တောဆင်ကြီးထက်ဆိုးသည့် “ဝမ်း”

မဏ္ဍိုင်၊ မတ် ၂၅၊ ၂၀၂၅။

ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်အတွင်းက ရဟိုင်ဖျား ချောင်းဖျားသည် ကိုသိန်းဝင်းတို့ တောတိုး၊ တောင်တက် သစ်ခုတ်၊ ဝါးခုတ်ပြီး ဝမ်းစာရှာဖွေစားသောက်ရသည့်နေရာတစ်ခုဖြစ်သည်။ တစ်ရက်တော့ ဝါးခုတ်သွားရင်း တောဆင်ရိုင်းများနှင့် တည့်တည့်တိုးခဲ့ရသည်။

တောဆင်ရိုင်းများနှင့်တွေ့သည့်အခါ ကိုသိန်းဝင်းတို့သည် ခြေဦးတည့်ရာ စုန်ပြေးကြသည်။ တခြားသူများက လွတ်ရာသို့ ထွက်ပြေးသွားနိုင်သော်လည်း ကိုသိန်းဝင်းတစ်ယောက်ကတော့ ကံဆိုးစွာဖြင့် ပြေးရင်းက ချော်လဲခဲ့သည်။

မြေကြီးပေါ်လဲကျသွားသည့် ကိုသိန်းဝင်း နောက်ကိုပြန်လှည့်ကြည့်လိုက်သည့်အခါမှာတော့ ဆင်တစ်ကောင်သည် လက်အစုံကိုမြှောက်ကာ သူ့ကိုနင်းချလိုက်သည်။ ထိုအခါ သူသည် တစ်ဖက်ကို လျင်မြန်စွာ လှိမ့်ချလိုက်နိုင်သောကြောင့် ဆင်၏လက်မှ သီသီလေးလွတ်မြောက်သွားခဲ့သည်။

သို့ပေမဲ့ နောက်တစ်ကြိမ်တိမ်းရှောင်ဖို့ မဖြစ်နိုင်တော့သည့်အခါ ကိုသိန်းဝင်းသည် သေချင်ယောင်ဆောင်ရန် အကြံရလိုက်သည်။ ထို့ကြောင့် မျက်လုံးအစုံကို မှိတ်ပြီး လူသေတစ်ယောက်ကဲ့သို့ မလှုပ်မယှက်နေလိုက်၏။

ထိုအခါ တောဆင်ရိုင်းသည် ကိုသိန်းဝင်း၏ ခြေ၊ လက်များကို နှာမောင်းနှင့် တိုးသည်။ ခန္ဓာကိုယ်ကိုလည်း နှာမောင်းဖြင့် ဆွဲလှန်၊ ဆွဲလှုပ် ပြုလုပ်သည်။ သူအမှတ်တရဖြစ်နေသည့်အရာက သူ၏လက်များကို ဆင်က နှာမောင်းဖြင့် ဆွဲစုပ်ခဲ့ခြင်းဖြစ်သည်။ သူ့စိတ်ထဲတွင် ဆင်ဟာ သူ၏ အသွေး၊ အသားများကို ဆွဲစုတ်ယူသွားသည်ဟု ခံစားလိုက်ရသည်။

ယင်းကဲ့သို့ လုပ်ပြီးသွားသည့်အခါ တောဆင်ရိုင်းဟာ “ကျီး….” ကနဲအော်ကာ တောထဲသို့ ပြေးဝင်သွားလေတော့သည်။

ဤအဖြစ်အပျက်သည် လွန်ခဲ့သည့် ၁၅ နှစ်လောက်က ကိုသိန်းဝင်း ကြုံခဲ့ရသည့် အတွေ့အကြုံဖြစ်သည်။ ဤအကြောင်းမှာ သူ့မိသားစုဝင်များနှင့် သူတို့နေထိုင်ရာ ဆုံတွင်းရွာမှ ကျေးရွာသူ၊ ကျေးရွာသားများအားလုံး သိထားသည့် အဖြစ်အပျက်တစ်ခုဖြစ်၏။

ထိုစဉ်က ကိုသိန်းဝင်းတစ်ယောက် ဆင်၏လက်က လွတ်မြောက်ခဲ့သော်လည်း ယခုအကြိမ်မှာတော့ ဆင်၏လက်မှာ အသက်ပျောက်ခဲ့ရတော့သည်။ ဆုံတွင်းရွာသားများကတော့ သူ့ကိုသတ်သွားသည့်ဆင်သည် လွန်ခဲ့သည့် ၁၅ နှစ်က သူ့ကို သတ်ဖို့ကြိုးစားခဲ့သည့် ဆင်ဟုသာ မှတ်ယူကြသည်။

၂၀၂၂ ဇွန်လ ၂၅ ရက်၌ ဆုံတွင်းကျေးရွာမှ ဦးသိန်းဝင်းသည် သားနှစ်ယောက်နှင့်အတူ ဝါးခုတ်ရန် တောတက်ခဲ့ကြသည်။ သူတို့နှင့်အတူ ဆုံတွင်းကျေးရွာမှ အမျိုးသားသုံးယောက်လည်း လိုက်ပါခဲ့ကြသည်။

ယခုလိုဝါးခုတ်ရန် တောတက်ပြီဆိုလျှင် ဦးသိန်းဝင်းတို့သည် သုံးရက်၊ လေးရက်ခန့်ကြာမြင့်တတ်သည်။

သူတို့သည် မနက် ၈ နာရီခန့်တွင် ဆုံတွင်းရွာမှ ထွက်လာခဲ့ကြပြီး ရဟိုင်ဖျားကျေးရွာတွင် ခရီးစဉ်အတွက် လိုအပ်မည့် ပစ္စည်းရိက္ခာများ ဝင်ဝယ်ကြသည်။ ပြီးနောက် ရဟိုင်ဖျားချောင်းအတိုင်း ခြေလျင်ထွက် လာခဲ့ရာ မွန်းလွဲအချိန်ရောက်မှ သူတို့ စခန်းချ ဝါးခုတ်မည့်နေရာသို့ ရောက်ကြသည်။

ဤတောလမ်းခရီးသည် နွေရာသီတွင် တစ်နာရီကျော်၊ နှစ်နာရီလောက်သာ လမ်းလျှောက်ရသော်လည်း မိုးရာသီမျိုးဆိုလျှင် ချောင်းမြောင်းများကို ဖြတ်ကူးရခြင်း၊ လမ်းခရီးတွင် ခြုံထူတောထခြင်းများကြောင့် လမ်းခရီးကြန့်ကြာမှုများ ဖြစ်တတ်သည်။ ကိုသိန်းဝင်းတို့ တောတက်ခဲ့သည့်နေ့က မိုးမရွာဘဲ ရာသီဥတုမှာ သာသာယာယာပင်။

သူတို့စခန်းချသည့်နေရာသည် တောင်ခြေနားက စမ်းချောင်းဘေး၌ဖြစ်သည်။ ယင်းနေရာသည် ဝါးခုတ်သူများ ပုံမှန်တည်းခိုနေသည့် နေရာဖြစ်ပြီး ဝါးတဲနှစ်လုံး ရှိသည်။ တဲနှစ်လုံးသည် ၁၅ ပေလောက်သာ ခြားသည်။

ထိုတဲတစ်လုံးစီတွင် လူငါးယောက်၊ ခြောက်ယောက် ကောင်းကောင်း အိပ်၍ရသည်။ အဆိုပါ တဲနှစ်လုံး၏ အထက်ဘက် ခပ်လှမ်းလှမ်းတွင်လည်း ဝါးခုတ်သည့်သူများ အနားယူတည်းခိုကြသည့် တဲများရှိသေးသည်။

ညဘက်ရောက်သည့်အခါ ကိုသိန်းဝင်းသည် သူ့သားအငယ်နှင့် တဲတစ်လုံးတွင် အိပ်သည်။ သူ့သားကြီး မောင်ခွက်တိုးနှင့် ဝါးခုတ်လိုက်လာသည့် လူငယ်သုံးယောက်ကတော့ ကျန်တဲတစ်လုံးတွင် အတူတူအိပ်ကြသည်။

အသက် ၂၀ အရွယ် မောင်ခွက်တိုးသည် သူ့အဖေနှင့် ယခုလို တောတက်ပြီး ဝါးခုတ်ခဲ့သည်မှာ ခြောက်နှစ်ခန့်ရှိပြီ ဖြစ်သည်။ သူတို့ခုတ်သည့်ဝါးများမှာ ခြံကာရန်နှင့် ကွမ်းခြံတိုင်များအတွက် အသုံးပြုကြသည်။ ဝါးအလုံး ၁၀၀ ကို ကျပ် ၅,၀၀၀ ဖြင့် ပြန်ရောင်းကြသည်။ ယခုကဲ့သို့ တောတက် ဝါးခုတ်ကြပြီဆိုလျှင် လူတစ်ဦးလျှင် ဝါးအလုံး ၃၀၀၊ ၄၀ဝ ခန့် ခုတ်ကြသည်ဟုဆိုသည်။

သူ့အဖေနှင့်အတူ ဝါးခုတ်လာသည့်ကာလတလျှောက်လုံး ဘယ်လိုအန္တရာယ်နှင့်မှ မကြုံခဲ့ဖူး။ ယခု သူတို့စခန်းချသည့် နေရာတွင်လည်း ရင်းနှီးပြီးသားမို့ ဘယ်နေရာတွင် ဘာရှိသည်ဆိုတာကို သူကောင်းကောင်းသိသည်။ ပြီးလျှင် ဤအရပ်၊ ဤဒေသသည် ဝါးခုတ်သူ၊ သစ်ခုတ်သူများ အမြဲသွားလာနေသောကြောင့် စိတ်ချလက်ချ နေထိုင်အိပ်စက်နိုင်သည့်နေရာ ဖြစ်သည်။

သို့သော် ယခုညကတော့ မောင်ခွက်တိုးအတွက် တုန်လှုပ်ခြောက်ခြားစရာ အကောင်းဆုံး ညတစ်ည ဖြစ်လာခဲ့သည်။

သူတို့အားလုံး အိပ်မောကျနေသည့် ည ၁ နာရီအချိန်လောက်တွင် သူတို့တဲရှိရာအထက်နားမှ တောတိုးသံ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။ အသံကြောင့် အားလုံးလန့်နိုးသွားပြီး ဘာသံဆိုတာ သိလိုက်ရသည့်အချိန်တွင် အသံပိုင်ရှင်များက သူတို့တဲအနားသို့ရောက်နှင့်နေပြီဖြစ်သည်။ သူတို့တဲအနားရောက်လာသူများက တောဆင်ရိုင်းများဖြစ်လေသည်။

ထို့ကြောင့် မောင်ခွက်တိုးတို့ လူငယ် လေးယောက်သည် တဲပေါ်မှ ချက်ချင်း ခုန်ဆင်းပြီး ဆင်နှင့်ဝေးရာသို့ ထွက်ပြေးကြသည်။ ဆင်သည် သူ့အဖေနှင့်ညီလေး အိပ်စက်နေသည့်တဲအနောက်ဘက်မှ ဝင်လာခြင်း ဖြစ်ရာ သူတို့အတွက် ပြေးဖို့ အချိန်ရလိုက်သည်ဟု ဆိုရမည်။

သူတို့သည် အိပ်နေရာမှ ရုတ်တရက်ထကာ ပြေးလိုက်ရခြင်းကြောင့် ခါးမှ ပုဆိုးများကိုပင် ကောက်ယူ ဝတ်ဆင်ချိန် မရလိုက်။ ထို့ကြောင့် တစ်ယောက်တွင်မှ ပုဆိုးများပါမလာကြ။ တကယ့် ကိုပင် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးလိုက်ရခြင်းဖြစ်သည်။

တစ်ဦးဆိုလျှင် ညဘက်ပူအိုက်သဖြင့် အင်္ကျီချွတ် အိပ်စက်နေခြင်းဖြစ်ရာ ယခုလိုထွက်ပြေးရာမှာတော့ ခန္ဓာကိုယ်တွင် အဝတ်အစားတစ်ခုမှ ပါမလာတော့။

“ ဆင်လိုက်ရင် တောင်ပေါ်တက်ပြေးရတယ်ဆိုတော့ ကျနော်တို့က အနောက်ဘက်က တောင်ပေါ်တက်ပြေးတာ တောင်ကျောပေါ်အထိရောက်သွားတယ်။ ပြီးတော့ အထက်နားမှာရှိတဲ့ တဲဆီကိုသွားနေလိုက်တယ်။ ညီလေးကိုလည်း ဆင်က လိုက်တယ်။ သူလည်း ကြောက်ကြောက်နဲ့ ညောင်ပင် (တဲအနောက်က ညောင်ပင်)ပေါ်တက်ပြေးတော့ လွတ်သွားတယ်” ဟု မောင်ခွက်တိုးက သူ့ညီအသက်ဘေးမှ လွတ်မြောက်ခဲ့ရသည့်အဖြစ်ကို ပြောပြသည်။

ဆင်များထွက်သွားပြီးနောက်မှာတော့ မောင်ခွက်တိုးတို့အဖွဲ့သည် တခြားတဲမှ ဝါးခုတ်သမားများ အကူအညီဖြင့် သူတို့တဲရှိရာသို့ ပြန်လာကြည့်ကြသည်။ တဲတွင် ကျန်ခဲ့သည့် ပုဆိုး၊ ဓာတ်မီးများကို ယူကြသည်။ ပြီးလျှင် ပျောက်နေသည့် သူ့အဖေ ကိုသိန်းဝင်းကို လိုက်ရှာကြသည်။ တဲပတ်ဝန်းကျင်အနှံ့လိုက်ရှာကြသော်လည်း ကိုသိန်ဝင်းကို မတွေ့။

မောင်ခွက်တိုးတို့၏ စိတ်ထဲတွင် အဖေဖြစ်သူသည် ဆင်လိုက်ခံရ၍ ခြေဦးတည့်ရာ စုန်ပြေးရာမှ တစ်နေရာရာသို့ ရောက်သွားပြီဟု မှတ်ထင်ထားလိုက်ကြသည်။ သူတို့သည် တဲတွင် ဆက်မနေတော့ဘဲ တခြားသောဝါးခုတ်သမားတို့ နေထိုင်ရာ တဲသို့လိုက်သွားကြသည်။ ထိုညအတွက်တော့ သူတို့အားလုံး မည်သို့မျှ အိပ်မပျော်။ ကြုံခဲ့ရသည့် အဖြစ်အပျက်အတွက် တုန်လှုပ်ခြောက်ခြားနေဆဲဖြစ်သည်။

အိပ်မပျော်ဘဲ ငုတ်တုတ်ထိုင်နေကြသည့်အချိန်တွင် အောက်ဘက်တွင်ကျန်ခဲ့သည့် တဲဆီမှ “ဝူး…ဝူး…” ဟူသော လူအူသံများ မကြာခဏကြားနေရသည်။ တောတောင်ထဲ လမ်းပျောက်သည့်အခါဖြစ်စေ၊ တစ်ဦးကို တစ်ဦးအချက်ပေးသည့်အခါဖြစ်စေ အသံပြု အချက်ပေးသည့် အသံမျိုးဖြစ်သည်။

မနက်နေရောင်ခြည်ထွက်လာသည့်အခါ မောင်ခွက်တိုးတို့သည် ညက ဆင်ဝင်ခဲ့သည့် သူတို့၏တဲသို့ ပြန်လာကြည့်ကြသည့်အခါမှာတော့ အဖေဖြစ်သူ ဦးသိန်းဝင်းဟာ တဲနှစ်လုံးကြားက သစ်ပင်ငုတ်တစ်ခုတွင် မှီလျှက်သား သေဆုံးနေသည်ကို တွေ့လိုက်ရသည်။

ဦးသိန်းဝင်း၏ ဦးခေါင်းနှင့်ရင်ဘက်တို့မှာ ဆင်နင်းထား၍ ပြားကပ်နေသည်။ ဆင်သည် သူ့ကိုတစ်ပေကျော်ကျော် အမြင့်ရှိသည့် သစ်ပင်ငုတ်နှင့်ညှပ်ကာ အောင်းထားသဖြင့် သစ်ငုတ်တွင် ထိုင်လျက်အနေအထား ဖြစ်နေရခြင်း ဖြစ်သည်။

အသုဘတွင်တွေ့ရသည့် ဦးသိန်းဝင်း၏ သားနှစ်ယောက်။

“ ညတုန်းက တဲနှစ်လုံးကြားမှာလည်း ရှာကြသေးတာပဲ။ မတွေ့ဘူး။ အဲဒီအနားက ကျောက်တုံးမှာတောင် ထိုင်ပြီး စကားပြောကြသေးတယ်” ဟု မောင်ခွက်တိုးက ဆိုသည်။

ညောင်ပင်ပေါ်တက်ပြေးခဲ့သည့် ညီဖြစ်သူ၏ အဆိုအရ သူ့နောက်သို့လိုက်သည့်ဆင်မှာ အကောင်ပေါက်ကလေးဖြစ်ပြီး ကျန်နှစ်ကောင်မှာ ဆင်ကြီးများဖြစ်သည်ဟု ဆိုသည်။ ဆင်ပေါက်နှင့် ဆင်ကြီးတစ်ကောင်သာ သူတို့တဲသို့ ဝင်လာခြင်းဖြစ်ပြီး ကျန်တစ်ကောင်မှာ တဲ၏အနောက်ဘက် အထက်နားတွင် ရပ်နေသည်ဟုဆိုသည်။

သစ်တောဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များရောက်လာပြီး ဆင်ခြေရာများကို လိုက်လံစစ်ဆေးကြည့်ကြသည့်အခါ ကိုသိန်းဝင်းကို သတ်သွားသည့်ဆင်ခြေရာမှာ ခွာ လိမ်နေသဖြင့် ထိုအရပ်ဒေသတွင် ခွာလိမ်ကြီးဟု နာမည်ကြီးသည့် တောဆင်ရိုင်းကြီးဖြစ်သည်။

၎င်းဆင်မှာ အထီးဖြစ်ပြီး ဟိုင်းဆင်အမျိုးအစားဖြစ်သည်။ တဲအထက်နားတွင် ရပ်နေခဲ့သည့်ဆင်မှာ ဆင်မကြီးဖြစ်ပြီး ဆင်ပေါက်မှာ သူ၏ကလေးဖြစ်နိုင်သောကြောင့် ဆင်မိသားစုသုံးကောင်ဝင်ရောက်ခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။

သက်ဆိုင်ရာမှ စစ်ဆေးမှုများပြုလုပ်ပြီးသည့်နောက်မှာတော့ ကိုသိန်းဝင်း၏ အလောင်းကို ဂွမြို့သို့သယ်ယူကြရန် ပြင်ဆင်ကြသည်။ ထို့ကြောင့် ဝါးခုတ်ထွက်လာကြသော မောင်ခွက်တိုးတို့အဖွဲ့သည် ဆက်ပြီးဝါးမခုတ်နိုင်ကြတော့ဘဲ ဦးသိန်းဝင်းအလောင်းကို ဝါးလုံးများနှင့် ကျပ်စည်းကာ ဂွမြို့ဆေးရုံသို့ ပြန်သယ်လာကြတော့သည်။

မောင်ခွက်တိုးတို့ ညီအစ်ကိုနှစ်ဦးမှာ ဆင်လိုက်ခံရ၍ တုန်လှုပ်ခြောက်ခြားနေရသည့်အထဲ ဖခင်တစ်ယောက်လုံး မရှုမလှ သေပွဲဝင်ခဲ့ရသည့်အဖြစ်ကို ရုတ်တရက်မြင်လိုက်ကြရာ အရုပ်ကြိုး ပြတ်ဖြစ်ကာ မျက်ရည်နှင့် မျက်ခွက် ဘုန်းဘုန်းလဲ ကျသွားရတော့သည်။

ဂွဆေးရုံသို့ရောက်သည့်အခါ သူတို့နှစ်ယောက်ကို ဆေးကုသမှုပေးရာတွင် အစ်ကိုဖြစ်သူမှာ ထူထူထောင်ထောင် ဖြစ်လာသော်လည်း ညီဖြစ်သူမှာ ဖခင်စိတ်နှင့် အိပ်ယာထဲ လဲ၍သာနေတော့သည်။

ဆုံတွင်းကျေးရွာက ဦးသိန်းဝင်း၏ နာရေး။

ဆုံတွင်းကျေးရွာက ရွာသူရွာသားများကတော့ ကိုသိန်းဝင်းကိုသတ်သွားသည့်ဆင်မှာ လွန်ခဲ့သည့် ၁၅ နှစ်က သူ့ကို သတ်ဖို့ကြိုးစားခဲ့သည့် ဆင်ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။ ထိုအချိန်က မသတ်နိုင်ခဲ့၍ အရွယ်ရောက်လာသည့်အခါ အငြိုးဖြင့်လာသတ်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။

“ ပထမအကြိမ်တုန်းက သူနဲ့တိုးခဲ့တဲ့ဆင်က အကောင်သေးတယ်လို့ ပြောတယ်။ အဲဒီအကောင်က အခု ကြီးလာတဲ့အခါ ပြန်လာသတ်တာနေမယ်” လို့ ကိုသိန်းဝင်းနှင့် အိမ်နီးနားချင်းဖြစ်သည့် ဆုံတွင်းရွာသား အသက် ၆၂ နှစ်အရွယ် ဦးတင်မောင်က ဆိုသည်။

ဦးတင်မောင်ယူဆထားသလို ဆုံတွင်းရွာသူ၊ ရွာသားများကလည်း ယင်းသို့ မှတ်ယူနေကြသည်။

ကိုသိန်းဝင်းကို သတ်သွားသည့် ခွာလိမ်ကြီးသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်ကလည်း ဆုံတွင်းရွာနှင့် တစ်မိုင်ခန့် ဝေးသည့် ရဟိုင်ဖျားကျေးရွာမှ အမျိုးသားတစ်ယောက်ကို ယခုလိုပင် တောထဲ၌ သတ်သွားခဲ့ဖူးသည်။

ဆုံတွင်းကျေးရွာတွင် အိမ်ခြေ ၃၀ ခန့်နှင့် လူဦးရေ ၁၅၀ ခန့်ရှိသည်။ ရွာသူရွာသားတို့သည် တောဆင်ရိုင်းများနှင့် စိမ်းကြသူများမဟုတ်။ စပါးပေါ်သည့်အချိန်ရောက်လျှင် တောဆင်ရိုင်းများသည် ဆုံတွင်းရွာထဲသို့ ဝင်လာတတ်သည်။ ယခင်နှစ်များက ရွာထဲသို့ဆင်ဝင်လာလျှင် သံပုံးများတီး၊ ဗျောက်အိုးများဖောက်ကာ မောင်ထုတ်နိုင်ကြသော်လည်း ၂၀၂၁ နောက်ပိုင်း နိုင်ငံရေးအခြေအနေများကြောင့် ယင်းကဲသို့ မမောင်းထုတ်နိုင်ဘဲဖြစ်ရာ ပြီးခဲ့သည့်နှစ်က တောဆင်ရိုင်းများသည် ရွာထဲအထိဝင်လာကြသည်ဟု ဒေသခံများက ဆိုသည်။

ထိုစဉ်က ဦးသိန်းဝင်းတို့လို အိမ်သေးသေးလေးဖြင့် နေထိုင်ကြသည့် မိသားစုဝင်တို့သည် ဦးတင်မောင်တို့လို အိမ်ကြီးအိမ်ကောင်း ပိုင်ဆိုင်ထားသူများထံ ပြောင်းရွေ့ပုန်းခိုနေခဲ့ရသည်။

ရွာသူရွာသားများ ပုန်းခိုနေသည့် ဦးတင်မောင်၏အိမ်ကိုပင် ဆင်ကဝင်အောင်းသဖြင့် အိမ်ကိုကာရံထားသည့် ပျဉ်သုံးချပ်ကျိုးခဲ့ရသေးသည်ဟု ဦးတင်မောင်က ဆိုသည်။

“ အဲတုန်းက ဝင်လာတာက ဗိုလ်အောင်ဒင်ဆိုတဲ့ဆင်။ သူကလည်း ဟိုင်းဆင်အမျိုးအစားပဲ။ အိမ်က ဝက်ခြံကို ဝင်အောင်းနေလို့ မောင်းတာမှာ ဆင်ကမပြေးဘဲ အိမ်ကိုဝင်အောင်းနေလို့ အိမ်ကပျဉ်သုံးချပ် ကျိုးသွားတယ်” ဟု သူက ပြောသည်။

တောဆင်ရိုင်း အောင်းခံထားရသည့် ဦးတင်မောင်၏ အိမ်။

ထို့ကြောင့် သူကိုယ်တိုင် အိမ်အပြင်ထွက်ကာ ဆင်ကိုမျှားခေါ်ပြီး တောထဲသို့ ပြန်ပို့ခဲ့ရသေးသည်ဟု သူကပြောသည်။

အဆိုပါ ဗိုလ်အောင်ဒင်ဆိုသည့် ဆင်သည် အခြားဆင်များကဲ့သို့ အုပ်စုဖွဲ့လာခြင်းမဟုတ်ဘဲ တစ်ကောင်တည်း သွားလာသည့် ဆင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ဦးတင်မောင်သည် ရွာဦးဘုန်းကြီးကျောင်းသို့ ဆိုင်ကယ်နှင့်သွားခဲ့စဉ် ရွာလမ်းမတွင် ဗိုလ်အောင်ဒင်နှင့် တည့်တည့်တိုးသဖြင့် ပြေးခဲ့ရသေးသည်။

လာမည့်နှစ်စပါးပေါ်ချိန်ရောက်လျှင် တောဆင်ရိုင်းများ ရွာထဲသို့ဆင်းလာကြဦးမည်ဖြစ်သည်။ သူတို့ကို မည့်သို့ မောင်းထုတ်ရမည်မသိဟု ဦးတင်မောင်က ငြီးတွားသည်။ သို့သော် သူ၏ အားကိုးရာတစ်ခုက ယခုအခါ ရွာထဲသို့ ဓာတ်မီးတိုင်နှင့် ဓာတ်ကြိုးများ စိုက်ထူသွယ်တန်းထားပြီးဖြစ်သည်။ သို့သော် လျှပ်စစ်မီးက ရောက်မလာသေး။

“ ဒီဓာတ်တိုင်တွေ မီးလင်းရင်တော့ ဆင်တွေ ရွာထဲ ရဲရဲတင်းတင်းဝင်ရဲမှာ မဟုတ်ဘူး။ ဒါတွေ မြန်မြန် မီးလင်းပါစေလို့ပဲ ဆုတောင်းနေရတယ်” ဟု ရွာလယ်လမ်းမဘေးတစ်လျှောက်စိုက်ထူထားသည့် ဓာတ်မီးတိုင်များကို ကြည့်ရင်း ဦးတင်မောင်က ဆုတောင်းသည်။

ခွာလိမ်ကြီးနင်းသတ်၍ အသက်ဆုံးရှုံးသွားခဲ့သည့် ဆုံတွင်းရွာမှ ကိုသိန်းဝင်းတွင် သားသမီး ငါးယောက်ရှိသည်။ သမီးသုံးယောက်၊ သားနှစ်ယောက်ဖြစ်သည်။ သမီးအကြီးဆုံးမှာ အိမ်ထောင်ကျနေပြီဖြစ်၏။

ယခုအခါ အိမ်တွင် ကိုသိန်းဝင်း၏ ဇနီးသည်နှင့်အတူ သားနှစ်ယောက်နှင့် အရွယ်မရောက်သေးသည့် သမီးနှစ်ယောက်ကျန်ခဲ့သည်။ မောင်ခွက်တိုးမှာ အကြီးဆုံးသားဖြစ်လာသဖြင့် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရတော့မည်ဖြစ်သည်။

ဆင်အလိုက်ခံရတာ မကြောက်ဘူးလားဆိုသည့်မေးခွန်းကို မောင်ခွက်တိုးက “ဘယ်လိုပြောပါလိမ့် အစ်ကိုရယ်၊ ကြောက်တာကတော့ ပြောမနေပါနဲ့တော့” ဟုဆိုသည်။

“ဒါဆိုရင် တောထဲသွားပြီး ဝါးမခုတ်တော့ဘူးလာ” ဟု မေးကြည့်သည့်အခါ “အခုတော့ ခဏနားရဦးမှာပေါ့” ဟု ပြန်ဖြေသည်။

သူတို့တွင် ရွေးချယ်စရာမရှိ။ တခြားသော အလုပ်လည်း မလုပ်တတ်။ တောတက်ဝါးခုတ်သည့်အလုပ်သာ သူတို့ ကျွမ်းကျင်သော အလုပ်ဖြစ်သည်။ မည်သို့ပင် အဖြစ်ဆိုး၊ အန္တရာယ်ဆိုးများနှင့် ကြုံရစေကာမှု ဝမ်းရေးအတွက် ဘာမှ တွေးမနေနိုင်။ မကြာခင်မှာ မောင်ခွက်တိုးတို့ ညီအစ်ကိုတွေ ဝမ်းရေးအတွက် တောတိုးရဦးမည်သာဖြစ်သည်။

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဖော်ပြခဲ့သည့်ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

Leave a Comment

7 comments

Binance账户创建 December 12, 2025 - 6:23 pm

Your article helped me a lot, is there any more related content? Thanks! https://accounts.binance.info/da-DK/register?ref=V3MG69RO

Reply
Бесплатный аккаунт на binance December 19, 2025 - 9:53 am

Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

Reply
b369apk December 22, 2025 - 10:43 pm

Downloaded the b369apk and it’s legit. Works great on my phone and makes gaming on the go a breeze. Check it out for yourself b369apk!

Reply
phtaya10 January 14, 2026 - 11:44 pm Reply
phtaya 63 January 15, 2026 - 2:45 am Reply
co777 January 26, 2026 - 5:29 pm

co777 Online Casino Philippines: Login, Register & Play Top Slots – Download the App Today! Experience the best at co777 Online Casino Philippines! Secure your co777 login, register today, and play top co777 slot games. Download the co777 app for big wins! visit: co777

Reply
Anonymous February 12, 2026 - 3:59 pm

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.info/register-person?ref=IXBIAFVY

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing