အမှိုက်ပုံးထဲက ထမင်းတစ်နပ်

ကောက်စွ ရေးသည်။

မဏ္ဍိုင်၊ ဧပြီ ၂၅၊ ၂၀၂၆။

နေပြည်တော်လွှတ်တော်အဆောက်အဦထဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်တစ်ယောက် ဗိုလ်ချုပ်မှူးကြီး ရာထူးကနေ သမ္မတရာထူးလွှဲပြောင်းရယူကျမ်းကျိန်ပြီးနောက် မိန့်ခွန်းပြောခဲ့ရာမှာ နိုင်ငံတော်တည် ငြိမ် အေးချမ်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မယ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင်ဟာ သူသမ္မတလုပ်ချင်လွန်းလို့ အာဏာဏာသိမ်းလိုက်ကတည်းက ဒီကနေ့သမ္မတ ဖြစ်ချိန်အထိ လူပေါင်းများစွာသတ်ဖြတ်ခဲ့ပြီးဖြစ်သလို တိုင်းပြည် စီးပွားရေးကိုလည်း နလံမထူ ဇောက်ထိုး ပြုတ်ကျအောင် လုပ်ထားပါတယ်။

အခြေခံလူတန်းစားပြည်သူတွေမှာလည်း ကျပ်သထက်ကျပ်တည်းလာပြီး နေ့စဉ်ထမင်းနပ်မှန်ဖို့တောင် အနိုင်နိုင် ရုန်းကန်နေကြရပါတယ်။ အခြေခံစားသောက်ကုန်စျေးနူန်းတွေကလည်း တဟုန်ထိုးမြင့်တက်လာပြီး အခြေခံ လူတန်းစားပြည်သူတွေအတွက် ရပ်ကွက်ဈေးတွေမှာ အရင်က မတွေ့ဖူးတဲ့ ရောင်းကုန်တစ်ခုကလည်း ထပ်တိုးလို့ လာနေပါတယ်။

ဒါက အခြားတော့ မဟုတ်ပါဘူး။ မလတ်ဆတ်တော့ဘဲ အမှိုက်ပုံးထဲပစ်ရမယ့် အခြေအနေရောက်နေတဲ့ အသား ငါးနဲ့ ဟင်းသီးဟင်းရွက်တွေပါ။

အဘက်ဘက်က ကျပ်တည်းပြီး ဆင်းရဲတွင်းနက်လာတဲ့ ပြည်သူတွေဟာ မတတ်သာတဲ့အဆုံး တစ်နပ်စာ ဗိုက်၀ဖို့အရေး အမှိုက်ပုံးထဲရောက်နေလုဖြစ်နေတဲ့ အသားငါး၊ ဟင်းသီး ဟင်းရွက်တွေကိုပဲ ဝယ်ယူ ပြုပြင် ချက်ပြုတ်စားနေရပါပြီ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနူန်းတွေမြင့်တက်လာတာ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာ၊ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေများပြားလာတာကြောင့် တိုင်းပြည်ဟာ အဘက်ဘက်ကနေ ဆင်းရဲတွင်း နက်လာပြီး ချွတ်ခြုံကျလာပါတယ်။

ကုလသမဂ္ဂရဲ့စာရင်းတွေမှာ မြန်မာနိုင်ငံဟာ လူဦးရေ ၁၃ သန်းလောက်ဟာ (နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံ နီးပါး) သူတို့ရဲ့နောက်နေ့စားရမယ့် အစားအစာအတွက် အာမခံချက် မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဝင်ငွေနည်းမိသားစုတွေနဲ့ အခြေခံလူတန်းစားတွေဟာ ကုန်ကျစရိတ်တွေကို လျော့ချနိုင်ဖို့ ဈေးနူန်း သက်သာတဲ့ အသား ငါးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူစားသုံးရာကနေ မလတ်ဆတ်တဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေပါဝယ်စားလာနေရတယ်လို့ ကိုယ်တိုင်ဝယ်စားနေတဲ့ အိမ်ရှင်မတချို့က မဏ္ဍိုင်ကိုပြော ပါတယ်။

ရပ်ကွက်စျေးတစ်ခုမှာ ငါးရောင်းနေသူတစ်ဦးကလည်း စျေးဝယ်သူတွေရဲ့ ပြောင်းလဲလာတဲ့အခြေအနေကို သူရောင်းမယ့် ငါးတွေကို နေရာချရင်း အခုလိုပြောပြတယ်။

“ဟိုးအရင်တုန်းကဆိုရင် အသားငါးဝယ်ရင် လတ်ဆတ်လားဆိုတာ အရင်ကြည့်ကြတာ။ အခုတော့ ဈေးမေးပြီး ဈေးသက်သာတာကိုပဲ ရွေးဝယ်ကြတယ်”

ကုန်စျေးနူန်းတွေကို ကြည့်ရင်လည်း အခြေခံ လူတန်းစားတွေနဲ့ ဝင်ငွေနည်းသူတွေအဖို့ ဘယ်လိုမှ လိုက်မမီနိုင် အောင် မြင့်တက်လာတာပါ။

လွန်ခဲ့တဲ့ ၅ နှစ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အာဏာမသိမ်းခင်က ကြက်သား(မွေးမြူရေး)တစ်ဆယ်သားကို ၇၀၀ ကျပ် ဝန်းကျင်သာရှိပေမယ့် ယခုကာလမှာတော့ ကြက်သားတစ်ဆယ်သားကို ၂,၅၀၀ ကျပ်ဖြစ်နေသလို ဝက်သား တစ်ဆယ်သား ၁,၀၀၀ ကျပ် ဝန်းကျင်ကနေ အခုကာလမှာ တစ်ဆယ်သား ၃,၅၀၀ကျပ် ဝန်းကျင်အထိ မြင့်တက် လာပါတယ်။

အလားတူ ငါးမြစ်ချင်းတစ်ဆယ်သားကို ၅၀၀ ကျပ်ကနေ အခု ၂,၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၂၀၀ ကျပ်ကနေ အခု ၁,၀၀၀၊ ၁၅၀၀ ကျပ်၊ ဂေါ်ဖီအထုပ်ကြီး တစ်ထုပ်ကို ၅၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်ဝန်းကျင်စသဖြင့် ဈေးနူန်းတွေဟာ အဆများစွာ မြင့်တက်လာတာပါ။

ဒီလိုမြင့်တက်လာမှုကြောင့်လည်း ဝယ်ယူစားသုံးသူတွေဟာ ကိုယ့်ဝင်ငွေနဲ့ ဝယ်ယူနိုင်မယ့်ဈေးနှုန်းကို ရှာဖွေလာကြပါတယ်။ ဒီအခါ ရောင်းသူတွေဘက်ကလည်း အကြောင်းအမျိုးမျိုးနဲ့ ရောင်းမကုန်တဲ့ အသား ငါး ဟင်းသီးဟင်းရွက်တွေကို လွှင့်ပစ်တာမျိုးမလုပ်တော့ဘဲ ရတဲ့ဈေးနဲ့ ပြန်လည်ရောင်းချလာကြပါတယ်။

မိသားစုဝင် လေးဦးရဲ့ နေ့စဉ် စားသောက်ရေးကို ရတဲ့ ဝင်ငွေနဲ့ လောက်ငအောင် ချက်ပြုတ်နေရတဲ့ အိမ်ရှင်မ ဖြစ်သူ မခင်မျိုးတစ်ယောက်လည်း ဒီလိုဈေးနူန်းချိုတဲ့ အသားငါးတွေကို ဝယ်ယူနေတဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့ အမျိုးသားက ဆောက်လုပ်ရေးလုပ်သား ဖြစ်ပြီး နေ့စဉ် ဝင်ငွေ မရှိသလို အလုပ်ဆင်းရတဲ့ နေ့တွေ မှာတော့ လုပ်ခကျပ် နှစ်သောင်း ခန့်ရတယ်လို့ ဆိုပါတယ်။

ကလေး ၂ ဦးရဲ့ စားဝတ်နေရေး၊ ပညာရေး၊ အဆောင် ငှားခတွေနဲ့ မလုံလောက်တာကြောင့် မခင်မျိုးကလည်း ရပ်ကွက်ထဲမှာ အဝတ်အငှားလိုက်လျှော်ပေးရင်း တစ်ဖက်တစ်လှမ်းက ဝင်ငွေရှာရသူလည်း ဖြစ်ပါတယ်။

ဒါကြောင့် ရတဲ့ဝင်ငွေ နဲ့ စားဝတ်နေရေးကို မျှတစွာ သုံးစွဲတဲ့အခါမှာ လတ်ဆတ်တဲ့ အစားသောက်ထက် ဈေးနူန်းချိုသာတာကိုသာ အဓိက ရွေးချယ်ဝယ်ယူရတာလို့ သူက ပြောပါတယ်။

“ကျွန်မလည်း မြစ်ချောင်းတွေကြား ကြီးပြင်းလာတာ၊ ငါးကိုကြည့်လိုက်ရင် လတ်တယ်၊ မလတ်တယ်ကို သိ တယ်ပေါ့။ ဒါပေမဲ့ ကိုယ့်ရှိတဲ့ ပိုက်ဆံနဲ့ဟင်းတစ်ခွက်ဖြစ်ဖို့ မနည်းစဉ်းစားချက်နေရတာ။ အဲ့တော့ မလတ်တော့ ပေမယ့် ဈေးချိုတဲ့ အသား ငါးကိုဘဲ စားကောင်းအောင်ပြင်ပြီး ချက်စားရတာ။” လို့ သူက ဆိုတယ်။

ဒီလိုဈေးနူန်းချိုတဲ့ အသားငါးတွေကိုတောင် နေ့တိုင်းစားနိုင်တာတော့ မဟုတ်ပါဘူး။ တခါတလေ ပဲလှော်သုပ်တို့၊ လက်ဖက်သုပ်တို့နဲ့ ဖြစ်သလို စားရတဲ့နေ့တွေလည်း ရှိတယ်လို့ မခင်မျိုးက သူရဲ့တရက်တာ စားသောက်ရပုံကို ပြောပြပါတယ်။

ရပ်ကွက်ဈေးတချို့မှာ ရောင်းချတဲ့ အသားငါးတွေကိုကြည့်လိုက်ရင်လည်း တချို့ဆိုရင် တော်တော် အခြေအနေဆိုးတဲ့အထိတောင် ပါကြပါတယ်။ ငါးတွေဆို တင်းရင်းမှု မရှိတော့ဘဲ ပျော့ပြီး ရေစိမ့်ထွက်သလို ဖြစ်နေတာမျိုးတွေ၊ တချို့ အသားတွေရဲ့ မျက်နှာပြင် မဲညိုရောင်ဘက်ကို ပြောင်းနေပြီး လက်နဲ့ထိကြည်ရုံနဲ့ မလတ်ဆတ်တော့ဘူးဆိုတာ သိနိုင်သလို အနံ့အသက်လည်း မကောင်းတာမျိုးတွေကို မဏ္ဍိုင်ကနေ စျေးထဲ သွားကြည့်တဲ့အခါ မြင်တွေ့ခဲ့ရပါတယ်။

ပြန်လည်ရောင်းချတာမှာလည်း အလေးချိန် အတိအကျနဲ့ ပြန်ရောင်းတာထက် ဥပမာ ငါး ၁၅ ကျပ်သား ခန့်ရှိတဲ့ တစ်ပုံကို ကျပ် ၁,၀၀၀၊ ၁,၅၀၀နဲ့ ရောင်းချသလို ၊ကြက်သား တစ်ဆယ်သားအလေးချိန်လောက်ရှိတဲ့ တစ်ပုံကို ၁,၀၀၀ ကျပ် နဲ့ ရောင်းချတာကြောင့် ပုံမှန် ဈေးကွက်မှာရောင်းနေတဲ့ အသား ငါး အလေးချိန် နဲ့ နှိုင်းယှဉ်ပါက ဈေး ထက်ဝက်နီးပါးကွာဟတာကို မြင်ခဲ့ရပါတယ်။

ဈေးသည်တစ်ဦးကတော့ အခြေအနေမကောင်းတော့တဲ့ ဒီလို အသားငါးတွေကို ပြန်လည်ရောင်းချတဲ့အခါ မြင်ကောင်းအောင် ပြန်လည် ပြုပြင်တာမျိုးတွေတော့ရှိကြောင်း အခုလို ရှင်းပြပါတယ်။

” အသားတွေ ငါးတွေက ရက်လွန်တွေဖြစ်ပြီး ပျော့ပြဲနေပြီ။ ဒါကို တချို့ဈေးသည်တွေက အသားဆိုရင် ဆေးနီရောင် နဲ့ သုပ်ပြီး အမြင်လှအောင် ပြန်ပြင်တယ်၊ ငါးတွေဆို ဗိုက်တွေ နာနေတာ ဆားနဲ့ မာအောင် ပြန်ပြုပြင်တာ၊ ခေါင်းတွေ ဖြတ်ပြီးတော့ မြင်ကောင်းအောင် ပြန်ပြင်ပြီး ရောင်းကြတာ။” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့ပေါ်ရပ်ကွက်ဈေးတွေမှာ ရောင်းချလို့ မရနိုင်တော့တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကို စက်ရုံလုပ်သား၊ နေ့စားအလုပ်သမားတွေ များတဲ့ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်လို ရပ်ကွက်ဈေးတွေမှာ ပြန်လည်ရောင်းချကြပါတယ်။ ဒီလိုသားငါး၊ ဟင်းသီးဟင်းရွက်တွေကို ဝင်ငွေနည်းတဲ့ မိသားစုတွေ၊ စက်ရုံလုပ်သား၊ နေ့စား အလုပ်သမားတွေက ညနေဈေးတွေမှာ ပိုမိုဝယ်ယူကျတာများတယ်လို့ ဈေးရောင်းသူက ဆက်ပြောပါတယ်။

ရွှေပြည်သာမြို့မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ရပ်ကွက်ဈေးတွေမှာ ဈေးဝယ်တဲ့အခါ လတ်ဆတ်တဲ့ အသားငါးနဲ့ဟင်းသီးဟင်းရွက်တွေကို မနက်ပိုင်းဈေးမှာသာ ရနိုင်ပြီး ညနေပိုင်းဈေးတွေမှာတော့ မလတ် ဆတ်တဲ့အသားငါးတွေက ပိုများတယ်လို့ ဆိုပါတယ်။

“ဝက်သားတွေဆို မနက်အစောဝယ်ရင် လတ်တာရတယ်။ ညနေပိုင်းဆို ကျန်တာတွေကို ရေခဲအထပ်ထပ်ရိုက်၊ ဖြူနေတဲ့အသားပေါ်ကို သူတို့သပ်သပ်သိမ်းထားတဲ့သွေးထုတ်တွေနဲ့ လူးပြီးပြန်ရောင်းတာတွေ မြင်ရတယ်။ ငါးတွေက မလတ်တာတွေများတယ်။ ဆားရေစိမ်ထားလား မသိဘူး၊ မပုတ်အောင်။ အိမ်ရောက်လို့ ချက်ပြီး စားလည်းစားကြည့်ရော ဆားတွေငန်လို့ လွှတ်ပစ်ရတယ်” လို့ သူက ဆိုပါတယ်။

အခုလက်ရှိမှာတော့ သူဟာ ငါးတွေဝယ်စားမယ်ဆိုရင် ဈေးမှာ သွားဝယ်တာမျိုးမလုပ်တော့ဘဲ မြိတ်ဘက်က စစ်ရှောင်လာသူတစ်ဦး ရောင်းနေတဲ့ အိမ်ဆိုင်မှာပဲ ဝယ်စားတော့တယ်လို့ ဆိုပါတယ်။

“အသားငါးက မလတ်လည်း ညဈေးဆို စက်ရုံလုပ်သားအများစုက ညပိုင်း အလုပ်ပြန်မှ ဝယ်ကြတာများတော့ ရောင်းကြရတယ်၊ ဝယ်တဲ့သူကလည်း ဝယ်ကြတာတွေ့တယ်” လို့ အဆိုပါအမျိုးသမီးကဆိုပါတယ်။

ဒီလိုရောင်းကုန်တွေကို ကမာရွတ်မြို့နယ်က ရပ်ကွက်တွေမှာလည်း ရောင်းချဝယ်ယူတာတွေမြင်တွေ့ လာရတယ်လို့ လှည်းတန်းအနီးမှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။

ငွေကြေးမတတ်နိုင်တဲ့သူတွေက လတ်ဆတ်တဲ့ သားငါး၊ ပုစွန် တစ်ဆယ်သားဝယ်စားတာထက် မလတ်ဆတ် တော့တဲ့ အသားငါး နှစ်ဆယ်သားခန့်ဝယ်ကာ မိသားစုလောက်ငအောင် စားသောက်နေရတဲ့ အခြေအနေတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

ကြက်သားတွေဟာ မလတ်ဆတ်တော့တာကြောင့် အရေခွံတွေဟာ အပြာရောင်သမ်းနေလို့ ဝယ်ယူသူက အရေခွံခွာခိုင်းကာ ဝယ်ယူသွားပါတယ်။ အဲဒီလို ကြက်သားတွေဆီက ခွာယူထားတဲ့အရေခွံတွေကို ထပ်မံ ဝယ်ယူကာ ဟင်းတစ်ခွက်အဖြစ် စားသောက်နေကြတာတွေကို အခုနောက်ပိုင်းမှာ ပိုမိုတွေ့မြင်လာရတယ်လို့ ဆိုပါတယ်။

အရင်တုန်းက အခုလိုအခြေအနေမျိုး မတွေ့ခဲ့ဖူးပေမယ့် အခုအခါမှာ ကုန်ဈေးနူန်းတွေ ကွာခြားလွန်းသွားတာ ကြောင့် တစ်နေ့ဟင်းတစ်ခွက်စာရဖို့ ဝယ်စားနေရတာဖြစ်တယ်လို့ လှည်းတန်းမှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။

တစ်ခါက သူဟာ ရပ်ကွက်ဈေးထဲ လတ်ဆတ်မှုမရှိတဲ့ ကြက်အရေပြားတွေ ဝယ်ယူနေသူတစ်အမျိုးသမီး တစ်ဦးကို ကြက်အရေခွံတွေ ဘယ်လိုချက်စားတုန်းလို့ မေးကြည့်တဲ့အခါ “ပြန်ကြော်ပြီးတော့ ခရမ်းချဉ်သီး လေးနဲ့ ပြန်ချက်ရင် ကောင်းတယ်။” လို့ ပြန်လည်ဖြေကြောင်း ရှင်းပြတယ်။

ငါးရောင်းသူတွေထံမှာ လွှတ်ပစ်ဖို့သိမ်းထားတဲ့ ငါးအကြေးခွံတွေ၊ ငါးခေါင်း၊ ငါးဆီဖက်တွေကိုတောင် ဝယ်ယူသူတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

ဒီလို မလတ်ဆတ်တော့တဲ့ အသား ငါး တွေကို ချက်ပြုတ်တဲ့အခါမှာ အနံ့အသက်ကောင်းမွန်အောင် ဟင်း ခတ်အမွှေးကြိုင်များ ထည့်ကာ ချက်ပြုတ်ခြင်း၊ ချဉ်ပေါင်ရွက်ကဲ့သို့ အချဉ်အရသာရှိတဲ့ ဟင်းရွက်များနဲ့ ချက်ပြုတ်ခြင်း၊ အသားတွေကို ဆီနဲ့ ကြွတ်ရွသွားအောင် ကြော်ချက်ခြင်းစတဲ့ နည်းအမျိုးမျိုးနဲ့ ပြန် လည်ပြင်ဆင်ချက်ပြုတ်စားသုံးကြတယ်လို့ ဝယ်ယူချက်ပြုတ်တဲ့ အိမ်ရှင်မတွေက ပြောပါတယ်။

လှိုင်သာယာမှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးကတော့ “အသားငါး မလတ်တာကိုတော့ ဘယ်သူမှ မဝယ်ချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ ငွေပမာဏနဲ့ မိသားစုတစ်နေ့စာ ဖူလုံတဲ့ ထမင်းဟင်း ဖြစ်ဖို့ပဲ စီမံရတာ။ တခါတလေ အနံ့မကောင်းရင် အချဉ်လေးနဲ့ ရောချက်စားရတယ်။ ဟင်းသီးဟင်းရွက်ဆိုလည်း ကန်စွန်းရွက်တစ်စီးတောင် တစ်ထောင်လောက် ဖြစ်နေတယ်။ အဲ့တော့ ဒီလို ငါးလေး အသားလေး အစားခံတာလေးတွေ ဝယ်ချက် စားရတာပေါ့။” လို့ ပြောပြပါတယ်။

အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ အာဟာရပိုင်းနဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အာဟာရပညာရှင် ဒေါက်တာ ခန့်ဇော်*က မလတ်ဆတ်တဲ့အစားအစာတွေကို စားသောက်တဲ့အခါ အော့အန်မူး ဝေတာ၊ ဝမ်းလျှောတာတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်လိုနေရာမျိုးမှာ ဒီလိုအစားအသောက်တွေကို အခြေခံလူတန်းစားတွေ အများစုစားသောက်ကြတာတွေ့ ရပြီး မနှစ်က ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်သူတွေအများဆုံးဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီလိုမလတ်ဆတ်တဲ့အစားအသောက်တွေစားတာဟာ ဝမ်းပျက်၊ ဝမ်းလျှောတာအပြင် အစားအဆိပ်သင့်တဲ့ ရောဂါတွေလည်းဖြစ်နိုင်ပြီး “ နောက်ဆုံး ဘယ်အထိသွားနိုင်သလဲဆိုတော့ ကင်ဆာရောဂါတွေ ဖြစ်တဲ့အထိ ဖြစ်နိုင်တယ်” လို့ ဒေါက်တာခန့်ဇော်က ရှင်းပြပါတယ်။

ဒါ့အပြင် မသန့်ရှင်းတဲ့ အစားအစာတွေ၊ မကောင်းမွန်တဲ့အစားအစာတွေကြောင့် ကိုယ်ခံအားစနစ်ကျ (Immune System)ပြီး အသက်တိုတာမျိုးတွေဖြစ်နိုင်တယ်လို့ သူက ထပ်ပြောပါတယ်။

“ဒီလို လူတန်းစားတွေမှာဆိုလို့ရှိရင် တကယ်တမ်း statistically (စာရင်းအင်း) အရ ကြည့်လိုက်မယ်ဆိုလို့ ရှိရင်တော့ သေနှုန်းက အဲဒီလို လူတန်းစားတွေမှာ ပိုများတာပေါ့” လို့ ဒေါက်တာခန့်ဇော်က ဆက်ပြောပါတယ်။

မလတ်ဆတ်တော့တဲ့အသား၊ ငါးနဲ့ အသီးအရွက်တွေကို ကိုယ်ဝန်ဆောင်မိခင်တွေ စားသောက်ပါက Samonella and toxoplamosis ကဲ့သို့ ဘက်တီးရီးယားရောဂါပိုးဝင်ကာ ကိုယ်ဝန်ပျက်ကျတာ၊ မိခင်မှတဆင့် ကလေးဆီကူးစက်တာနဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် လမစေ့၊ ပေါင်မပြည့် မွေးဖွားတာတွေဖြစ်နိုင်တယ်လို့ နောက်ထပ် အထူးကုဆရာဝန် တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် Sepsis လို့ခေါ်တဲ့ သွေးဆိပ်တက်တာ၊ ဖွံ့ဖြိုးမှုနှေး ဉာဏ်ရည်မမှီတာ၊ ကိုယ်အင်္ဂါ ဖွံ့ဖြိုးမှု ပုံမမှန်တာနဲ့ ကလေးတွေ သွေးအားနည်းတာစတဲ့ ဆိုးကျိုးတွေရနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဒါပေမဲ့ ဝင်ငွေနည်း အခြေခံ လူတန်းစားတွေ အဖို့မှာတော့ အဟာရတန်ဖိုးတွေ၊ ရောဂါအန္တရာယ်တွေကို တိတိပပ သိမနေကြပါဘူး။ သူတို့ ဝယ်စားနေတဲ့အသားတွေက မကောင်းမှန်းသိကြပေမယ့် လက်တလော ဗိုက်ပြည့်ဖို့က ပိုအရေးကြီးနေတဲ့အခြေအနေကို မခင်မျိုးက အခုလို မှတ်ချက်ပြုပါတယ်။

“အာဟာရပြည့်မပြည့်တော့ မသိပါဘူး၊ ဗိုက်ပြည့်ဖို့နဲ့ ထမင်းနပ်မှန်ဖို့ပဲ ကြိုးစားနေရတာ”

Leave a Comment