နွေဦးအကျဉ်းသားရဲ့ နရသိန်ဒိုင်ယာရီ (ရုပ်ပုံလွှာ)

ဒေါင်းမြီး ရေးသည်။

မဏ္ဍိုင်၊ မေ ၁၂၊ ၂၀၂၆။

နိုင်/ကျဉ်း သီးသန့် စာကြည့်တိုက်

ကျွန်တော် ထောင်ကို စရောက်တဲ့ အချိန်ကနေ ထောင်က လွတ်တဲ့အချိန်အထိ (၃)ဆောင်မှာ အဆောင်မှူး ၄ ယောက် ပြောင်းလဲခဲ့ပါတယ်။ ပထမဆုံးအဆောင်မှူးက ကရင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်ပါ။ သူ့အမျိုးသမီးက ယာဉ်ထိန်း တပ်ဖွဲ့ကပါ။ သူက အရမ်းသဘောကောင်းပါတယ်။ နိုင်/ကျဉ်းတွေနဲ့လည်း အဆင်ပြေပါတယ်။ ဒုတိယအဆောင်မှူးကတော့ ပေါင်းတတ်သင်းတတ်တဲ့သူနဲ့ အဆင်ပြေပါတယ်။ နိုင်/ကျဉ်းအတော်များများနဲ့က ပြောဆိုရတာ အဆင်မပြေပါဘူး။

ဒါပေမဲ့ ဒုက္ခလည်း မပေးပါဘူး။ ပါးစပ်ကတော့ ဗျစ်တောက် ဗျစ်တောက် ပြောပါတယ်။ စိတ်ရင်းကောင်းသူလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပါဆယ်ပိတ်ခံထားရတဲ့ တိုင်းလွှတ်တော် အမတ်တစ်ယောက်ကို သူပဲ ထောင်တွင်းပါဆယ်ပို့ပေးနေတာပါ။ တတိယအဆောင်မှူးကတော့ တကယ့်ကို ဝါရင့်ပါ။ အခြားအမှုတွေဆို သူ့ဆိုရင် နာမည်ကြားတာနဲ့တင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရပါတယ်။ သူ အင်းစိန်ထောင်မှာတာဝန်ကျစဉ်က နအဖလက်ထက်နဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ထောင်ကျခဲ့တဲ့ တကယ့်နိုင်ငံရေးသမားကြီးတွေနဲ့ နေခဲ့ဖူးသူပါ။ နိုင်/ကျဉ်း အထားကို နောကြေနေသူတစ်ဦးလည်း ဆိုပါတော့။

သူက ဖဲရိုက်ရတာ ဝါသနာ အရမ်းပါပါတယ်။ အရင်က သူဟာ ရဲဘက်စခန်းတစ်ခုမှာ ကြီးကြပ်ရေးမှူး (ထောင်မှူးကြီး) ဖြစ်နေပါပြီ။ သူ ရဲဘက်စခန်းမှာ ဝန်ထမ်းတွေနဲ့ ဖဲရိုက်နေစဉ် ရဲဘက်တစ်ဦး ထွက်ပြေးသွားလို့ အပွင့်တစ်ပွင့်ပြုတ်ပြီး လက်ထောက်ကြီးကြပ်ရေးမှူး(ထောင်မှူးလေး) ရာထူးနဲ့ ရာထူးတဆင့် ချခံထားရတာပါ။

သူက နိုင်/ကျဉ်းတွေကို နားလည်သူ ဖြစ်ပါတယ်။ ရာဇဝတ်မှု ကျူးလွန်ထားသူတွေ မဟုတ်တဲ့အတွက် အပြစ်သားတွေလို့ လည်း သူ မမြင်ပါဘူး။ နိုင်ငံရေးအခြေအနေတစ်ခုမှာ ထောင်ကို ရောက်နေတဲ့ လူကောင်းတွေလို့ပဲ မြင်ပါတယ်။

ခက်တာက စာအုပ်ဆန်တဲ့ သူ့အတွေးအခေါ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထောင်ကို ရောက်လာတဲ့နောက် ထောင်စည်းကမ်း အတိုင်းနေရမယ်ဆိုတဲ့ အတွေးအခေါ် သူ့မှာ ရှိပါတယ်။ နိုင်/ကျဉ်းတွေက ထောင်စည်းကမ်းအတိုင်း မနေကြဘူးလို့ သူမြင်ပါတယ်။ ထောင်ပိုင်ကြီးက နိုင်/ကျဉ်းတွေကို ထောင်စည်းကမ်းအတိုင်းမနေတာကို မသိချင်ယောင်ဆောင်ထားတော့ သူလည်း ပြောခွင့်မသာဘူး ဖြစ်နေပါတယ်။

နောက်တစ်ခုက နိုင်/ကျဉ်းတွေက အုပ်ချုပ်သူနဲ့ ပြဿနာဖြစ်ပြီး ထောင်ကို ရောက်လာတာ။ ဒီတော့ ထောင်နဲ့ပြဿနာဖြစ် တာ မဟုတ်တဲ့အတွက် ထောင်ဝန်ထမ်းတွေနဲ့ ပြဿနာတက်တာကို သူ မကြိုက်ပါဘူး။ သူတို့က ထိန်းသိမ်းရသူတွေ ဖြစ်တဲ့အတွက် သူတို့ကို ပြဿနာမရှာသင့်ဘူးလို့ မြင်ထားပါတယ်။ အဲဒီအမြင်ကိုလည်း သူ အင်းစိန်မှာ တာဝန်ကျတုန်းက ဆုံခဲ့ဖူးတဲ့ နိုင်ငံရေးသမားကြီးတွေနဲ့ နှိုင်းယှဉ်ပြီး မကြာခဏ ပြောတတ်ပါတယ်။

ဒါပေမဲ့ သူနဲ့က အဆင်ပြေပါတယ်။ ပြဿနာ ကြီးကြီးမားမားတက်တာတွေ မရှိပါဘူး။ အဆောင်မှာ အကြာဆုံးကလည်း သူပါပဲ။ တခြားထောင်ကို ပြောင်းသွားမှသာ နောက် အဆောင်မှူး ရောက်လာတာပါ။

သူနဲ့အဆင်အပြေဆုံး နိုင်/ကျဉ်းက ထောင်က စက်တွေပျက်ရင် ပြင်တတ်တဲ့ မောင်ဖြူ(အမည်လွှဲ)ပါ။ သူက ကျွန်တော်နဲ့ ရပ်ကွက်တူ ဖြစ်ပြီး အပြင်မှာတည်းက ရင်းနှီးသူတွေပါ။ ကျွန်တော့်အမှုတွဲဖြစ်သူ အောင်အောင်(အမည်လွှဲ)ကလည်း သူတို့နဲ့ စားအိုးတွဲပါ။ ထောင်ဖောက်တဲ့ ပြတင်းပေါက်အောက်မှာ နေကြတဲ့ စားအိုးတွဲတွေပေါ့။

အဆောင်မှူးက တနေ့မှာ မောင်ဖြူကို အကြံပေးပါတယ်။ စာကြည့်တိုက်ထောင်ပါလားဆိုပြီး။ လိုတာ သူကူညီမယ်လို့လည်း ပြောပါတယ်။

အဲဒါနဲ့ အဆောင်မှူးပြောတာကို မောင်ဖြူက ကျွန်တော်တို့ကို ပြန်ပြောပါတယ်။ ကျွန်တော်တို့ဆိုတာက အောင်အောင်ရယ်။ သူတို့စားအိုးတွဲထဲက မောင်မျိုး(အမည်လွှဲ)ရယ်၊ နောက် ကဗျာဆရာတစ်ဦးဖြစ်တဲ့ မောင်ဇော်(အမည်လွှဲ)ရယ်တို့ ဖြစ်ပါတယ်။ အောင်အောင်က လူ့ဘောင်သစ်ပါတီက ဖြစ်ပြီး မောင်မျိုးက ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဖြစ်ပါ တယ်။

ကျွန်တော် တို့ ၅ ဦးက အပြင်မှာတည်းက သိသလို ထောင်မှာလည်း အစစအရာရာ တိုင်ပင်နေကြ၊ တပူးပူး တတွဲတွဲ နေကြသူတွေ ဖြစ်ပါတယ်။

အဆောင်မှူးပြောတဲ့အတိုင်း ကျွန်တော်တို့ (၃)ဆောင်သီးသန့်အတွက် စာကြည့်တိုက်တစ်ခု လုပ်ကြမယ်လို့ သဘောတူကြပါတယ်။ ဝယ်ယူရမယ့် စာအုပ်စာရင်းပြုစုဖို့၊ ငွေကြေးကောက်ခံဖို့နဲ့ ရန်ပုံငွေထိန်းသိမ်းဖို့က အောင်အောင်က တာဝန်ယူပါတယ်။ စာအုပ်ဝယ်ဖို့၊ ဝယ်ယူပြီးတဲ့စာအုပ်တွေကို ထောင်ထဲရောက်ဖို့က မောင်ဖြူက တာဝန်ယူပါတယ်။ စာကြည့်တိုက်မှူး၊ စာအုပ်ထိန်းသိမ်းဖို့၊ စာအုပ်ချုပ်ဖို့နဲ့ စာအုပ်ဌားဖို့က ကျွန်တော်က တာဝန်ယူပါတယ်။ ကျန်တဲ့နှစ်ဦးက လိုတာကို ကူကြမယ်ပေါ့။

နောက်ရက်မှာ (၃)ဆောင်တစ်ခုလုံးကို အစည်းအဝေးခေါ်ပြီး စာကြည့်တိုက်လုပ်ဖို့ကို ချပြတော့ အားလုံး သဘောတူကြပါတယ်။ ဒီတော့ ရန်ပုံငွေရှာဖို့ စဉ်းစားထားတာကို တခါတည်း ပြောလိုက်တယ်။ နိုင်/ကျဉ်းအခန်းက ၅ ခန်း။ လူဦးရေအားဖြင့် ၁၇၀ နီးပါး။ ဆိုတော့ ပါဆယ်မလာသူကို ဘေးဖယ်ထားပြီး တစ်ဦးကို တစ်လလျှင် ၁၀၀၀ ထည့်ဝင်ဖို့။ အဲဒီမှာက နည်းနည်းနွမ်းပါးသူတွေက ၅၀၀ ထည့်ဝင်ဖို့။ လစဉ် စာကြည့်တိုက် ရန်ပုံငွေကို သက်ဆိုင်ရာ အခန်း စည်းကမ်းထိန်းက ကောက်ခံပြီး စာကြည့်တိုက်ကော်မတီက ရန်ပုံငွေ ထိန်းသိမ်းသူကို ပေးဖို့။ ဖတ်ချင်တဲ့ စာအုပ်ရှိရင် စာကြည့်တိုက်ကော်မတီထံကို အဆိုပြုဖို့။ စာကြည့်တိုက် ကော်မတီအနေနဲ့လည်း တလတကြိမ် အဝယ်ဘောင်ချာနဲ့အတူ ငွေစာရင်းထုတ်ပြန်ဖို့ အားလုံး ထပ်ပြီး သဘောတူကြပါတယ်။

ထောင်မှာက ထောင်စာကြည့်တိုက်ရှိပါတယ်။ ထောင်စာကြည့်တိုက်၂ ဆောင်က အခန်းတစ်ခုမှာ ဖွင့်ထားပါတယ်။ တနင်္ဂနွေနေ့ကလွဲပြီး နေ့တိုင်းဖွင့်ပါတယ်။ လူ့အခွင့်အရေးအိတ်ဆောင် စာအုပ်တွေအပါအဝင် တကယ့်ကို ကောင်းမွန်တဲ့ စာအုပ်တွေ ရှိပါတယ်။ ဒါပေမဲ့ ဗီဒိုတွေထဲမှာ သော့ခတ်သိမ်းထားပါတယ်။ လူ့အခွင့်အရေးအိတ်ဆောင် စာအုပ်အတော်များများကိုတော့ ကျွန်တော် က ယူလာပြီး အဆောင်မှာ ဝေခြမ်းရေးလုပ်ပစ်ပါတယ်။

အဲဒီစာကြည့်တိုက်မှူးနေရာကလည်း အခြားအမှုက ဘောင်ချာသမားကို ပေးထားတာပါ။ စာကြည့်တိုက်မှူးက ကျွန်တော့်အသိတစ်ဦးနဲ့ အချုပ်မှာတုန်းက အတူတူပါ။ ဒါကြောင့် ဗီဒိုထဲက စာအုပ်တွေ ဖတ်ချင်ရင် ကျွန်တော်တို့က သူနဲ့ ”ပတ်သက်” ဆိုတော့ ကျွန်တော်တို့ကို ထုတ်ပေးပြီဌားပါတယ်။ ကျွန်တော်တို့ကလည်း ကွမ်းလေး၊ ဟင်းလေး ပြန်ပေးရတာပေါ့။ အဲဒီမှာ ကျွန်တော် က လူ့အခွင့်အရေးအိတ်ဆောင်စာအုပ်တွေ ယူလာပြီး အဆောင်မှာ ဝေခဲ့တာပါ။

တကယ်တော့ စာအုပ်ကောင်းတွေကို ထုတ်မငှားဘဲ ဗီဒိုထဲမှာထားတာလည်း ထောင်ရဲ့အလွန်မဟုတ်ပါဘူး။ ထောင်မှာ ငှားတဲ့စာအုပ်အတော်များများက ရှေ့မရှိ၊ နောက်မရှိ၊ အလယ် မရှိတာတွေချည့်ပါပဲ။ ဘာကြောင့်ဆို ပွတ်ချွန်းစာ ဖြစ်ကုန်လို့ပါပဲ။ အစမှာ ပြောခဲ့သလို ကွမ်းစားဆေးကို ရေသန့်ဗူးအဖုံးနဲ့ တစ်ဖုံး ၅၀၀ ပေးဝယ်ပြီး စာအုပ်က စာအုပ်တွေ ဖြဲကာ ပွတ်ချွန်း(ဆေးလိပ်)လိပ်သောက်ကြတာပါ။ ဒီတော့ စာအုပ်တွေဟာ အစ မရှိ။ အဆုံးမရှိ။အလယ်မရှိတွေ ဖြစ်ကုန်တာပါ။

နောက်ပြီး အမျိူးသမီးဆောင်မှာလည်း စာကြည့်တိုက်တစ်ခု ရှိပါတယ်။ အဆောင်မှာ စာကြည့်တိုက်လုပ်ဖို့က အဆောင်မှူးနဲ့အတူ မောင်ဖြူက လိုက်သွားပြီး ထောင်ပိုင်ဆီက ခွင့်တောင်းပါတယ်။ ထောင်ပိုင်က ခွင့်ပြုပါတယ်။ သူလည်း ကူညီပေးမယ်လို့ ပြောပါတယ်။ စာအုပ်ဝယ်ခြမ်းဖို့ ကိစ္စ ကူညီဖို့လည်း အဆောင်မှူးကို ပြောလိုက်ပါတယ်။ စာကြည့်တိုက်ဖွင့်ဖို့ အခန်းတစ်ခုတောင်းတာကိုတော့ မပေးပါဘူး။ အခန်းမပေးတဲ့အတွက် စာအုပ်တွေထားရှိဖို့ အဆောင်မှူးရုံးခန်းက ဗီဒိုကို အသုံးပြုခွင့်ပေးပါတယ်။

ဒါပေမဲ့ အခက်အခဲတစ်ခုက ရှိပါသေးတယ်။ စာအုပ်ချုပ်ပစ္စည်းတွေနဲ့ စာကြည့်တိုက်ပစ္စည်းတချို့ ဝယ်ဖို့ပါ။ ဒါကကျွန်တော့်တာဝန်ဆိုတော့ တည ထောင်ပိုင်ကြီး လာတဲ့အချိန်မှာ ကျွန်တော်က အဲဒီကိစ္စကို တင်ပြလိုက်ပါတယ်။ ဒီတော့ ထောင်ပိုင်ကြီးက-

“တစ်ယောက်က တာဝန်ခံ ထိမ်းသိမ်းပြီးတော့ ခွင့်ပြုပေးမယ်။ မင်းထိန်းသိမ်းမှာမလား။ ဟိုလူ့ဆီရောက်၊ ဒီလူ့ဆီရောက်ဆိုရင်တော့ မဖြစ်ဘူး” လို့ ပြောပါတယ်။ ဘာကြောင့်ဆို ကြိုးတွေ၊ အချွန်တက်တွေ ပါနေတာကို။

ကျွန်တော် က ထောင်ဗူးဝက သိမ်းရင်ရော ဆိုတော့ သူ့ကို ပြောပြီးသားလို့ ပြောလိုက်ပါဆိုပြီး ခွင့်ပြုပေးလိုက်ပါတယ်။

စာကြည့်တိုက် ဖွင့်ဖို့ နေရာကို အခန်းလေးခန်းဆုံရာ ကော်ရစ်တာကို ရွေးလိုက်ပါတယ်။ စာအုပ်ထားဖို့က ညတာဝန်ကျ ဝန်ထမ်းတွေ အိပ်တဲ့ ကွပ်ပျစ်နှစ်လုံးကို သုံးပါတယ်။ ငှားချိန်က မနက်ဆို ၈ ခွဲကနေ ၉ ခွဲအထိ။ ညနေ ၂ ခွဲကနေ ၃ ခွဲ အထိပါ။ တစ်ဦးကို စာအုပ်တစ်အုပ်ပဲ ငှားရမ်းခွင့်ပြုပြီး တခါငှားရင် ၃ ရက်။ ဖတ်မပြီးရင် ၃ ရက်ကျော်တဲ့အခါ သက်တမ်းတိုးနိုင်ပါတယ်။

စာကြည့်တိုက် စ ဖွင့်ဖို့စာအုပ်ကတော့ နိုင်/ကျဉ်းတွေ ကိုယ့်အစီအစဉ်ကိုယ် သွင်းထားတဲ့ ကိုယ်ပိုင် စာအုပ်တွေကို လိုက်အလှူခံပါတယ်။ ပထမဆုံးလမှာ ရန်ပုံငွေက ၁၄၀,၀၀၀ နီးပါး ရပါတယ်။ အဲဒီရန်ပုံငွေနဲ့ “အာရှတိုက်ရဲ့ အလင်းရောင်” ”သုခမြို့တော်” “ကုန်းဘောင်ရှာပုံတော်” “သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ” စသဖြင့် စာအုပ်တွေဝယ်ကြ ပါတယ်။ နောက် စာအုပ်ချုပ်ဖို့ ပလတ်စတစ်စ၊ ကြိုး၊ ဓား၊ ကတ်ကြေး၊ စတက်ပလာ၊ အပ်၊ A4 စာရွက်ထုတ်၊ ဘောပင်၊ ခဲတံ၊ ဆော့လ်ပင်၊ ဗလာစာအုပ်၊ လယ်ဂျာစာအုပ် စသဖြင့် စာအုပ်ငှားသူ ထိုင်ဖို့ ကော်ခုံတွေ ဝယ်ယူပါတယ်။

စာအုပ်ချုပ်ပစ္စည်းတွေကို ဆေးခန်းက ဆေးဗူးခွံတစ်ခု သွားယူကာ ထည့်ထားပြီး “စာကြည့်တိုက် ပစ္စည်းများ၊ မည်သူမှ မကိုင်ရ” ဆိုပြီး စာကပ်ထားရပါတယ်။ ပြဿနာတစ်ခုက အိမ်ကို စာပို့ချင်တဲ့သူတွေက စာကို ဝန်ထမ်းက မဖတ်အောင် စတက်ပလာနဲ့ချုပ်ချင်ကြတာပါ။ အဲဒီပြဿနာ အတော့်ကို ရှင်းရပါတယ်။ နောက်တစ်ခုက ကတ်ကြေးနဲ့ ဓားလာငှားတာပါ။ ဝန်ထမ်းက ဓားကို ခဲတံချွန်တဲ့ ဓားသာ ဝယ်ပေးပါတယ်။ ကတ်ကြေးကလည်း ဆေးခန်းသုံး အသေးလေးပါ။ စာအုပ်ချုပ်တာဆိုတော့ ဓားတွေ၊ ကတ်ကြေးတွေက ပြတ်နေမှ ဖြစ်မှာပါ။ အဲဒီပြဿနာလည်း အတော်ရှင်းရပါတယ်။ နောက်တစ်ခုက အဆောင်က လူတွေက သူတို့လိုချင်တဲ့ ပစ္စည်းတွေ သွင်းချင်ရင် စာကြည့်တိုက်ကဆိုပြီး သွင်းဖို့ လာပြောကြတာပါ။ အဲဒီပြဿနာလည်း အတော်ကြီးကို ရှင်းရပါတယ်။

အဲဒီပစ္စည်းတွေကိုတော့ ရှာဖွေရေး(တလာစီ)ဝင်လည်း အသိမ်းမခံရပါဘူး။ နောက်ပိုင်းကျတော့ ဝန်ထမ်းကို ဝယ်ခိုင်းလိုက်တယ်။ ဝယ်ခိုင်းတဲ့ ပစ္စည်းကိုတံခါးကြီး(ထောင်ဘူးဝ)က သိမ်းထားရင်တောင် စာကြည့်တိုက်က ဆိုပြီး သွားယူရင် ပြန်ရပါတယ်။ အဲဒီလောက်ကို စာကြည့်တိုက်အပေါ် ယုံကြည်မှု ကောင်းလာပါတယ်။

ပြီးခဲ့တဲ့အခန်းမှာ ရေးခဲ့တဲ့ ထောင်ဖောက်တဲ့တစ်ယောက်က သူရုံးအထုတ်မှာ သူ့ရှေ့နေကို စာအုပ် အလှူခံပါတယ်။ အဲဒီရှေ့နေကလည်း တရားရေးဝန်ထမ်းတွေ၊ သူနဲ့အဆက်အသွယ်ရှိသေးတဲ့ ထောင်က လွှတ်သွားတဲ့ နိုင်/ကျဉ်းတွေကို ထပ်ဆင့်အလှူခံရာမှာ ကာတွန်း၊ ရုပ်ပြ၊ အပျော်ဖတ်ဝတ္တုတွေ၊ တရားစာအုပ်တွေအပါအဝင် စာအုပ် ၂၀၀ နီးနီးလောက် ရလာပါတယ်။

စာအုပ်တွေကလည်း နှစ်လအတွင်းမှာ ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ “ကွန်မြူနစ်ဝါဒ” နဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ထောင်မှာ ဘယ်လိုမှ မထားရဘူးဆိုတဲ့ “ပါပီလွန်နဲ့ ဘင်ဂို”၊ နိုင်ငံရေးနောက်ခံဝတ္ထုတွေဖြစ်တဲ့ ”အရှေ့က နေဝန်းထွက် သည့်ပမာ”၊ ”သပိတ်မှောက် ကျောင်းသား” ”ပြိုမှာလေလား မိုးရဲ့” “အနီရဲ့ အပြာ” စသဖြင့်၊ ဘာသာပြန် နိုင်ငံရေး ဝတ္ထုတွေဖြစ်တဲ့ “ဆိုင်ဂုံ” “ပီကင်း” “ငန်းရိုင်းများ”နောက် “အို ဂျေရူဆလင်” “သန်းခေါင်ယံ လွတ်လပ်ရေး” “သမိုင်းစကား ပန်းစကား” စသဖြင့် အုပ်ရေ ၃၀၀ နီးပါးလောက် ဖြစ်လာပါတယ်။

ဒီလိုနဲ့ ထောင်မှာ ထောင်စာကြည့်တိုက်၊ အမျိုးသမီးဆောင် စာကြည့်တိုက်။ (၃)ဆောင် စာကြည့်တိုက်ဆိုပြီး စာကြည့်တိုက် ၃ခု ရှိလာပါတယ်။

ဝယ်ဖို့ စာအုပ်တွေကို ကော်မတီက အစည်းအဝေးထိုင်ပြီး အရင်ဆုံးဖြတ်ပါတယ်။ နောက် စာအုပ်စာရင်း ပြုစုပါတယ်။ စာကြည့်တိုက်ကော်မတီ ၅ ဦးလုံးက စာဖတ်အားကောင်းသူတွေဖြစ်ကြတော့ စာအုပ်ဝယ်ဖို့ စာရင်းလုပ်ရတာ အဆင်ပြေကြပါတယ်။

စာအုပ်စာရင်းရပြီဆိုရင် မောင်ဖြူက ရန်ကုန်ရောက်နေတဲ့သူ့အမကို ဖုန်းဆက်ပြီး လှမ်းမှာပါတယ်။ နောက်နှစ်ရက် လောက်အကြာမှာ ဖုန်းထပ်ဆက်မေးရင် ရတဲ့စာအုပ်/မရတဲ့စာအုပ်နဲ့ စာအုပ်တန်ဖိုးကျသင့်ငွေ သိရပါပြီ။ အဲဒီအခါကျမှ ရတဲ့စာအုပ်တွေကို စာရင်းရေးပြီး ငွေနဲ့အတူ အဆောင်မှူးကို ပေးလိုက်တာပါ။ အဆောင်မှူးက မောင်ဖြူအမကို ငွေလွဲပေးပါတယ်။ တခါ စာအုပ်ရောက်တဲ့အခါ မောင်ဖြူအိမ်ကပဲ စာအုပ်တွေကို အဆောင်မှူးအိမ်ကို ပို့ထားပါတယ်။ ပုံမှန် သမာရိုးကျစာအုပ်ဆိုရင်တော့ သက်သာကပဲ ထောင်လမ်းကြောင်းအတိုင်း တရားဝင်သွင်းပြီး ခွပ်ဒေါင်းပုံတွေပါတဲ့ နိုင်ငံရေး စာအုပ်တွေကျတော့ အဆောင်မှူးက သူဖတ်ဖို့ ယူလာသလိုနဲ့ မနက်တစ်အုပ်၊ ညနေတစ်အုပ် ခါးထိုးပြီး ယူလာပေးပါတယ်။

ဒီလိုနဲ့ စာကြည့်တိုက်ဟာ ၅ လလောက် သက်တမ်းရှိလာသလို စာအုပ်တွေလည်း စုံလာပါတယ်။ စာကြည့်တိုက်မှာ “နိုင်ငံရေးဝေါဟာရ အဘိဓာန်” “ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု” “ကွန်မြူနစ်ဝါဒ၏ နေထွက်ချိန်နှင့် နေဝင်ချိန်” “ဗမာပြည် ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့်နေဝင်ချိန်” “မြန်မာနိုင်ငံရေး လေ့လာသုံးသပ်ချက်” “တော်လှန်မှုများထဲက ဗမာပြည်” “ခြေရာပျောက် မြစ်” “အမှောင်ထဲက ဗမာပြည်” “ထို့ကြောင့်..ဤသို့” “သေသော်မှတည့် ဪကောင်းသည်” “ကျယ်တုတ်ခံဝင့် မခံဝင့်” “ခြေလေးချောင်း တော်လှန်ရေး” “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” “ရေရိုင်း မြေရိုင်း” “ရန်ကုန်မြို့ပေါ်က သူပုန်” “အလံမလှဲစတမ်း” စတဲ့ နိုင်ငံရေး စာအုပ်တွေ။ ”မောင်ချောနွယ်” “အောင်ချိမ့်” ကဗျာပေါင်းချုပ်တွေ။ “သစ္စာနီ” “နေမျိုး” “ဇော်ဇော်အောင်” တို့ရဲ့ အက်ဆေး/ဝတ္ထုတို ပေါင်းချုပ်တွေ။ “ထင်ရှူးပင်ရိပ်” “တိမ်လွှာမို့မို့လွင်မှသည်…”၊ “ဖတ်စာ” “ပြိုင်မြင်းတို့ရဲ့ ခွာသံ” “ပို့စ်မော်ဒန်နှင့် စပ်လျဉ်းသော အရေးအသားများ” စတဲ့ အနုပညာဆိုင်ရာ စာအုပ်တွေ။ “ရွှေပြည်တော် မျှော်တိုင်းဝေး” “မာယာဘုံ” “ဓားတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည်” အကျဉ်းထောင်တွင်း စာအုပ်တွေဖြစ်တဲ့ “ဘာလဲဟဲ့ လူ့ငရဲ” “အကျဉ်းထောင်၊ ပြည်ပြေးဘဝများ၊ မြန်မာနိုင်ငံသစ်” “အဓမ္မကို အာခံခြင်း” စတဲ့ ရသ/ဘာသာပြန်ရသစာအုပ်တွေနဲ့ တော်တော်ကြီးကို စုံလာပါပြီ။ စာအုပ်တွေ စုံလာသလို ပြဿနာတွေလည်း များလာပါတယ်။

“တက္ကသိုလ်ဘုန်းနိုင်”ရဲ့ စာအုပ်တွေကိုတော့ စာကြည့်တိုက်ကော်မတီ ၅ ဦးရဲ့ သဘောတူညီချက်နဲ့ ဘွိုင်းကောက် လုပ်ထားပါတယ်။ တစ်အုပ်မှ မဝယ်ပါဘူး။ လာလှူရင်လည်း လက်မခံပါဘူး။ စစ်တပ်နဲ့ပတ်သက်တဲ့ ဝတ္တုတွေမှာ စစ်သားကို ဇာတ်ကောင်အဖြစ်ထားလို့ ဖြစ်ပါတယ်။

ပြဿနာက ရန်ပုံငွေ လျော့ကြလာတာပါ။ ရန်ပုံငွေက ၅၀,၀၀၀ လောက်ပဲ ရတဲ့အထိ လျော့ကြလာတာပါ။ အဲဒါက ရန်ပုံငွေမထည့်လည်း စာအုပ်ဖတ်ရတယ်ဆိုတော့ ရန်ပုံငွေမထည့်ကြတော့ပါတာ။ ဒါပေမဲ့ သူတို့ အကြောင်းပြတာက “စာအုပ်တွေက “မြင့်” လွန်းတယ်” ။ သူတို့အတွက် အဆင်မပြေလို့ ရန်ပုံငွေ မထည့်တာပေါ့။ တစ်နည်းဆိုရရင် စာကြည့်တိုက်ကော်မတီကို သပိတ်မှောက်တယ်ပေါ့။

တကယ်တော့ သူတို့ “မြင့်”တယ်ဆိုတဲ့ စာအုပ်တွေက စာကြည့်တိုက်မှာ ခဏတောင်မကြာပါဘူး။ အမြဲဌားနေရတဲ့ စာအုပ်တွေပါ။ တခုတော့ရှိတာပေါ့လေ။ စာအုပ်တွေက ငှားသူလက်ထဲ လှည့်ပတ်နေတော့ ဖတ်ချင်သူတွေက စောင့်ရပါတယ်။ အဲဒီတစ်ခုတော့ ရှိတာပေါ့လေ။

ဒီတော့ စာကြည့်တိုက်ကော်မတီက “ဝယ်မယ့် စာအုပ်စာရင်းကို ကြိုအသိပေးမယ်။ အဲဒီစာရင်းကိုကြည့်ပြီး ကန့်ကွက်နိုင်တယ်။” လို့ ပြောလိုက်ပြီး မဝယ်ခင် စာအုပ်စာရင်းကို ကြိုပြီး ထုတ်ပြန်ပေးလိုက်ပါတယ်။ အဲဒီလို လုပ်တော့ ဘယ်သူမှလည်း ဝယ်မယ့်စာအုပ်စာရင်းကို မကန့်ကွက်ပါဘူး။

ပြီးတော့ သူတို့က ကျွန်တော်တို့ဝယ်တဲ့ စာအုပ်တွေ “မြင့်” တယ်ဆိုတဲ့အတွက် အပျော်ဖတ် စာအုပ် တပတ်နွမ်းတွေကို တလစာ ရန်ပုံငွေနဲ့ ဝယ်ပေးလိုက်ပါတယ်။ အုပ် ၁၀၀ နီးပါးရပါတယ်။ အဲဒီမှာ ပြဿနာတစ်ခါ ဖြစ်ပြန်ရော။ “အပျော်ဝတ္ထုတွေ ဘာလုပ်ရမှာတုန်း” ဆိုပြီး ရန်ပုံငွေ မထည့်တော့ဘူးလို့ ခြိမ်းခြောက်လာတာပါ။

နောက်ပြဿနာတစ်ခုက အခြားအမှုက စာအုပ်လာငှားတာပါ။ သူတို့က ရန်ပုံငွေလည်းထည့်မယ်။ စာအုပ်လည်း ငှားမယ်လို့ ပြောလာပါတယ်။ အဲဒီပြောတဲ့သူတွေထဲမှာ စစ်/စည်းနဲ့ အရေးယူခံထားရတဲ့ အရာရှိအဆင့်တွေ။ တန်းစီးချုပ်နဲ့ သူ့တပည့်တချို့။ မူးယစ်မှုနဲ့ အရေးယူခံထားရသူ။ သူတို့တွေဟာ တကယ့်ကို စာဖတ်အားကောင်းသူတွေ(မာက်စ်၊ ဟေဂယ်လ်တို့ရဲ့ အယူအဆတွေ ကောင်းကောင်းသိသလို ယန်းပေါဆတ်ထ်ရဲ့ “ဖြစ်တည်မှု ပဓာနဝါဒ” ကိုလည်း အခြေအတင်ဆွေးနွေးနိုင်စွမ်း ရှိသူတွေပါ)ပါ။ ကျွန်တော် တို့က သူခိုး၊ ဂျပိုးတွေကို မငှားလိုပေမယ့် သူတို့ကိုတော့ ငှားပေးပါတယ်။ သူတို့က တကယ့်ကို စာဖတ်သူတွေဖြစ်သလို စာအုပ်ရိုသေသူတွေလည်း ဖြစ်ပါတယ်။ အဲဒီလူတွေကို စာအုပ်ငှားတာကိုလည်း အဆောင်ကလူတွေက ထည့်ပြောလာပါတယ်။

တကယ်တော့ ကျွန်တော်တို့က တန်းစီးချုပ်အပါအဝင် အကျဉ်းသားအရာရှိတချို့နဲ့ မကင်းနိုင်ပါဘူး။ ဘာကြောင့်ဆို အခိုးခံရတဲ့ စာအုပ်တွေကို အဲဒီလူတွေအကူအညီနဲ့ ပြန်ယူထားရလို့ပါ။

ကျွန်တော်တို့ အဆောင်ကို လာလည်ပြီး အပြန်မှာ စာအုပ်ခိုးသွားတဲ့ အခြားအမှုက သူတွေရှိပါတယ်။ နောက် ဝန်ထမ်းအချို့က ကျွန်တော်တို့ကို အသိမပေးဘဲ တာဝန်ကျချိန်ဖတ်ဖို့ဆိုပြီး စာအုပ်တွေယူသွားကာ ကြုံရာနေရာမှာ ထားခဲ့တာတွေ ရှိပါတယ်။ အဲဒီလို ဝန်ထမ်းတွေ ယူသွားတဲ့ စာအုပ်တွေကို အခြားအမှုက ယူထားပြီး ကိုယ်ပိုင် စာအုပ်လုပ်ထားတာတွေ ရှိပါတယ်။ ဘာကြောင့် ကိုယ်ပိုင်စာအုပ်လုပ်ရလဲဆိုရင် သူတို့က ကွမ်းယာနဲ့ ပြန်ငှားစားတာပါ။

ကျွန်တော်တို့က အခြားအမှုဘက်မှာ ပျောက်နေတဲ့ စာအုပ်တွေကို သွားရှာလို့ မရပါဘူး။ သိမ်းလာလို့လည်း မရပါဘူး။ ကိုယ့်စာအုပ်မှန်း သိနေရင်တောင် ယူလာလို့ မရပါဘူး။ ပြဿနာဖြစ်နိုင်ပါတယ်။

ဒီတော့ ပျောက်နေတဲ့ စာအုပ်တွေကို စာရင်းလုပ်ပြီး တန်းစီးချုပ်ကို ပေးထားတယ်။ သူက ရှာဖွေရေး (တလာစီ)လုပ်ရင် လိုက်ရတာကို။ ရှာဖွေရေးလုပ်ရင်း စာအုပ်တွေ တွေ့ရင် သိမ်းလာပြီး ကျွန်တော် တို့ဆီက စာအုပ်ဆိုရင် ပြန်ပေးပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့စာအုပ် အခြားအမှုက မောင်နီဆီမှာ ရှိနေတယ်ဆိုပါတော့။ တန်းစီးချုပ်(ဒါမှမဟုတ်) စစ်/စည်းထဲက အရာရှိဟောင်းတစ်ဦးဦးကို ပြောလိုက်ရင် သူတို့က သွားယူပေးပါတယ်။ ပျောက်ဆုံးစာအုပ်တွေကို ကျွန်တော် တို့က ဒီလိုနည်းနဲ့ ယူထားရတော့ သူတို့နဲ့ မကင်းနိုင်ပါဘူး။

ဒီတော့ အခြားအမှုက သူတွေကို စာအုပ်ငှားတာကို လာ “ထောက်” တော့ ကျွန်တော် တို့လည်း စိတ်တိုပါတယ်။ ဒီတော့ စာကြည့်တိုက်ကို ဆက်မလုပ်တော့ဘူးဆိုပြီး ဆုံးဖြတ်ဖြစ်ပါတယ်။ အစည်းအဝေးခေါ်ပြီး လုပ်ချင်တဲ့သူရှိရင် လုပ်နိုင်တဲ့အကြောင်းနဲ့ ငွေစာရင်းအပါအဝင် စာရင်းကို အခုချက်ခြင်း လွှဲပြောင်းပေးမှာ ဖြစ်ကြောင်း အသိပေးလိုက် ပါတယ်။

ဒါပေမဲ့ လုပ်ချင်တဲ့သူက ရှိပေမယ့် လုပ်နိုင်တဲ့သူက မရှိပါဘူး။ ဒီတော့ ကျွန်တော်တို့လက်ထဲပဲ ပြန်ရောက်လာပါတယ်။ လူကြီးပိုင်းတွေကလည်း စာကြည့်တိုက်ပျက်မှာစိုးလို့ ကျွန်တော် တို့ကိုပဲ ဆက်လုပ်ပေးဖို့ ဝိုင်းပြောတာလည်း ပါတာပေါ့။ ရန်ပုံငွေကိစ္စ သူတို့ ဖြေရှင်းပါမယ်လည်း ပြောကြပါတယ်။

နောက် စာအုပ်ခိုးတာကို ကာကွယ်ဖို့ အခြားအမှုတွေ အဆောင်လာတာကို အဆောင်မှူးပြောပြီး ပိတ်လိုက်ပါတယ်။ နောက် ဝန်ထမ်းတွေ စာအုပ်ယူဖတ်ပြီး တွေ့ရာနေရာမှာထားခဲ့တာကိုလည်း အဆောင်မှူးကို ပြောလိုက်တော့ အဆောင်မှူးက ဝန်ထမ်းတွေကို အဲဒီလို မလုပ်ဖို့ ပြောထားပြီး အဲဒီကိစ္စလည်း အဆင်ပြေသွားပါတယ်။

တန်းစီးချုပ်အပါအဝင် အကျဉ်းသားအရာရှိတချို့ကို ကျွန်တော် တို့ ကို စာအုပ်ဌားတဲ့ကိစ္စ အဆောင်က ကန့်ကွက်တာကို သူတို့သိသွားတော့ သူတို့လည်း စိတ်ဆိုးကြပါတယ်။ ဒီတော့ မခံချင်ဖြစ်ပြီး သူတို့ဟာသူတို့ ကိုယ်ပိုင် စာကြည့်တိုက် အသေးလေးထောင်ဖို့ စီစဉ်ကြပါတယ်။

သူတို့က ပိုက်ဆံစုပါတယ်။ ရတဲ့ပိုက်ဆံနဲ့ ဖတ်ချင်တဲ့စာအုပ်တွေဝယ်ပြီး ပိုက်ဆံထည့်တဲ့သူတွေပဲ ဖတ်ကြတာပါ။ အခြားသူ မဖတ်ရပါဘူး။ အကျဉ်းသားအရာရှိတွေရဲ့ ကိုယ်ပိုင်စာကြည့်တိုက်သဘောပေါ့။ ဒါပေမဲ့ သူတို့က စာကြည့်တိုက်ထောင် ခွင့်မရတော့ ကျွန်တော်တို့ကို လာပြီး အကူအညီတောင်းပါတယ်။ စာအုပ်တွေကို မှာပေးဖို့နဲ့ စာအုပ်တွေကို(၃)ဆောင် စာကြည့်တိုက်က စာအုပ်တွေဆိုပြီး အမည်ခံပေးဖို့ ၊သွင်းပေးဖို့ပါ။ အဲဒီကိစ္စကို စာအုပ်မှာတာ တာဝန်ယူထားတဲ့ မောင်ဖြူက လုပ်ပေးလိုက်ပါတယ်။

အဲဒီကိစ္စက အဆောင်မှူး အခြားထောင်ကို ပြောင်းသွားတော့ ကျွန်တော်တို့အတွက် အကျိုးကျေးဇူး ပြန်ရလာပါတယ်။

ဒီလိုပါ။ အဆောင်မှူး ပြောင်းသွားတော့ စတုထ္တမြောက် အဆောင်မှူး ရောက်လာပါတယ်။ သူက စာအုပ်သွင်းမပေးပါဘူး။ ဒီတော့ သက်သာကနေ သွင်းရပါတယ်။ သက်သာကနေ ထောင်ပိုင်ကြီး(သို့မဟုတ်) ထောင်ပိုင်လေး ရုံးခန်းကနေ လက်မှတ်ထိုးပြီးမှ အဆောင်ကို ရောက်လာတာဖြစ်ပါတယ်။ ဒီတော့ နိုင်ငံရေးစာအုပ်လို့ မျက်နှာဖုံးမှာ သိသာတဲ့ စာအုပ်တွေကို သိမ်းလိုက်ပါတယ်။ အဆောင်ကို ပို့မပေးပါဘူး။ ထောင်ပိုင်ကြီးဆိုရင် အကျိုးအကြောင်းရှင်းပြပြီး သွားပြန်တောင်းရင် ပြန်ရတာ ရှိပေမယ့် ထောင်ပိုင်လေးဆီကတော့ လုံးဝ မရပါဘူး။

ဒီမှာ ကြားဖြတ်ပြောလိုတာက ကျွန်တော်တို့ စာကြည့်တိုက်ကနေ အမျိုးသမီးဆောင်က တစ်လကို အုပ် ၅၀ ငှားပါတယ်။ တစ်လပြည့်ရင် ပြန်ပေးပြီး နောက်ထပ် အုပ် ၅၀ ထပ်ယူပါတယ်။ အဲဒါက အမျိုးသမီးဆောင်က ထောင်မှူးမကြီးက သူတို့ဆီကိုလည်း ငှားပေးဖို့ မေတ္တာရပ်ခံတာပါ။ ကျွန်တော်တို့ စာကြည့်တိုက်က စည်းကမ်းမှာ နာမည်ကြီးတော့ မပျောက်စေရဘူး။ မပြဲစေရဘူးလို့လည်း သူက အာမခံပါတယ်။ စာအုပ်သွင်းတဲ့ သက်သာက ထောင်မှူးမကြီးကိုင်တာဆိုတော့ စာအုပ်သွင်းတဲ့အခါ အမျိုးသမီးဆောင်ကို စာအုပ်ငှားပေးတဲ့ အကျိုးကျေးဇူးလည်း ပြန်ခံစားရပါတယ်။ စာအုပ်ရောက်တာနဲ့ မစစ်ဘဲ ချက်ခြင်း ပို့ပေးပါတယ်။

ခက်တာက ထောင်ပိုင်လေးဆီမှာ စာအုပ် သိမ်းခံရတာပါ။ ဒီတော့ ဘယ်လိုနည်းနဲ့ စာအုပ်ရောက်လာလဲ တန်းစီးချုပ်ကို သွားမေးတော့ သူသွားယူရတာလို့ ပြောပါတယ်။ သူက ဘူးဝမှာ သွားယူပြီး ထောင်ပိုင်ကြီး (သို့မဟုတ်) ထောင်ပိုင်လေး ရုံးခန်းကို ပို့ပါတယ်။ လက်မှတ်ထိုးပြီးနောက် သူပဲသွားယူပြီး အဆောင်ကို လာပို့တာပါ။

ဒီတော့ မောင်ဖြူက သူ့ကို ညှိပါတယ်။ နိုင်ငံရေးစာအုပ်မှန်းသိသာတဲ့ စာအုပ်ဆိုရင် ရုံးခန်းမပို့ဘဲ သူဆီမှာပဲထားဖို့၊ ပြီးမှ သူလာယူမယ်ဆိုပြီး ဒီလိုနဲ့ နိုင်ငံရေးစာအုပ်တွေ အသိမ်းမခံရအောင် လမ်းကြောင်း လုပ်နိုင်ခဲ့ပါတယ်။

ထောင်ကို လူ့အခွင့်အရေးကော်မရှင်လာတော့ သုတ၊ ရသ၊ ဘာသာပြန် စာအုပ် ၂၀၀ ထောင်ကို လှူးသွားပါတယ်။ အဲဒီက ကျွန်တော်တို့က စာအုပ် ၇၀ ရပါတယ်။ ထောင်စာကြည့်တိုက်ကလည်း ၇၀ ရပါတယ်။ အမျိုးသမီးဆောင်က ၆၀ ရပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ စိတ်ကြိုက်စာအုပ်တွေ ရွေးယူပါတယ်။

ညွှန်ကြားရေးမှူး ထောင်ကိုလာစစ်တော့ ကျွန်တော်တို့ စာကြည့်တိုက်ကို သဘောကျသွားတာနဲ့ စာကြည့်တိုက်နဲ့ ပတ်သက်ပြီး လိုတာရှိရင် အကူအညီပေးဖို့ ထောင်ပိုင်ကြီးကို မှာသွားသလို သူလည်း ကူညီမှာဖြစ်ကြောင်း ပြောသွားပါတယ်။ ဒါ့အပြင် စာကြည့်တိုက်အတွက်လည်း စာအုပ်လှူချင်တဲ့အတွက် လိုချင်တဲ့စာအုပ်ရှိရင်လည်း သူကိုပြောဖို့ မှာသွားပါတယ်။

အဲဒါက ကျွန်တော်တို့ကို ပြောသွားတာမဟုတ်ဘဲ လူကြီးတွေကိုပြောသွားတာပါ။ လူကြီးတွေကလည်း စာကြည့်တိုက်ကို သူတို့လုပ်တာလို့ ပြောလိုက်ပုံရပါတယ်။

တကယ်လည်း လူကြီးတစ်ယောက်က သူဖတ်ချင်တဲ့ စာအုပ်နှစ်အုပ်ကို မှာလိုက်တာမှာ ညွှန်/မှူးက ပို့ပေးပါတယ်။ ဆန်းလွင်ရဲ့ “လူတို့ကိုးကွယ်ရာ ဘာသာကြီးများ” နဲ့ ”ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်” ဆိုတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်တွေကို မှာတဲ့လူကြီးက စာကြည့်တိုက်ကို ပို့မပေးဘဲ သူလွတ်တော့ ယူသွားပါတယ်။ သူ့ကို ဝယ်ပေးတာလို့ လည်း ပြောပါတယ်။

ဒီလိုနဲ့ စာကြည့်တိုက်က အခက်အခဲတွေကြားထဲကနေ စာအုပ် ၈၀၀ ကျော် အထိ ဖြစ်လာပါတယ်။ ၂၀၂၂၊ နိုဝင်ဘာလ ၁၇ ရက် (အမျိုးသားနေ့)မှာ လွတ်/ငြိမ်းလာတော့ ကျွန်တော်တို့ ကော်မတီတွေ တိုင်ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီက လူတွေက ထောင်ထဲကို မတိမ်းမယိမ်းရောက်လာကြတာဖြစ်လေတော့ လွတ်ရင်လည်း မတိမ်းမယိမ်းတွေ လွတ်ကြမှာပါ။ နောက်အကျဆုံးသူတောင် လွတ်ဖို့က ၈ လ လိုတော့တာဆိုတော့ စာကြည့်တိုက်ကို လက်လွှဲဖို့ ပြင်ဆင်သင့်ပြီလို့ သဘောတူကြပါတယ်။ ဒီကြားထဲ လွတ်/ငြိမ်းလာရင် ကော်မတီတစ်ခုလုံးလည်း လွတ်ချင် လွတ်သွားနိုင်တယ်လေ။

ဒီတော့ ကျွန်တော်တို့လည်း လုပ်ချင်တဲ့သူတွေထဲက တချို့ကိုခေါ်ပြီး စာအုပ်ချုပ်တာ။ စာအုပ်ငှားတာ၊ စာအုပ် စာရင်းသွင်းတာတွေကို သင်ပြပေးပြီး လက်လွှဲ ပေးလိုက်ပါတယ်။ စာကြည့်တိုက်ပစ္စည်းတွေလည်း လက်လွှဲပေးလိုက်ပါတယ်။ ကျွန်တော်တို့က စာအုပ်သွင်းတဲ့အပိုင်းနဲ့ စာအုပ်မှာတာပဲ လုပ်ပါတော့တယ်။ အဲဒီအပိုင်းကတော့ မောင်ဖြူလုပ်တာကိုင်တာကိုပြပြီး သူတို့ကို အဲဒီလိုလုပ်ဖို့ ချိတ်ဆက်ပေးခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၂၃၊ ဇန်နဝါရီ ၄ ရက်နေ့မှာ လွတ်/ငြိမ်းလာပါတယ်။ အဲဒီ လွတ်/ငြိမ်းမှာ စာကြည့်တိုက်ကော်မတီက ကဗျာဆရာ မောင်မျိုးကလွဲရင် ကျန်တဲ့သူတွေ အကုန်ပါသွားပါတယ်။ မောင်မျိုးလည်း ၃ လလောက်ပဲ နေလိုက်ရတာပါ။ ၂၀၂၃ ဧပြီမှာ လာတဲ့ လွတ်/ငြိမ်းကျတော့ သူလည်း လွတ်သွားပါတယ်။

စာကြည့်တိုက်ကတော့ ၅၀(ည)တွေက ဦးစီးပြီး ဆက်လက်လုပ်ကိုင်နေကာ လွတ်သွားသူတွေက တစ်လက်ကနေ တစ်လက်ကို လွှဲရင်း အခု လက်ရှိအချိန်အထိ လည်ပတ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

Leave a Comment