လင်းဇေ ရေးသည်။
မဏ္ဍိုင် မေ ၂၆၊ ၂၀၂၆။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်အနှံ့ စစ်မီးလောင်ခဲ့သည့်နည်းတူ စစ်တပ်နှင့် KNU ကြား နှစ်ဖက် တိုက်ပွဲများပြန်ဖြစ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်တွေကမှ သာယာအေးချမ်းခဲ့သည့် ဒေါ်သိန်းရွှေ*တို့နေထိုင်ရာ ရွာသစ်ရွာလေးသည်လည်း စစ်တပ်အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ အကျည်းတန်အရုပ်ဆိုးလာခဲ့တော့သည်။
ကျေးငှက်သာရကာများဖြင့် အေးချမ်းသာယာခဲ့သည့် ရွာသစ်ရွာ*၊ လမ်းမီးများဖြင့် ထိန်းညီးခဲ့သည့် ရွာသစ်ရွာ လေးသည် တဖြည်းဖြည်းအမှောင်ကျကာ အကျည်းတန်လာသည့်အဖြစ်ကို ဒေါ်သိန်းရွှေက ယခုကဲ့သို့ ပြောပြ သည်။
“အာဏာမသိမ်းခင်က ပျော်စရာကောင်းတယ်၊ သေနတ်သံလည်း မကြားရဘူး၊ နှစ်ဘက်သွားလာနေကြတာပဲ။ လမ်းတွေလည်းသာယာတယ်။ မီးတွေလည်း လင်းထိန်နေတာပဲ။ ညသွားသွား၊ နေ့သွားသွား။ ကျီးသံ၊ ကြက်သံ ဆိုတာလည်း ဆူညံနေတာ၊ လူမပြောနဲ့နော်၊ ငှက်တွေတောင် ပျော်မြူးနေကြတာ”
နှစ်ဖက်တိုက်ပွဲများဖြစ်ပြီး သေနတ်သံများ ဆူညံလာသည့်အခါ၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကြဲသံများ မကြာခဏကြားလာရသည့်အခါ ကျေးငှက်သံများပျောက်သွားသည်။ လူများသည်ပင် ကျေးရွာထဲ မနေရဲတော့။ တချို့သည် လယ်တောနှင့် တောင်ယာများသို့ ပြောင်းရွှေ့ကာ နေထိုင်ကြရသည်။
ဒေါ်သိန်းရွှေ၏ သမီး ဝင်းဝင်းရွှေ*သည်လည်း လေယာဉ်ဗုံးကြဲခံရမည့်အရေးကို ကြောက်ရွံ့သဖြင့် ရွာထဲတွင် မနေရဲတော့ဘဲ ရွာသစ်ရွာအနီး ပဲစိုက်ပျိုးသည့် လယ်ထဲသို့ မိသားစုလိုက်ပြောင်းရွှေ့၍နေသည်။ တစ်ရက်တွင် ယောက်ျားဖြစ်သူ ဈေးသွားဝယ်နေသည့်အချိန် လှန်ထားသည့်ကျွဲ လွတ်သွားသဖြင့် သားနှင့်အတူ ကျွဲလိုက်ရှာကြသည်။ သားဖြစ် သူက ရှေ့မှသွားသည်။
သူတို့နေထိုင်ရာအနီးဝန်းကျင်တွင် မိုင်းများထောင်ထားသဖြင့် အသက် ၈ နှစ်အရွယ်သားဖြစ်သူကို ရှေ့ဆက် မသွားရန် တားမြစ်ကာ ပြန်ခေါ်သည်။ သို့သော် သားဖြစ်သူမှာ စကားနားမထောင်ဘဲ ရှေ့ဆက်သွားနေသဖြင့် သားကို စိတ်ဆိုးကာ နောက်မှအတင်းပြေးလိုက်ပြီး ရိုက်မည်ပြုသည်။
သားအမိနှစ်ယောက် ယင်းကဲ့သို့ပြေးနေရင်းက ရှေ့မှပြေးနေသည့် သားက ဘာမှ မဖြစ်ဘဲ နောက်မှ ပြေးလိုက် လာသည့် ဝင်းဝင်းရွှေ မိုင်းနင်းမိလေတော့သည်။
ယင်းအချိန်တွင် ဒေါ်သိန်းရွှေသည် ကျောက်ကပ်ယောင်ပြီး ဖျားနေသဖြင့် ကျောက်ကြီးမြို့တွင် ဆေးခန်းပြနေ သည့်အချိန်ဖြစ်သည်။ သမီးဖြစ်သူ မိုင်းထိသည်ဆိုသည့်သတင်းကြားရချိန်တွင် ဒေါ်သိန်းရွှေသည် ရွာသို့ ချက်ချင်းပြန်သွားသည်။
သမီးဖြစ်သူမှာ အသက်မသေသော်လည်း ခြေထောက်တစ်ဖက်ပြတ်ပြီး မျက်လုံးတစ်လုံးပါ ဆုံးရှုံးသွားခဲ့ရသည်။ ဆီးခုံတွင်လည်း အသားများ ပွင့်ထွက်နေသည်။ လက်သည်းများလည်း ကျွတ်ထွက်ကာ တစ်ကိုယ်လုံး မိုင်းဒဏ် ရာများဖြင့် မွနေသည်ဟု ဒေါ်သိန်းရွှေက ဆိုသည်။
သားဖြစ်သူ အောင်လေး သေနတ်နှင့်အပစ်ခံရပြီး တစ်လခန့်အကြာတွင် သမီးဖြစ်သူ ဝင်းဝင်းရွှေ ယခုကဲ့သို့ မိုင်းထိခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ဒေါ်သိန်းရွှေသည် ရွာထဲတွင် အကြော်ရောင်းသည်။ သားဖြစ်သူ အောင်လေးက ကိုင်းလုပ်သည်။ သားမက်နှင့် သမီးဖြစ်သူ ဝင်းဝင်းရွှေက လယ်လုပ်သည်။ သားနှင့်သမီး ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံလိုက်ရ သည့်အခါ ဒေါ်သိန်းရွှေတစ်ယောက် ဒုက္ခရောက်ခဲ့ရသည့်အဖြစ်ကို ယခုကဲ့သို့ ဆိုသည်။
“သားသမီးအရင်းတွေဖြစ်သွားတော့ ဒုက္ခတွေရောက်တာမှ ကုန်းကောက်စရာတောင် မရှိဘူး။”
ယခုလို သေနတ်နှင့်အပစ်ခံရခြင်း၊ မိုင်းထိခြင်းသည် ဒေါ်သိန်းရွှေ၏ သားသမီးနှစ်တည်းသာဖြစ်ခဲ့ခြင်းမဟုတ်။ ထိုကာလများက ရွာသစ်ရွာမှာ တခြားသောရွာခံများသည်လည်း ပွဲချင်းပြီးသေဆုံးရသူ၊ ခြေပြတ်သွားသူများ ရှိသည်။ ရွာသစ်ရွာအပြင် အနီးဝန်းကျင်က ကျေးရွာများသည်လည်း အလားတူပင်။
ဖေဖော်ဝါရီလ ၃ ရက်(၂၀၂၃)ကဆိုလျှင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း-ကျောက်ကြီးသွားကားလမ်း၊ ညောင်ကုန်းကျေးရွာတံတားအနီးတွင် ကားတစ်စီး မိုင်းထိခဲ့သေးသည်။ မိုင်းထိသည့် ကားမှာ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်ဈေးရောင်းသည့် ကားဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် အသက် ၇ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ သူတို့အားလုံးမှာ ကျောက်ကြီးမြို့ ပေါ် နေထိုင်သူများဖြစ်သည်။
အထက်ပါဖြစ်စဉ်တွင် အသက်သေဆုံးမှုမရှိခဲ့သော်လည်း ဇန်နဝါရီလ ၁၃ ရက်(၂၀၂၃)က ဖြစ်ပွားခဲ့သည့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်ဖြစ်စဉ်မှာတော့ ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီလ ၉ ရက်က မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျောက်ကြီး-နတ်သံကွင်းကားလမ်းပေါ်ရှိ စစ်ပင်တံတားကို စစ်ကောင်စီ တပ်ဖွဲ့များက ပြင်ဆင်နေချိန် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် အနီးဝန်းကျင်ရှိ သွားလာနေကြသည့် အရပ်သားပြည်သူများ ထိမှန်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကျောက်ကြီးမြို့နယ်အတွင်း၌လည်း ထိုအချိန်က စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့ တိုက်ပွဲများ မကြာခဏဖြစ်ပွား၍ နေသည်။
ဇန်နဝါရီ ၈ ရက်(၂၀၂၃) မနက် ၅ နာရီခွဲတွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရွာနှင့် ကျောက်ကြီးလမ်း၌ နှစ်ဖက် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
တိုက်ပွဲမှာ ၃ နာရီခန့်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးခဲ့သည်။ ဇန်နဝါရီ ၇ ရက်ကလည်း ကျောက်ကြီး-နတ်သံကွင်းလမ်း၊ သဲကုန်းရွာနှင့် ညောင်ကုန်းကြားတွင် ထောင်ထားသည့် မိုင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ရှင်းလင်းစဉ် မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း (၃၇၀၂)က သတင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ၂၀၂၂ ဇွန် ၂၅၊ ၂၆ ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင်လွတ်မြောက်ရေးတပ်မတော် KNLA ကြား နှစ်ဖက်တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့သည်ဟု ကရင် အမျိုးသား အစည်းအရုံး (KNU)က ဇွန် ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်နှင့် KNLA ကြား တိုက်ပွဲများက ခပ်စိတ်စိတ်ဖြစ်လာသည်။ စစ်ကောင်စီသည် ၎င်းတို့ တပ်ဖွဲ့ဝင် များ အသေဆုံးများပါက အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက် ဆိုသလိုပြုလုပ်လာခြင်းကြောင့် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ရသည့် ကျောက်ကြီး မြို့နယ်အတွင်းက စစ်ဘေးရှောင်ဦးရေမှာလည်း သောင်းဂဏန်းအထိရှိလာနေသည်။
မိမိတို့နေထိုင်ရာအရပ်သည် အန္တရာယ်များက တဖြည်းဖြည်းနှင့် ပြည့်နှက်၍လာသည်။ လုပ်ကိုင်စားသောက် ရသည်မှာ လည်း ခက်ခဲ၍လာသည်။ ရေရှည်တွင် ဆက်လက်နေထိုင်ဖို့ မလွယ်ကူနိုင်တော့ဟု တွေးမိသည့်အခါ ဒေါ်သိန်းရွှေသည် တစ်ရွာတည်းနေထိုင်သည့် အစ်မဖြစ်သူ ဒေါ်သိန်းမေ*ထံသို့ သွားသည်။
ရွာသစ်ရွာတွင် တနေ့တခြား နေထိုင်ဖို့ မသင့်တော်တော့သည့်အတွက် ထိုင်းနိုင်ငံဘက်သို့ ပြောင်းရွှေ့နေထိုင်ကြဖို့ ကို တိုင်ပင်သည်။ ထိုစဉ်က ညီမဖြစ်သူ လာရောက်တိုင်ပင်သည့်အခါ သူပါပြောင်းရွှေ့ဖို့ သဘောတူခဲ့သည့် အကြောင်းကို ဒေါ်သိန်းမေက ယခုကဲ့သို့ ပြန်ပြောပြသည်။
“ညီမဖြစ်သူက မမ ဒီလိုမျိုးကြီးဖြစ်နေရင် ငါတို့ ဘယ်လိုလုပ်စားမလဲ။ တောတောင်တွေမှာ လုပ်စားကြတာ၊ တောတောင် တွေမှာ သွားလို့၊ လာလို့မရဘူးဆိုရင် ရွာထဲမှာ ငတ်မှာ။ သွားမယ်၊ ထိုင်းကို ပြေးမယ်ဆိုပြီး။ အေးသွားမယ် ငါလည်းပဲ လိုက် မယ်ဆိုပြီး လိုက်လာခဲ့တာ။”
သူတို့ကြီးပြင်းခဲ့သည့် ဇာတိနေရပ်၊ ကာလရှည်ကြာနေထိုင်ခဲ့သည့် ရွာသစ်ရွာကို စွန့်ခွာဖို့ မလွယ်ကူသော်လည်း စွန့်ခွာကြဖို့ ဆုံးဖြတ်လိုက်ရသည့်အခါမှာတော့ ရှည်ရှည်ဝေးဝေးစဉ်းစားနေစရာ မလို။ သူတို့အတွက် ဒုက္ခတွေက နေ့စဉ်ရက်ဆက် ဆိုသလို ကြုံတွေ့နေရသည်။
“ထွက်လာမယ်ဆိုတော့ စဉ်းစားစရာ မလိုတော့ဘူး။ တချိန်လုံးခံစားထားတာ၊ တစ်ချက်တည်းနဲ့ ဗျက်ကနဲ တွေးပြီး၊ ဗျက်ကနဲလာခဲ့တာ။ တစ်ချိန်လုံးမှာ မနေသင့်တဲ့အရပ်လို့ တွက်ထားပြီးသား” ဟု ဒေါ်သိန်းမေက မှတ်ချက်ပြုသည်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက သူတို့ရွာတွင် နေကောင်းခြင်း မနေရ၊ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ။ စားသတိ၊ နေသတိ၊ သွားသတိဖြစ်နေရသည်။ ကျေးရွာအတွင်း နေထိုင်ပါက စစ်တပ်၏ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ကို ကြောက်ရသလို လေကြောင်းဖြင့် ဗုံးလာကြဲမှာ ကိုလည်း ထိတ်လန့်နေရသည်။ ထို့အပြင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းများကလည်း ခြောက်ခြားစရာ။
ထို့အပြင် သူတို့နေထိုင်ရာ အရပ်သည် မိုင်းများအလည်တွင်နေထိုင်ရသလိုဖြစ်နေသည်။ ရွာသစ်ရွာနှင့် ကပ်လျက်ရှိသည့် ခလရ ၆၀ တပ်ရင်းက တပ်ရင်း၏ ပတ်လည်တွင် မိုင်းများကို ပတ်လည်ထောင်ထားသည်။ KNLA နှင့် တော်လှန်ရေး တပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်များလာမည့် လမ်းကြောင်းများတွင် မိုင်းများကို နေရာအနှံ့ထောင်ထားသည်။
ယင်းသို့မိုင်းထောင်ထားသည်ကို စစ်တပ်ရော၊ တော်လှန်ရေးတပ်ဖွဲ့များကပါ အနီးအနားရှိ ပြည်သူများကို သတိပေးထား သည်။ မသွားရမည့်နေရာ၊ ရှောင်ရှားရမည့် လမ်းကြောင်းများကို သက်ဆိုင်ရာအဖွဲ့များက ဒေသခံများကို ပြောပြထား သည်ဟု ဒေါ် သိန်းမေက ဆိုသည်။
သို့သော် မိုင်းနင်းမိသူများတွင် ဒေါ်သိန်းမေ၏ တူမနှင့်အမျိုးအဆွေများပါသည်။ သူတို့ ထိုင်းသို့ ထွက်လာမည့် ရက်ကပင် အမျိုးတစ်ယောက် ထပ်မံမိုင်းထိခဲ့သေးသည်။ ချောင်းထဲသို့ ငါးဆင်းဖမ်းပြီး ရလာသည့်ငါးကို မီးဖုတ် စားမည်ဆိုကာ ကုန်းပေါ်အတက်တွင် မိုင်းထိခဲ့ခြင်းဖြစ်သည်။
“ခြေထောက်ပြတ်သွားတယ်၊ ဆေးခန်းသွားတာ ပုဆိုးဝတ်စရာ မရှိလို့ စောင်နဲ့ပတ်ပေးလိုက်ရတယ်။ လူတွေက ဆင်းရဲတယ်။ မိုင်းပေါက်တော့ ဝတ်ထားတဲ့အတွင်းခံကအစ အပင်ပေါ်ချိတ်နေတယ်။ အဲဒီပြတ်တဲ့သူက အဖွား (ဒေါ်သိန်းမေ)ဆီက ဆန်ပျော့ပျော့စားချင်တယ်ဆိုပြီး သူ့မိန်းမက လာတောင်းတယ်။ အဲဒါ ဆန်ရော၊ ငပိရောပေး လိုက်တယ်။ နောက်နေ့တော့ အဖွားတို့လည်း ထွက်လာခဲ့တယ်” ဟု ထိုင်းသို့ ထွက်မလာခင် အမျိုးတစ်ယောက် မိုင်းထိခဲ့သည့်အဖြစ်ကို ဒေါ်သိန်းမေက ပြောပြသည်။
ဒေါ်သိန်းမေသည် စစ်တပ်အာဏာသိမ်းကတည်းက ဒီအခြေအနေသို့ ရောက်လာလိမ့်မည်ဆိုတာကို ကြိုတင် ခန့်မှန်းခဲ့ပြီး ဖြစ်သည်။
သူသည် စစ်သားမိန်းမဖြစ်ခဲ့ဖူးသည်။ စစ်တပ်ထဲတွင်လည်း နေထိုင်ခဲ့ဖူးသည်။ ၁၉၈၈ တွင် ခင်ပွန်းဖြစ်သူ စစ်တပ် က ထွက်ပြီးနောက် ကျောက်ကြီးမြို့နယ်၊ ရွာသစ်ရွာတွင် အခြေချနေထိုင်ခဲ့သည်။ သူ့ခင်ပွန်းကို စစ်တပ်၏ သတင်းပေးများကပင် လည်ပင်းဖြတ် သတ်ပစ်ခဲ့ကြသည်။ ၁၉၉၅ အလွန်ကာလများတွင် သူသည် မုဆိုးမအဖြစ် သားသမီး ခုနှစ်ယောက်ကို ထိန်းကျောင်းပေးခဲ့သည်။ ယင်းကာလများတွင် စစ်တပ်၏ ဖိနှိပ်မှု၊ အနိုင်ကျင့်မှု ဒဏ်များကို ခါးစည်းခံခဲ့ ရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲများကျင်းပပြီး အရပ်သားတစ်ပိုင်းအစိုးရတက်လာသည့်အခါ နိုင်ငံရေး အခြေအနေများ ပြောင်းလဲလာခဲ့သည်။ ယင်းအချိန်မှ စ၍ စစ်တပ်၏ ဖိနှိပ်မှုများသည်လည်း အနည်းငယ် သက်သာ လာခဲ့သည်။ စစ်တပ်သိမ်းထားသည့် လယ်ယာမြေတချို့လည်း ဒေါ်သိန်းမေတို့ ပြန်ရခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရဖြစ်လာသည့်အခါ ဒေါ်သိန်းမေသည် ကျေးရွာ ဆယ်အိမ်မှူး ဖြစ်ခဲ့သလို ကျေးရွာဖွံဖြိုးရေးကိစ္စများတွင် ရပ်မိရပ်ဖတာဝန်ကို ယူခဲ့ရသည်။ ကျေးရွာဖွံ့ဖြိုးရေးများ ကို လုပ်ခဲ့ရသည်။
၅ နှစ်ကြာမျှတည်ဆောက်ထားသည့် အရာအားလုံးသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်း လိုက်သည့် ၂၀၂၁ အလွန်မှာတော့ အားလုံးပျက်စီးပျောက်ဆုံးခဲ့ရသည်။ သူတို့နေထိုင်ရာ ကျေးရွာလေး၏ ငြိမ်းချမ်းသာယာမှုသည်လည်း ဆိတ်သုန်းသွားခဲ့ရသည်။ ယင်းခြားနားမှုကို ဒေါ်သိန်းမေ၏ ညီမဖြစ်သူ ဒေါ်သိန်းရွှေက ယခုလို မှတ်ချက်ပြုသည်။
“ဒေါ်စု ၅ နှစ်အုပ်ချုပ်လိုက်တာ သာယာလိုက်တာများ ခဏလေးပဲ နေလိုက်ရသလိုပဲ။ မအလ ၅ နှစ်က ကြာလိုက်တာလို့ အောက်မေ့တယ်”