ကောက်ဆွ ရေးသည်။
မဏ္ဍိုင်၊ မေ ၂၉၊ ၂၀၂၆။
“မိသားစုကို လွမ်းလည်း ကျွန်တော် ပြန်မလာတော့ဘူး။ ပြည်ပမှာ ရသလောက်နေတော့မယ်ဗျာ။”
ဒီစကားဟာ မိသားစုနဲ့ သုံးနှစ်ကျော်ခွဲခွာပြီး အလွမ်းပြေ ခွင့်နဲ့ ခဏပြန်လာခဲ့တဲ့ ပြည်ပရောက် မြန်မာလုပ်သား တစ်ဦးရဲ့ ရင်ဖွင့်သံဖြစ်ပါတယ်။
စကားတစ်ခွန်းပဲ ဖြစ်ပေမယ့် အဲဒီထဲမှာ ပြည်ပလုပ်သားတွေ ကြုံနေရတဲ့ ဖိအားတွေ၊ စိုးရိမ်မှုတွေ၊ စိတ်ဒဏ်ရာ တွေ၊ နဲ့ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေ အပြည့်အဝ ထည့်သွင်းထားသလိုပါပဲ။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက လူငယ်အများစုဟာ အသက်ရှင်ရပ်တည်ရေး၊ မိသားစုစားဝတ်နေရေးနဲ့ အနာဂတ်တစ်ခု ရှာဖွေဖို့ ပြည်ပကို ထွက်ခွာလာကြပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်ဘက်ကတော့ လူငယ်တွေ ပြည်ပထွက်ခွာမှုကို နည်းမျိုးစုံနဲ့ ကန့်သတ်ခဲ့သလို၊ အခုချိန်မှာ တော့ ပြည်ပရောက်ပြီးသား လုပ်သားတွေတောင် မိသားစုဆီ ခဏပြန်လာဖို့ ကြောက်ရွံ့လာတဲ့အထိ ဖိနှိပ်မှုတွေ ပြုလုပ်လာနေပါတယ်။
အခုဆိုရင် အထောက်အထားပြည့်စုံတဲ့ ခွင့်ပြန်လုပ်သားတစ်ဦးတောင် ပြည်ပပြန်ထွက်ဖို့ စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဆီက ခွင့်ပြုချက် ထပ်မံတောင်းခံရတဲ့ အခြေအနေ ဖြစ်လာပါတယ်။
ခွင့်ပြုချက်ကို စာတိုက်ကဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နဲ့ ဖြစ်စေ လျှောက်ထားရပြီး၊ အချက် အလက်စုံလင်နေရင်တောင် တစ်ဖက်နိုင်ငံက အလုပ်ရှင် သို့မဟုတ် HR ကို ဖုန်းဆက်အတည်ပြုတာတွေ ပြုလုပ်ပါတယ်။
တစ်ခါတစ်ရံ ဖုန်းမကိုင်မိတာ၊ ဆက်သွယ်မရတာ တစ်ခုတည်းနဲ့တင် အလုပ်သမားဟာ ပြန်ထွက်ခွင့်မရတော့ဘဲ ထပ်ခါထပ်ခါ လျှောက်ထားရတဲ့ အခြေအနေတွေ ကြုံလာရပါတယ်။
ဒါတင်မကသေးပါဘူး။ ပြန်ထွက်ခွင့်လျှောက်ရာမှာ သွားမယ့်ရက် ပါဝင်တဲ့ လေယာဉ်လက်မှတ်ကို တစ်ခါတည်း ဝယ်ယူတင်ပြရတာကြောင့် ခွင့်ပြုချက် ကြန့်ကြာသွားရင် လေယာဉ်လက်မှတ်ဖိုး ဆုံးရှုံးရပါတယ်။
တချို့လုပ်သားတွေဆိုရင် ပြန်ထွက်ခွင့် နှောင့်နှေးကြန့်ကြာမှုကြောင့် ပြည်ပအလုပ်ရှင်ရဲ့ ယုံကြည်မှု လျော့ နည်းသွားပြီး အလုပ်ပါပြုတ်သွားတဲ့အထိ ဖြစ်လာပါတယ်။
အဲဒီလို အခြေအနေတွေဟာ ငွေကြေးဆုံးရှုံးမှုတင်မကဘဲ အလုပ်အကိုင်၊ အနာဂတ်နဲ့ မိသားစုစားဝတ်နေရေး အထိ ထိခိုက်စေပါတယ်။
ထို့အပြင် မေလ ၁ ရက်မှစပြီး ပြည်ပရောက်လုပ်သားတွေ မြန်မာနိုင်ငံကို ပြန်လာချင်ရင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးမှာ အလုပ်ရှင်ရဲ့ ခွင့်စာပြပြီး ထောက်ခံစာယူလာရမယ်ဆိုတဲ့ စည်းကမ်းသစ် ထုတ်ပြန်လာပါတယ်။
OWIC ကတ်မှာလည်း လက်ရှိအလုပ်နေရာ မတူရင် အသစ်ပြန်လုပ်ရမယ်လို့ သတ်မှတ်လာပါတယ်။
စာရွက်ပေါ်မှာတော့ ဒီစည်းကမ်းတွေဟာ “စနစ်တကျ စီမံခန့်ခွဲမှု” လို့ ထင်ရပေမယ့် လက်တွေ့မှာတော့ ပြည်ပလုပ်သားတွေကို မမြင်ရတဲ့ကြိုးတွေနဲ့ တင်းတင်းချည်နှောင်ထားသလို ဖြစ်နေပါတယ်။
အဲဒါကြောင့် ခွင့်ပြန်လုပ်သားတွေကြားမှာ “ပြန်ထွက်ခွင့် မရတော့မှာ” ဆိုတဲ့ စိုးရိမ်မှုက ပိုပြီး ကြီးမား လာပါတယ်။
ဒီကြောက်ရွံ့မှုကို အခွင့်ကောင်းယူပြီး “VIP လမ်းကြောင်း” ဆိုတဲ့ အမည်အောက်မှာ ပွဲစားတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအချို့ ပူးပေါင်းကာ ငွေကြေးအမြောက်အများ တောင်းခံမှုတွေ ပိုမိုများပြားလာပါတယ်။
အချက်အလက်ပြည့်စုံတဲ့သူတောင် ရိုးရိုးလမ်းကြောင်းနဲ့ လျှောက်ထားရင် ကြန့်ကြာမှုတွေ၊ အဆင်မပြေမှုတွေ ကြုံနေရတဲ့အတွက် အလုပ်ရှင်ရဲ့ အပြစ်တင်မှုကို မခံချင်တဲ့ လုပ်သားတွေဟာ အကြွေးတင်ခံပြီးတောင် VIP လမ်းကြောင်းကို ရွေးချယ်လာကြရပါတယ်။
တချို့ဆိုရင် ပြည်ပပြန်ထွက်ခွင့်ရဖို့ သိန်း ၃၀ ကနေ သိန်း ၁၀၀ အထိ ပေးချေရတဲ့အထိ ဖြစ်လာပါတယ်။
မိသားစုစားဝတ်နေရေးအတွက် ပြည်ပမှာ ပြန်လည်ရုန်းကန်ရှာဖွေဖို့ ကြိုးစားနေကြတဲ့ အလုပ်သမားတွေဟာ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်မှာပါ ထပ်မံ ဖိစီးခံနေရတာ ဖြစ်ပါတယ်။
ပိုဆိုးတာက စည်းကမ်းအသစ်တွေ ထပ်တိုးလာတိုင်း “VIP ဈေးနှုန်း” တွေပါ တက်လာတာ ဖြစ်ပြီး အကျင့်ပျက် ခြစားမှုဟာ စနစ်တစ်ခုလို ဖြစ်လာနေပါတယ်။
အလုပ်သမားထုရဲ့ ဝေဖန်သံတွေ ကျယ်လောင်လာတဲ့နောက် စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက “အချက်အလက်ပြည့်စုံတဲ့ ခွင့်ပြန်လုပ်သား ၆၀၀ ကျော်ကို OWIC ကတ် ၁၁ ရက်အတွင်း ဆောင်ရွက်ပေးမယ်” ထွက်ခွင့်လျှောက်ထားသူတွေကို အမြန်ဆုံး ခွင့်ပြုပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ အလုပ်သမားတွေ ရင်ဆိုင်နေရတာဟာ စာရွက်ပေါ်က ကြေညာချက်တွေနဲ့ လုံးဝ မတူ ပါဘူး။ အကြောင်းပြချက်အမျိုးမျိုးနဲ့ ထွက်ခွာခွင့် ချမပေးတာတွေ ဆက်ရှိနေဆဲပါပဲ။
မိသားစုကိစ္စ၊ ကျန်းမာရေး၊ သာရေးနာရေးတွေကြောင့် ခွင့်ရက်တစ်လကျော် ယူလာသူတွေကိုတောင် “ဘာကြောင့် ရက်ရှည်ယူလာတာလဲ” ဆိုပြီး တင်ပြချက်တောင်းခံတာတွေ ရှိလာပါတယ်။
မိသားစုကို ပြန်ကြည့်ဖို့၊ နာမကျန်းတဲ့ မိဘကို ပြုစုဖို့၊ ကိုယ့်သားသမီးကို တွေ့ချင်လို့ ပြန်လာတဲ့သူတွေကိုတောင် သံသယမျက်လုံးနဲ့ ကြည့်လာနေပါတယ်။
အခုလို ပြည်တွင်း ခတ္တအလည်ပြန် လာတဲ့ ခွင့်ပြန်လုပ်သားတွေရဲ့ စိုးရိမ်သောကတွေကို မြင်တွေ့ ကြားနေရတဲ့ ပြည်ပက မြန်မာလုပ်သားတွေဟာ အမိမြေကို အလွမ်းပြေပြန်ဖို့ စိုးရိမ်ကြောက်ရွံ့လာသလို ပြည်ပအလုပ် သမားအရေး ကူညီသူတွေကလည်း အတတ်နိုင်ဆုံး ပြန်မလာဖို့ သတိပေးနေပါတယ်။
စစ်တပ်လက်အောက်ခံ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း ပြည်ပရောက် လုပ်သားတွေထံကနေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံအထိ စီးဝင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီငွေကြေးတွေဟာ ပြည်ပလုပ်သားတွေရဲ့ ချွေးနည်းစာလုပ်ခထဲက ၂၅ ရာခိုင်နှုန်းကို အတင်းအကျပ် လွှဲပို့ခိုင်းတာ၊ အခွန်အမျိုးမျိုး ကောက်ခံတာ၊ စစ်အစိုးရသတ်မှတ်ထားတဲ့ ဘဏ်တွေကနေ သတ်မှတ်ငွေလဲနှုန်းနဲ့ မဖြစ်မနေ လွှဲခိုင်းတာတွေကနေ ရရှိလာတဲ့ ဝင်ငွေတွေ ဖြစ်ပါတယ်။
ဆိုလိုတာက ပြည်ပလုပ်သားတွေဆီက နိုင်ငံခြားဝင်ငွေ ဘီလီယံချီ ရယူနေသလို တစ်ဖက်မှာလည်း အဲဒီလုပ် သားတွေ ခတ္တပြန်လာတဲ့အခါ ပြန်ထွက်ခွင့်အတွက် အခက်အခဲမျိုးစုံ ဖန်တီးပြီး ပြန်ထွက်မရအောင် ဖိအား ပေးနေဆဲ ဖြစ်ပါတယ်။
အမှန်တော့ ပြည်ပလုပ်သားတွေဟာ နိုင်ငံကို စွန့်ခွာချင်လို့ သွားကြတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံမှာ ရှင်သန်ဖို့ ခက်ခဲလို့၊ အလုပ်အကိုင်မရှိလို့၊ လုံခြုံမှုမရှိလို့သာ ပြည်ပကို ထွက်ခွာကြရတာ ဖြစ်ပါတယ်။
ဝမ်းနည်းစရာအကောင်းဆုံးကတော့ နိုင်ငံခြားဝင်ငွေလိုအပ်တဲ့အခါ ပြည်ပလုပ်သားတွေရဲ့ ချွေးနည်းစာကို မရမက ရယူပြီး၊ အဲဒီလုပ်သားတွေကိုတော့ ကာကွယ်မပေးဘဲ အမျိုးမျိုး ဖိနှိပ်တားဆီးနေတဲ့ အခြေအနေပါပဲ။
ဒါပေမဲ့ အဲဒီဖိနှိပ်မှုတွေကြားမှာတောင် ပြည်ပရောက်မြန်မာလုပ်သားတွေဟာ မိသားစုအတွက်၊ ကိုယ့်ဘဝ အတွက်၊ နိုင်ငံရဲ့ အနာဂတ်အတွက် ဆက်လက်ရုန်းကန်နေကြဆဲ ဖြစ်ပါတယ်။
တစ်နေ့နေ့မှာတော့ “မိသားစုကို လွမ်းလည်း ပြန်မလာတော့ဘူး” ဆိုတဲ့ စကားတွေ ပျောက်ကွယ်သွားပြီး “အိမ်ပြန်လို့ ရသေးတယ်” ဆိုတဲ့ မျှော်လင့်ချက်ကို မြန်မာလုပ်သားတိုင်း ပြန်ပြောနိုင်တဲ့နေ့ ရောက်လာဖို့သာ လူတိုင်း မျှော်လင့်နေကြပါတယ်။