“တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ပိုမိုတိုက်ပွဲတွေ ဖြစ်ပွားမှုတွေက မြေရှားနဲ့ ပတ်သက်ပြီးတော့ ထိပ်တိုက်များလာတယ်”

မြေရှားသတ္တု (Rare Earth) တူးဖော်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာသုတေသန ပြုနေသူ ဇုန်းသိန်း (Zung Ting)နှင့် အင်တာဗျူး

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲက အဖိုးတန် မြေရှားနဲ့ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တရားမဝင် တူးဖော်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော်စီး ဆင်းလာတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက ကော့မြစ်(နမ့်ခုတ်မြစ်)၊ ဆိုင်းမြစ်၊ ရုခ်မြစ်နဲ့ မဲခေါင်မြစ် စတဲ့ မြစ်တွေ ညစ်ညမ်းလာတာနဲ့ ပက်သက်ပြီး ကာကွယ်နိုင်ဖို့နဲ့ လူထုကို အသိပညာပေးဖို့ရည်ရွယ်တဲ့ Walk Peace for Rivers အဖွဲ့ဟာ မေလ ၃၁ ရက်ကနေ ဇွန်လ ၆ ရက်အထိ လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီမြစ်ချောင်းတွေအတွက် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို ချင်းမိုင်ခရိုင် သာတွန်မြို့၊ ကော့မြစ် ကြောင်း တလျှောက်က စတင်ခဲ့တာဖြစ်ပြီး ထိုင်းသံဃာတော်တွေနဲ့ သာမဏေ ငယ်ရာပေါင်းနီးပါး အပါအဝင် ဒေသခံ ပြည်သူတွေ၊ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အများအပြားလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို ချင်းမိုင်ခရိုင်၊ သာတွန်မြို့မှ ချင်းရိုင်မြို့အထိ ၆၈ ကီလိုမီတာ (၄၂ မိုင်ကျော်) အကွာအဝေးထိ ငြိမ်းချမ်းရေးလမ်းလျှောက်ချီတက်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံက မြစ်ချောင်းများအရေး တက်ကြွစွာ လှုပ်ရှားသူတွေအနေနဲ့ ပြည်ပက သဘာဝပတ်ဝန်းကျင်အရေး တတ်ကြွစွာဆောင်ရွက်နေတဲ့ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဒေသခံပြည်သူတွေနဲ့ အစိုးရတာဝန်ရှိသူ တစ်ချို့နဲ့တွေ့ဆုံကာ ဆွေးနွေးပွဲတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံက သယံဇာတနဲ့ ပတ်ဝန်းကျင် တရားမျှတမှု အရေးဆောင်ရွက် နေသူ တစ်ဦးဖြစ်သလို Rare Earth (မြေရှားသတ္တု) တူးဖော်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကိုပါ လေ့လာသု တေသနပြုနေသူ တစ်ဦးဖြစ်တဲ့ ဇုန်းသိန်း (Zung Ting) ကို မဏ္ဍိုင်က တွေ့ဆုံ အင်တာဗျူး ဖြစ်ခဲ့ပါတယ်။

သူဟာ အရင်က အစိုးရသံတမန်ရေး၊ NGO နဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေမှာ အလုပ်အတွေ့အကြုံ ရှိခဲ့သလို ၂၀၀၄ မှ ၂၀၁၂ အတွင်း SWISSAID ရဲ့ ကချင်အစီအစဉ်မှာ Program Officer အဖြစ် လုပ်ကိုင်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ဂျပန်သံရုံးရဲ့ Human Security Projects အစီအစဉ်နဲ့ ပတ်ဝန်းကျင်ပညာပေးလုပ်ငန်းများတွေမှာ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။

Zung Ting က ကချင်ပြည်နယ်ရှိ Rare Earth တူးဖော်မှုတွေကြောင့် သစ်တောတွေ ပြုန်းတီးခြင်း၊ မြစ်ချောင်းတွေ အက်ဆစ်နဲ့ ဓာတုပစ္စည်းတွေကြောင့် ညစ်ညမ်းခြင်း၊ ဒေသခံပြည်သူတွေရဲ့ ကျန်း မာရေးထိခိုက်ခြင်း၊ တရုတ် ဈေးကွက်သို့ ကုန်ကြမ်းအဖြစ် တင်ပို့နေတာတွေနဲ့ ဒေသခံတွေ အကျိုးခံစား ခွင့်နည်းပါးတာ စတဲ့ပြဿနာတွေကို အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုထားသလို ကချင်ဒေသ ဟာ “Global energy transition အတွက် Sacrifice Zone (စတေးခံနယ်မြေ)” ဖြစ်လာနေကြောင်း သူက သတိပေးထားပါတယ်။

မဏ္ဍိုင်။ ။ပထမဦးဆုံးအနေနဲ့ ဆရာ့ကိုမေးချင်တဲ့ မေးခွန်းကတော့ မေလ ၃၁ ရက်ကနေ ဇွန်လ ၆ ရက်အထိ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲက အဖိုးတန် မြေရှားနဲ့ ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းတွေကို တရားမဝင်တူးဖော်မှုတွေကြောင့် နယ်စပ်ဖြတ် ကျော်စီးဆင်းလာတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက ကော့မြစ်(နမ့်ခုတ်မြစ်)၊ ဆိုင်းမြစ်၊ ရုခ်မြစ်နဲ့ မဲခေါင်မြစ် စတဲ့ မြစ်တွေ ညစ်ညမ်းလာတာနဲ့ ပက်သက်ပြီး ကာကွယ်နိုင်ဖို့နဲ့ လူထုကိုအသိပညာပေးဖို့ ထိုင်းဘက်မှာ သဘာဝအရေးတတ်ကြွစွာ လှုပ်ရှားသူတွေနဲ့ ဒေသခံတွေက Walk Peace for Rivers အဖွဲ့ဟာ လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ကြတယ်။ နောက်ပြီး ဆရာတို့လို ပညာရှင်တွေကိုခေါ်ပြီး ဆွေးနွေးပွဲ တွေကို လုပ်ခဲ့ကြတယ်။

ကျွန်တော် အဓိကသိချင်တာ မြန်မာ ဘက်ခြမ်းပေါ့ ဆရာ။ ထိုင်းနိုင်ငံက ကော့မြစ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဘက်ခြမ်းမှာတော့ နမ့်ခုတ်မြစ်အနေနဲ့ မြောက်ကနေတောင်ကို စီးဆင်းတယ်။ မြန်မာ ဘက်ခြမ်းက အဓိက အဖိုးတန်မြေရှားနဲ့ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တရားမဝင်တူးဖော် မှုတွေကြောင့် မြစ်က ပိုပြီးတော့ ပျက်စီးပါတယ်။ ထိုင်းဘက်ခြမ်းမှာကြတော့ အင်တိုက်အားတိုက် လုပ်နေကြပေမယ့် မြန်မာ ဘက်ခြမ်းမှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ဆန့်ကျင်တာမျိုးတာ နည်းတယ်လို့ သိရပါတယ်။ ဒါ့ ကြောင့် မြန်မာဘက်ခြမ်းမှာ ဘယ်လိုအခက်အခဲတွေ ရှိတယ်ဆိုတာ သိပါရစေ ခင်ဗျာ။

Zung Ting။ ။ ဆရာပြောသလိုပါပဲ။ ကျွန်တော်တို့မှာ ထိုင်းဘက်ခြမ်းလို မလုပ်နိုင်ရတဲ့ အပိုင်းကလည်း သုံး ပိုင်းရှိပါတယ်။ အဓိကကတော့ သူက Funding လိုတယ်။ ဒီ Financial အပိုင်းလိုပါတယ်။ ပြီးတော့ နောက်တစ်ခု က Technical လည်း လိုပါတယ်။ သူတို့(ထိုင်း)တွေ Manage လုပ်တာက အရမ်းတော်တယ်။ ကျွန်တော်တို့ဆီမှာ အဲဒါတွေလည်း အားနည်းတယ်။ စောစောကပြောတဲ့ ဘက်ဂျက်က International River အဖွဲ့တွေက အများကြီးကူညီတာ။ ဒါ့ကြောင့် သူတို့ထဲက Funding ရတယ်။ Technical လည်း ငါတို့အားနည်းတယ်။ ဒါတွေကတော့ ထားလိုက်ပါဦး လုပ်လို့ ရသေးတယ်။

အခုက အခက်ခဲဆုံးကတော့ Local Authority တွေ လုံးဝခွင့်မပြုတဲ့ကိစ္စပေါ့နော်။ လုံးဝ သေချာ တယ်။ ဒီမှာ ဒီအချိန်သာသွားလုပ်ကြည့် အဲလိုအုံနဲ့ကျင်းနဲ့ဆို ရှော(သေ)မလား။ ဒါမှမဟုတ် တစ်ခုခုပေါ့။ ဖမ်းပြီးမှ ငယ်ရွယ်တဲ့ကောင်တွေဆို စစ်မှုထမ်းလုပ်မလား စသဖြင့်ပေါ့၊ သေချာ ပေါက်တစ်ခုခုလုပ်မှာ။ ဒါကြောင့်အဓိကကတော့ Security ပေါ့။ ဒီ သုံးခုကြောင့်ပါပဲ။ ငါတို့ဆီမှာ သိတဲ့အတိုင်း ကုန်ဈေးနှုန်းကလည်း အရမ်းများတယ်ဆိုတော့ Limitation (အကန့် အသတ်) တွေရှိတယ်။ အရေးကြီးဆုံးပဲ Security ကြောင့်ပါပဲ။

မဏ္ဍိုင်။ ။နောက်တစ်ခုမေးချင်တာက ဒီနေ့ဆိုရင် ထိုင်းတွေက မြစ်တွေထဲကရေကို ခပ်ယူပြီး Water Testing တွေ လုပ်တာမျိုးတွေရှိတယ်။ ဆရာအနေနဲ့ မြေရှားတူးဖော်မှုကြောင့် မြစ်၊ ချောင်းတွေ ပျက်စီးနိုင်တာနဲ့ ပတ်သက်ပြီးတော့ ထိုင်းဘက်က ပညာရှင်တွေနဲ့ တာဝန်ရှိသူတွေကို သေချာ Aware ပေးလိုက်ပြီးတဲ့ နောက်ပိုင်း မှာ သူတို့တွေက မြစ်တွေမှာ စစ်ဆေးရင်းနဲ့ အခုလို လုံးဝဒီလို လှုပ်ရှားမှုမျိုးက ပေါ်ပေါက်လာခဲ့တယ်။ ကျွန်တော် မေးချင်တာက ဆရာအနေနဲ့ ကျွန်တော်တို့ မြန်မာဘက်အခြမ်းကမှာရှိတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ကျန်တဲ့ အရပ်ဘက်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဆရာလက်လှမ်းမီသလိုပေါ့ အကြံပြု တာမျိုးတွေရော လုပ်တာရှိလား။ သို့မဟုတ် အသက်အန္တရာယ် မဖြစ်အောင် နှုတ်ဆိတ်နေရတာမျိုး ရှိပါသလား။

Zung Ting။ ။တကယ်တော့ မြန်မာဘက်အခြမ်းက ကျွန်တော်ဆို အဲဒီ KIA ကို တောက်လျှောက်ပြောတယ်။ ဗိုလ်ချုပ်တွေရှိတယ်။ ငါနဲ့လည်းအရမ်းခင်တယ်။ သူတို့ကျွန်တော့်ကိုဆို အရမ်းလေးစားတယ်။ သူတို့ကို အမြဲလည်းပြောပါတယ်။ အခုသူတို့ လက်ခံတယ်။ စပြီးလက်ခံတယ်။

ထိုင်းဘက်ခြမ်းမှာက Financial ပိုင်းလည်းရှိတော့ ဒီလိုအုံနဲ့ကျင်းနဲ့လူထုလှုပ်ရှားမှုအသွင်နဲ့ လုပ်နိုင် ပေမယ့် ကျွန်တော်တို့ဆီမှာက အခုအချိန်ထိ အဓိကက စောစောကပြောတဲ့အခက်အခဲတွေကြောင့် မလုပ်နိုင် သေးဘူးပေါ့။ ကျွန်တော်က သူတို့ကိုတော့ Advocacy ပိုင်းနဲ့ပက်သက်ပြီး ဆွေးနွေးတာတွေ တော့ရှိပါတယ်။

ကျွန်တော်တို့အတွက် မြစ်ချောင်းတွေကို ပျက်စီးစေတဲ့ မြေရှားသတ္တုတူးရာကနေထွက်လာတဲ့ အာ ဆင်းနစ် (Arsenic) နဲ့ ရွှေတူးရာကနေထွက်လာတဲ့ ပြဒါး(Mercury) တွေကို တိုင်းတာတဲ့ ကိရိယာ တွေ လိုအပ်ပါတယ်။ သူက တိုင်းတဲ့ကိရိယာအပါ ဆက်စပ်နေတဲ့ တိုင်းတာရေးပစ္စည်းတွေအကုန် အပါဆိုရင် တိုင်းတာရေးကိရိယာ တစ်ခုကို ဒေါ်လာ လေးသောင်းကျော်မယ်။

ဒီစက်ကိရိယာတွေကို ကျွမ်းကျင်စွာနဲ့ သုံးတတ်ဖို့က သင်တန်းတက်ဖို့ လိုပါတယ်။ ထိုင်းက မြစ်ချောင်းတွေမှာ အာဆင်းနစ်နဲ့ ပြဒါးကို စစ်ဆေးနေတဲ့ ဒေါက်တာ ဝမ်ဆီမှာ သင်တန်းတက်ရမယ်။ ဒီကိရိယာ နှစ်ခုလောက်နဲ့ အခြားဆက်စပ် ပစ္စည်းတွေအတွက် ကုန်ကျစရိတ် စုစုပေါင်းက ပျှမ်းမျှအနေနဲ့ ဒေါ်လာ နှစ်သိန်းကျော်လောက် လိုအပ်ပါတယ်။

နောက်မြေရေကိုတိုင်းတာတဲ့နေရာမှာ သုံးဖို့အတွက် Chemicals တွေ ဝယ်ဖို့လိုပါတယ်။ ဒါတွေ စတင် လည်ပတ်နိုင်ဖို့ဆိုရင် သင်တန်းတက်ဖို့လိုတယ်။ သင်တန်းကလည်း ၃လ/၄လ လောက် Internship သင်တန်း တက်ရပါမယ်။ အဲ့ဒါတွေအတွက် ကုန်ကျစရိတ်စုစုပေါင်းက ဒေါ် လာ နှစ်သိန်း ကနေ သုံးသိန်းလောက် ကုန်ကျ နိုင်ပါတယ်။

ဒီလို ရေအရည်အသွေးစစ်ဆေးနိုင်တဲ့ Portable ကိရိယာတွေနဲ့ Test Kit တွေက ကချင်ဒေသမှာ လုပ်နေတဲ့ CSO အဖွဲ့တွေကို လှူဒါန်း ပေးလို့ရပါတယ်။ လှူဒါန်းပေးမယ့် အလှူရှင်တွေ လိုအပ်နေ ပါတယ်။ ဒီကိရိယာတွေသာ ရနိုင်မယ်ဆိုရင် အရမ်းကောင်းတာပေါ့ဗျာ။

ကျွန်တော့်အနေနဲ့လည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ တရားမဝင် သတ္တုတူးဖော်ရာ ကနေ မြစ်ချောင်းတွေ ပျက်စီးတာကိုသက်သေပြနိုင်ဖို့ မြစ်၊ ချောင်းတွေထဲက ရေအရည်အသွေး တိုင်းတာနိုင်အောင် ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်နိုင်ဖို့ ကျွန်တော့်အနေနဲ့ လည်း ကြိုးစားနေပါတယ်။ လက်ရှိတော့ ဒါကြိုးပမ်းနေတုန်းပေါ့။

မဏ္ဍိုင်။ ။လက်ရှိမှာ မြေရှားသတ္တုတူးဖော်တာနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ဆရာတို့ advocate လုပ်တာကို လက်ခံတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက မြန်မာဘက် ခြမ်းမှာဆို ဘယ်နှစ်ဖွဲ့လောက် ရှိနေပါသလဲ။

Zung Ting။ ။ လက်ခံတာက KIA အဖွဲ့ပဲရှိပါသေးတယ်။ ငါတို့ KIA ကိုတောင်မှ ကြိုးစားတာ နှစ်မနည်းဘူး၊ ၅ နှစ် လောက်ရှိတယ်။ အစက သူတို့ လက်မခံဘူး။ ငါတို့က တိုက်တွန်းလွန်းလို့၊ ငါတို့ဆိုတာ ကျွန်တော်တို့ တစ်ဖွဲ့ တည်းတော့ မဟုတ်ဘူး။ Global witness တို့က တောက်လျှောက် မြေရှားနဲ့ပက်သက်ပြီး ဖော်ထုတ် တာတွေရှိ လာတော့ ကျွန်တော်လည်း သူတို့(KIA)ကို စည်းရုံးပါ တယ်။

စည်းကမ်းမဲ့ မတူးဖို့အတွက် မလုပ်နဲ့။ မင်းတို့က မြန်မာစစ်တပ်က ခွင့်ပြုထားတဲ့ အဖွဲအစည်းတွေ ထက်တော့ သာရမယ်။ သူတို့လုပ်ထားတဲ့ တလွဲတွေကို မင်းတို့က သူတို့နဲ့မတူဘူးဆိုတာကို ပြရ မယ်။ တူးတာက တူး၊ မတူးနဲ့ ငါတို့ မပြောဘူး။ ဒါပေမဲ့လည်း နိုင်ငံတကာကပါ မင်းတို့ကို တောက် လျှောက်ကြည့်နေတာ။ ဒါက အရေးကြီးတဲ့ Issue မို့လို့ မင်းတို့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ရ အောင် နည်းနည်းလေးတော့ လုပ်ပြပါ။ ဘာပဲပြောပြော အခုဆိုရင် မြေရှားတူးတာနဲ့ပက်သက်ပြီး Regulation တွေထုတ်ထားပြီးပါပြီ။ ဒီစစ်ဆေးမှုတွေ အရမ်းမျှော်လင့် တယ်။

ဒါရပြီဆို သူတို့စစ်ဆေးမယ်၊ ပြီးရင် Result တွေကို ထုတ်ပြန်မယ်။ Regulation တွေထုတ်ပြီဆိုတာ ဘာပဲပြော ပြော အခု တော့ကျွန်တော်တို့တွန်းလွန်းလို့ အခုတော့စလာပြီဖြစ်ပါတယ်။ အဲ့အတွက် ကျွန်တော်တို့က အရမ်းဂုဏ်ယူတယ်။

အခု‌နောက်ပိုင်း TNLA က မြေရှားတူးဖော်တာနဲ့ ပက်သက်ပြီး ဆက်သွယ်လာတာရှိတယ်။ ကျန်တဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့၊ ဝ နယ်မြေဖြစ်တဲ့ UWSA နဲ့ ယူရေနီယမ် ထုတ်တယ်လို့ နာမည် ထွက်နေတဲ့ ရှမ်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ RCSS အဖွဲ့တွေကိုတော့ ကျွန်တော်တို့အနေနဲ့ လက်လှမ်း မမှီပါဘူး။

မဏ္ဍိုင်။ ။ ထိုင်းနိုင်ငံထဲမှာ စီးဆင်းနေတဲ့ ကော့မြစ်ဟာ ထိုင်းဘက်ခြမ်းမှာဆိုရင် သဘာဝဘေးအန္တ ရာယ်အရ ဆိုးရွားပျက်စီးနေတာကို ဒေသခံတွေနဲ့ ပညာရှင်တွေက ထောက်ပြပြောဆိုပြီး သက်ဆိုင်ရာအစိုးရဆီမှာ ထိန်းသိမ်းရေးလုပ်ငန်းတွေအမြန်ဆုံးလုပ်ဖို့ တိုက်တွန်းနေကြတာတွေရှိတယ်။

အဓိက သဘာဝပတ်ဝန်းကျင် ပျက်စီးတာကတော့ မြန်မာဘက်ခြမ်း ရှမ်းပြည်နယ်မှာ နမ့်ခုတ်မြစ် အဖြစ် စီးဆင်းတဲ့ ကော့မြစ်ပေါ့။ ကျွန်တော် သိချင်တာက မြန်မာဘက်ခြမ်းမှာမြေရှားနဲ့ ရွှေတရား မဝင် တူးဖော်မှု တွေကြောင့် နမ့်ခုတ်မြစ်မှာ သဘာဝပတ်ဝန်းကျင် ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ပျက်စီးတာ နေတာမျိုး တွေ့လဲ။ မြန်မာဘက်ခြမ်းက ထိုင်းဘက်ခြမ်းထက် သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်တာ ပိုဆိုးတာပေါ့။ ဥပမာ နမ့်ခုတ်မြစ်ကိုကြည့်လိုက်ရင် မြစ်ကြောင်းပျောက်သွား တာတွေရှိလား။ ရေကြောင်းပြောင်း သွားတာတွေရှိလားဆိုတာမျိုးပေါ့။ လေ့လာထားတာလေးတွေ ရှိရင် သိပါရစေ။

Zung Ting။ ။ တကယ်တော့ ဒီကချင်ပြည်မှာလည်း မြေရှားကို အများစုလာတူးတာ ဝ တွေ ချည်းပဲ။ သူတို့က ပိုပြီးကျွမ်းကျင်တယ်။ သူတို့က စတူးတာပေါ့နော်။ နောက်ပိုင်း KIA က Tax တွေကို တိုးမြှင့်ပြီးတော့ Regulation တွေပါ ချလိုက်တော့ သူတို့နည်းနည်းစိတ်ညစ်လာတယ်။ ဒါပေမဲ့ မြေရှားတူး တာက တူးတာပဲ။

အခုဆို မြေရှားတူးတာက ဝ (UWSA) ဘက်ကို ပြောင်းသွားတယ်။ ဒါ့ကြောင့် UWSA ဘက်မှာ မြေရှားတူးတာက သိသိသာသာ (significant) တော့ဖြစ်လာပြီ။ ပထမဦးဆုံး ၂၀၂၃ မှာဆို သူတို့ဆီမှာ မြေရှားတူးတာ ၃ / ၄ ကျင်းပဲ ရှိတယ်။ စမ်းသပ်တဲ့သဘောလောက် တူးတာ။ အခုဆိုရင် ကျင်း ၂၀ ကျော် ၃၀၊ အခုဆိုဘယ်လောက်များပြီလဲကို မသိဘူး။

ပြီးတော့ အခု MNDAA လည်း မြေရှားတူးနေတာ စလုပ်နေပြီ။ TNLA လည်း မြေရှားကို တောက်လျှောက် လုပ်လာပြီဆိုတော့ နောက်ပိုင်းမှာ မြေရှားတူးတာက တစတစနဲ့ အရမ်းများ လာနိုင်ပါတယ်။ အခုနောက်ပိုင်း အရမ်းများလာပြီပေါ့နော်။ ဒါပေမဲ့ သဘာဝပန်ဝန်းကျင်ပျက်စီးတဲ့ အနေ အထားကလည်း ဆိုးရွားလာတယ်။

အခုက ရှမ်းပြည်နယ်ထဲမှာဆို ရှမ်းလူ့အခွင့်အရေးအဖွဲ့က ကြိုးစားနေတာတွေ ရှိတယ်။ သူတို့ ဘက်ဆို သူတို့လည်း အဝေးကနေ ဂြိုလ်တုကနေဖမ်းယူရရှိတဲ့ ဓာတ်ပုံတွေကို အခြေခံပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို လေ့လာနေကြတာတွေရှိတယ်။ လုံခြုံရေးအခြေအနေကြောင့် မြေပြင်ကွင်းဆင်းတာ အရမ်းနည်း ပါတယ်။ သေချာတာကတော့ မြေရှားတူးတာများလာတာနဲ့အမျှ မြစ်တွေက သေချာပေါက်ပျက်စီးမယ် ဆိုတာပါပဲ။ မြန်မာဘက် ခြမ်းမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးတာက ထိုင်းမှာထက်ပိုပြီး တော့ဆိုးနိုင် တယ်ဆိုတာကတော့ သေချာပါတယ်။ ကိုယ်တိုင်မသွားရောက်နိုင်တော့ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက် (Assumption) ကိုပဲ ပြောနိုင်ပါတယ်။

မဏ္ဍိုင်။ ။အခုဆို ထိုင်းနိုင်ငံမှာ မြန်မာဘက်ခြမ်းက တရားမဝင် မြေရှားနဲ့ ရွှေတူးဖော်မှုတွေကြောင့် ဒီဘက်ထဲမှာရှိ မြစ်တွေ ပျက်စီးတာနဲ့ပက်သက်ပြီး နိုင်ငံတကာက သတိပြုမိအောင် လူထုလှုပ်ရှားမှုတွေလုပ်တာ နှစ်နှစ်ကျော် လာတယ်။ အခုလို လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် မြန်မာဘက်က တရားမဝင် တူးဖော်မှုတွေက အရင်က ထက်စာရင် နည်းသွားတာမျိုးတွေ့ရလား (သို့မဟုတ်) ပိုများ လာတာမျိုးကို တွေ့ရပါသလား။ ဆရာ့ရဲ့ သုံးသပ် ချက်ကို သိပါရစေ။

Zung Ting ။ ။ အခုအချိန်အထိက တစစနဲ့ များများလာတယ်။ ကချင်ကနေ ရွှေ့သွားတာ မဟုတ်ဘူး။ ကချင်ပြည် နယ်ထဲမှာ ဆက်ရှိနေသေးသလို အခုဆိုရှမ်း ပြည်မှာလည်း ပိုပိုကြီး လာပါတယ်။ မြေရှား တူးဖော်နေတဲ့ အနေအထားက မြန်မာပြည်မှာက အများကြီးရှိနေတာက ဝယ်လိုအား Demand က အုံနဲ့ ကျင်းနဲ့ဖြစ်နေအုံးမယ်ဆိုတဲ့ သဘောပါပဲ။

ဝ မှာ UWSA က လုပ်တဲ့ ကျင်းတွေက တစစနဲ့ များလာတဲ့အပြင် အခုဆိုရင် MMDAA လည်း လုပ် လာပြီ။ ဒါ့အပြင် နောက်ထပ် TNLA ကလည်း အများကြီးထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ကျွန်တော် တို့ သိရပါတယ်။ ဒါ့ကြောင့် ဒီတူးဖော်ရေးတွေက အများကြီး ကျယ်ပြန်လာအုံးမှာဖြစ်ပါတယ်။ အရင်တုန်းက ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်တွေဖြစ်ခဲ့ဖူးတဲ့ MMDAA နဲ့ TNLA တို့ ဟာလည်း အခုဆိုရင် မြေရှားတူးဖော်ရေး လုပ်ငန်း တွေကြောင့် မြေပြင်မှာ ထိပ်တိုက်တွေ့တဲ့ စစ်ပွဲ တွေ ရှိလာပြီဖြစ်ပါတယ်။ အဲဒါတွေက သူတို့ ဦးထားပြီး သားနယ်မြေတွေကို ကတ်သီးကတ်သပ်လု နေကြတာ၊ ချကြတာလေ။ တစ်ဖက်မှာလည်း ရှမ်းတွေလည်း လုနေတယ်။ မြေရှားနဲ့ပတ်သက်ပြီး လု နေကြတယ်။

မီဒီယာမှာကြည့်လိုက်ရင် မြေရှားနဲ့ ရွှေ တရားမဝင်တူးဖော်မှုတွေကြောင့် မြစ်တွေပျက်စီးလာပြီး သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးလာတာကို ဖော်ပြလာတွေရှိလာပေမယ့် တူးနေတဲ့အဖွဲ့ တွေကတော့ မရပ်ဘူး ဆိုတဲ့ဟာက ပေါ်နေတယ်။ ပိုပြီးတော့ တိုးချဲ့သာ လုပ်လာကြတယ်။ မြေပြင် က တကယ်တူးတဲ့အဖွဲ့ကတော့ တောက်လျှောက်ပဲရှိနေတယ်။ ပြီးတော့အခုနောက်ပိုင်းဆို တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း ဆရာပြောတဲ့အရဆို တိုင်းရင်းသား လက်နက်ကိုင်အချင်း ချင်း ပိုမိုတိုက်ပွဲတွေဖြစ်ပွားမှုတွေက မြေရှားနဲ့ပတ်သက်ပြီးတော့ ထိပ်တိုက်များလာတယ်။

တကယ်တမ်းဆို သူတို့က ညီနောင်တွေအဖွဲ့တွေ ချစရာအကြောင်းကို မရှိတာ။ အခုဆိုရင် တင်း ကြပ်ရင်းနဲ့ နောက်ဆုံး ပစ်ခတ်တဲ့အဆင့်ကို ရောက်လာကြတယ်။

မဏ္ဍိုင်။ ။ ထိုင်းနိုင်ငံက ကော့မြစ်ရဲ့ ရေအရည်အသွေးကို အဓိက စစ်ဆေးတဲ့ ဒေါက်တာ ဝမ်တို့က တော့ ထိုင်း မြောက်ပိုင်းက မြစ်တွေထဲမှာ အာဆင်းနစ် (Arsenic) ပါဝင်တာကို အများဆုံးတွေ့ရပြီး ပြဒါး (Mercury) ပါဝင် တာကိုလည်း တွေ့နေရတယ်လို့ တရားဝင် ကြေညာတာ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာဘက်ခြမ်းမှာရော ဘယ်လိုအဆိပ်တွေရေထဲမှာ ပါဝင်တာမျိုး တွေ့ရှိရပါသလဲ။

Zung Ting ။ ။ ကျွန်တော်တို့ဆီမှာ အခုရှမ်းဘက်ပေါ့နော်။ ရှမ်းဘက်က မြစ်တွေမှာ ရွှေတူးတာတွေက များပြီး တောက်လျောက်ရှိနေတဲ့အတွက် ရေတွေထဲမှာ ပြဒါး(Mercury) အများဆုံးပါဝင်တာ ကိုတွေ့ရတယ်။ မြေရှားသတ္တုတွေ တူးတာတွေရှိတဲ့အတွက် မြစ်ရေတွေထဲမှာ အာဆင်းနစ် (Arsenic) ပါဝင်တာတွေလည်း ရှိပါတယ်။

အကယ်၍သာ မြန်မာဘက်ခြမ်းက မြစ်ချောင်းတွေထဲမှာ အာဆင်းနစ်နဲ့ ပြဒါးပါဝင်မှုနှုန်းကို တိုင်းတာနိုင် မယ် ဆိုရင် ထိုင်းဘက်ခြမ်းမှာ ပါဝင်မှုပမာဏ ထက် များပြားနိုင်ပါတယ်။ နောက်ပြီး ရှမ်းဘက်မှာ Uranium စတဲ့ ရေဒီယိုသတ္တိကြွတွေကို တူးဖော်တာတွေလည်း ရှိနေတယ်။ အန္တရာယ်မရှိတဲ့ပမာဏလို့ဆိုပေမယ့် နောက်ပိုင်း ဘယ်လိုဖြစ်မလဲဆိုတာတော့ စိုးရိမ်ရပါတယ်။

ကျွန်တော်တို့ မြန်မာပြည်ဘက်ခြမ်း ရှမ်းပြည်နယ်က မြစ်ချောင်းတွေမှာလည်း ထိုင်းနိုင်ငံလိုပဲ အာဆင်း နစ်ပါဝင်မှုပမာဏက အများဆုံးဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီမြစ်တွေရဲ့ရေအရည် အသွေး တိုင်းတာစစ်ဆေးတာကို ကျွန်တော်တို့ မလုပ်နိုင်သေးပါဘူး။

မဏ္ဍိုင်။ ။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးတဲ့အထိ လုပ်နေတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ဘယ်သူတွေက အဓိကစီမံနေသလဲဆိုတာနဲ့ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းက လုပ်နေတယ်ဆိုတာနဲ့ ပက်သက်ပြီး ဆရာ့ရဲ့ သုံးသပ်ချက်ကိုလည်း သိပါရစေ။

Zung Ting။ ။မြန်မာနိုင်ငံက မြေရှားတူးဖော်ရေးလုပ်ငန်းတွေမှာ အမိုးနီးယားဆာလဖိုက်တို့ကို သုံးတယ်။ အခုအဲမှာသုံးတဲ့ဟာမျိုး ဘယ်မှာမှ မရှိတာ၊ အမေရိကန်လည်းမရှိဘူး။ ဒါတွေက တရုတ်မှလွဲလို့ ဘယ်သူမှ မရှိနိုင်ဘူး။ တူးတာလည်း လုံးဝ တရုတ်လူမျိုးတွေပဲ။ ဗမာစကားကို မသိတဲ့တရုတ်တွေ ဖြစ်တယ်။ ပြီးတော့ သယ်သွားတာလည်း လုံးဝ တရုတ်တွေပဲ။ အဲမှာ တူးမယ့် Material ကအစ ဘယ်မှာမှ ဝယ်လို့ မရဘူး။ ဆိုလိုတာက တရုတ်နိုင်ငံကလာတဲ့ တရုတ် ကုမ္ပဏီတွေပါပဲ။ ပွင့်လင်းမြင်သာမှု မရှိဘဲ လုပ်နေကြတယ်။

ကုမ္ပဏီက လုံးဝအမှန်အကန်ဖြစ်တယ်ဆိုရင်၊ မဟုတ်တာမလုပ်ဘူးဆိုတာကို အာမခံချက်ကို ကြို ကြိုတင်တင် ရှိရမယ်။ ကုမ္ပဏီက ဘယ်မှာအခြေစိုက်တာ၊ ငါတို့ကဘယ်လိုဂုဏ်သိက္ခာရှိတာ ပြကိုပြရတယ်။ ဒါပေမဲ့ အခုဟာ လုံးဝမပြဘူး။ လူကမေးတယ် သွားမေးလိုက်ရင် တချို့ ပြည်တွင်း ကုမ္ပဏီတွေက ဥပမာပြောရရင် နဂါးညီ နောင်ဘာညာ လျှောက်လုပ်တယ်။ DICA မှာလည်း Online မှာလုပ်ပြီးမှ လျှောက်လုပ်ဆိုတော့ လုံးဝ Tracing လိုက်လို့ မရတော့ဘူး။ တော်တော် စနစ် တကျ လုပ်ထားတာဆိုတော့ တရုတ်ဆိုတာတော့ လုံးဝရှင်းတယ်။

အကြမ်းဖျဉ်းက ၂၀၂၃ ကနေ သူတို့(UWSA)က မြေရှားကို စတူးတာ။ အာဏာသိမ်းတဲ့နောက်ပိုင်း သူတို့လည်း စမ်းပြီးတူးတယ်။ ပထမပိုင်း သိပ်မထွက်ဘူးနဲ့ တူတယ်။ ကြည့်ရတာ ဒါကြောင့် ငါတို့ ကချင်လောက် အဲလိုမပွား မများလာဘူး။ ဒါပေမဲ့ အခုပြန်စစ်တော့ ၂၀၂၃ မှာ နှစ်ကျင်း၊ သုံးကျင်း ပဲရှိရာကနေ အခုက ၂၇ နဲ့ ၂၉ လောက် အထိ ဖြစ်သွားပြီ။ အခုဆို တူးတာ များလာတဲ့သဘောပဲ။ ကချင်ပြည်နယ်မှာက အခုဆိုအများကြီးဖြစ်နေပြီ။ ကျင်းရာချီကနေ ၅၀၀ နဲ့ ၆၀၀ ဖြစ်တယ်။ အခု ဆို ကျင်းထောင်ချီဖြစ်နေပြီလေ။

တရားမဝင်တူးတဲ့ မြေရှားတူးဖော်ရေးလုပ်ငန်းတွေကို ကုမ္ပဏီရဲ့ နာမယ်နဲ့ လုံးဝ လိုက်လို့ မရဘူး။ ဒါပေမဲ့ လေ့လာမှုလုပ်တဲ့စစ်တမ်းတွေအရ Google satellite ပုံတွေမှာ ကျင်းတစ်ကျင်း ထွက်လာ တာနဲ့ Spot တစ်ခုပေါ်လာတယ်။ ဒါ့ကြောင့် ဘယ်နှကျင်းရှိနိုင်လဲဆိုတာ ခန့်မှန်းလို့ရတယ်။ မြေရှား တူးတဲ့နေရာရဲ့ ကျင်းတစ်ကျင်း(spot တစ်ခု)မှာ Collecting Pool က လေးခုလား၊ ခြောက်ခုလား၊ ရှစ်ခုလား ဆိုပြီးရှိတယ်။

ဒါကြောင့် ကျင်းကဘယ်နှစ်ကျင်း Collecting Pool က ဥပမာ ကျင်းက ၅၀၀ ဆို Collecting Pool က ထောင်ကျော်လောက်ရှိတယ်။ အကြမ်းဖျဉ်းပေါ့။ အဲဒါ Data က ညာလို့ကို မရဘူး။ ဒါကြောင့်မို့ အခုက ဘာလုပ်လာလဲဆိုရင် အခုနောက်ပိုင်းရဲ့ကျင်းတွေက အဲဒီ Satellite ကနေမပေါ်တဲ့ ဟို လှိုင်ခေါင်းနှိုက်ပြီးတူးတဲ့စနစ် သူတို့(တရုတ်)တွေလုပ်လာကြတယ်။ တရုတ်တွေကလေ တရုတ်တွေ လည်တယ်။

မဏ္ဍိုင်။ ။ ဒါနဲ့ပက်သက်ပြီး ထိုင်းဘက်က တာဝန်ရှိသူ အာဏာပိုင်တွေအနေနဲ့ ဒီပြဿနာကို ဘယ် လိုအဖြေရှာတာမျိုးတွေလုပ်နေတာ တွေ့ပါသလဲ ခင်ဗျာ။

Zung Ting။ ။ထိုင်းဘက်က တာဝန်ရှိသူတွေက ကျွန်တော်တို့အဓိကဖြစ်တဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေပေါ့လေ။ ဒါနဲ့ပေါင်းပြီး ပတ်သက်တဲ့အဖွဲ့အစည်းတွေ၊ ပြီးတော့ မအလ ဘက်က အဖွဲ့အစည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပေါ့။ ဒါတွေနဲ့ သူတို့တွေ့ဆုံ ကြိုးပမ်းပြီးတော့ ကြိုးပမ်းပေမယ့် ဒါက အခုအချိန်အထိ အဖြေမရှာနိုင်သေးဘူး။ အဆင်မပြေ သေးဘူး။

မဏ္ဍိုင်။ ။ ဆရာ့အနေနဲ့ အခြားသီးခြားဖြည့်စွက် ပြောချင်တာမျိုးရှိရင်လည်း ပြောပေးစေချင်ပါတယ်။

Zung Ting ။ ။ပထဝီနိုင်ငံရေးအခင်းအကျင်းကြီးက အဓိကဘယ်ကို ဘာကိုလုနေကြလဲဆို မြေရှားပဲ။ ဒါကြောင့်မို့ ဒီမြေရှားကိစ္စပြောတိုင်းမှာ Demand ပေါ့လေ၊ ကမ္ဘာ့ပထဝီနိုင်ငံရေး အခင်းအကျင်းတိုက်ပွဲတွေရဲ့ အခင်းအကျင်း။ ဘာလဲဒီ ယူကရိန်းနဲ့ ရုရှားပြီးတော့ အခု အစ္စရေးနဲ့ အီရန်၊ အမေရိကန်နဲ့ အီရန် ဆိုတဲ့ကိစ္စတွေ ပြီးတော့ ထိုင်ဝမ်နဲ့ တရုတ်ရဲ့တကဲကဲ Potential (အလားအလာရှိသော) ဖြစ်နေကြတဲ့ကိစ္စတွေ ရှိတယ်။ ဂျပန်ကလည်း တိုင်ဝမ်ဘက်က ကူမယ်ဆိုတာမျိုးတွေပေါ့။ ဒီ Geopolitics တွေ တကဲကဲဖြစ်လေ၊ မြေရှားကို လုပ်လေလေပဲ။ မြေရှားကို မျက်စောင်းထိုးလေလေပဲ။ မြေရှားကို မျက်စောင်းထိုးလေလေဆိုတာ ကျွန်တော်တို့ Region ပျက်စီးဖို့ ထိခိုက်လွယ်ဖြစ်ဖို့လေလေပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီမြေရှားကိစ္စကိုလည်း အမြဲတမ်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။