နွေဦးအကျဉ်းသားရဲ့ နရသိန်ဒိုင်ယာရီ အပိုင်း(၁၂)

ဒေါင်းမြီး ရေးသည်။

ထောင်မှူးလေးအစား တိုက်ထဲဝင်သွားတဲ့ နိုင်/ကျဉ်းတွေ (သို့မဟုတ်) ဒုတိယအကြိမ်ထောင် သပိတ်မှောက်ခြင်း။

မဏ္ဍိုင်၊ မေ ၂၇၊ ၂၀၂၆။

ပြီးခဲ့တဲ့အခန်းမှာ တတိယမြောက်ရောက်လာတဲ့ အဆောင်မှူးက ဖဲရိုက်တာ ဝါသနာပါတယ်လို့ ဆိုခဲ့ပါတယ်။ သူမသိခင်တည်းက အဆောင်မှာ အပျင်းပြေ ဖဲဝိုင်းတစ်ခုဖြစ်နေပါတယ်။

အပေါ်ထပ်က (၇) ခန်းထဲမှာ ၅ ကျပ်/ ၁၀ ကြေး ရိုက်နေကြတာပါ။ အဲဒီအခန်းက လူကြီးတွေထားတာဖြစ်ပြီး အယောက် ၂၀ လောက်ပဲ ရှိပါတယ်။ အခန်းထဲမှာ လူကြီး တွေကို ကူဖော်လောင်ဖက်ရအောင် လူငယ် ၃/၄ဦးလည်း ထား ထားပါတယ်။

သူတို့က အဆောင်ပိတ်ချိန်မှာ အပျင်းပြေသဘောမျိုး ဆော့ကြတာပါ။ အဲဒီကနေ တစ်ဦးစကားတစ်ဦးနား ရောက်ပြီး အဆောင်ဖွင့်ချိန်မှာလည်း အပျင်းပြေဆော့လာကြတယ်။ ပထမတော့ ၁၀၀ ကြေး/ ၂၀၀ ကြေးပါ။ ကျွန်တော်တို့ အောက်ထပ်ကလည်း သွားဆော့ကြပါတယ်။ စပြီး ဆော့စဉ်ကတော့ မနက်ပိုင်းထောင်ဖွင့်ချိန်ပဲ ဆော့ကြတာပါ။

အဆောင်က ကွပ်ပျစ်ပေါ်မှာ ခင်းထားတဲ့ ဖယောင်းပုဆိုးတွေကို ဖဲချပ်အရွယ် ကတ်ကြေးနဲ့ ညှပ်/ဒါးနဲ့လှီးပြီး ဆော့လ်ပင်နဲ့ အပွင့်အချပ်။ နံပတ်တွေ ရေးချယ်ကာ ဖဲချပ်အဖြစ်ဆော့ကြတာပါ၊

ဒီလိုနဲ့ ဝိုင်းက ကြီးလာပါတယ်။ ၁,၀၀၀ ကြေး/ ၂,၀၀၀ ကြေးတွေ ဖြစ်လာပါတယ်။ ဆော့ချိန်ကလည်း မနက်ပိုင်းရော၊ ညနေပိုင်းပါ ဖြစ်လာပါတယ်။ ဒါကို အဆောင်မှူးက သိသွားပါတယ်။ ဒီတော့ သူပါ ဝင်ဆော့လာပါတယ်။ ဝိုင်းကလည်း ပိုကြီးလာသလို ဖဲချပ်တွေကလည်း ဖယောင်းပုဆိုးဖဲချပ်တွေကနေ ဖဲထုတ်အစစ်တွေ ဖြစ်သွားပါတယ်။

ဝိုင်းကို အကောက်ကောက်တာက ICJ ထောက်ခံပွဲလုပ်လို့ ၅၀၅ (က) နဲ့ ထောင်ကျလာသူ နိုင်ငံရေးသမား တစ်ဦးပါ။ သူက အကောက်ရတဲ့အထဲကနေ (၃)ဆောင် စာကြည့်တိုက်ကို စာအုပ်ထည့်ဖို့ အဝတ်ထည့်တဲ့ ကော်ပုံးကြီး နှစ်ပုံး လှူပါတယ်။ အဆောင်က လုပ်တဲ့ အလှူတွေမှာ အကောက်ရတဲ့ပိုက်ဆံကို သုံးပါတယ်။ နောက်အဆောင်မှာ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်တာမှာလည်း သုံးပါတယ်။

တကယ်တော့ နိုင်/ကျဉ်းတွေ သီးသန့်ထားတဲ့ (၃)ဆောင်က အဆောင်မှူးနေရာကို ထောင်မှူးလေးလို့ ခေါ်ကြတဲ့ ပုခုံးမှာ ကြယ်တစ်ပွင့်တပ် လက်ထောက် ကြီးကြပ်ရေးမှူးတွေအားလုံး လိုချင်ကြပါတယ်။ ဘာကြောင့်ဆို ဝင်ငွေကောင်းတယ်။ ရန်ဖြစ် ဗိုလ်လုတာတွေ၊ မူးယစ်ဆေးဝါးသုံးတာတွေ မရှိတာကြောင့် ပြဿနာနည်းတယ်။ အပြင်ရုံးချိန်း မရှိတာကြောင့် မူးယစ်ဆေးဝါးတွေ ယူလာတာ။ ထောင်ဖောက်မှာ(အဲဒီတုန်းက ထောင်ဖောက်တာ မဖြစ်သေးပါဘူး)၊ ထွက်ပြေးတာမျိုးကိုလည်း မစိုးရိမ်ရဘူး။ ပြောရရင် ပေါ့ပေါ့ပါးပါးနေရတယ်ပေါ့။ တာဝန်မကြီးဘူး။ အဆောင်မှူး တာဝန်ကျတဲ့သူကသာ မြင်သမျှမပြောဘဲ နေတတ်ရရင် အဆင်ပြေနေပြီဆိုတော့လေ။

အဲဒီအချိန်(၃)ဆောင်နဲ့ ထောင်ကြားမှာ “မဆူနဲ့။ မပြေးနဲ့။ နေချင်သလိုနေ” ဆိုတာမျိုးကို သဘောတူထားသလိုကို ဖြစ်နေပါပြီ။ အဲဒါက အခြားအမှုတွေ မရှိတော့ကတည်းက ဆိုပါတော့။

ညဗာယာ စောင့်တာလည်း မလုပ်တော့ဘူး။ ထောင်ပိုင်တန်းစီမှာ “ကစ်” ပုံတာလည်း မလုပ်တော့ပါဘူး။ ”အကျဉ်းသားများ လိုက်နာရမည့် စည်းကမ်း(၁၈)ချက်” ကို မဆိုတာ၊ ဘုရားရှစ်ခိုးခြင်းမလုပ်တာကတော့ အချိန်အတော်ကြာနေပါပြီ။ ညဆို တစ်ညလုံး USB Stick ထိုးပြီး တီဗီထိုင်ကြည့်နေသူက ကြည့်။ ၆၁(ခြောက်တစ်)ကစားသူက ကစား။ လက်မှုလုပ်သူက လုပ်။ စာဖတ်သူက ဖတ်နဲ့ အိပ်ချင်တဲ့အချိန်မှ အိပ်ကြတာပါ။ မနက်ဆိုရင်လည်း တန်းစီလူစစ်ပြီးတာနဲ့ ပြန်အိပ်တဲ့သူက ပြန်အိပ်ကြပါတယ်။

“ကစ်” ပုံတယ်ဆိုတာက ထောင်ပိုင်တန်းစီးနေ့ကျရင် လုပ်ရတာပါ။ တစ်ဆောင်လုံးမှာရှိတဲ့ အဝတ်အစားထုတ်တွေကို အခန်းနောက်ဆုံးမှာ အကုန်စုကာ လေးထောင့်ဆန်ဆန် စုပုံထားပြီး အပေါ်က ထောင်ပုံစံအရောင် နက်ပြာ(သို့)အဖြူရောင် ပိတ်စကြီးနဲ့ လွှမ်းထားတာပါ။ အစားအသောက် အထုတ်တွေကိုလည်း အဲဒီလို လုပ်ရပါတယ်။ ဒါကြောင့် အခန်းထဲကို လှမ်းကြည့်ရင် နှစ်ယောက်တစ်တွဲ ပုံစံထိုင်နေတဲ့ အကျဉ်းသားတွေကလွဲရင် ဘာမှ မမြင်ရတော့အောင် ရှင်းလင်းနေ ပါတယ်။ ၆၁(ခြောက်တစ်) ကစားတာက ကြွေပြစ်တာနဲ့ တူပါတယ်။ ကြွေစေ့နေရာမှာ အံစာတုန်း ၃ တုန်း အစားထိုး လိုက်တာပါ။

(၃)ဆောင်မှာ ဖဲဝိုင်းဖြစ်နေတာကို အဆောင်ကို လာလည်တဲ့ အခြားအမှုတချို့က တဆင့် အခြားအဆောင်က ထောင်မှူးလေးတွေ သိသွားကြပါတယ်။ အဲဒီမှာ (၃)ဆောင်ကို လာချင်တဲ့ ထောင်မှူးလေးတစ်ဦးက အဆောင်ကို လာနေကြ အခြားအမှူးတစ်ဦးကို ဖုန်းပါထည့်ပေးလိုက်ပြီး ဓာတ်ပုံရိုက်ခိုင်းလိုက်ပါတယ်။ အဆောင်မှူးလူတွေကလည်း ဓာတ်ပုံရိုက်သွားတာကို မသိအောင်ကို ဖဲဝိုင်းမှာ ဈာန်ဝင်နေကြတာပါ။

ညနေ ၃ နာရီခွဲလောက်ကျတော့ ထောင်ပိုင်ကြီးက အဆောင်မှူး အပါအဝင် (၈) ဦးကို သူနဲ့ လာတွေ့ဖို့ ခေါ်ခိုင်း လိုက်ပါတယ်။ ကျွန်တော်တို့ (၄)ခန်းက အခန်းလူကြီးရယ်၊ (၃)ခန်းက အခန်းလူကြီးရယ်။ ကျွန်တော့်အမှုတွဲ စာကြည့်တိုက်က အောင်အောင်ရယ်။ ရှေးသီချင်းတွေဆိုတယ်ဆိုတဲ့ ဦးစိုးတို့ပါ ပါတယ်။

ဖြစ်စဉ်က အဆောင်မှူးက သူရိုက်ခိုင်းလိုက်တဲ့ဓာတ်ပုံကိုပြပြီး (၃)ဆောင်မှာ ဖဲဝိုင်းလုပ်နေတယ်ဆိုကာ ထောင်ပိုင်ကြီးကို တိုင်လိုက်တာပါ။ အဲဒါကြောင့် ထောင်ပိုင်က သူရထားတဲ့ ဓာတ်ပုံထဲက လူတွေကို အကုန်ခေါ်တာဖြစ်ပါတယ်။

ပြီးတော့ အဆောင်မှာ ဖဲဝိုင်းလုပ်လို့ မရကြောင်းနဲ့ ကိုယ်တိုင်ဝင်ရိုက်နေတဲ့ အဆောင်မှူးကို အရေးယူမှာဖြစ်ကြောင်း ပြောပါတယ်။ ဒီတော့ အခန်းလူကြီး ၂ ဦးက ဖဲရိုက်တာ သူတို့ဖြစ်ကြောင်းနဲ့ အဆောင်မှူးက တားကြောင်း၊ တားမရလို့ ပြဿနာမဖြစ်အောင် အနီးကပ်လာကြည့်နေတာဖြစ်ကြောင်းပြောပြီး အဆောင်မှူးကို ဖယ်ထုတ်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံထဲက အဆောင်မှူးလက်ထဲမှာ ဖဲချပ်ကကိုင်ထားလျက်သား။

“ဓာတ်ပုံနဲ့ တိုင်ထားတာဆိုတော့ ငါက အရေးမယူလို့ မရဘူး” လို့ ထောင်ပိုင်က ပြောပါတယ်။

“ထောင်ထဲမှာ ဖုန်းမယူလာရဘူးလို့ ထောင်ပိုင်ကြီးပဲ တားမြစ်ထားတာ။ အခု ဖုန်းယူလာပြီး ဓာတ်ပုံရိုက်တာ တရားဝင်လို့လား ထောင်ပိုင်ကြီး။ အဲဒါ ထောင်က ချမှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်တာလေ” လို့ အခန်းလူကြီးတစ်ဦးက ပြန်ပြောပါတယ်။

“တရားမဝင်ဘူးလေ။ ဒါပေမဲ့ အထောက်အထားနဲ့ တိုင်ကြားလာတယ်ဆိုတော့ ငါက အရေးမယူလို့လည်း မရဘူးလေ။ ဒါ့ကြောင့် မင်းတို့ကို အရေးမယူဘူး။ ငါ့ဝန်ထမ်းကိုပဲ အရေးယူမယ်”

“ဒါတော့ မဖြစ်ဘူး ထောင်ပိုင်ကြီး။ ဖဲရိုက်တာက ကျွန်တော်တို့။ ဗိုလ်လေး(အဆောင်မှူးကို ဆိုလိုခြင်းဖြစ်သည်)ရိုက်တာမှ မဟုတ်တာ။ ဖဲချပ်ကို သူခဏယူကြည့်တာပဲ။ အရေးယူမယ့်ယူ ဗိုလ်လေးကို မယူနဲ့။ ကျွန်တော်တို့ကို ယူ”

ဒီလိုနဲ့ ဖဲရိုက်တဲ့ နိုင်/ကျဉ်းတွေက အဆောင်မှူးကို အရေးမယူဘဲ သူတို့ကိုသာ အရေးယူဖို့ ဝိုင်းပြောတော့ ထောင်ပိုင်က သဘောတူပြီး နိုင်/ကျဉ်းတွေကို တိုက်ထဲကို တစ်ပတ်ပို့ဖို့ အမိန့်ချလိုက်ပါတယ်။

ဒီလိုနဲ့ တိုက်ထဲဝင်ရမယ့်အဖွဲ့က ရိက္ခာတွေ၊ အဝတ်အစားတွေ၊ ဖတ်ဖို့စာအုပ်တွေယူပြီး ပျော်ပျော်ရွှင်ရွှင်ပဲ တိုက်ထဲသွားကြတယ်။ တိုက်ထဲမှာ တစ်ပတ်နေရမယ်ဆိုပေမယ့် ခြေကျင်းခတ်တာ၊ ဒေါက်ထည့်တာတွေ မလုပ်ပါဘူး။

တိုက်ထဲသွားတဲ့သူတွေက ကျေကျေနပ်နပ်ပဲ တိုက်ထဲသွားတယ်ဆိုပေမယ့် အဆောင်မှာကတော့ ပွက်လောရိုက် ကျန်ခဲ့ပါတယ်။ ကျွန်တော်တို့လူတွေကို တိုက်ထဲ မသွားစေချင်ဘူး။ အဆောင်မှူးကိုလည်း အရေးမယူစေချင်ဘူး။ ဒီအတိုင်းပဲ ပြီးသွားစေချင်တယ်။

ဒီတော့ ပထမအဆင့်အနေနဲ့ တိုက်ထဲကသူတွေကို အဆောင်ပြန်မပို့ရင် ထမင်းမယူဘူးလို့ ထောင်ကို အသိပေးလိုက်ပြီး ညနေအတွက် ထမင်းရော၊ ဟင်းပါ မယူတော့ဘူး။ တဆက်တည်း ဒုတိယအဆင့်အနေနဲ့ ညနေ ထောင်ပိတ်ချိန်မှာ အခန်းထဲဝင်ဖို့ ငြင်းလိုက်ပြီး အကုန်လုံး အခန်းပြင် ထွက်နေကြတယ်။

ဒီတော့ ထောင်က အထောင်မှူးကိုခေါ်ပြီး ဖိအားပေးတယ်။ အဆောင်မှူးကလည်း သူ့ကို အရေးယူမှာစိုးလို့ နိုင်/ကျဉ်းတွေက သူ့အစား အရေးယူခံလိုက်တာဆိုတော့ ပြောရခက်နေတယ်။ နှစ်ဖက်ညှပ်နေတဲ့ သဘော ဖြစ်နေတာပေါ့။

ဒါ့ကြောင့် အဆောင်မှုးက တောင်းတောင်ပန်ပန်နဲ့ “ငါ့ညီတို့ အခန်းထဲဝင်ပေးကြပါ” လို့ ပြောလာတယ်။ ကျွန်တော်တို့ ကလည်း သူ့ကိုထိခိုက်စေချင်တာ မဟုတ်ကြောင်းကို နားလည်အောင် ရှင်းပြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ကို(အဆောင်မှူး)ထိခိုက်မှာ စိုးလို့ ကျွန်တော်တို့ပဲ အလျော့ပေးပြီး အခန်းထဲ ဝင်လိုက်ကြတယ်။ အဲဒီနေ့က ထောင်ကို ၆နာရီကျော်မှ ပိတ်နိုင်တယ်။

အဲဒီညက ညစာကို မစားကြဘူး။ ဘာဆက်လုပ်ကြမလဲ တိုင်ပင်ကြတော့ လတ်တလောမှာ တိုက်ထဲက လူတွေ ထွက်မလာမခြင်း ထောင်က အစားအစာကို မယူဘဲ သပိတ်မှောက်ကြမယ်လို့ ဆုံးဖြတ်ချက်ချတယ်။

ည ၇ နာရီလောက်မှာ အပေါ်ထပ်က ICJ ကိစ္စကြောင့် ၅၀၅(က)နဲ့ ထောင်ကျလာသူနဲ့ ၅၀၅-က နဲ့ ထောင်ကျလာသူတစ်ဦးတို့ ပေါင်းပြီး “ကမ္ဘာမကြေဘူး” ကို စ ဆိုတယ်။ ၅၀၅(က)နဲ့ ထောင်ကျလာသူက လယ်ယာမြေအရေး လှုပ်ရှားသူတစ်ဦးလည်း ဖြစ်တယ်။ သူက စစ်တပ်အာဏာမသိမ်းခင် ထောင်ကျခဲ့တာ။ ၅၀၅-က နဲ့ ထောင်ကျနေသူကတော့ ၂၀၁၅ ပညာရေး သပိတ်မှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသူလည်း ဖြစ်တယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ဖမ်းခံရတာ။

ဒီတော့ အောက်ထပ်က နိုင်/ကျဉ်းတွေလည်း လိုက်ဆိုကြတယ်။ နိုင်ငံရေးသီချင်းတွေဆိုပြီး ထောင်ကို ဆန္ဒပြတာလည်း ဖြစ်ပါတယ်။ အဲဒီလို သီချင်းတွေ ဆိုနေပေမယ့် အေးအေးချမ်းချမ်းပါပဲ။ ည ၈နာရီလောက်ကျတော့ အဆောင်ကို ထောင်ပိုင်ကြီး ရောက်လာတယ်။

အရပ်ဝတ်ဝတ်ပြီး ရောက်လာတာပါ။ သူနဲ့အတူ တစ်ပွင့်တစ်ဦးနဲ့ ဝန်ထမ်းတစ်ဦးပဲ ပါလာတယ်။ အခန်းအပြင်ကနေရပ်ပြီး သူ့ကို နားလည်ပေးဖို့ ပြောတာပါ။ အတိုချုပ်ကတော့ တိုင်တဲ့သူက တိုင်တဲ့အတွက် သူက အရေးယူရတာ ဖြစ်ကြောင်း၊ အဆောင်မှာ ဖဲရိုက်နေတာ သူသိကြောင်း၊ တိုင်တဲ့သူ မရှိတဲ့အတွက် သူမျက်စိမှိတ်ပြီး မသိချင်ယောင် ဆောင်ထားကြောင်း၊ အခု ဓာတ်ပုံနဲ့တကွ လာတိုင်တဲ့အတွက် သူက လူကြီးတစ်ဦးဖြစ်နေတာကြောင့် မဖြစ်မနေ အရေးယူရတာ ဖြစ်ကြောင်း၊ အရေးမယူရင်လည်း နောင်ကို ဝန်ထမ်းတွေကို အုပ်ချုပ်လို့ မရ ဖြစ်မည်ဖြစ်ကြောင်း၊ (၃)ဆောင်က လူတွေကိုလည်း သူဝန်ထမ်းကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင် လေးစားပါကြောင်း ပြောတာပါ။

အဆောင်က လူတွေကလည်း တိုက်ထဲက လူတွေကို ပြန်ထုတ်ပေးဖို့သာ ပြောနေပါတယ်။ ထုတ်မပေးရင် ထမင်းယူမှာ မဟုတ်ကြောင်းလည်း ပြောလိုက်ပါတယ်။ ၉ နာရီလောက်မှာ ထောင်ပိုင် ပြန်သွားပါတယ်။ ပြန်သွားပေမယ့် တိုက်ထဲက သူတွေကို ပြန်ထုတ်ပေးမယ်လို့ တစ်ခွန်းမှ ပြောမသွားပါဘူး။ ထောင်ပိုင်ပြန်သွားတော့ ကျွန်တော်တို့လည်း သီချင်းဆက်မဆိုတော့ပါဘူး။

မနက်မိုးလင်းတော့ ရေနွေး၊ ဆန်ပြုတ် အဆောင်ကို ပို့မလာပါဘူး။ ကျွန်တော်တို့လည်း ထောင်က အစားအစာကို သပိတ်မှောက်ထားတာဆိုတော့ ပြဿနာမရှိပါဘူး။ ခဏနေတော့ အဆောင်က ကိုယ်စားပြုနိုင်မယ့် နိုင်/ကျဉ်းတွေကို ထောင်ပိုင်ကြီး ရုံးခန်းက ခေါ်တာကြောင့် လူကြီး ၃ ဦး သွားကြပါတယ်။ တစ်နာရီလောက်ကြာတော့ သူတို့ ပြန်လာပါတယ်။ အဆောင်မှာ ဖဲဝိုင်းမလုပ်တော့ဖို့ အာမခံခိုင်းတာပါ။ သူတို့ ပြန်လာပြီး သိပ်မကြာပါဘူး။ တိုက်ထဲက အဖွဲ့တွေ အကုန် ပြန်လွှတ်ပေးလိုက်ပါတယ်။

အဆောင်မှာ တိုင်းဒေသကြီး လွှတ်တော်အမတ်(၂)ဦး၊ ၈၈ တုန်းက နိုင်ငံရေးလုပ်ခဲ့ပြီး သာယာဝတီထောင်မှာ နှစ်ရှည်ထောင်ကျခဲ့တဲ့ မြို့ခံနိုင်ငံရေးသမား(၁)ဦးရှိပြီး ထောင်မှာ တောင်းဆိုချက် တစ်ခုခုဖြစ်ရင် သူတို့ကို ဦးဆောင်စေချင်ပါတယ်။

ဒါပေမဲ့ သူတို့(၃)ဦးက အမြဲတမ်း ခေါင်းရှောင်ပါတယ်။ ထောင်ကို သပိတ်မှောက်ရင် သူတို့ မပါပါဘူး။ ”ဖုန်းမော်” နေ့၊ ၈၈၈၈ နှစ်ပတ်လည် အမှတ်တရနေ့တွေလို ပွဲတွေလုပ်ရင်လည်း ရှောင်သွားပါတယ်။ သူတို့က အပေါ်ထပ် (၇)ခန်းထဲမှာ နေတာပါ။ အပေါ်ထပ်ဆိုတော့ ခုနပြောတဲ့ အမှတ်တရပွဲတွေလုပ်ရင် ထောင်အာဏာပိုင်မသိအောင်(၇)ခန်းမှာ လုပ်ကြတာပါ။ အဲဒီလို ပွဲလုပ်တာနဲ့ သူတို့ (၇)ခန်းထဲက ထွက်သွားပြီး တခြားမှာ သွားနေကြပါတယ်။

ဆွမ်းသွပ်ပြီးမှ ထောင်ထဲရောက်လာသူ တစ်ယောက်

ကျွန်တော်ထောင် Quarentine ရောက်တော့ ကိုသိန်း(အမည်လွှဲ)တစ်ယောက် စစ်ကြောရေးမှာ သေသွားပြီလို့ တစ်ကိုယ်တော်ကြီးက လှမ်းပြောတယ်။ ကိုသိန်းက တက်ကြွလှုပ်ရှားသူ တစ်ယောက်ပါ။ နအဖခေတ်တည်းကနေ လက်ရှိ အချိန်အထိ လူ့အခွင့်အရေး လုပ်ဆောင်နေသူပါ။

ကျွန်တော်အဖမ်းမခံရခင် အခြားတနေရာမှာ အိမ်ငှားပြီး တိမ်းရှောင်နေထိုင်တုန်းကလည်း သူ တစ်ပတ်လောက် လာနေပါသေးတယ်။ နောက်တော့ လက်နက်ကိုင်တော့မယ်ဆိုပြီး ထွက်သွားတာပါ။

သတင်းကြားရတာ သူတို့တပ်ဖွဲ့ စစ်တောင်းမြစ် တစ်ဘက်ခြမ်းမှာ အထိုင်ချထားပါတယ်။ စစ်တပ် စစ်ကြောင်းနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်ကာ ဒဏ်ရာနဲ့ မိလာတာပါ။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ)မှာ စစ်ကြောရေးလုပ်ရင်း ဒဏ်ရာနဲ့ဆိုတော့ စစ်ကြောရေးမှာပဲ သေသွားတာပါ။ တပခ က သူ့အိမ်ကို ဖုန်းဆက်အကြောင်းကြားတာကြောင့် ပြီးခဲ့တဲ့ရက်ကပဲ ဆွမ်းသွပ်လိုက်ပါပြီတဲ့။ အဲဒီဆွမ်းသွပ်တာကို ကိုသိန်းမိသားစုနဲ့ ရင်းနှီးတဲ့ ထောင်က ဝန်ထမ်းတစ်ယောက်ပါ သွားလိုက် ပါသေးတယ်။ ကိုသိန်းတို့အိမ်က ထောင်နဲ့ နီးတယ်လေ။

ဆွမ်းသွပ်ပြီး တစ်လလောက်ကြာတော့ သောကြာနေ့၊ ထောင်ကိုလူပို့ထဲအသုတ်ထဲမှာ ကိုသိန်းပါလာပါတယ်။ ကျွန်တော်တို့ အံ့ဩလည်း အံ့ဩ။ ဝမ်းလည်း ဝမ်းသာ ကြတာပေါ့။ သေပြီဆိုပြီး ဆွမ်းသွပ်ပြီးကာမှ သက်ရှိထင်ရှား ရှိနေသေးတာ ဘယ်လောက် အံ့ဩဖို့ကောင်းလဲ။

သူ့ကို တပခ ကနေ ကားနဲ့ ဒကစ ကို ပို့။ ဒကစ ကနေ ရဲစခန်းမှာ ခဏချုပ်ပြီး ထောင်ကို ပို့လိုက်တာပါ။ ရဲစခန်းမှာ အိမ်နဲ့ အဆက်အသွယ်ရပြီး တွေ့ရတော့ သူ မသေဘူးဆိုတာကို သူ့အိမ်ကလည်း သိပြီးဖြစ်ပါတယ်။

မသေပေမယ့် ခြေထောက်တစ်ဘက်မှာ ကျည်ဆံမှန်ပြီး ခြေတစ်ဖက်နိမ့်သွားပါတယ်။ ဂျိုင်းထောက်နဲ့ သွားလာနေရ ပါတယ်။

ဖြစ်စဉ်က ဒီလိုပါ။ သူတို့တပ်ဖွဲ့ဟာ တပ်မဟာ(၅)မှာ တပ်စွဲထားတာပါ။ တနေ့မှာ ရိက္ခာလိုလို့ ရွာတစ်ရွာကို ဆင်းယူပါ တယ်။ အဲဒီရိက္ခာသွားယူတဲ့အဖွဲ့ကို သူဦးဆောင်သွားတာပါ။ ကျန်တဲ့သူတွေကတော့ သေနတ်မပါပါဘူး။ အရပ်ဝတ်တွေနဲ့ပါ။ သူတစ်ဦးတည်း ယူနီဖောင်းအပြည့်အစုံနဲ့ သေနတ်နဲ့ပါ။ စစ်တပ်နဲ့တွေ့တော့ သေနတ်နဲ့ ယူနီဖောင်းပါတဲ့ သူ့ကို မဲပြီး ပစ်တာပါ။

“တစ်ဖွဲ့လုံးမှာ သေနတ်ပါတာဆိုလို့ ကျုပ်တစ်ယောက်ပဲ ရှိတယ်ဗျ။ သူတို့က မဲပစ်တော့ လျှိုထဲ ဆင်းပုန်းနေရတာ။ ပြန်ပစ်ဖို့ နေနေသာသာ။ ခေါင်းတောင် မဖော်နိုင်ဘူး။ အဲဒီမှာ ခြေထောက်ကို သေနတ်မှန်သွားတာ။ သူတို့က အတင်းဖိပစ်ပြီး ဆင်းဖမ်းတာ၊ သေနတ်မှန်ထားပြီး အပစ်ခံနေရတော့ မပြေးနိုင်ဘဲ မိရော” လို့ ကိုသိန်းက ကျွန်တော့်ကို ပြောပြပါတယ်။

သူနဲ့အတူ ၃ ဦး အဖမ်းခံရပါတယ်။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာရတာတွေ မရှိပါဘူး။ တပခ က သူ့အိမ်ကို သူသေပြီဆို ပြီး ဖုန်းဆက်တာကို သိကြောင်းလည်း သူက ပြောပါတယ်။

ထောင်ထဲမှာ နောက် ၆ လ လောက်နေတော့ သူ ဂျိုင်းထောက် လွတ်သွားပါတယ်။ ခြေထောက်တစ်ဖက် နိမ့်သွားတာဆို တော့ နိမ့်သွားတဲ့ ခြေထောက်ဘက်က ဖိနပ်ကို ခွာနှစ်တပ်ချုပ်ပြီး စီးပါတယ်။ ဒီတော့ မသိသာတော့ပါဘူး။

သူတို့ကို တိုက်ပွဲဖြစ်ပြီး ဖမ်းဆီးရမိကြောင်း အဲဒီတုန်းက စစ်ကောင်စီထုတ် ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းနဲ့ မြဝတီ သတင်းစာမှာ ပုံတွေနဲ့အတူ ဝေဝေဆာဆာကို ဝါဒဖြန့် ဖော်ပြထားပါတယ်။

-ဆက်လက်ဖော်ပြပါမည်။

Leave a Comment