မဏ္ဍိုင်၊ သြဂုတ် ၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းကစလို့ ဒေသအာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တွေပူးပေါင်းပြီး ရွှေမျောလုပ်ငန်းတွေကို စတင်အကောင်အထည်ဖော်လာခဲ့ပါတယ်။

ရှေးယခင်ကတည်းက တနိုင်တပိုင် ရွှေမျောအသေးစားတွေကို ချင်းတွင်းမြစ်နဲ့ တောင်ကျချောင်းတွေမှာ လုပ်ကိုင်ခဲ့ကြပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ်မှာတော့ ရွှေမျောလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့ပါတယ်။

မင်းကင်းမြို့နယ်က ကမ်းပြည့်၊ မြောက်ချွန်းနဲ့ လောင်းပြည့်ရွှေမျောတွေဟာ အထင်ကရရွှေမျောတွေဖြစ်ပြီး အဲ့ဒီရွှေမျောစီမံကိန်းတွေကို ဆန္ဒပြကန့်ကွက်မှုတွေ၊ လုပ်ငန်းရှင်နဲ့ ဒေသခံတွေကြားက ပဋိပက္ခတွေလည်း အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ရွှေမျောတွေ အများအပြားပေါ်ပေါက်လာတာကြောင့် အနီးဝန်းကျင်ဒေသက အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အထိုက်အလျောက်ရရှိလာခဲ့ပေမယ့်လည်း ရွှေမျောတွေကြောင့် ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုလည်း ဒေသခံတွေက ရင်ဆိုင်နေရပါတယ်။

ချင်းတွင်းမြစ်ကြောင်း တိမ်ကောလာတာကြောင့် ရေယာဉ်တွေ ဖြတ်သန်းသွားလာမှု အခက်အခဲတွေနဲ့ အချိန်ကြန့်ကြာမှုကို ရင်ဆိုင်နေရတာ၊ ရွှေမျောစွန့်ပစ်ပစ္စည်းတွေကြောင့်လည်း ငါးရှားပါးလာတဲ့အတွက် တံငါသည်တွေ အခက်ကြုံနေရတာ၊ မြေဩဇာ ပျက်စီးမှုကြောင့် မြစ်ကမ်းတစ်လျှောက်က ဒေသခံတောင်သူတွေအတွက် စိုက်ပျိုးမြေ မဖြစ်ထွန်းမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။








ဓာတ်ပုံ – ကျော်စွာ