မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်နှင့် အိန္ဒိယ-မြန်မာဆက်ဆံရေးနောက်ကွယ်က မဟာဗျူဟာ (အတွေးအမြင်)

ဘုန်းမောင် ရေးသည်။


မဏ္ဍိုင်၊ ဇွန် ၁၀၊ ၂၀၂၆။

၂၀၂၆ ခုနှစ် မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်အထိ ၅ ရက်ကြာခရီးစဉ်အဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယ နိုင်ငံ သို့ ပထမဆုံးအကြိမ် တရားဝင်သွား ရောက်သည့်ခရီးစဉ်ဖြစ်သလို နိုင်ငံတကာက အဆက်အဆံမပြုသဖြင့် အထီးကျန်ဖြစ်နေသော စစ်ခေါင်းဆောင်တစ်ဦးကို ဒေသတွင်းအင်အားကြီးနိုင်ငံတနိုင်ငံက လက်ခံတွေ့ဆုံခဲ့ခြင်းလည်း ဖြစ်လေသည်။

အဆိုပါခရီးစဉ်ကို စစ်ကောင်စီတပ်အသွင်ပြောင်းအစိုးရက “ချစ်ကြည်ရေးခရီးစဉ်” ဟု ဖော်ပြပြီး BIMSTEC အဖွဲ့ဝင်နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ခြင်း၊ ကုန်သွယ်ရေးနှင့် နယ်စပ်အရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသည့် ခရီးစဉ်တစ်ခု ဖြစ်ပုံရသော်လည်း နောက်ကွယ်မှာတော့ တရုတ်-အိန္ဒိယအား ပြိုင်မှု၊ မြေရှားသတ္တု အရင်းအမြစ်နှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရအရေးပါမှုတို့ ပါဝင်နေသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို နားလည်လိုပါက အိန္ဒိယ-မြန်မာဆက်ဆံရေး၊ တရုတ်၏ ဒေသတွင်း သြဇာ၊ အိန္ဒိယ၏ Act East မူဝါဒနှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခန်းကဏ္ဍတို့ကို တစ်ပြိုင် နက်တည်းကြည့်ရှုရန် လိုအပ်သည်။

(Act East Policy ဆိုသည်က အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်အိမ်နီးချင်းနိုင်ငံများ – အထူးသဖြင့်အရှေ့ တောင်အာရှ (ASEAN) နိုင်ငံများ၊ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေး၊ မဟာဗျူဟာနှင့်ယဉ်ကျေးမှု ဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာလာအောင် တည်ဆောက်ဖို့ရည်ရွယ်သည့် နိုင်ငံခြားရေးမူဝါဒတစ်ခုဖြစ်သည်။)

အိန္ဒိယ၏ မြန်မာ့အရေးမူဝါဒအပြောင်းအလဲ

အိန္ဒိယသည် လွတ်လပ်ရေးရပြီးစ အချိန်ကာလများတွင် မြန်မာနိုင်ငံနှင့် ရင်းနှီးသောဆက်ဆံရေးရှိခဲ့သလို ဒီမိုကရေစီအင်အားစုများကိုထောက်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရအားပေးမှုများ ရှိခဲ့ဖူးသည်။

သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တရုတ်နိုင်ငံ၏သြဇာက မြန်မာနိုင်ငံတွင်း၌ တိုးလာသည်နှင့်အမျှ အိန္ဒိယ၏ မူဝါဒသည်လည်း ပြောင်းလဲလာခဲ့သည်။ နေပြည်တော်နှင့် ဆက်ဆံရေးမတည်ဆောက်လျှင် မြန်မာနိုင်ငံသည် တရုတ်၏ မဟာဗျူဟာနယ်ပယ်ထဲသို့ အပြည့်အဝရောက်သွားမည်ကို နယူးဒေလီက အထူးစိုးရိမ်လာခဲ့သည်။

ထို့ကြောင့် အိန္ဒိယသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုဦးစားပေးသည်ထက် အမျိုးသားအကျိုးစီးပွားကိုဦးစားပေးသည့်ဘက်သို့ ရွေ့လျားလာခဲ့သည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလများတွင်ပင် အိန္ဒိယသည် စစ်ကောင်စီနှင့် ဆက်သွယ်မှုမဖြတ်ခဲ့ပေ။

တရုတ်ကို ထိန်းညှိလိုသည့်အိန္ဒိယ

လက်ရှိကာလ၏ အိန္ဒိယ-မြန်မာဆက်ဆံရေးကို ရှင်းပြရာတွင် တရုတ်ကိုဖယ်ထုတ်ထား၍ မရပေ။

မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်တစ်ခု ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများသည် ဘေဂျင်း၏ မဟာဗျူဟာ အတွက် အရေးပါလှသည်။

အိန္ဒိယဘက်မှကြည့်လျှင် မြန်မာနိုင်ငံသည် တရုတ်သြဇာအောက်သို့ အလွန်အကျွံရောက်သွားပါက ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာဒေသ၌ အိန္ဒိယ၏လုံခြုံရေးအပေါ် သက်ရောက်မှုရှိလာနိုင်သည်။

ထို့ကြောင့် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံခြင်းသည် မြန်မာနိုင်ငံကို တရုတ်၏သြဇာအောက်သို့ အပြည့်အဝ မရောက်စေရန်ထိန်းညှိသည့် မဟာဗျူဟာတစ်ရပ်အဖြစ်ရှုမြင်နိုင်သည်။

အထူးသဖြင့် ၂၀၂၄ နှင့် ၂၀၂၅ များအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်၏ ကြားဝင်စေ့စပ်မှုများ ပိုမိုမြင်တွေ့လာရ ပြီးနောက် အိန္ဒိယသည်လည်း မြန်မာ့အရေးတွင် ၎င်း၏အခန်းကဏ္ဍမလျော့ကျစေရန် ကြိုးပမ်းလာသည်ဟု သုံးသပ်သူများက ဆိုကြသည်။

မြေရှားသတ္တုနှင့် စီးပွားရေးအကျိုးစီးပွား

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ခရီးစဉ်အတွင်း မြေရှားသတ္တုကိစ္စက အရေးကြီးသည့် နောက်ခံအချက်တစ်ခု ဖြစ်နေသည်။ ကမ္ဘာ့စီးပွားရေးတွင် မြေရှားသတ္တု၏အရေးပါမှုက တိုးလာနေသည်။ လက်ရှိတွင် တရုတ်က ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်ရေးနှင့် သန့်စင်ရေးကဏ္ဍကို ကြီးစိုးထားနိုင်ခဲ့သည်။ ထို့ကြောင့် အမေရိကန်၊ ဂျပန်၊ ဥရောပနှင့် အိန္ဒိယတို့သည် မြေရှားသတ္တုရရှိ နိုင်မည့် အခြားအရင်းအမြစ်များကို ရှာဖွေနေကြသည်။

ကချင်ပြည်နယ်ရှိ မြေရှားသတ္တုသိုက်များသည် ကမ္ဘာ့ဈေးကွက်တွင် အရေးပါလာနေပြီး အိန္ဒိယ၏ စိတ်ဝင်စားမှုကိုလည်းဆွဲဆောင်လျက်ရှိသည်။ ထို့ကြောင့် စီးပွားရေး ရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံသည် အိန္ဒိယ အတွက် ပိုမိုအရေးပါလာနေသည်။

နယ်စပ်လုံခြုံရေးနှင့် အိန္ဒိယ၏ စိုးရိမ်မှုများ

အိန္ဒိယနှင့် မြန်မာနိုင်ငံကြား နယ်စပ်အရှည်မှာ ၁,၆၄၃ ကီလိုမီတာခန့် (၁၀၂၁ မိုင်ခန့်) ရှိသည်။ ယင်းနယ်စပ် တစ်လျှောက်တွင် မဏိပူရ်၊ မီဇိုရမ်၊ နာဂလန်းနှင့် အာရူနာချယ် ပရာဒေ့ရှ်ကဲ့သို့ပြည်နယ်များ တည်ရှိနေသည်။ အဆိုပါဒေသများသည် လူမျိုးရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည့်ဒေသများ ဖြစ်ကြသည်။

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု တိုးလာခဲ့သည်။ အထူးသဖြင့် မီဇိုရမ်ပြည်နယ်တွင် မြန်မာဒုက္ခသည်ထောင်ပေါင်းများစွာ ခိုလှုံနေကြရသည်။

ထို့အပြင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုကူးမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှု ကွန်ရက် များသည်လည်း အိန္ဒိယအစိုးရ၏ စိုးရိမ်မှုများထဲ ပါဝင်နေသည်။ ထို့ကြောင့် နေပြည်တော်နှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကို အိန္ဒိယက ဆက်လက်ထိန်းသိမ်းလိုနေခြင်းဖြစ်သည်။

ကုလားတန်စီမံကိန်း၏ အရေးပါမှု

အိန္ဒိယ၏ Act East Policy ကို အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံသည် မဖြစ်မနေအရေးပါသည့် နိုင်ငံ ဖြစ်သည်။

ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project) သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကုန်းတွင်းပိတ်ပြည်နယ်များ (အထူးသဖြင့် မီဇိုရမ်ပြည်နယ်) ကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းမှတဆင့် ဘင်္ဂလားပင်လယ်အော်သို့ ထွက်ပေါက်ရရှိစေရန် အဓိကရည်ရွယ်ပြီး နှစ်နိုင်ငံပူး ပေါင်းအကောင် အထည်ဖော်နေသည့် စီမံကိန်းဖြစ်သည်။

ထို့အပြင် အိန္ဒိယ – မြန်မာ – ထိုင်းနိုင်ငံတို့အကြား ဖောက်လုပ်နေသည့် အဝေးပြေးလမ်းမကြီးကိုလည်း အိန္ဒိယနှင့် အရှေ့တောင်အာရှကြား ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ဖြစ်လာရန် မျှော်လင့်ထားသည်။ အဆိုပါ အဝေးပြေးလမ်းမကြီးသည် ခန့်မှန်း ခြေအားဖြင့် ၁,၃၆၀ ကီလိုမီတာ (၈၄၅ မိုင်) နီးပါး ရှည်လျားသည်။

သို့သော် မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေမတည်ငြိမ်မှုကြောင့် စီမံကိန်းများနှောင့်နှေးနေရဆဲ ဖြစ်သည်။ ထို့ကြောင့် နေပြည်တော်နှင့် ဆက်ဆံရေးကောင်းမွန်နေခြင်းသည် အိန္ဒိယအတွက် စီးပွားရေးအရသာမက မဟာဗျူဟာအရလည်း အရေးကြီးနေသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရရှိသော အကျိုးကျေးဇူး

အိန္ဒိယခရီးစဉ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက်လည်း အရေးပါသောခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။

ပထမအချက်မှာ နိုင်ငံတကာအထီးကျန်မှုကို လျှော့ချနိုင်ခြင်း ဖြစ်သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှု များနှင့် ဝေဖန်မှုများကြားတွင် ဒေသတွင်းအင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ ဖိတ်ကြားလက်ခံမှုသည် နိုင်ငံရေးအရ အရေးပါသော သင်္ကေတတခု ဖြစ်သည်။

ဒုတိယအချက်မှာ တရုတ်အပေါ် အလွန်အကျွံမှီခိုနေရမှုကို လျှော့ချလိုခြင်း ဖြစ်သည်။ မင်းအောင်လှိုင် ဦးဆောင် သည့် စစ်ကောင်စီသည် တရုတ်နှင့်နီးစပ်နေသော်လည်း အခြားနိုင်ငံများနှင့်လည်း ဆက်ဆံရေးတိုးချဲ့ရန် လိုလား လျက်ရှိနေသည်။ ယင်းအချိန်မှာပဲ အိန္ဒိယခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

တတိယအချက်မှာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေလိုခြင်းဖြစ်သည်။

NUG နှင့် တော်လှန်ရေးအင်အားစုများအပေါ် သက်ရောက်မှု

အိန္ဒိယ၏ မူဝါဒသည် NUG နှင့် တော်လှန်ရေးအင် အားစုများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။ အိန္ဒိယသည် အသွင်ပြောင်းအစိုးရနှင့် တိုက်ရိုက်ဆက်ဆံနေသော်လည်း NUG ကိုတော့ တရားဝင်အသိ အမှတ်ပြုထားခြင်း မရှိပါ။ သို့သော် အိန္ဒိယသည် တော်လှန်ရေးအင်အားစုများကို လုံးဝလျစ် လျူရှုထားသည် ဟုလည်း မဆိုနိုင်ပေ။

အိန္ဒိယအတွက် အရေးကြီးဆုံးအချက်မှာ မြန်မာနိုင်ငံတွင် မည်သည့်အင်အားစု အာဏာရသည်ဖြစ်စေ၊ နယ်စပ် တည်ငြိမ်ရေးနှင့် အိန္ဒိယ၏ အကျိုးစီးပွားများ မထိခိုက်စေရန်သာဖြစ်သည်။

ထို့ကြောင့် အများထင်သကဲ့သို့ နယူးဒေလီသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဘက် တစ်ဖက်သတ်ရပ် တည်နေခြင်း ဆိုတာထက် မည်သည့် အနာဂတ်အစိုးရနှင့်မဆို လက်တွဲနိုင်ရန် တံခါးဖွင့်ထားသည့် မူဝါဒကို ကျင့်သုံးနေသည်ဟု သုံးသပ်သူများက ယူဆကြသည်။

မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်သည် သာမန် သံတမန်ရေးခရီးစဉ်တစ်ခု မဟုတ်ပေ။ ယင်းခရီးစဉ်၏ နောက်ကွယ်တွင် တရုတ်-အိန္ဒိယ အားပြိုင်မှု၊ မြေရှားသတ္တုအကျိုးစီးပွား၊ နယ်စပ်လုံခြုံရေး၊ ဒေသတွင်းချိတ်ဆက်ရေးစီမံကိန်းများနှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရအရေးပါမှုတို့ ပါဝင်နေသည်။

မြန်မာနိုင်ငံသည် အိန္ဒိယအတွက် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံသာမဟုတ်တော့ဘဲ တရုတ်ကိုထိန်းညှိရန်၊ အရှေ့တောင်အာရှသို့ ချိတ်ဆက်ရန်နှင့် အမျိုးသားလုံခြုံရေးကိုကာကွယ်ရန် မဟာဗျူဟာကျသော မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေသည်။

ထို့အတူ မင်းအောင်လှိုင်အတွက်လည်း အိန္ဒိယကို နိုင်ငံတကာအထီးကျန်မှုမှ ထွက်ပေါက်တစ်ခု၊ တရုတ်အပေါ် မှီခိုမှုလျှော့ချနိုင်မည့် လမ်းကြောင်းတစ်ခုနှင့် နိုင်ငံရေးတရားဝင်မှုရှာဖွေရန် အရေးပါသောမိတ်ဖက်နိုင်ငံ တစ်နိုင်ငံအဖြစ် ရှုမြင်လျက်ရှိသည်။

ထို့ကြောင့် မင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ် အိန္ဒိယခရီးစဉ်သည် လူတစ်ဦး၏ နိုင်ငံခြားခရီးစဉ်တစ်ခုထက် ပိုမို၍ အာရှဒေသ၏ အင်အားချိန်ခွင်လျှာ၊ မြန်မာ့နိုင်ငံရေးအနာဂတ်နှင့် အိန္ဒိယ-တရုတ် မဟာဗျူဟာပြိုင်ဆိုင်မှုတို့ကို ထင်ဟပ်ပြသနေသည့် ဖြစ်ရပ်တခုအဖြစ် မှတ်တမ်းဝင်သွားဖွယ်ရှိနေပါတော့သည်။

Leave a Comment