ငြိမ်းချမ်းရေးအရေခြုံထားတဲ့ မင်းအောင်လှိုင်ရဲ့ စစ်ခင်းမယ့်စာမျက်နှာသစ် စတင်ဖွင့်လှစ်

လင်းဇေ ရေးသည်။

မဏ္ဍိုင်၊ ဧပြီ ၂၄၊ ၂၀၂၆။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမည်ခံအစိုးရ ရက် ၁၀၀ အစီအစဉ် စတင်ကြေညာခဲ့တဲ့နေ့မှာ မင်းအောင်လှိုင်က –

“ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေလျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှားသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော် အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုတဲ့အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်” လို့ ခြိမ်းခြောက် စကားဆိုပြီးနောက် လေးရက်မြောက်မှာတော့ မြန်မာနိုင်ငံက မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ မီးစတဖက် ရေမှုတ်တဖက်၊ တောခြောက်မယ့် လူသတ်ပွဲ ဒုတိယစာမျက်နှာသစ်စတင်လိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ အတောမသတ်နိုင်တဲ့ စစ်ရာဇဝတ်မှုတွေကတော့ ဆက်ကာကျူးလွန်တော့ မယ့်သဘောပါ။

အမည်ခံရွေးကောက်ပွဲကို ကျင်းပ၊ ကိုယ့်ကိုယ်ကို သမ္မတတင်မြှောက်၊ ကိုယ့်စိတ်တိုင်းကျ အစိုးရအဖွဲ့ကို ဖွဲ့လိုက်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အစိုးရကို အာဆီယံကရော၊ ကမ္ဘာပါက အသိအမှတ်မပြုပါဘူး။ အသိအမှတ်ပြု ခံရလေမလားဆိုတဲ့သဘောနဲ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ သူ မတရားအဖမ်းဆီးထောင်ချထားတဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄,၃၀၀ ကျော်ကို လွှတ်ပေးတယ်။ အကျဉ်းသား ၄,၃၀၀ ကျော်ဆိုတာလည်း ကိန်းဂဏန်း မျှသာဖြစ်ပြီး တကယ်လွှတ်တဲ့အရေအတွက်ဟာ ၁,၆၀၀ ကျော်ပဲရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဆိုတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားကလည်း ၂၂၈ ဦးတည်းပါ။

ဒီနေရာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် အကျပ်ရိုက်စေတာက မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ ပြည်သူ့ခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်း မရှိတဲ့အခါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သတင်းစကားတစ်စုံတစ်ရာ မကြားရတဲ့ အခါမှာတော့ မင်းအောင်လှိုင်ဟာ မျက်နှာမရ၊ ခြေထောက်ရဆိုသလိုမျိုးဖြစ်ခဲ့ရတယ်။ အခုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံတချို့ကလည်း တောင်းဆိုနေပါပြီ။

လူသတ်သမားမင်းအောင်လှိုင်လက်ထဲမှာ လူထုခေါင်းဆောင်ဟာ အသက်ရှင်သေးရဲ့လား၊ ကျန်းကျန်းမာမာရှိရဲ့ လားဆိုတာကို သိရဖို့ တောင်းဆိုနေကြပါပြီ။ အစိုးရအဖွဲ့သစ်အဖြစ်၊ သမ္မတအသစ်အဖြစ် အသိအမှတ်ပြုခံရလေမလားလို့ ပေါ့ချင်လို့ ကြောင်ရုပ်ထိုးမှ ဆေးအတွက်လေးရတဲ့အဖြစ်ကို မင်းအောင်လှိုင် ကြုံနေရပါပြီ။

အခုတော့ မင်းအောင်လှိုင်ဟာ သူ့ရဲ့ မငြိမ်းချမ်းရေးအစီအစဉ်ကို စတင်လိုက်ပြန်ပါပြီ။ မြန်မာနိုင်ငံက မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီး စစ်အုပ်ချုပ်ရေးကြေညာလိုက်တာပါ။

လက်နက်ကိုင်အဖွဲ့တွေ ချုပ်ငြိမ်းစေရေးနဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ထိရောက် စွာဆောင်ရွက်နိုင်ရန် အလို့ငှာလို့ ငြိမ်းချမ်းရေးလေသံပစ်ပြီး စစ်ခင်းဖို့အတွက် အရေးပေါ်အခြေအနေကို ကြေညာလိုက် တာပါ။

အခုလို ကြေညာလိုက်တဲ့အထဲမှာ ကချင်ပြည်နယ်က ရွှေကူမြို့နယ် အပါ ငါးမြို့နယ်၊ ကယားပြည်နယ်က ရှားတောမြို့နယ်အပါ ၃ မြို့နယ်၊ ကရင်ပြည်နယ်က ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချင်းပြည်နယ်က ကန်ပက်လက်၊ မင်းတပ်မြို့နယ်အပါ ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၈ မြို့နယ်၊ မကွေးတိုင်းက ပေါက်၊ မြိုင်၊ ရေစကြိုအပါ ၅ မြို့နယ်၊ မန္တလေးတိုင်းက ငါန်းဇွန် မြို့နယ်၊ ရခိုင်ပြည်က အမ်း၊ မြောက်ဦးအပါ ၁၄ မြို့နယ်၊ ရှမ်းပြည်က ၁၅ မြို့နယ် ပါဝင်ပါတယ်။

ဒီထုတ်ပြန်ချက်အမိန့်ဟာ ဧပြီလ ၂၃ ရက်မှစတင်ပြီး ရက်ပေါင်း ၉၀ အထိဖြစ်တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့နာမည်တပ်ပြီး အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာတာဟာ ၂၀၂၅ ဇူလိုင်လတုန်းကလည်း မြန်မာနိုင်ငံက မြို့နယ် ၆၃ မြို့နယ်ကို အခုလိုပဲ စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ ကြေညာခဲ့ပါသေးတယ်။ အခုတစ်ခေါက် အရေးပေါ်အခြေအနေကြေညာတဲ့အခါမှာ ကျန်ခဲ့တဲ့ မြို့နယ်သုံးခုဟာ စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်၊ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဉ့်ကူးမြို့နယ်တွေပဲ ဖြစ်ပါတယ်။

အဲဒီတုန်းက စစ်ကောင်စီဆိုတာကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဆိုတဲ့ အမည်ကို ပြောင်းလဲကာ “ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာ အစ” လို့ ကြွေးကြော်ရင်း ယာယီ သမ္မတဘွဲ့ကို ခံယူလိုက်တဲ့အချိန်တုန်းက ဖြစ်ပါတယ်။

တနည်းအားဖြင့် မင်းအောင်လှိုင်ဟာ သူအပါအဝင် လူဟောင်းတွေနဲ့ မူဟောင်းကိုပဲ လက်ကိုင်ထားပြီး ဆက်လက်စစ်ခင်း မယ့်သဘောပါ။

အမိန့်ထုတ်ပြန်တဲ့ အဲဒီအချိန်တုန်းကတော့ ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူထားတဲ့ မင်းအောင်လှိုင်က ယာယီသမ္မတ မင်းအောင်လှိုင်ကို တာဝန်ပေးအပ်ခဲ့ရတဲ့သဘောပါ။ အခုတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သမ္မတအမည်ခံပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တာဝန်ပေးအပ်လိုက်တာဖြစ်ပါတယ်။ မင်းအောင်လှိုင် ရက်စက်ချင်သမျှ ဗိုလ်ချုပ်ရဲဝင်းဦးက ခေါင်းခံရမယ့်သဘော၊ မင်းအောင်လှိုင်ရဲ့ အသုံးချခံသဘော။ စစ်ရာဇဝတ်မှုတွေအတွက် ကြံရာပါ။

ပထမအကြိမ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့စဉ်က ရွေးကောက်ပွဲကျင်းပဖို့အတွက် သူလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့နယ်တွေကို ပြန်ယူဖို့ဆိုတဲ့သဘောပါ။ အဲဒီမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်ဟာ မြေပြင်စစ်ကြောင်းထိုးတာထက် လေကြောင်းဗုံးကြဲတာ၊ ဒရုန်းတွေ၊ ပါရာမော်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ သိသိသာသာ တိုက်ခိုက်ခဲ့တာပါ။

မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Peace Monitor အဖွဲ့ရဲ့ အခုနှစ် ၂၀၂၆ ဆန်းပိုင်း ထုတ်ပြန်ချက်တွေအရ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဇန်နဝါရီလထဲမှာ ၇၂ ကြိမ်ရှိပြီး အရပ်သားသေဆုံးမှုဟာ ၁၆၈ ဦး၊ ဖေဖော်ဝါရီလထဲမှာ လေကြောင်းတိုက်ခိုက်မှုဟာ ၇၄ ကြိမ်ရှိပြီး အရပ်သားသေဆုံး တာဟာ ၁၆၀ ဦး၊ ပြီးတော့ မတ်လထဲမှာဆိုရင် လေကြောင်းတိုက်ခိုက်မှုဟာ ၇၈ ကြိမ်ရှိပြီး အရပ်သားသေဆုံးမှုဟာ ၅၁၆ ဦးရှိခဲ့ပါတယ်။ အဲတော့ သုံးလအတွင်း သေဆုံးခဲ့သူ စုစုပေါင်းဟာ ၈၅၀ နီးပါးပါ။

ဒီလိုအရပ်သားပြည်သူတွေကိုသတ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အကူအညီပေးနေတာကတော့ တရုတ်နိုင်ငံက ဖြစ်တာကိုလည်း တွေ့လာရပါတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ အသုံးပြုတဲ့ ဒရုန်းတွေဟာ တရုတ်နိုင်ငံထုတ် တိုက်ခိုက်ရေးဒရုန်းတွေဖြစ်နေတာကို သိသိသာသာမြင်လာရပါတယ်။

တရုတ်နိုင်ငံဟာ ရှမ်းမြောက်မှာ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ကို ကူညီပေးခဲ့တယ်၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်လည်း လမ်းခင်းစီစဉ်ပေးတယ်၊ အခု မင်းအောင်လှိုင်သမ္မတအမည်ခံပြီး အစိုးရဖြစ်လာတော့လည်း ဦးစွာ အသိအမှတ်ပြုပေး တယ်။ ဒီလိုအစိုးရအသစ်ဖြစ် အသိအမှတ်ပြုပေးတာပြီး ချက်ချင်းဆိုသလို တရုတ်ဟာ မြန်မာနိုင်ငံက သူ့ရဲ့ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း၊ ပိုးလမ်းမစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ အငမ်းမရ ချက်ချင်းလုပ်တယ်။

မြန်မာနိုင်ငံက သူ့အကျိုးစီးပွားတွေကို လုပ်ခွင့်ရဖို့ မင်းအောင်လှိုင် လိုအပ်သမျှကို တရုတ်က ဖြည့်ဆည်းပေးတယ်။ မင်းအောင်လှိုင်ကလည်း သူ့သမ္မတရာထူးအတွက် မြန်မာပြည်ကို တရုတ်ထံ သူခိုးဈေးနဲ့ ရောင်းစားချင်တဲ့သဘော။ တရုတ်ကလည်း မျက်ဖြူစိုက်လေ ဆရာကြိုက်လေ ဆိုသလိုမျိုး။

အခု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာပြီး စစ်ခင်းမယ့်အရေးမှာလည်း တရုတ်က အပြည့်အဝ ကူညီ မယ့်သဘော၊ နေပြည်တော်အထိရောက်လာပြီး ကိုယ်ဖိရင်ဖိ မြန်မာပြည်သူတွေကို ဒုက္ခပေးမယ့်သဘော။

မင်းအောင်လှိုင်ရဲ့ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် တောခြောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ့် အစီအစဉ်ဟာ အသစ် မဟုတ်ဘဲ ဖန်တစ်ရာတေနေတဲ့ လက်နှီးစုတ်ပါ။ ငြိမ်းချမ်းရေးအရေခြုံထားတဲ့ နာတာရှည်စစ်မီးတောက်ပါ။ မြန်မာပြည် နိုင်ငံရေးပြဿနာရဲ့ ဇာစ်မြစ်ကို မဖြေရှင်းဘဲ ဆေးမီးတို ကုနည်း၊ ကုသတဲ့ နည်းပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်လာ၊ မလာ မကျိန်းသေပေမယ့် မြန်မာပြည်သူတွေ စစ်မီးလောင်မှာ၊ စစ်မီးအပူမိမှာ၊ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာ နက်သထက် နက်လာမှာတော့ ကျိန်းသေပါပဲ။

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။