဆိုရင် ပြည်မြို့၊ တောင်တွင်းမြို့၊ မြင်းခြံနဲ့ နတ်မောက်ဘက်တွေမှာ အင်္ဂလိပ်လက်ထက်က လုပ် ပေးခဲ့တဲ့ ရေပေးဝေ၊ ရေသန့်စင် စက်ရုံတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။

“ရေသန့်စင်စက်ရုံက ကြီးကြီးမားမားမဟုတ်ဘူး။ ဓာတ်ပြုပစ္စည်းတွေ ထူးထူးခြားခြားထည့်တာလည်း မဟုတ် ဘူး။ ဧရာ၀တီမြစ်ရေကို စုပ်တင်တယ်။ ပထမကန်ထဲမှာ ချတယ်။ အနည်ထိုင်အောင်စောင့်တယ်။ ဒုတိယကန်ထဲ ကို ရေကြည်တာကို ထပ်ထည့်တယ်။ နောက် ကလိုရိုက်ထည့်တယ်။ ပြီးတော့မှ တတိယကန်ကိုထည့်တယ်။ ရေ ကြည်တော့မှ အဲဒီရေကို မြို့တွေကိုပေးတယ်။ ရွာတွေကို ပေးတယ်။” လို့ တွင်း ၃ ထောင် စီမံကိန်းမတိုင်ခင်က ရေပေးဝေတဲ့ စနစ်ကို ပြန်ရှင်းပြပါတယ်။

ဒီလိုရေရှားပါးပြီး သန့်ရှင်းတဲ့သောက်သုံးရေတွေ မရတာကြောင့်လည်း အဲဒီအချိန်က လူမှုစီးပွားရေး ခက်ခဲတာ တွေနဲ့ ဝမ်းရောဂါ၊ အရေပြားရောဂါစတဲ့ ရောဂါတွေလည်း ဖြစ်ပွားနူန်းမြင့်နေခဲ့တယ်လို့ စီမံကိန်းအတွက် မြန်မာ နိုင်ငံ အလယ်ပိုင်းဒေသကို စစ်တမ်းကောက်ခဲ့စဉ်က အချက်အလက်တွေကို ကိုးကားပြီး ဦးမြင့်သိန်းက ပြန်ပြောပြ တယ်။

“အရင်ကဆို ရေမရှိတော့ အသားအရောင်ကအစ မွဲခြောက်နေတာ။ အရင်တုန်းက စကားပုံတောင်ရှိတယ်။ ရွှေမလို ငွေမလို ရေကိုသာလိုသည်ဆိုတာ။ အဲဒီမှာ ထအော်တာ။ ရေတွင်းမတူးပေးခင်ကပေါ့။”

ဒါကြောင့်လည်း အမျှော်အမြင်ရှိတဲ့ လူကြီးတွေဟာ အပူပိုင်းဇုံနဲ့ မြန်မာနိုင်ငံရဲ့ မြေအောက်ရေကဏ္ဍကို မြှင့်တင်ဖို့ UNICEF ကနေ ဒီတွင်းသုံးထောင် ပရောဂျက်ကို ရအောင်လျောက်ခဲ့တာပါ။ လျောက်ခဲ့ရတာဟာလည်း လွယ်လွယ် ကူကူတော့ မဟုတ်ပါဘူး။

ဒီလို အဖြစ်အပျက်တွေနဲ့ ကျေးရွာကလူတွေရဲ့ လူနေမှုဘ၀တွေကို ပညာရှင်တွေရယ်၊ ကျန်းမာရေး ဦးစီးဌာနက လူတွေရယ် တွဲဖက်ပြီး စစ်တမ်းတွေကောက်၊ ရီပို့တွေရေးပြီး စနစ်တကျနဲ့ အဆိုပြုချက်တွေရေးကာ UNICEF ကို တင်ခဲ့တာပါ။ အဲဒီလုပ်ငန်းတွေကို ဆရာဦးငွေစန်းက ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာပါ။

🔲 အထောက်အပံ့ကောင်းတွေ ရခဲ့

ပရောဂျက်ရတဲ့အခါ UNICEF က စီမံကိန်းအတွက် မြန်မာနိုင်ငံက ပညာရှင်တစ်ယောက်ကိုလည်း စီမံကိန်းအတွက် ရေအရာရှိ (Water Supplied Officer) အနေနဲ့ ခန့်အပ်လိုက်ပါတယ်။ သူက စီမံကိန်းဆိုင်ရာ ကိစ္စအ၀၀ကို ကျေး ရေ ဌာနနဲ့ UNICEF ကြားပေါင်းကူးပေးရတဲ့ သဘောပါ။ ရေအရာရှိက အခြားသူတော့ မဟုတ်ပါဘူး။ ဦးမြင့်သိန်းရဲ့ ဆရာဖြစ်သူ မြေအောက်ရေဂုရုကြီး ဆရာဦးငွေသိန်းပါ။

ဆရာကြီး ဦးငွေသိန်းဟာ ရန်ကုန်တက္ကသိုလ်မှာလည်း ဘူမိဗေဒ နည်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့တာပါ။ သူဟာ ဇလဘူမိဗေဒဆိုင်ရာ သိပ္ပံဘွဲ့ (MSC) ကို အမေရိကန်နိုင်ငံ၊ မီနီဆိုးတားတက္ကသိုလ် (Minnesota university) ကနေ ရရှိထားသူလည်း ဖြစ်ပါတယ်။ ဆရာကြီးဦးငွေသိန်းဟာ ဦးမြင့်သိန်း မြေအောက်ရေပညာရှင်ဖြစ်လာဖို့ များစွာ အထောက် အကူပြုခဲ့သူလို့ ဆိုပါတယ်။ သူနဲ့ တွဲအလုပ်လုပ်ခဲ့ရတာဟာ ဦးမြင့်သိန်းကို ပညာရပ်အတွေ့ အကြုံတွေ များစွာရစေခဲ့ပါတယ်။

ဆရာကြီး ဦးငွေသိန်းဟာ မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံများမှ ရေပညာရှင်များကပါ လေးစားတန်ဖိုးထားရတဲ့ ပညာရှင်တစ်ဦး ဖြစ်တယ်လို့ ဦးမြင့်သိန်းက ထပ်မံပြောပြပါတယ်။

ဆရာကြီးဟာ တက္ကသိုလ်ဘူမိဗေဒ ဘွဲ့လွန်သင်တန်းများသာမက ရန်ကုန်စက်မှုတက္ကသိုလ်၊ မြို့ပြဘာသာရပ်ကို လေ့လာ သင်ကြားနေသူများကိုလည်း စာသင်ပြပေးရသူပါ။ ထို့အပြင် မြန်မာနိုင်ငံမှာ ရေကိုအခြေခံတဲ့ လုပ်ငန်း တွေ ဆောင်ရွက်မယ့်သူတွေ (ပြည်တွင်း၊ပြည်ပ) ကလည်း မိမိတို့လုပ်ငန်းတွေအတွက် ဆရာကြီးနဲ့ လာရောက် တိုင်ပင်ဆွေးနွေးကြရပါတယ်။

အဲဒီ ၁၉၈၀ ကာလတွေကတည်းက ၂၀၀၀ ကျော်ခုနှစ်တွေအထိလည်း ဆရာကြီး ဦးငွေသိန်းနဲ့ ဦးမြင့်သိန်းတို့ဟာ ပညာသင်ကြားရေး၊ စီးပွားရေးနဲ့ မြေအောက်ရေ ပညာရပ်ဆိုင်ရာတွေမှာ ဆက်လက် လက်တွဲလုပ်ဆောင်ခဲ့ကြ ပါတယ်။ ဒီအကြောင်းတွေကိုလည်း ရှေ့လာမယ့် အပိုင်းတွေမှာလည်း အသေးစိတ်ဖော်ပြပေးသွားမှာပါ။

စီမံကိန်းလုပ်ငန်းများမရခင်က မြန်မာနိုင်ငံမှာ ရေတွင်းတူးဖို့ဆိုရင် အင်္ဂလိပ်လက်ထက်က ကျန်ခဲ့တဲ့ တွင်းတူးစက် အဟောင်းတွေပဲ ရှိတာပါ။ အဲဒီစက်အဟောင်းတွေကိုပဲ အထပ်ထပ်ပြန်လည်ပြုပြင် သုံးနေခဲ့ရတယ်လို့ ဦးမြင့်သိန်း က ဆိုပါတယ်။ တွင်းတူးစက်အဟောင်းတွေဟာ တွင်းအကျယ် လေးလက်မ၊ ခြောက်လက်မအထိပဲ တူးနိုင်တော့ တာလို့ ဆိုပါတယ်။

အဲဒီအချိန် လွတ်လပ်ရေးရပြီးခေတ် ဦးနုအစိုးရလက်ထက်မှာ စက်ရေတွင်းတွေကို အစိုးရအထောက်အပံ့နဲ့ တူး ပေးခဲ့ကြတာဖြစ်ပြီး လက်နှိပ်တုံကင်တွေ တူးပေးတာပါ။ တူးတဲ့အခါမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မပါသေး ပါဘူး။

လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဆိုပြီး မြစ်၀ကျွန်းပေါ် ဧရာ၀တီတိုင်းနဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့မှာ စတူးခဲ့တာပါ။ မြန်မာပြည်က အဲဒီအချိန် စပါးအထွက်ကောင်းတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် စပါးအဓိက စိုက် ပျိုးတဲ့ ဒေသတွေကို ဦးစားပေးတူးခဲ့ကြတာလို့ ဦးမြင့်သိန်းက ပြန်ပြောပြပါတယ်။ တူးတဲ့အခါမှာလည်း ရန်ပုံငွေနဲ့ လူအင်အားဟာ အကန့်အသတ်နဲ့ပါ။

ကျေးရွာရေရရှိရေး စီမံကိန်းက ဘတ်ဂျက်တွေရလာတဲ့အခါမှသာ တွင်းအကျယ် ၈ လက်မကနေ ၁၂ လက်မ၊ အနက်ဆိုရင် ပေထောင်ကျော်ထိ တူးလို့ရတဲ့ အမေရိကန်က တွင်းတူးစက်အသစ်တွေ ထပ်ဝယ်ကြရပတာပါ။

တွင်းတူးစက်တွေတင်မကပါဘူး။ “တွင်းတူးဖို့အတွက် ရေကားပါရတယ်။ တွင်းတူးရင်ရေမူတ်ဖို့အတွက် ရေမူတ် စက်တွေ တင်တဲ့ ထရပ်ကားတစ်စီးပါတယ်။ နောက်တစ်ခါ တွင်းတူးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေအတွက် ကားတစ်စီး၊ တွင်းတူးပညာရှင်တွေနဲ့ပညာရှင်တွေစီးဖို့ လင့်ခရူဆာကားတစ်စီးပါတယ်။ နည်းတဲ့ အထောက်အပံ့ တွေ မဟုတ်ဘူး။” လို့ အဲဒီအချိန်က ရခဲ့တဲ့ အထောက်အပံ့တွေကို ပြန် ပြောပြပါတယ်။

ဒီလိုမျိုး စက်ပစ္စည်းအပြည့်အစုံနဲ့ ကျေးရွာရေရှိရေးစခန်းတွေကိုလည်း ငါးခုအထိတိုးချဲ့ခဲ့ပါတယ်။ အပူပိုင်းဒေသ မှာ စခန်းလေးခု (မန္တလေးတိုင်းအတွက် မိထ္ထီလာမှာ အမှတ် ၁ ကျေးရေစခန်း၊ စစ်ကိုင်းတိုင်းမှာ အမှတ် ၂ ကျေး ရေစခန်း၊ မကွေးတိုင်းအတွက် မကွေးမြို့မှာ အမှတ် ၃ ကျေးရေစခန်း၊ ပခုက္ကူမြို့မှာ အမှတ် ၄ ကျေးရေစခန်း နဲ့ရန်ကုန်မှာ အောက်မြန်မာပြည်နှင့်လုပ်ငန်းလိုအပ်ချက်အရဆောင်ရွက်ရတဲ့ အမှတ်(၅) ကျေးရွာရေရရှိရေး စက်စ ခန်း) ဆိုပြီး စက်စခန်း ၅ ခုဖွင့်လိုက်တာပါ။

ဒါ့အပြင် တွင်းတူးဖို့ ရေတွင်းတူးခြင်းဆိုင်ရာ စာတွေ့လက်တွေ့ သင်တန်းတွေကိုလည်း မြန်မာနိုင်ငံသား ၁၀ တန်း အောင်၊ တက္ကသိုလ်ဘွဲ့ရများကို နိုင်ငံတကာက သင်တန်းဆရာတွေကို ခေါ်ပြီး လက်တွေ့ကွင်းဆင်း သင်ကြား စေခဲ့ ပါတယ်။ အဲဒီသင်တန်းကျောင်းကို မိထ္ထီလာမြို့မှာ ဖွင့်လှစ်ထားတာပါ။

‘စက်မှုလယ်ယာကျေးရွာရေရှိရေး သင်တန်းကျောင်း’ လို့ ခေါ်ပါတယ်။ အဲဒီသင်တန်းကျောင်းကနေ မြေအောက်ရေ နဲ့ တွင်းတူးပညာရှင်တွေများစွာ ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ သင်တန်းကနေ ထူးချွန်တဲ့သူတွေကိုလည်း နိုင်ငံတကာ အဆင့်မြင့်တွင်းတူးသင်တန်းများကို တက်ရောက်စေခဲ့ပါတယ်။

သင်တန်းမှာ ရေတွင်းတူးခြင်းဆိုင်ရာအပြင် ဇလဘူမိဗေဒ၊ ရူပဗေဒစူးစမ်းလေ့လာရေး၊ မြေအောက်ရေ ဘယ်နား တူးရမယ်ဆိုတာ မြေပေါ်ကစူးစမ်းလေ့လာရတဲ့ ဇလဘူမိဗေဒပညာရပ်တွေကို သင်ပေးပါတယ်။ သင်ပြီးတာနဲ့ တွင်းသုံးထောင်စီမံကိန်း ပရောဂျက်တွေမှာ ချက်ချင်းပြန်လည် အသုံးချရတာဖြစ်တဲ့အတွက် စာတွေ့ရော လက် တွေ့ပါ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဖြစ်လာကြပါတယ်။

🔲 စီမံကိန်းရဲ့ အကျိုးကျေးဇူး

ကျေးရွာတွေမှာ စက်ရေတွင်း တူးဖို့နေရာကို အဲဒီအချိန် သမဝါယမခေတ်လည်း ဖြစ်တော့ ကျေးရွာရေရရှိရေးဌာန ရယ်၊ မြို့နယ်ထွေအုပ်ဌာနရယ်၊ သမဝါယမဌာနရယ်ဆိုပြီး ဌာနသုံးခုက သုံးပွင့်ဆိုင် ဆွေး နွေးရွေးချယ်ရတာပါ။

ပထမဆုံး ကျေးရွာကနေပြီးတော့ စက်ရေတွင်းတူးမယ့်နေရာကိုရွေးပါတယ်။ သူတို့ရွေးတဲ့နေရာတွေကို ကျေးရေ က ရေထွက်နိုင်မထွက်နိုင် စမ်းသပ်ပါတယ်။ ပြီးရင်တော့ သမဝါယမနဲ့ပေါင်းပြီး ကျေးရွာလူဦးရေအလိုက် ဘယ်နှစ် တွင်းတူးရမယ်ဆိုတာ သတ်မှတ်ပါတယ်။ ပြီးတဲ့အခါ စက်ရေတွင်းအပြင် ရေလှောင်ကန်တွေကိုလည်း ကျေးရွာ လူထုရဲ့ ရန်ပုံငွေထည့်ဝင်မှုတွေနဲ့ တည်ဆောက်ကြပါသေးတယ်။

ဒီလိုစက်ရေတွင်းတူးရတာဟာ ရွာတိုင်းတော့ ရေမထွက်ပါဘူး။ တစ်ချို့ရွာတွေဆို တွင်းတူးစက်တူးနိုင်တဲ့ ပေ ထောင်ကျော်ထိ တူးပေမယ့် ရေမထွက်ပါဘူး။ အဲ့လို ရွာတွေရှိရင်တော့ အဲဒီရွာအနီးအနားက ရေထွက်တဲ့ ရွာတွေ ဆီကနေ ပိုက်လိုင်းသွယ်ပြီးရေပေးပါတယ်။ အဲဒါကိုကျေးရွာအုပ်စုလိုက်ရေပေးဝေရေးစနစ် (village Group Tube Wells Water Supply System) လို့ ခေါ်ပါတယ်။ ထိုစီမံကိန်းကို နယ်သာလန်နိုင်ငံက ပံ့ပိုးကူညီပါတယ်။

“ မကွေးတိုင်းမှာ အဲလိုလုပ်ပေးရတာ အများဆုံးပဲ။ ရေထွက်တဲ့ရွာကနေ ၈ လက်မ ၁၂ လက်မတွင်းတွေက အတော် ကောင်းတာ။ (ရေဂါလံ) နှစ်သောင်း သုံးသောင်းထွက်တာ။ အဲဒီရေတွေကို ရေထွက်တဲ့ရွာမှာ ရေဂါလန်သောင်းချီ သိုလှောင်နိုင်တဲ့ ရေစင်တွေဆောက်ပြီးတော့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ရေပြန်ဖြန့်ပေးတာ။” လို့ ဦးမြင့်သိန်းကဆိုပါတယ်။

ကျေးရွာရေရရှိရေး စီမံကိန်းက စက်ရေတွင်းတွေ တူးပေးပြီးနောက် စီမံကိန်းဒေသတွေမှာ လူမှုစီးပွားနဲ့ ကျန်းမာ ရေးတွေလည်း သိသိသာသာတိုးတက်လာတယ်လို့ ဦးမြင့်သိန်းက ဆိုပါတယ်။

“ အရင်ကဆို အသားအရေတွေ မွဲခြောက်၊ ခြောက်ကပ်နေတာတွေတောင် စိုပြေလာတယ်။ စီးပွားရေးလည်း ကောင်းလာတယ်။ အချို့ရေတွေဆို အလျံအပယ်ထွက်တော့ စိုက်ပျိုးရေးတွင်းပါ လုပ်လို့ရတယ်။” လို့ ဦးမြင့်သိန်း က ဆိုပါတယ်။

ဒါ့အပြင်ရေကိုလည်း ဖောဖောသီသီ သုံးလာနိုင်ကြပါတယ်။

အရင်ကဆိုရင် “ ရွာတစ်ရွာမှာ သောက်ရေအိုး အလွန်ဆုံးရှိမှ တစ်လုံးနှစ်လုံးပဲ။ အိမ်မှာ သောက်ဖို့သုံးဖို့ပဲ ယူထား လိုက်တာ။ ရေတွင်းတွေရလာမှ အုတ်ကန်တွေလုပ်တယ်။ တချို့တတ်နိုင်တဲ့သူတွေက သူတို့အိမ်အတွက် ကျောက် စည်တွေဝယ်တာတို့ စဉ်းအိုးကြီးတွေ ဝယ်တာတို့ အဲ့ဒါတွေ လုပ်လာတာ။” လို့ ဦးမြင့်သိန်းက ဆိုပါတယ်။

ဒီတွင်းသုံးထောင် စီမံကိန်းဟာ ၁၉၈၀ မှာ စတင်ခဲ့ပြီး ၁၉၉၀ မှာ အဆုံးသတ်ခဲ့ပါတယ်။ ၁၀ နှစ် တိုင်တိုင် တူးခဲ့ ရ တာပါ။ အဆိုပါ မြန်မာပြည်အလယ်ပိုင်းအပူပိုင်းဒေသ၊ ကျေးရွာရေရရှိရေးစီမံကိန်း၊ [(Village Water Supply Project (Dry Zone) Burma] ကို ပဋ္ဌမရေဆယ်စုနှစ်ကာလ (1st Water Decade 1981-1990) အတွင်း လုပ်ငန်းတွေကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တယ်လို့ ဦးမြင့်သိန်းက ပြန်ပြောပြပါတယ်။

စီမံကိန်းပြီးတဲ့နောက်မှာတော့ တူးဖော်ခဲ့ပြီးတဲ့ စက်ရေတွင်းမှတ်တမ်းတွေ၊ မြို့နယ်အလိုက် တူးဖေါ်ထားပြီး ဖြစ်တဲ့ တွင်းတူးလုပ်ငန်းနေရာပြမြေပုံတွေ၊ ဇလဘူမိဗေဒနဲ့ မြေအောက်ရေအခြေပြမြေပုံတွေ၊ ဇလဘူမိဗေဒ ဆိုင်ရာ စမ်းသပ်တွေ့ရှိချက်မှတ်တမ်းတွေကို စုစည်းကာ မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဇုံဒေသရဲ့ ဇလဘူမိဗေဒ ဆိုင်ရာအစီရင်ခံစာ စာအုပ်တစ်အုပ်နဲ့ မြေပုံတွေကို စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

စီမံကိန်းကာလမှာလည်း စက်စခန်းအသီးသီးက မိမိတို့လုပ်ငန်းဆိုင်ရာ၊ ပညာရပ်ဆိုင်ရာတွေ့ရှိချက်တွေကို အခြေ ခံပြီး ဘာသာရပ်အလိုက် သုတေသတစာတမ်းများရေးသားကြကာ ရန်ကုန်ရုံးချုပ်မှာ စာတမ်းဖတ်ပွဲတွေလည်း ကျင်းပကြပါတယ်။

ထိုစာတမ်းတွေထဲမှာ သက်ဆိုင်ရာဌာန အသီးသီးကိုလည်း ဖိတ်ကြားထားပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ စစ်တမ်းများ ကောက်ယူထားတဲ့အပေါ် စီမံကိန်းမတိုင်ခင်နဲ့ စီမံကိန်းအပြီး တွေ့ရှိချက်တွေကို ရေးသား ထားတဲ့ စာတမ်းတွေလည်း ပါဝင်တယ်လို့ ဦးမြင့်သိန်းက ဆိုပါတယ်။

ဦးမြင့်သိန်းအတွက်လည်း ဒီစီမံကိန်းမှာ လာရောက်လုပ်ကိုင်ကြတဲ့နိုင်ငံခြား ပညာရှင်များနှင့်တွဲလုပ်ရလို့ ပညာရပ် ဆိုင်ရာတိုးတက်မှုများစွာရရှိခဲ့ပါတယ်။

ပြီးတော့ မြန်မာတွေက စက်ရေတွင်းကို အဝီစိတွင်းလို့ စခေါ်ခဲ့ပုံကိုလည်း ဗဟုသုတအနေနဲ့လည်း ဦးမြင့်သိန်းက ရှင်းပြပါတယ်။

မင်းတုန်းမင်းဘုရင်လက်ထက်က အင်္ဂလိပ်တွေ ရေတွင်းတူးတဲ့အခါ မြေကြီးအောက်ကို တော်တော်နက်နက်တူးရ တာကိုတွေ့ပြီး အဝီစိထိရောက်အောက်တူးရတယ်လို့ဆိုကာ မြန်မာတွေက အဝီစိတွင်းရယ်လို့ အစွဲပြုခေါ်လိုက် ကြတာပါ။ တစ်ကယ့်အမှန်က မြေအောက်ရေကို စက်တွေနဲ့ တူးဖော်ရတဲ့အတွက် စက်ရေတွင်းလို့ပဲ ခေါ်ဆိုရ တယ်လို့ ဦးမြင့်သိန်းကဆိုပါတယ်။

🔲 မြေအောက်ရေ သဘောသဘာ၀

ဆက်ပြီးတော့ မြေအောက်ရေရဲ့ သဘောသဘာ၀တွေကိုလည်း သူက ရှင်းပြပါသေးတယ်။ မြေအောက်ရေဆို တာကတော့ အရပ်စကားအတိုင်းဆိုရရင် မြေအောက်မှာရှိတဲ့ရေကိုဆိုတာပါ။

တိတိကျကျ ထပ်ပြောရရင်တော့ ကမ္ဘာမြေမျက်နှာပြင်အောက်ရှိ မြေလွှာကျောက်လွှာ (သဲ၊ကျောက်စရစ်) အတွင်း မှာလည်းကောင်း၊ ကျောက်လွှာတွေအတွင်းမှာ လည်းကောင်း စိမ့်ဝင်ခိုအောင်းနေတဲ့ရေဖြစ်တယ်လို့ ဦးမြင့်သိန်း ကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့ ‘အသုံးချဇလဘူမိဗေဒပညာ’ စာအုပ်မှာ ဖော်ပြထားပါတယ်။

မြေအောက်ရေကို အဓိကဖြည့်တင်းပေးတာဟာ မိုးရေတွေဖြစ်ပြီး မိုးရေတွေဟာ မြေလွှာတွေကနေတစ်ဆင့် ရေ အောင်းလွှာထဲကို စိမ့်ဝင်လာကာ မြေအောက်တွင် ကာလကြာဖြစ်တည်နေရင်း မြေအောက်ရေဖြစ်လာတာပါ။ မြေပေါ်ရေတွေဖြစ်တဲ့ မြစ်၊ ချောင်း၊ အင်းအိုင်ကရေတွေကလည်း မြေအောက်ကို စိမ့်ဝင် စီးဆင်းပြီး မြေအောက်ရေ ဖြစ်လာပါတယ်။ လူတွေသုံးစွဲသမျှကိုလည်း အဲဒီနည်းတွေနဲ့ သဘာ၀အလျှောက် ပြန်လည်ဖြည့်တင်းပေးနေ တာပါ။

တချို့နေရာတွေမှာတော့ မြေအောက်ရေတွေက မြေပေါ်ကို အလိုအလျှောက် စိမ့်ထွက်တာတွေလည်းရှိပါတယ်။ အဲဒီရေတွေကိုတော့ စိမ့်စမ်းရေလို့ခေါ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ သောက်သုံးရန် အသုံးပြုနေတဲ့ ရေအများစုဟာ မြေအောက်ရေတွေပဲ ဖြစ်တယ်လို့ ဦးမြင့်သိန်းက ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ ရေချို ပမာဏ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နူန်းဟာ မြေအောက်ရေဖြစ်တယ်လို့ သူကဆိုတယ်။

မြေအောက်ရေဖြစ်ပေါ်လာပုံအစကို ဆွဲထုတ်ကြည့်ရရင်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း သန်းပေါင်းများစွာတည်းက စတင် ဖြစ်တည်လာတယ်လို့ ‘အသုံးချဇလဘူမိဗေဒပညာ’ စာအုပ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာမြေဖြစ်ပေါ်ကာစ နှစ်ပေါင်းသန်းလေးထောင်နဲ့ယှဉ်ပါက နှစ် နှစ်ထောင်ခန့်နောက်ကျတဲ့သဘောပါ။

ဘာကြောင့်လည်းဆိုတော့ ကမ္ဘာမြေတည်စမှာ မြေမျက်နှာပြင်တွေဟာ အပူရှိန်ပြင်းပြင်းနဲ့ မီးဖုတ်ထားတဲ့ အုတ်နီ ခဲလိုဖြစ်နေတဲ့အတွက် ရေမတည်နိုင်တာ‌ကြောင့်လို့ ဦးမြင့်သိန်းရေးသားထားတဲ့ နောက်ထပ်စာအုပ် တစ်အုပ် ဖြစ်တဲ့ ‘အခြေခံမြေအောက်ရေ နည်းပညာ’ ဆိုတဲ့ စာအုပ်မှာဖော်ပြထားပါတယ်။

လူတို့သုံးစွဲနေတဲ့ ရေတွေကို အဓိကခွဲလိုက်ရင် မြေပေါ်ရေနဲ့ မြေအောက်ရေဆိုပြီး နှစ်မျိုးရှိပါတယ်။ ကမ္ဘာမှာ မြေပေါ်ရေကို လူတို့အသုံးပြုကြတာ ကမ္ဘာဦးအစတည်းကဖြစ်ပေမယ့် မြေအောက်ရေကို ထုတ်ယူသုံးစွဲတာက ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂,၁၀၀ ခန့်က အီဂျစ်ပြည်မှာ စတင်အသုံးပြုခဲ့တာဖြစ်တယ်လို့ ဦးမြင့်သိန်းရဲ့ စာအုပ် မှာ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ဘီစီ ၃ ရာစုကတည်းက မြေအောက်ရေကို စတင်အသုံးပြုခဲ့တယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်မှတ်တမ်းတွေအရ သိရတယ်လို့ စာအုပ်မှာကိုးကားဖော်ပြထားပါတယ်။ အဲဒီ ဘီစီ ၃ ရာစုမှာ မြေအောက် ရေကို စသုံးတဲ့နေရာဟာ မြန်မာပြည်အောက်ပိုင်း၊ မြစ်၀ကျွန်းပေါ်ဒေသ ၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့အပိုင် တောင်ဇင်း ရွာအနီးက ရှေးပျူမြို့ဟောင်းမှာဖြစ်တယ်လို့ စာအုပ်မှာ ဆိုထားပါတယ်။

ဒီလို မြေအောက်ရေနဲ့ ပတ်သက်ပြီး ခရေစေ့တွင်းကျ သိနိုင်ဖို့ လေ့လာအားထုတ်ဖို့ ဝါသနာပါလာတာဟာ ကျေးရေ ဌာနရဲ့ကျေးဇူးတွေပါလို့ ဦးမြင့်သိန်းက ဆိုပါတယ်။ ကျေးရေဌာနမှာ မြေအောက်ရေကိစ္စတွေကို လုပ်ကိုင်နေရင်း မြေအောက်ရေပညာကို ဝါသနာပါလာပြီး အမြဲမပြတ်လေ့လာဆည်းပူးခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီအချိန်ကဆိုရင် အင်တာနက်လည်းမရှိ ၊ စာအုပ်စာတမ်းတွေကလည်း အကန့်အသတ်နဲ့ပါ။ ဒါကြောင့် ရနိုင် သမျှ စာအုပ်စာတမ်းတွေကို ရှာဖွေဖတ်ရှုရပါတယ်။ ဦးငွေသိန်းတို့လို ဆရာကြီးတွေဆီကနေလည်း ရေတွင်းတူး ပညာနဲ့ မြေအောက်ရေ သဘောသဘာ၀တွေကိုလည်း လေ့လာဆည်းပူး မေးမြန်းပါတယ်။

လုပ်ငန်းခွင်ရောက်ရင်လည်း အလုပ်တစ်ခုလို အလုပ်ပြီးရင် ပြီးရောသဘောမထားဘဲ တွင်းတူးအဆိုင်းတွေ သွားတဲ့အခါ “ကျွန်တော်ကလည်း ဝါသနာပါတော့ မြေစာတက်လာရင် မြေစာကို ကြည့်တယ်။ ရွှံ့ပေ သဲပေခံပြီး လုပ်တာ။” လို့ဆိုတယ်။

ဒါ့အပြင် “ ဝါသနာပါတော့ လေ့လာတယ်။ စာအုပ်တွေဖတ်တယ်။ အဲ့ဒီကနေကျွန်တော် အခုလို (မြေအောက်ရေ ပညာရှင်)လို့ အများသူငါက အသိအမှတ်ပြုပြောဆိုလာကြတာပေါ့ဗျာ။” လို့ ဦးမြင့်သိန်းက မြေအောက်ရေ ပညာရှင် ဖြစ် လာစေဖို့ ပညာဆည်းပူး လေ့လာခဲ့ပုံတွေကို ပြန်ပြောပြပါတယ်။

မြေအောက်ရေဆိုတာကလည်း မျက်စိနဲ့မြင်ရတဲ့အရာမဟုတ်တဲ့အခါ ဘယ်နေရာမှာ ရေကြောရှိတယ်၊ ဘယ် နေရာ ကို ဘယ်လိုတူးရင် ရေဘယ်လောက်ထွက်မယ်၊ ရေငံလား ရေချိုလား သောက်ဖို့ရေလား သုံးဖို့ရေလား ၊ လူတွေ သုံးဖို့ သင့်တော်ရဲ့လားဆိုတာတွေကို သေချာတွက်ချက်နိုင် တူးဖို့ကျွမ်းကျင်မှသာ ရေတွင်းတူးတိုင်း ရေရမှာ ဖြစ် တယ်လို့ ဦးမြင့်သိန်းက ဆိုပါတယ်။

အပိုင်း ၄ ကို ဆက်လက်ဖော်ပြပါမည်။

( လာမည့်အပိုင်း ၄ တွင် ဦးမြင့်သိန်း ရေတွင်းတူးကျွမ်းကျင်လာပုံ၊ A1 ခြံအတွင်းမှ ဘ၀မှတ်တိုင် ရေတွင်းသုံးတွင်း ၊ နယ်သာလန်ကို ပညာတော်သင်သွားခဲ့ရသည့် အတွေ့အကြုံများနှင့် မိသားစုဘ၀၊ အဲဒီခေတ်က မြန်မာနိုင်ငံ အခြေ အနေများကို ဆက်လက်ဖော်ပြပါမည်။)

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။