ဝမ်းရေးကြောင့် ပျောက်ဆုံးနေတဲ့ ကလေးဘဝတွေ (အတွေးအမြင်)

နန်းလောင် ရေးသည်။

မဏ္ဍိုင်၊ ဇွန် ၁၅၊ ၂၀၂၆။

အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ သတင်းစာများနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ကျောင်းအပ်နှံမှု စာရင်းဇယားများ၊ ကျောင်းဝတ်စုံသစ် ဝယ်ယူနေသည့် မိသားစုများ၏ ပုံရိပ်များက နေရာယူလာကြသည်။ သို့သော် ဤပုံရိပ်များ၏ တစ်ဖက်ခြမ်းတွင် ဆိတ်ငြိမ်လွန်းပြီး မည်သည့်ကျောင်းခေါင်းလောင်းသံကမျှ မနှိုးဆော်နိုင်တော့သည့် လူငယ်ထုတစ်ရပ် ရှိနေသည်။

၎င်းတို့မှာ လွန်ခဲ့သော ၅ နှစ် (၂၀၂၀-၂၀၂၁ ခုနှစ်ဝန်းကျင်) က အသက် ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်အရွယ် အလယ်တန်းစတက်ရမည့် ကလေးငယ်ဘဝမှ ယခု ၂၀၂၆ ခုနှစ်တွင် အသက် ၁၆ နှစ်၊ ၁၇ နှစ်မှသည် အသက် ၁၉၊ ၂၀ အရွယ် ဆယ်ကျော်သက် လူငယ်ဘဝသို့ ရောက်ရှိလာကြသူများ ဖြစ်သည်။

သူတို့သည် ကလေးဘဝ၏ ဆော့ကစားမှုများကိုလည်း အဆုံးသတ်ခွင့်မရ၊ လူငယ်ဘဝ၏ စိတ်ကူးယဉ် အိပ်မက်များကိုလည်း မွေးဖွားခွင့်မရဘဲ ကလေးဘဝမှ “အိမ်ထောင်စု၏ စားဝတ်နေရေးကို ထမ်းပိုးရ သည့် လူကြီး” အဖြစ်သို့ တိုက်ရိုက် ခုန်ကူးလိုက်ရသူများ ဖြစ်သည်။

ကျောင်းမတက်ဖြစ်သည့် ကလေးငယ်များကို မည်သူများက မည်သို့လုပ်နိုင်သနည်း ထိုသို့မဟုတ်ရင် တိုင်းပြည် နှင့် လူ့အသိုင်းအဝိုင်းအတွက် မည်သည့်အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသနည်းဆို သောမေးခွန်း များရှိ နေပြီဖြစ် သည်။

စစ်ကောင်စီလက်အောက်ရှိ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် မြန်မာနိုင်ငံ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ သန်းကျော် တက်ရောက်ပညာသင်ကြားခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်မူ ကျောင်းသားဦးရေ ၈ ဒသမ ၂ သန်းအထိ ရှိခဲ့သည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း ကမ္ဘာ့ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) က ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် မြန်မာကလေးငယ် ၅ သန်းဝန်းကျင်သည် ပဋိပက္ခများနှင့် သဘာဝဘေးဒဏ်များကြောင့် ပညာရေးကို စွန့်ခွာခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

ဤထုတ်ပြန်ချက်များသည် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း စာရင်းများသာဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ် အတွင်း ကျောင်းစာသင်ခန်းထဲသို့ ပြန်မရောက်တော့သည့် ကျောင်းသားဦးရေ မည်မျှအထိ ရှိနေသနည်း ဆိုသည်ကိုမူ တိကျသည့် အချက်အလက်များ ရှာဖွေရန် ခက်ခဲလှသည်။ သို့သော် မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ကြည့်လျှင် စစ်ရေးကြောင့်မဟုတ်၊ သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ စီးပွားရေး အခြေအနေကြောင့် စာသင်ခန်းအစား လုပ်ငန်းခွင်သို့ ရောက်သွားကြသည့် ကျောင်းသားများကို မြောက် မြားစွာ တွေ့မြင်နေရသည်။

“ကျောင်းမတက်ဖြစ်တော့တာ ၅ တန်းပေါ့။ အခုက အသက် ၁၈ ဖြစ်နေပြီ။ ဆက်လည်း မတက်ချင်တော့ပါဘူး။ တစ်ချို့သူငယ်ချင်းတွေကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက ပြန်တက်ကြတယ်။ တစ်ချို့ကလည်း ကျွန်တော့်လိုပဲ အလုပ်လုပ်ကြတာပေါ့။ ကျောင်းပြန်မတက်တဲ့ကောင်တွေက ပိုများပါတယ်” ဟု သန်လျင်မြို့နယ်တွင် ဆိုင်ကယ်ကယ်ရီမောင်းနေသည့် အသက် ၁၈ နှစ်အရွယ် မောင်ထက်အောင်က လက်တွေ့ဘဝကို ပြောပြသည်။

မောင်ထက်အောင်တို့ကဲ့သို့ ကလေးများသည် ၂၀၂၁ ခုနှစ်၏ အပြောင်းအလဲများတွင် ကျောင်းစာ သင်ခန်းများနှင့် စတင်ဝေးကွာသွားချိန်က အသက် ၁၁ နှစ်အရွယ် ကလေးငယ်များသာ ရှိပါသေးသည်။

ထိုစဉ်က စီးပွားရေးပြိုလဲမှုနှင့် မိသားစုကျပ်တည်းမှုဒဏ်ကို ကလေးပီပီ သတိမပြုမိခဲ့ကြသော်လည်း ကာလရှည်ကြာလာသည်နှင့်အမျှ “မိဘတွေ ရုန်းကန်နေရတာကို ကြည့်ပြီး ကျောင်းမတက်တော့ဘဲ အလုပ်ကူလုပ်မယ်” ဟု ကိုယ်တိုင်ဆုံးဖြတ်ကာ လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးဘဝ၊ ကားဝပ်ရှော့မှ ဆီဂျီးပေလက်ကလေးများ၊ ဆောက်လုပ် ရေးလုပ်ငန်းခွင်မှ ပန်းရံအကူများ သို့မဟုတ် စက်ရုံအလုပ်သမားဘဝဖြင့် သူတို့၏ နေ့ရက်များကို အစားထိုးခဲ့ကြသည်။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပညာရေးစနစ်ပြင်ပသို့ ရောက်သွားသည့် ကလေးများသည် ပညာသင်ကြားခွင့်တစ်ခုတည်း ဆုံးရှုံးသွားခြင်းမဟုတ်ဘဲ ၎င်းတို့၏ “ကလေးဘဝ တစ်ခုလုံး” ပါ ပျောက်ဆုံးသွားရခြင်းဖြစ်သည်။

“ကလေးတွေဆိုတာက သူငယ်ချင်းတွေနဲ့ ကစားရင်း၊ ကိုယ့်အနာဂတ်ကို စိတ်ကူးယဉ်ရင်း၊ ဘာဖြစ်ချင်တာလဲဆိုတာကို ဖြည်းဖြည်းချင်း ရှာဖွေနေရတဲ့ အရွယ်တွေပါ။ ဒါပေမဲ့ ခေတ်ကာလအခြေ အနေတွေအရ သူတို့ဟာ စာသင်ခန်းထဲမှာမဟုတ်ဘဲ လုပ်ငန်းခွင်ထဲမှာ ကြီးပြင်းနေရတယ်။ အထူးသဖြင့် အခြေခံလူတန်းစားထဲက ကလေးတွေမှာ ဒီအကျိုးသက်ရောက်မှုက ပိုပြီးပြင်းထန်ပါတယ်” ဟု ကလေးစာပေများကို ရေးသားပြီး ဆရာ၊ ဆရာမများကို သင်ကြားမှုဆိုင်ရာ လေ့ကျင့်ပေးနေသူ Tr. Aura က သုံးသပ်ပြသည်။

ယခုအခါ ၎င်းတို့သည် အသက် ၁၆ နှစ်၊ ၁၇ နှစ် ၊၁၈ ၊၁၉ အရွယ်သို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။ ခန္ဓာကိုယ် ကြီးထွားလာသော်လည်း စိတ်ပိုင်းဆိုင်ရာတွင်မူ ဆယ်ကျော်သက်တစ်ဦး၏ လွတ်လပ်ပေါ့ပါးမှု လုံးဝမရှိတော့ဘဲ ရှင်သန်ရေးအတွက်သာ နေ့စဉ်ပူပန်နေရသည့် “အရွယ်မတိုင်မီ လူကြီး” များ ဖြစ်သွားခဲ့ရသည်။

တချို့ကလေးများမှာ မိသားစုစားဝတ်နေရေးအတွက် အရွယ်နှင့်မမျှသော တာဝန်များကို ထမ်းရွက်နေ ရသလို၊ မောင်နှမများပြားသည့် မိသားစုများတွင်မူ ကလေးက ကလေးချင်း ပြန်လည်ထိန်းကျောင်းရင်း ကြီးပြင်းလာရသည်။

“အခုက မိသားစုလိုက် ပန်းရံလိုက်လုပ်တော့ တစ်နေ့ကို ၁၀,၀၀၀ ရတယ်။ အရင်က အဖေက ကန်ထရိုက် လုပ်တာလေ။ အခုက အဖေခေါ်လို့ ရောက်လာတာ။ ဒီကနေ တာချီလိတ်သွားမယ်လို့တော့ ပြောတယ်။ ကျောင်းတက်ချင်ပေမယ့် အမေက အငယ်တွေကို ဦးစားပေးလိုက်ဆိုလို့မတက်ဖြစ်တော့ပါဘူး။ အခုမှ တက်ရင်လည်း ရှက်စရာကြီး” ဟု ဧရာဝတီတိုင်းမှ လာရောက်ကာ မိသားစုလိုက် ပန်းရံလုပ်ငန်းလုပ်ကိုင် နေသည့် အသက် ၁၄ နှစ်အရွယ် မပန်းသစ္စာက ဆိုသည်။

အာဏာသိမ်းကာလအတွင်း ပျက်ယွင်းသွားသည့် အိမ်တွင်းစီးပွားရေး အခြေအနေကြောင့် အင်ဂျင်နီ ယာတစ်ယောက် ဖြစ်ချင်သည့် မပန်းသစ္စာအတွက် လက်ရှိ အုတ်ခဲသယ်ယူနေရခြင်းကပင် သူ မဖြစ်ချင် သည့် အိပ်မက်၏ တစ်ပိုင်းတစ်စဟု ယူဆနေရရှာသည်။

“ကျောင်းတွေ ပြန်ဖွင့်ပြီပဲ၊ ဘာလို့ ကျောင်းပြန်မတက်ကြလဲ” ဟု ပတ်ဝန်းကျင်မှ အလွယ်တကူ မေးခွန်း ထုတ်စရာ ရှိသည်။ သို့သော် ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်သည် ဆယ်ကျော်သက်လူငယ်များ အတွက် စနစ်ပိုင်းအရရော စိတ်ပိုင်းဆိုင်ရာအရပါ စာသင်ခန်းတံခါးများကို သော့ခတ် ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။

“တစ်ချို့ လူကောင်ကြီးကြီးနဲ့ ကလေးတွေနဲ့ အတန်းအတူတူ လာတက်ကြတယ်။ သိပ်လည်း စကားမ ပြောကြဘူး။ တစ်ချို့ကျတော့လည်း နှစ်ဝက်လောက်ထိပဲ လာတော့ပြီး ကျောင်းဆက် မတက်တော့တာ မျိုးတွေ ရှိတယ်” ဟု သန်လျင်မြို့နယ်အတွင်းရှိ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

အသက် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးသည် ၅ နှစ်တာ စာပေနှင့် ဝေးကွာခဲ့ခြင်းကြောင့် အခြေခံစာပေကိုပင် ကောင်းစွာမမှတ်မိတော့ပေ။ ကျောင်းပြန်တက်မည်ဆိုပါက အသက် ၁၀ နှစ်၊ ၁၁ နှစ် အရွယ် ကလေးငယ်များနှင့် အတူတူ ပဉ္စမတန်း သို့မဟုတ် ဆဋ္ဌမတန်းခုံတွင် ဝင်ထိုင်ရမည် ဖြစ်သည်။ ခန္ဓာကိုယ်ကြီးထွားပြီး လူပျို၊ အပျိုဖော်ဝင်စ လူငယ်တစ်ဦးအနေဖြင့် အရွယ်တူများ အထက်တန်း တက်နေချိန်တွင် အတန်းငယ်ကလေးများနှင့် တစ်ခုံတည်းထိုင်ရန်မှာ စိတ်ပိုင်းဆိုင်ရာအရ ကြီးမားသည့် အရှက်တရားနှင့် ဒဏ်ရာကို ဖြစ်စေသည်။

ထို့ထက် ပိုဆိုးသည်မှာ မိသားစု၏ ဝင်ငွေဖြစ်သည်။ ၅ နှစ်ပတ်လုံး မိသားစု၏ စားဝတ်နေရေးကို ဝိုင်းဝန်း ထောက်ပံ့ပေးနေသည့် ၎င်းတို့၏ တစ်ရက်လုပ်ခသည် ကျောင်းပြန်တက်လိုက်လျှင် ပျောက်ဆုံးသွားမည်။

“ထမင်းအိုး အငတ်ခံပြီး ကျောင်းပြန်တက်မလား” သို့မဟုတ် “အိပ်မက်တွေကို စတေးပြီး စားဝတ်နေရေးကို ဆက်ရုန်းကန်မလား” ဟူသော ရွေးချယ်မှုတွင် ၎င်းတို့၌ ရွေးချယ်စရာ လမ်းမရှိခဲ့ပါ။

ထိုသို့ဖြင့် “နောက်ကျကျန်ခဲ့ပြီ” ဟူသော သိမ်ငယ်စိတ်၊ မသေချာသော အနာဂတ်အပေါ် စိုးရိမ်စိတ် များကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ပျောက်ဆုံးကာ နောက်ဆုံးတွင် စိတ်ကူးယဉ် အိပ်မက် မက်ရန်ပင် မရဲတော့ဘဲ လက်တွေ့ကျသည့် ရုန်းကန်ရမှုများထဲတွင်သာ ပိတ်မိနေကြတော့သည်။

ထို့ပြင် ရုပ်ပိုင်းဆိုင်ရာအရလည်း အရွယ်မတိုင်ခင် အလုပ်လုပ်ရခြင်း၊ အာဟာရပြည့်ဝစွာ မစားသောက် ရခြင်းနှင့် အိပ်ချိန်၊ နားချိန်မလုံလောက်ခြင်းတို့သည် ကလေးငယ်များ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးမှုပိုင်းကို ကြီးစွာထိခိုက်စေသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ထုတ်ပြန်ချက်အရ ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုဒဏ်ကို ခံနေရ သည့် ဒေသများရှိ လူငယ် ၃ ဦးလျှင် ၁ ဦးသည် စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုများကို ပြင်းထန်စွာ ခံစားနေ ရသည်။ စိတ်ကျန်းမာရေးပြဿနာဆိုသည်မှာ စိတ်ဖောက်ပြန်ခြင်း တစ်ခုတည်းကိုသာ ဆိုလိုခြင်း မဟုတ် ဘဲ စနစ်တကျ ဖိနှိပ်ခံရခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့မှ မြစ်ဖျားခံနေသည့် နက်ရှိုင်း သော စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ဖြစ်သည်။

ပညာရေးနှင့် ဝေးကွာသွားခြင်းသည် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမဲ့သလို ခံစားရစေပြီး နောက်ဆုံးတွင် ရှင်သန်ရေးစိတ်တစ်ခုတည်းဖြင့်သာ စက်ရုပ်သဖွယ် နေသားကျသွားကြတော့သည်။

“ကျွန်တော့်အိမ်မက်ကလား၊ မေ့နေပါပြီ၊ ဘာလုပ်ချင်မှန်းတောင် မသိတော့ဘူး။ ၁၆ နှစ်ကတည်းက ဆိုင်ကယ်တက္ကစီဆွဲတာလေ။ အဲ့တုန်းကတော့ကိုယ်ပိုင်ဆိုင်ကယ်ရှိချင်တာ။ အခုကတော့ နိုင်ငံခြား ထွက်ချင်တာပဲသိတယ်” ဟု မောင်ထက်အောင်က ပြောသည်။

အကျပ်အတည်းများအကြား ပညာရေးအခွင့်အလမ်း ဆုံးရှုံးရမှုသည် ကလေးများ၏ Gender (ကျား/မ) အလိုက် သက်ရောက်မှုပုံစံများက ကွဲပြားခြားနားသည်။ ယောက်ျားလေးများက ဝင်ငွေရှာရန်အတွက် ကြမ်းတမ်းပြီး ခေါင်းပုံဖြတ်ခံရလွယ်သည့် အလုပ်သမားဘဝထဲသို့ စောစောစီးစီး ရောက်ရှိသွားကြသည်။

မိန်းကလေးများကတော့ မိသားစုများ အကျပ်အတည်း ကြုံလာရချိန်တွင် မိန်းကလေးများ၏ ပညာရေးကို အရင်ဆုံး လျှော့ချဖယ်ထုတ်လေ့ရှိပြီး ၎င်းကပင် အရွယ်မတိုင်မီ အိမ်ထောင်ကျခြင်း၊ စောစီးစွာ ကလေး မွေးဖွားခြင်းများဆီသို့ တွန်းပို့သကဲ့သို့ ဖြစ်စေကာ အနာဂတ်ရွေးချယ်ပိုင်ခွင့်ကို ပိုမိုကျဉ်းမြောင်း သွားစေ သည်။

အချို့က အဆိုပါကလေးများကို ဆုံးရှုံးသွားသောအချိန်နှင့် ပညာရေးကွာဟချက်များကို ထောက်ပြလျက် “Lost Generation” ဟု သတ်မှတ်ကြသည်။ UNICEF ကလည်း မြန်မာ့အနာဂတ်လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာမျိုးဆက်ဟု ဆိုသည်။

သို့သော်လည်း တစ်ဖက်တွင်မူ မိသားစုကို ကူညီရင်း သင်ယူချင်စိတ်ကို လက်မလွှတ်ဘဲ Online စနစ်၊ ရပ်ရွာပညာရေးစနစ် သို့မဟုတ် Self-study များဖြင့် နည်းလမ်းမျိုးစုံ ရုန်းကန်နေကြသည့် ကလေးငယ် များစွာ ရှိနေဆဲဖြစ်သည်။

“ကျွန်မကလေးက အခုဆို ၁၅ နှစ်ရှိပြီ။ သူ့ကို Online ကနေ စာသင်ခိုင်းတယ်။ ဒါပေမဲ့ စဉ်းစားရတာပေါ့။ ကျောင်းစာကို အရင်ကလို ၁၀ တန်းပြီးတဲ့အထိ ထားနိုင်မယ့် အခြေအနေရှိလားပေါ့။ အခုကတော့ အသက်မွေးဝမ်းကျောင်း တစ်ခုခုကို တက်ခိုင်းဖို့တော့ စဉ်းစားနေတယ်” ဟု ရန်ကုန် တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ်တွင် နေထိုင်သူ မိခင် မစမ်းအေးက ၎င်းတို့၏ ရုန်းကန်ရမှုကို ပြောပြသည်။

ထို့ကြောင့် ၎င်းတို့ကို နောက်ကျကျန်ခဲ့သူများ၊ ဆုံးရှုံးမှုများသည့် မျိုးဆက်ဟု တံဆိပ်ကပ် ဆုံးဖြတ်ချက်ချမည့်အစား အခက်အခဲများကြားမှပင် ဆက်လက်ရှင်သန်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည့် Resilient Generation အဖြစ် ပတ်ဝန်းကျင်မှ မြင်ပေးရန် လိုအပ်လှသည်ဟု Tr. Aura က ဆိုသည်။

ယခုအချိန်တွင် ဆရာ၊ ဆရာမများနှင့် လူမှုအသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့အား စာပေသင်ကြားပေးမှု တစ်ခုတည်းတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှု ကိုပါ အရေးတကြီး ထည့်သွင်းစဉ်းစားပေးရန် လိုအပ်သည်ဟု စိတ်ပညာပိုင်းဆိုင်ရာ အသိပညာပေးမှုများ လုပ်ဆောင်နေကြသည့်သူများက ဆိုကြ သည်။

အချို့ကလေးများသည် စာမသင်နိုင်တော့ခြင်း မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ မလုံခြုံတော့ခြင်းနှင့် ယုံကြည် မှု လျော့နည်းသွားခြင်းကြောင့် သင်ယူရန် မစတင်ရဲကြတော့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကလေးကို အပြစ်တင်ဆုံးဖြတ်ခြင်းထက် ၎င်းတို့၏ စကားကို သေချာနားထောင်ပေးပြီး ဖေးမပေးနိုင်သည့် အဝန်းအဝိုင်းတစ်ခုကို ဖန်တီးပေးရန် လိုအပ်သည်ဟု ကလေးစာပေများကို ရေးသားပြီး ဆရာ၊ ဆရာမများကို သင်ကြားမှုဆိုင်ရာ လေ့ကျင့်ပေးနေသူ Tr. Aura က ပြောသည်။

“ပညာရေးဆိုတာ စာသင်ခန်းထဲ ပြန်ထိုင်နိုင်မှ စတယ်ဆိုတာမျိုး မဟုတ်ဘဲ ‘ငါ့မှာ အနာဂတ် ရှိသေး တယ်’ ဆိုတဲ့ ယုံကြည်ချက် ပြန်ရလာတဲ့ နေရာကနေ စရတာပါ” ဟု Tr. Aura က ၎င်း၏ ကိုယ်တွေ့ခံယူချက်ကို ပြောပြသည်။

ရေရှည်ကြည့်မည်ဆိုပါက ဤပညာရေးကွာဟမှုများသည် ဆင်းရဲမွဲတေမှု သံသရာ ကို ပိုမိုရှည်ကြာ စေမည် ဖြစ်သည်။ ပညာရေးနည်းပါးမှုကြောင့် ဝင်ငွေနည်းသည့် အောက်ခြေအလုပ်များနှင့်သာ ချိတ် ဆက်နေရပြီး ဝင်ငွေနည်းပါးမှုပြဿနာ၊ ကျန်းမာရေးနှင့် အသိပညာနည်းပါးမှုပြဿနာများသည် နောက် မျိုးဆက်အထိ ဆက်လက်ပါသွားနိုင်သည့် ပြဿနာအမျိုးအစားများ ဖြစ်သည်။

ထို့ကြောင့် ဤပြဿနာကို ကျောင်းမတက်ဖြစ်သည့် ကလေးငယ်များ၏ တစ်ဦးချင်းအဆင့်အဖြစ်သာ မမြင်ဘဲ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး၏ အနာဂတ်ပြဿနာအဖြစ် ရှုမြင်ရန် လိုအပ်သည်။ ကလေး တစ်ယောက်၏ ပညာရေးကို ပုံစံအသစ်ဖြင့် ပြန်လည်တည်ဆောက်ပေးခြင်းသည် ဘဝတစ်ခုတည်းကို မဟုတ်ဘဲ မျိုးဆက်တစ်ခုလုံး၏ အနာဂတ်ကို ပြန်လည်တည်ဆောက်ပေးနေခြင်းပင် ဖြစ်သည်။

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။