ဘုန်းမောင် ရေးသည်။
မဏ္ဍိုင်၊ ဇွန် ၁၈၊ ၂၀၂၆။
ကမ္ဘာ့နိုင်ငံရေးသမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်လျှင် စစ်အာဏာသိမ်းမှု (Military Coup) ဆိုသည့် ဖြစ်စဉ်က နိုင်ငံအများအပြားတွင် ကြုံတွေ့ခဲ့ရဖူးသော ဓမ္မတာတခုသဖွယ် ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ သို့သော် စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ အာဏာသိမ်းမှုချင်းတူသော်လည်း ရလဒ်ချင်း မတူညီကြခြင်းပင်ဖြစ်သည်။
အာရှတွင် တောင်ကိုရီးယားနှင့် ထိုင်း နိုင်ငံကဲ့သို့သောနိုင်ငံများတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ဖူးသော်လည်း နောက်ပိုင်းမှာတော့ စီးပွားရေးအင်အားကြီးနိုင်ငံများအဖြစ် ပြောင်းလဲလာနိုင်ခဲ့ကြပြီး အချို့နိုင်ငံတွေကတော့ ဒီမိုကရေစီစနစ်သို့ပင် အောင်မြင်စွာကူးပြောင်းနိုင်ခဲ့ကြသည်။ ထိုင်ဝမ်ကိုကြည့်မည်ဆိုလျှင်လည်း ချန်ကေရှိတ်အစိုးရသည် ၁၉၄၉ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ၃၈ နှစ်ကြာ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာပြီး တစ်ပါတီအာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။
တဖက်ကိုကြည့်လျှင်မူ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်ကစ၍ စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် စီးပွားရေး၊ ပညာရေး၊ နည်းပညာနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး စသည်တို့တွင် သိသိသာသာ နောက်ကျကျန်နေရစ်ခဲ့တော့သည်။
တောင်ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ် သို့မဟုတ် ချီလီကဲ့သို့သောနိုင်ငံများသည် စစ်အာဏာရှင်စနစ်အောက်တွင်ပင် စီးပွားရေးအရ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲသွားနိုင်ခဲ့ကြသော်လည်း မြန်မာနိုင်ငံမှာမူ ဆယ်စုနှစ်ပေါင်းများစွာကြာသည်အထိ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးကဏ္ဍစုံတွင် နက်နက်ရှိုင်းရှိုင်း ကျရှုံးနေဆဲဖြစ်သည်။
“စစ်တပ်က အာဏာသိမ်းတာချင်းအတူတူ သို့မဟုတ် စစ်အုပ်ချုပ်ရေးချင်းအတူတူ မြန်မာနိုင်ငံက ဘာ့ကြောင့် အောက်ဆုံးကိုရောက်သွားရတာလဲ” ဆိုသည့်မေးခွန်းက မြန်မာ့နိုင်ငံရေးလေ့လာသူများနှင့် သုတေသီများအကြား အမြဲတစေ ဆွေးနွေးငြင်းခုံရသည့် ပုစ္ဆာတစ်ပုဒ်သဖွယ် ဖြစ်လာခဲ့သည်။ ထိုသို့ အဖြစ်အပျက်ချင်းတူညီပါလျက် ရလဒ်နှစ်ခုကွာခြားသွား ရခြင်း၏ အဓိက အကြောင်းအရင်းတွေက အဘယ်နည်း။
၁။ စီးပွားရေးမူဝါဒနှင့် ပညာရှင်များကိုနေရာပေးမှု
နိုင်ငံတစ်နိုင်ငံတိုးတက်ခြင်း၊ ကျရှုံးခြင်း၏ အဓိကသော့ချက်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မည်သည့် စီးပွားရေးမူဝါဒကို ကျင့်သုံးသလဲ ဆိုသည့်အချက်ပေါ် များစွာတည်မှီနေသည်။
ပညာရှင်အခြေပြုနိုင်ငံ
၁၉၆၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံကို အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး (Park Chung-hee) သည် စစ်သားတစ်ဦးဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်၏စီးပွားရေးကဏ္ဍအတွက် စီးပွားရေးစီမံကိန်းများနှင့် မူဝါဒများချမှတ်ရာတွင် နိုင်ငံတကာအဆင့်ရှိပညာရှင်များကို နေရာပေးပြီး အပြည့်အဝလွတ်လပ်ခွင့်ပေးခဲ့သည်။ အဆိုပါ စီးပွားရေးပညာရှင်များသည် ကမ္ဘာ့ဈေးကွက်နှင့်ချိတ်ဆက်ထားသည့် ပို့ကုန်ဦးစားပေးမူဝါဒကိုကျင့်သုံးပြီး ‘ဟန်မြစ်ဝှမ်းက အံ့ဖွယ်တိုးတက်မှု’ (Miracle on the Han River) ကို ဖန်တီးပေးနိုင်ခဲ့သည်။
ဟန်မြစ်ဝှမ်းကအံ့ဖွယ်တိုးတက်မှု (Miracle on the Han River)
ဟန်မြစ်ဝှမ်းက အံ့ဖွယ်တိုးတက်မှုဆိုသည်မှာ တောင်ကိုရီးယားနိုင်ငံသည် ၁၉၆၀ ပြည့်လွန်နှစ်များမှ ၁၉၉၀ ပြည့်လွန်နှစ်များ အတွင်း ဆင်းရဲနွမ်းပါးသော စိုက်ပျိုးရေးအခြေပြုနိုင်ငံအဖြစ်မှ ကမ္ဘာ့ထိပ်တန်း စက်မှုနှင့် နည်းပညာအင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် အလွန်လျင်မြန်စွာပြောင်းလဲတိုးတက်လာခဲ့သောဖြစ်စဉ်ကို ရည်ညွှန်းသောစကားလုံးဖြစ်သည်။
၁၉၅၀ – ၅၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲအပြီးမှာတော့ တောင်ကိုရီးယားတွင် လူဦးရေသန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်အပြင် လူတစ်ဦးချင်းဝင်ငွေကလည်း အလွန်နည်းပါးခဲ့ပြီး နိုင်ငံခြားအကူအညီများအပေါ် မှီခိုနေခဲ့ရသည်။ ၁၉၆၀ ဝန်းကျင်က တောင်ကိုရီးယား၏ တစ်ဦးချင်းဝင်ငွေသည် အာဖရိကနှင့် အာရှရှိဆင်းရဲနိုင်ငံများနှင့် အဆင့်တူလောက်သာ ရှိခဲ့သည်။
ပတ်ချုံဟီးလက်ထက်မှာတော့ ပို့ကုန်ဦးစားပေးမူဝါဒကို ကျင့်သုံးခဲ့သည်။ တောင်ကိုရီးယားအစိုးရသည် ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည့် စက်မှုကုန်ပစ္စည်းများထုတ်လုပ်ဖို့ အားပေးခဲ့သည်။ သင်္ဘောတည်ဆောက်ရေး၊ သံမဏိလုပ်ငန်း၊ မော် တော်ကားလုပ်ငန်းနှင့် အီလက်ထရွန်းနစ်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့သည်။ ပြည်တွင်းကုမ္ပဏီကြီးများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သဖြင့် ယနေ့ကမ္ဘာကျော်ဖြစ်နေကြသည့် Samsung၊ Hyundai၊ LG၊ SK Group စသည်တို့သည် အဆိုပါကာလများအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်ကြီးပွားလာခဲ့ကြသည်။
ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့်အနေဖြင့် အခြေခံအဆင့်ပညာရေးမှစတင်ကာ တက္ကသိုလ်အဆင့်ပညာရေးအထိ အလေးထားခဲ့ခြင်းကြောင့် ကျွမ်းကျင်လုပ်သားအများအပြား မွေးထုတ်ပေးနိုင်ခဲ့သည်။
ဟန်မြစ်ဝှမ်းကအံ့ဖွယ်တိုးတက်မှုသည် စီးပွားရေးအောင်မြင်မှုများကို ရည်ညွှန်းခြင်းဖြစ်သော်လည်း အဆိုပါကာလများသည် စစ်အုပ်ချုပ်ရေးကာလဖြစ်သောကြောင့် အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး အငြင်းပွားစရာများ မရှိမဟုတ်၊ ရှိပါသည်။ အထူးသဖြင့် ပတ်ချုံဟီး လက်ထက်တွင် နိုင်ငံရေးလွတ်လပ်ခွင့်ကန့်သတ်ခံရခြင်း၊ အတိုက်အခံများအပေါ် ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း စသည့် စွပ်စွဲချက်များရှိခဲ့သည်။
ထို့ကြောင့်လည်း သမိုင်းပညာရှင်အချို့က “စီးပွားရေးအောင်မြင်မှုကို အသိအမှတ်ပြုရမည်ဆိုသော်လည်း အာဏာရှင်ဆန်သော နိုင်ငံရေးစနစ်ကိုတော့ ချီးကျူး၍မရ” ဟု သုံးသပ်ကြသည်။ သို့သော် ယနေ့ခေတ်တောင်ကိုရီးယား၏ တိုးတက်ဖြစ်ထွန်းမှုများက ယင်းကာလများအပေါ် များစွာအခြေခံထားသည်ဆိုတာကလည်း ငြင်းမရချေ။
ဟန်မြစ်ဝှမ်းကပေးသောသင်ခန်းစာ
ဟန်မြစ်ဝှမ်းက အံ့ဖွယ်တိုးတက်မှုမှပေးသော အဓိကသင်ခန်းစာသည် စစ်အုပ်ချုပ်ရေးကောင်းလို့ အောင်မြင်တာမျိုး မဟုတ်ဘဲ –
(က) ပညာရေးတွင်ရင်းနှီးမြှုပ်နှံခြင်း
(ခ) စက်မှုလုပ်ငန်းများတည်ထောင်ခြင်း
(ဂ) ပို့ကုန်တိုးမြှင့်ခြင်း
(ဃ) အဂတိလိုက်စားမှုထိန်းချုပ်ခြင်း
(င) ရေရှည်စီးပွားရေးမဟာဗျူဟာချမှတ်ခြင်း
စသည့်အချက်များကို အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယနေ့ခေတ်စီးပွားရေးပညာရှင်အများစုက ရှုမြင်ထားကြသည်။
အယူဝါဒအခြေပြုမြန်မာနိုင်ငံ
မြန်မာနိုင်ငံတွင်မူ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက်ကျင့်သုံးခဲ့သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်” က တိုင်းပြည်ကို ချောက်ထဲသို့တွန်းပို့ခဲ့သည်။ စီးပွားရေးပညာရှင်များကိုဘေးဖယ်ကာ လုပ်ငန်းအားလုံးကို ပြည်သူပိုင်သိမ်းပြီး ဗိုလ်ချုပ်များကသာ စီမံခန့်ခွဲခဲ့ကြသည်။
ကမ္ဘာ့စီးပွားရေးစနစ်နှင့် အဆက်ဖြတ်ကာ အထီးကျန်ဝါဒကို ကျင့်သုံးခဲ့သဖြင့် နိုင်ငံ၏ စီးပွားရေးအဆောက်အအုံတစ်ခုလုံး လုံးဝဥဿုံ ပျက်စီးသွားခဲ့ရသည်။
၂။ စနစ်ခိုင်မာမှုနှင့် အုပ်ချုပ်ရေးပုံစံ
စစ်အာဏာရှင်စနစ်အောက်တွင် နိုင်ငံတော်၏ အင်စတီကျူးရှင်းများကို မည်သို့ ထိန်းသိမ်းလေ့ရှိသလဲ ဆိုသည်မှာလည်း အလွန်အရေးကြီးသည်။
ထိုင်း သို့မဟုတ် တောင်ကိုရီးယားနိုင်ငံများတွင် စစ်အာဏာသိမ်းမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း ၎င်းတို့သည် နိုင်ငံ့ဝန်ထမ်းယန္တရားများဖြစ်ကြသည့် တရားစီရင်ရေး၊ ပညာရေးနှင့် ဘဏ်လုပ် ငန်းဆိုင်ရာစနစ်များကို ဖျက်ဆီးပစ်ခြင်းမရှိခဲ့ပါ။ တိုင်းပြည်တည်ဆောက်ရေးကို အခြေခံလျက်ပင် အင်စတီကျူးရှင်းများ ပိုမိုခိုင်မာလာအောင် စနစ်တကျထိန်းသိမ်းခဲ့ကြသည်။
မြန်မာ့စစ်အုပ်ချုပ်ရေးသမိုင်းကိုပြန်ကြည့်လျှင်မူ အဖွဲ့အစည်းဆိုင်ရာခိုင်မာမှုထက် “ပုဂ္ဂိုလ်စွဲ၊ အုပ်စုစွဲ” နှင့် မိမိအာဏာတည်မြဲရေးကိုသာ ရှေ့တန်းတင်ခဲ့ကြသည်ကို တွေ့ရပေလိမ့်မည်။ နိုင်ငံ့ဝန်ထမ်းယန္တရားအတွင်းသို့ စစ်ဘက်ဆိုင်ရာအရာရှိများကို အလုံးအရင်းဖြင့်သွတ်သွင်းခဲ့ပြီး အရည်အချင်းထက် သစ္စာစောင့်သိမှုကိုသာ ဦးစားပေးခဲ့သဖြင့် အစိုးရတရပ်ကိုလည်ပတ်စေသောစနစ်များ တဖြည်းဖြည်းချည့်နဲ့လာခဲ့သည်။ ထို့အပြင် စစ်ဗိုလ်ချုပ်များနှင့်နီးစပ်သည့် ခရိုနီစီးပွားရေးစနစ်ကြောင့် အဂတိလိုက်စားမှုက တိုင်းပြည်တွင် အမြစ်တွယ်နေသော ယဉ်ကျေးမှုတစ်ခု ဖြစ်သွားခဲ့ရသည်။
၃။ ပထဝီနိုင်ငံရေးနှင့် နိုင်ငံတကာပံ့ပိုးမှု
မည်သည့်နိုင်ငံမျှ ကမ္ဘာကြီးနှင့် သီးခြားခွဲထွက်ကာ မရှင်သန်နိုင်သကဲ့သို့ ပထဝီနိုင်ငံရေးအခြေအနေကလည်း ရလဒ်ကို အများကြီးအဆုံးအဖြတ်ပေးသည်။
တောင်ကိုရီးယား၊ ထိုင်း၊ မြန်မာ နှင့် ချီလီနိုင်ငံတို့ အာဏာသိမ်းခံရသည့် အချိန်များသည် “စစ်အေးတိုက်ပွဲကာလ” နှင့် တိုက်ဆိုင်နေသည်။ ထိုကာလများတွင် အမေရိကန်နှင့် အနောက်အုပ်စုတို့က ကွန်မြူနစ်ဝါဒပြန့်ပွားမှုကို တားဆီးရန်အတွက် အဆိုပါ စစ်အာဏာရှင်အစိုးရများကို ရှေ့တန်းခံတပ်အဖြစ် သတ်မှတ်ကာ စီးပွားရေးအရရော နည်းပညာနှင့် စစ်ရေးအရပါ အကြီးအကျယ်ပံ့ပိုးကူညီခဲ့ကြသည်။ စစ်အာဏာရှင်နိုင်ငံများဖြစ်ကြသော်လည်း မြန်မာကလွဲ၍ ကျန်နိုင်ငံများအနေဖြင့် အနောက်ကမ္ဘာ၏ ဈေးကွက်များသို့ မိမိတို့ထုတ်ကုန်များကို လွတ်လပ်စွာတင်ပို့ခွင့် ရရှိခဲ့ကြသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရကတည်းက ဘက်မလိုက်မူဝါဒကိုကျင့်သုံးခဲ့ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာ့အသိုင်းအဝိုင်းနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်သော စီးပွားရေးပိတ်ဆို့အရေးယူမှုများကိုသာ ခါးစည်းခံခဲ့ရသည်။ ရလဒ်အနေဖြင့် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဆုံးရှုံးခဲ့ရပြီး တရုတ်နိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံကြီးအပေါ် အလွန်အမင်းမှီခိုရသည့် ပထဝီနိုင်ငံရေး ထောင်ချောက်ထဲသို့ သက်ဆင်းသွားခဲ့ရသည်။
၄။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းပဋိပက္ခ
ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှုမရှိဘဲ မည်သည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုမျှ အကောင်အထည် ဖော်၍ မရနိုင်ပေ။
စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သော်လည်း တောင်ကိုရီးယား သို့မဟုတ် ချီလီနိုင်ငံတို့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ မရှိခဲ့ကြပါ။ ထို့ကြောင့် အာဏာသိမ်းယူထားခဲ့ကြသော ခေါင်းဆောင်များသည် ပြည်တွင်းစစ်ဆင်ရေးများအတွက် အင်အားစိုက်ထုတ်စရာမလိုဘဲ တိုင်းပြည်ဖွံ့ဖြိုးရေးကိုသာ အာရုံစိုက်ခွင့်ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင်မူ လွတ်လပ်ရေးရကတည်းက တိုင်းရင်းသားတန်းတူညီမျှမှု မရရှိခြင်းကြောင့်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်က ယနေ့တိုင်ပင် အရှိန်အဟုန်ပြင်းစွာဖြင့် တောက်လောင်နေဆဲဖြစ်သည်။ စစ်တပ်သည် တိုင်းပြည်ကို စီမံခန့်ခွဲရန်ထက် ပြည်တွင်းစစ်ကိုရင်ဆိုင်ရန်၊ စစ်အင်အားတည်ဆောက်ရန်နှင့် ၎င်းတို့ရေရှည်တည်တံ့ရန်အတွက်သာ အမျိုးသားအရင်းအမြစ်များနှင့် ဘတ်ဂျက်အမြောက်အမြားကို ဆယ်စုနှစ်ပေါင်းများစွာ သုံးစွဲခဲ့ကြသဖြင့် တိုင်း ပြည်ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေမကျန်တော့ဘဲ တိုင်းပြည်သာ နာတာရှည်ဆင်းရဲမွဲတေသွားခဲ့ရသည်။
အရပ်သားအစိုးရလက်ထက်ကဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအားလုံးကလည်း စစ် အာဏာသိမ်းမှုကြောင့် နိဋ္ဌိတံခဲ့ရသည်။
၅။ အာဏာရှင်များ၏ရည်မှန်းချက်နှင့် အမျိုးသားရေး စိတ်ဓာတ်
အာဏာရှင်များ၏ ပုဂ္ဂိုလ်ရေးရည်မှန်းချက်နှင့် တိုင်းပြည်အပေါ် ထားရှိသည့် ‘စေတနာ’ ကလည်း ကွာခြားချက်ကြီးတစ်ခု ဖြစ်သည်။
စစ်အာဏာသိမ်းမှုများကြုံခဲ့ကြသော်လည်း အောင်မြင်သွားသည့်နိုင်ငံများက အာဏာရှင်များသည် “ငါတို့အာဏာတည်မြဲချင်ရင် တိုင်းပြည်ချမ်းသာကြွယ်ဝအောင် လုပ်ပြရမယ်” ဆိုသည့် အတွေးအခေါ်မျိုး ယေဘုယျအားဖြင့် ရှိကြသည်။ ၎င်းတို့သည် တိုင်းပြည်ကို ခေတ်မီတိုးတက်အောင်လုပ်ပြခြင်းဖြင့် ၎င်းတို့၏တရားဝင်မှုကို ရှာဖွေခဲ့ကြသည်။
ဆန့်ကျင်ဘက်အနေဖြင့်ဆိုရလျှင်တော့ မြန်မာစစ်အုပ်ချုပ်ရေးအဆက်ဆက်တွင်မူ တိုင်းပြည်တိုးတက်ရေးထက် “စစ်တပ်အင်စတီကျူးရှင်း၊ အာဏာလက်ဝါးကြီးအုပ်ရေးနှင့် မိမိအကျိုးစီးပွားကာကွယ်ရေး” ကိုသာ ပထမဦးစားပေးအဖြစ် သတ်မှတ်ခဲ့ကြသည်။ တိုင်းပြည်ဆင်းရဲမွဲတေသွားပါစေ၊ ၎င်းတို့ အာဏာတည်မြဲရေးအတွက်ဆိုလျှင် မည်သည့်အရာကိုမဆို စနစ်တကျဖျက်ဆီးပစ်ရန် ဝန်မလေးခဲ့ကြသည့်စိတ်ဓာတ်ကြောင့်သာ မြန်မာနိုင်ငံသည် ယနေ့တိုင် နာလန်မထူနိုင်အောင် ဖြစ်နေရခြင်းဖြစ်သည်။
၆။ အခြားနိုင်ငံများ၏အတွေ့အကြုံများ
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် အာဏာသိမ်းမှုအကြိမ်အရေအတွက် ပိုမိုများပြားခဲ့သည်။ ၁၉၃၂ ခုနှစ်မှ ယနေ့အထိ ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှုနှင့် အာဏာသိမ်းရန်ကြိုးပမ်းမှု အကြိမ် ၂၀ နီးပါးရှိခဲ့သည်။ သို့သော် ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေခံများ မပြိုကွဲခဲ့ပေ။
ထိုင်းနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းထားသော်လည်း ခရီးသွားလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်တိုးတက်ခဲ့သည်။
ထိုင်းစစ်တပ်က နိုင်ငံရေးတွင် မကြာခဏ ဝင်ရောက်စွက်ဖက်ခဲ့သော်လည်း နိုင်ငံတော်နှင့်သက်ဆိုင်သော အဖွဲ့အစည်းများ၊ စီးပွားရေးယန္တရားများနှင့် နိုင်ငံတကာဆက်ဆံရေးများကို အလုံးစုံမဖျက်ဆီးခဲ့ပေ။
ထို့ကြောင့်လည်း ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သော်လည်း နိုင်ငံတော်တစ်ခုလုံး ပြိုလဲမသွားခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်သည်လည်း ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်တွင် နေထိုင်ခဲ့ရသည်။ သို့သော် အဆိုပါကာလများအတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခဲ့ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာ့နည်းပညာအင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။
ချီလီနိုင်ငံတွင် ဗိုလ်ချုပ် ပီနိုချက် လက်ထက်၌ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးတိုးတက်မှုရရှိခဲ့သည်သာ ဖြစ်သည်။ သို့သော် လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့သဖြင့် ဝေဖန်မှုများရှိခဲ့သည်။
အရေးကြီးသည့်အချက်မှာ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနှင့် ချီလီတို့သည် စစ်အစိုးရ သို့မဟုတ် အာဏာရှင်အစိုးရများအောက်တွင် ထာဝရမနေခဲ့ကြခြင်းဖြစ်သည်။
စီးပွားရေးတိုးတက်မှုကြောင့် ပညာတတ်အလယ်အလတ်တန်းစား လူတန်းစားကြီးတစ်ရပ်ပေါ်ပေါက်လာပြီး နိုင်ငံရေး အခွင့်အရေးများ ပိုမိုတောင်းဆိုလာကြသည်။ နောက်ဆုံးတွင် စစ်အစိုးရက ရွေးကောက်ပွဲများ လက်ခံကျင်းပပေးခဲ့ရပြီး ဒီမိုကရေစီစနစ်သို့ တဖြည်းဖြည်း ကူးပြောင်းနိုင်ခဲ့သည်။
ထိုင်ဝမ်တွင် အာဏာရပါတီက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီး အတိုက်အခံပါတီများကို ခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင် အပြည့်အဝဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းလဲလာနိုင်ခဲ့သည်။
ချီလီတွင်လည်း ပြည်သူ့ဆန္ဒခံယူပွဲမှတဆင့် စစ်အစိုးရကို အဆုံးသတ်နိုင်ခဲ့သည်။
ထိုင်းနိုင်ငံတွင် စစ်တပ်၏ နိုင်ငံရေးလွှမ်းမိုးမှု ဆက်လက်ရှိနေသော်လည်း ရွေးကောက်ပွဲစနစ်နှင့် အရပ်သားအစိုးရများ အလှည့်ကျအုပ်ချုပ်သည့်ပုံစံကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဤနိုင်ငံများ၏အတွေ့အကြုံများကိုသုံးသပ်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးတိုးတက်မှုနှင့် အလယ်အလတ် တန်းစား လူတန်းစားကြီးတစ်ရပ်ပေါ် ပေါက်လာမှုတို့သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသည့် အခြေခံများဖြစ်ကြောင်း ဖော်ပြနေသည်။
နိဂုံး
“စစ်အာဏာသိမ်းမှုချင်းတူသော်လည်း တချို့နိုင်ငံတွေတိုးတက်ပြီး မြန်မာနိုင်ငံက ဘာကြောင့် ကျရှုံးခဲ့ရသလဲ” ဆိုသည့် မေးခွန်း၏အဖြေက ရှင်းလင်းလှပါသည်။ စစ်အာဏာသိမ်းမှုတိုင်းသည် ရေရှည်တွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုများကို ဖျက်ဆီးပစ်သည်များက တူညီသော်လည်း အခြားနိုင်ငံများသည် “ပညာရှင်အခြေပြုစီးပွားရေးမူဝါဒ၊ ခိုင်မာသော အင်စတီကျူးရှင်းများ၊ နိုင်ငံတကာထောက်ပံ့မှု၊ ပြည်တွင်းစစ်မရှိခြင်းနှင့် ကိုယ်ကျိုးအတ္တနည်းပါးခြင်း” စသည့် အခွင့်သာချက်များကြောင့် စီးပွားရေးအရ တိုးတက်မှုအချို့ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပေသည်။
မြန်မာနိုင်ငံက စစ်အာဏာရှင်များမှာတော့ မှားယွင်းသောဆိုရှယ်လစ်မူဝါဒ၊ ပုဂ္ဂိုလ်စွဲခရိုနီစနစ်၊ သမိုင်းတလျှောက်မပြေလည်ခဲ့သော တိုင်းရင်းသားအရေး၊ ပြည်တွင်းစစ်၊ ကမ္ဘာ့အလယ် အထီးကျန်မှု၊ ငါနှင့် ငါ့မိသားစုကောင်းစားရေးစသည့် “အဖျက်လက္ခဏာများ” အားလုံး စုပြုံကျရောက်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။ အာဏာရှင်ချင်းတူသော်လည်း အာဏာရှင်စနစ်ကို ကိုင်တွယ်အသုံးပြုသူများ၏ အရည်အချင်း၊ တာဝန်ယူမှုနှင့် အမြော်အမြင်တို့ကလည်း နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးကြောင်း အထက်ဖော် ပြပါဖြစ်ရပ်များက သက်သေခံလျက်ရှိသည်။
ဤသင်ခန်းစာများကိုထောက်ရှု၍ မြန်မာ့အနာဂတ် ကာလများတွင်တော့ အာဏာရှင်စနစ်ဆိုးမှရုန်းထွက်ကာ တကယ့်ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်လိုပါက စစ်အာဏာရှင်များနှင့် အာဏာရှင်များကို မွေးထုတ်ပေးမည့် မည်သည့် မူဝါဒဟောင်းများကိုမဆို အကြွင်းမဲ့တွန်းလှန်ကာ နိုင်ငံတော်သစ်တရပ်ကို ထူထောင်ရလိမ့်မည်ဆိုသည်က အထင်အရှားပင် ဖြစ်ပါတော့သည်။