ကိုအားပို ရေးသည်။
မဏ္ဍိုင်၊ ဧပြီ ၈၊ ၂၀၂၆။
နွေလယ်နေ့ခင်းမှာ ပျင်းပျင်းရိရိ ထထ တွန်တတ်တဲ့ကြက်တွန်သံ သုံးလေးခါဟာ ရင်ကိုလာလာမှန်တယ်။ ဒါဟာ ကာရန်မဲ့ကဗျာတစ်ပုဒ်စီက ဖိတ်စင်လွင့်ထွက်ကျလာတဲ့ အစ အနလေးတွေလိုပဲ။ တမင်တကာ ဖန်တီးလုပ်ကြံခံစားနေတာမျိုး မဟုတ်ပါဘူး။ ရင်ဘတ်ထဲ စူးကနည်း တစ်ချက်အောင့်တယ်။ သွေး ဆောင့်တိုးသလို အတွေးတွေ ချိုလာတယ်။
‘အောက် အီ အီး အွတ်’ ဆိုတာ နေပူပြင်းပြင်းကြီးထဲမှာ ဘယ်လိုမှ ဂွတ်မနေပါဘူး။ နံနက်ချိန်ခါ တေးသံသာအနေနဲ့ပဲ တွန်ကြပါလို့လည်း ကြက် အခွင့်အရေးကို မချုပ်ချယ်ချင်ပါဘူး။ လွတ်လပ်စွာတွန်ကြပါစေ။ အာရုဏ်ဦး တွန်မြူးကြတဲ့ သံပြိုင်တွေ ကြားရတာတော့ အိပ်မှုံစုံမွှားအခိုက်အတန့်လေးမှာ ရောင်နီလာပြီဆိုတဲ့ မျှော်လင့်ချက် မနက်ခင်းတစ်ခုကို အားအင်အပြည့်နဲ့ ကိုယ့်မင်္ဂလာနဲ့ကိုယ် ခင်းကျင်းနေကျပဲ။ ဂွတ်မောနင်းပဲပေါ့။ အခုဟာကျတော့ ပူပူလောင်လောင် နေ့ခင်းကြောင်တောင်ကြီးမှာ ကာရန်က ဘယ်လိုမှ ညှိလို့မရ။
နွေကတော့ ပူမှာပဲ။ ဘာထူးဆန်းသလဲ။ ကမ္ဘာဦးက တနေ့လိုပဲ နွေနံနက်ခင်းရဲ့ လှပုံထူး… ဒါပေမဲ့လည်း ဖြစ်ချင်တော့ ကိုယ်လေ ညက မအိပ်လိုက်ဘူး..ဆိုတဲ့ ဘိုထီးရဲ့ တေးသွားတပိုင်းတစ်စ သတိရမိပါတယ်။ ညက မအိပ်လိုက်လို့သာ နွေနံနက်ခင်းရဲ့လှပပုံ ထူးခြားတာကို သူ သတိပြုခံစားမိသွားတာထင်ပါရဲ့။ နွေရာသီ နေ့လယ်အချိန်ကိုလည်း နွေလယ်နေ့ခင်း…စိတ်ကူးယဥ်…ကြုံဆုံလာခဲ့ရသမျှ…တရေးရေးပေါ်လာ..ဆိုတဲ့သီချင်းနဲ့ ခံစားပစ်လိုက်တာပါပဲ။ ခံစားချက်ဆိုတာ နံပြားတစ်ချပ်လိုဖြစ်မယ်။ ဖောင်းတဲ့နေရာ ဖောင်းမယ်၊ ခွက်တဲ့နေရာ ခွက်မယ်။ ကျွတ်တဲ့နေရာ ကျွတ်မယ်၊ ပျော့တဲ့နေရာ ပျော့မှာပဲ။ ပျော့တဲ့နေရာရွေးစားစား၊ ကျွတ်တဲ့အပိုင်းပဲ ဖြတ်စားစား၊ တစ်ချပ်လုံးပဲအကုန်စားစား နံပြားက နံပြားပဲမဟုတ်လား။
ဂိမာန်ရာသီဆိုတဲ့ နွေဟာ ပူပြင်းခြောက်သွေ့ပါတယ်။ သစ်ရွက်တွေ ကြွေတယ်။ တချို့သစ်ပင်တွေ အကိုင်းတွေချည်းပဲကျန်လို့ အရိုးပြိုင်းပြိုင်းပုံစံနဲ့ ခိုင်းနှိုင်းတင်စားဖွဲ့နွဲ့ကြပါတယ်။ ဘယ်လွမ်းလို့ လွမ်းရမှန်းမသိအောင် စွမ်းဆောင်နိုင်တဲ့ နွေလယ်နေ့ခင်းတွေ ကြုံတွေ့ခံစားဖူးခဲ့ကြတာပဲ။ ခြံဝန်းထောင့် မန်ကျည်းပင်ကြီးအောက်က ဝါးကွပ်ပျစ်လေးပေါ်မှာ ထိုင်ရင်း၊ လှဲလျောင်းရင်း ခပ်ဝေးဝေးစီကလွင့်ပျံ့လာတဲ့ ရေဒီယိုသီချင်းသံလေးတွေ တိုးတခါ၊ ကျယ် တလှည့် ကြားခဲ့ရတဲ့ နွေ နေ့လယ်ခင်းတွေရှိခဲ့ဖူးကြတယ်။
နွေဟာ ပန်းတွေကိုလည်း ပွင့်စေပါတယ်။ ဥသြသံသာလည်း လွမ်းစရာပါပဲ။ တချို့များ ရွှေဥသြဆိုပြီး တင်စားကြသေးတယ်။ တကယ်တော့ ဥသြဟာ အရောင်မွဲမွဲ၊ ညိုမည်းမည်း၊ အဖြူအဝါ အစက်လေးတွေ နည်းနည်းပါတဲ့ ငှက်ပါ။ သူဟာ သီချင်းတွေပဲ ပတ်ဆိုနေရလို့၊ တစ်ကိုယ်တော်ရှိုးတွေနဲ့ မအားနိုင်ဖြစ်ရတာကြောင့်ထင်ပါရဲ့ သူများရဲ့ အသိုက်မှာပဲ သူ့ ဥတွေကို ဝင် ဝင်အု ထားပြီးပစ်သွားကြလေ့ရှိတယ်။ အဲဒါလည်း သူ့အထှာနဲ့ သူ့အထှာ၊ သူ့ ကဗျာပဲ မဟုတ်လား။ ဥသြတစ်ကောင်ရဲ့ လွတ်လပ်ခွင့်ကို အပြစ်ဆိုစရာအကြောင်းရှိမနေသင့်ပါဘူး။ သူ့သီချင်း သူဆိုတာကျတော့ သံချိုအေးအေး အလွမ်းတေးလေးဆိုပြီး စီးမျောခံစား ကြတာပဲလေ။
နွေဟာ ခံစားတတ်သူအတွက် ရသအစုံပေးစွမ်းပါတယ်။ ခုံမင်ရာရသတွေအတိုင်း လိုက်ပြီးတံဆိပ်ကပ်ကြတာပါ။ ပန်းတွေပွင့်စေတာကို ရင်မခုန်တတ်သူက ရိုးတံကျဲကျဲနဲ့ပင်အိုတို့ အလှချင်းပြိုင်ကြတာကိုပဲ စွဲလန်းမှာပေါ့။ ကြွေကျလာတဲ့ရော်ရွက်ဝါလေးနဲ့အတူ ပူဆွေးတမ်းတသူလည်းရှိတာပဲ။ နုသစ်စ ပုရစ်ဖူးလေးတွေမှာအဖြစ်ထူးတွေ လာတော့မှာ ဆိုတဲ့မျှော်လင့်ချက်နဲ့ အသက်ရှူကြသူတွေလည်းရှိနေပါတယ်။ ရာသီဥတုရဲ့သဘာဝဖြစ်စဥ်အရ ငြိမ်သက်နေချိန်ကနေ ရုတ်တရက် မွှေ့ရမ်းဝေ့ဝိုက် တိုက်ခတ်တဲ့လေကို လေရူးလို့ ခေါ်ကြပြန်တယ်။
အမှန်တော့ အဲသည့်လေဟာ အရူးလား၊ အယဥ်လား ဓါတ်ခွဲ အဖြေထုတ်ကြတာလည်း မဟုတ်ပါဘူး။ အဲသည့်လေနဲ့အတူ ချာလပတ်လည်ပြီး လွင့်ပါသွားကြလေ့ရှိတဲ့သစ်ရွက်တွေကို မဆီမဆိုင် အသနားပိုကြတာ သူ့ခံစားမှုနဲ့သူပါ။ တကယ်ဆို နွေဦးမှာပွင့်ခဲ့တဲ့ ကံ့ကော်တွေကို ပိုသနားဖို့ကောင်းပါတယ်။ ဝတ်မှုံကူးလူး ပျော်မြူးခဲ့ကြတဲ့လိပ်ပြာလေးတွေတောင် နွေလယ်ခေါင်မှာ ဘယ်ချောင်ရောက်နေကြပြီလဲ။ တိုင်းရေးပြည်ရာ အခြေအနေမထူးနိုင်သေးတာကြောင့် ပိတောက်တွေတောင်အရင်လို ရွှေရည်မလူးတာကြာပါပြီ။ တစ်လမ်းလုံးကြွေကျခင်းကျင်းပေးထားတဲ့ စိန်ပန်းပြာတွေဟာ ငြိမ်းချမ်းရေးနိမိတ်ပုံလို့ ခံစားနိုင်ပါတယ်။ လက်ပံပွင့်တွေကတော့ အပင်ပေါ်မှာလည်း နီရဲရဲ၊ မြေပြင်မှာလည်း ခပ်ရဲရဲကို နီနေလိုက်ကြတာ။
ရေ မထင်ကြဘူးမဟုတ်လား၊ တံလျပ်တွေကို။ ရွှေသမင်များ အလိုက်မမှားကြတော့ပါဘူး။ တံလျပ်မှန်း သိသိကြီးနဲ့မှ အလိုက်မှားရင်လည်း ရွှေသမင်မဖြစ်နိုင်ဘူး။ ခွေးပဲဖြစ်မှာ သေချာတယ်။ ရေဆာတဲ့ အကြောင်းပြချက်နဲ့ပေါ့။ နွေဟာ အပူရှိန်ပြင်းသထက် ပြင်းလာလေ မြေပြင်က၊ ရေပြင်က အငွေ့တွေပျံတက်ပြီး ကောင်းကင်မှာ စုဝေးကြပြီ။ ရေခိုး ရေငွေ့တွေကနေ တိမ်စိုင်တိမ်တိုက်ကြီးဖြစ်လာမယ်။ မိုးပေါ်က ရေခဲအိုင်ကြီးပေါ့။ အဲဒီ တိမ်စိုင်ထုထည်တွေမှာ အချိန်မတန်ခင် လွင့်ကြွေသွားခဲ့ကြရတဲ့ သူရဲကောင်းတို့ရဲ့ဝိညာဥ်များ အနားယူ အားဖြည့်နေကြလိမ့်မယ်။
မိုးလေဝသနဲ့ဇလဗေဒ ဘာသာရပ်အခေါ် ကတော့ မိုးတိမ်တောင်ပေါ့။ တွေ့ဖူးကြပါတယ်။ ညနေဘက် ကောင်းကင်ယံမှာ လက်သီးဆုပ်ပုံစံ၊ ရိုက်ဖို့ရွယ်ထားတဲ့ လက်ဝါးပုံစံ စသဖြင့် ထိုးထိုးထောင်ထောင် ညှို့မှောင်နေတဲ့ မိုးတိမ်တောင်ကြီးတွေ။ မကြာခင်မှာ မြေပေါ်ကို အညှိုးတကြီး ခုန်ပေါက်ဆင်းချလာကြ ရော။ မိုးသီးတွေတောင်မှ ပါတတ်သေးတယ်။ စိုက်ဆင်းလေပြင်းဆိုတာကလည်း အခဲမကျေ တပွဲတလေ ဝင်ဆော်ပါတယ်။
အပူဖိစီးမှုတွေအပေါ် လက်တုန့်ပြန်ခွင့်ပြုထားတဲ့ သဘာဝရဲ့ တရားမျှတမှုပါပဲ။ ဒါဟာလည်း နွေလယ်နေ့ခင်းရဲ့ ပြခင်းပြကွက်တစ်ခုဖြစ်ပါ တယ်။ သည်ရက်ပိုင်းမှာတောင် ထိုင်းနိုင်ငံတဝှမ်း နွေမုန်တိုင်းသတိပေးချက်တွေထုတ်ပြန် ကြေငြာထားတာတွေ့ရတယ်။ လွန်ကဲတဲ့အပူရှိန်ပြင်းအားကြောင့် တန်ပြန်ဖြစ်ပေါ်လာရတဲ့ ရာသီဥတုဖြစ်စဥ်ပါပဲ။ မြန်မာပြည်တွင်းကဒေသအချို့မှာလည်း မိုးကြိုးမုန်တိုင်း လျှပ်စီးလှိုင်းတွေဖြစ်ပေါ်ခဲ့တယ်။ သည်ဖြစ်စဥ်တွေကနေ ဆက်စပ် ဆင်ခြင်တွေးဆပြီး စိတ်ဓါတ်ခွန်အား ရအောင်ယူမယ်ဆို ယူလို့ရတယ်။ ဒါဟာ နွေလယ်နေ့ခင်းအချို့စီက သေချာ ပေါက် ထိုးဖောက်ခံစားနိုင်မယ့် ရသတစ်မျိုးပဲဖြစ်ပါတယ်။ မတူညီတဲ့ရသတွေကို တူညီတဲ့ဘဝတွေအတွက်တော့ နွေဟာ မျှမျှတတ ပေးစွမ်းထားတာပဲ။ မတူကွဲပြားကြပေမယ့် အတူတူမခွဲခြား ခံစားနိုင်ကြဖို့ပဲလိုတယ်။ နွေလယ်နေ့ခင်းများဆီက ငြင်းမရတဲ့ သတင်းအချက်အလက်တွေဖြစ်ပါတယ်။
ဘဝမှာ နွေရာသီကို ဆက်တိုက်ဆိုသလို တစ်နှစ်ထဲမှာ နှစ်ခါကြုံခဲ့ဖူးတာ အမှတ်ရမိပါတယ်။ ဘုရားမလို့ အမေရိကားက မွန်တားနားပြည်နယ် ကျေးလက်ဒေသကို ရောက်ခဲ့ဖူးတယ်။ မြန်မာပြည်မှာ နွေရာသီပြီးဆုံးတဲ့အချိန် ဇူလိုင်၊ သြဂုတ်လတွေမှာ သူတို့စီမယ် နွေရာသီပါ။ ကနေဒါနယ်စပ်နဲ့ထိစပ်နေတဲ့ ရေခဲတောင်အမျိုးသားဥယျာဥ်မှာ သွားလာလည်ပတ်လို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်။
သူ့ နွေရာသီလည်း မြန်မာပြည်သားအတွက် ချမ်းပေမယ့် လွမ်းစရာကောင်းခဲ့တာပဲ။ ဥသြသံမကြားရလို့ နွေမဟုတ်ဘူး ပြောလို့ မှမရတာ။ အဲသလို နွေဆိုတာနေရာဒေသမတူပေမယ့် ကွဲပြားတဲ့ရသကိုယ်စီတော့ ခံစားရရှိ စေပါတယ်။ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ နွေကတော့ နွေပါပဲ။ ပူတာလည်း ပူတာပဲ။ အပြင်း အပျော့ပဲကွာမယ်။ နွေဦးလည်း ပူတယ်။ နွေလယ်လည်း ပူတယ်။ ပူတာတစ်ခုပဲ ခံစားယူလို့တော့ ဘယ်တရားမျှတပါ့မလဲ။ ပူပြင်းမှုကို အငွေ့ပျံစေပါ။ ချွေးစက်တွေ၊ သွေးစက်တွေကို ရေခိုးရေငွေ့အဖြစ် ပျံတက်စေပါ။
မိုးပေါ်မှာ ငွေ့ရည်ဖွဲ့ကြ။ ထုထည် ပမာဏ သိပ်သည်းအားကြီးလာတဲ့အခါ မိုးတိမ်တောင်တွေဖြစ်ကြ။ မြေပေါ်က သူခိုးငလိန်ကောင်တွေကို ထုထောင်းကြရမှာ။ ရွာရန် ရာနှုန်းပြည့်ဖြစ်ပါစေ။ နွေလယ်နေ့ ခင်းစီက အဲသလိုခံစားလို့ကော ရတာပဲမဟုတ်လား။ နွေဦးစီက ခံစားရရှိခဲ့ကြတဲ့ အချက်အလက်တွေ နွေလယ်မှာ အဆက်မပြတ် ဆက်လက်စုဆောင်း အားကောင်းမောင်းသန် ဖြစ်လာဖို့ အရေးကြီးပါတယ်။ အမှန်တရားဆိုတာ ခံစားနေဖို့သာမဟုတ်ဘဲ ပြန်ကြားစေဖို့လည်း လုပ်ကြရမှာပါ။ တချို့လည်း လူမသိသူမသိ အစွမ်းရှိသရွေ့ လုပ်ဆောင်နေကြတာ တွေ့နေရပြီ။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဘက်တစ်ဦးဆိုရင် အွန်လိုင်းက အပြာရောင်အမှတ်( Blue Mark) ရထားတဲ့ နာမည်ကြီး ပေ့ချ်တစ်ခုမှာ ဖွင့်ဆိုရှင်းပြ သတင်းစာပညာဆိုပြီး ရေးသားမျှဝေနေတယ်။ ဖတ်ရ မှတ်ရပါတယ်။
သည်ရက်ပိုင်းအတွင်းမှာပဲ အခြေခံသတင်းစာပညာ သင်တန်းတို့၊ အလုပ်သင် သတင်းပညာသင်ခေါ်ယူ တာတို့ သုံး လေးခုလောက် တွေ့လာရတယ်။ ကောင်းမွန်တဲ့ရသခံစားရပါတယ်။ ဖွဲ့နွဲ့ ညွန်းဆိုပြီး စေ့ငုစွာရှင်းလင်းပြတဲ့ သတင်းဆောင်းပါး ရေးသားနည်းတွေ၊ အဓိကဖြစ်ရပ် အကြောင်းအရာကို ချက်ခြင်းလက်ငင်း ထင်းကနည်း၊ ဗွင်း ကနည်း ပြောပြတဲ့ ရေးသားနည်းတွေ မျှဝေကြတာလည်းရှိတယ်။ အပျော့ အမာ သူ့နေရာနဲ့သူ ဘာမှလျော့စရာ မရှိပါဘူး။
နွေလယ်နေ့ခင်းများစီက ရသစုံ ခံစားမှုတွေကို ကာရန်မဲ့သည်ဖြစ်စေ၊ ဂန္တဝင် ဆန်သည်ဖြစ်စေ ယူတတ်ဖို့လည်း အရေးကြီး ပါတယ်။ ဗြိတိသျှ ပြဇာတ်ရေးဆရာမ ဆာရာကိန်းရဲ့ နောက်ဆုံးလက်ရာ 4.48 Psychosis မှာ စာရေးဆရာမဟာ သူခံစားရ တာတွေကို လွတ်လွတ်လပ်လပ် ရေးပြသွားတယ်။ ဖတ်သူတွေကလည်း နားလည်သလိုပဲ ခံစားနိုင်ကြတယ်။ မတူညီတဲ့ ရှုထောင့် တွေးခေါ်မှု ခံစားချက်ရသတွေ ပါရှိတယ်။
အငြင်းပွားဖွယ်ရာတွေလည်း ရှိခဲ့တယ်။ ကျေးဇူးပြုပြီး လိုက်ကာတွေကို ဖွင့်ပေးပါဆိုတဲ့ သူ့ရဲ့ နောက်ဆုံးစာသားလေးဟာ အလင်းရောင်ကိုတောင့်တတာလား၊ ဘဝဇာတ်ခုံကိုပိတ်သိမ်း ဖို့တောင်းဆိုတာလားဆိုတာ သည့်နေ့ခေတ်အထိတိုင် အမျိုးမျိုးအဓိပ္ပါယ်ဖွင့်နေကြတုန်းပဲလို့ဆိုပါတယ်။ သူ့အကြောင်းကို The Prince အွန်လိုင်းပေ့ချ်မှာဖော်ပြထားပါတယ်။ နွေလယ်နေ့ခင်းတစ်ခုမှာ ဆာရာကိန်း(Sarah Kane) ပြဇာတ်အကြောင်းဖတ်လိုက်ရတာလည်း နွေရဲ့ ရသတွေထဲမှာ ထပ်တိုးရရှိလာတဲ့ခံစားမှုတစ်ခုပါပဲ။ နေ့ခင်း ကြောင်တောင် ပူပူလောင်လောင်မှာ ထ ထ တွန်တဲ့ ကြက်ဖတွေကို အပြစ်မဆိုတော့ပါဘူး။ ကျေးဇူးပြု၍ လိုက်ကာတွေကို ဖွင့်ကြရအောင်။ ဘဝဇာတ်ခုံကို ပိတ်သိမ်းဖို့တော့ လုံးဝ မဟုတ်ပါဘူး။ ရောင်နီကိုကြိုကြဖို့သာဖြစ်ပါတယ်။