ရေရှည်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ ထိုင်းရောက် မြန်မာဒုက္ခသည်တွေ 

မဏ္ဍိုင်၊ မတ် ၁၀ ၊ ၂၀၂၅။

ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင် ဒုက္ခသည်စခန်းတခုမှာနေထိုင်တဲ့ ၃၇ နှစ်အရွယ် ကရင်အမျိုးသား စောအယ်ဝါး*ဟာ ပြင်းထန်ဗိုက်အောင့်ဝေဒနာကို မကြာခဏခံစားနေရသူပါ။ ဗိုက်အောင့်လာပြီဆိုရင် စခန်းတွင်းကဆေးရုံကို အမြန်ပြေး ပြီး ကုသမှုခံယူလိုက်တဲ့အခါမှသာ သက်သာလေ့ရှိတယ်လို့ သူက ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှာ သူ့ဗိုက်က မခံမရပ်နိုင်အောင် အောင့်လာတဲ့အခါ မထင်မှတ်ဘဲ ဆေးရုံပိတ်လိုက်တာနဲ့ သူကြုံလိုက် ရပါတယ်။

“ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး။ အဲ့ဒါနဲ့ အိမ်မှာရှိတဲ့ဆေးတွေပဲသုံးပြီး သက်သာလို့သက်သာငြား အခြေအနေကို စောင့်နေခဲ့ရတယ်။” လို့ သူက ကရင်ဘာသာနဲ့ ပြောပါတယ်။

အဲဒီနောက် အိမ်ရှိဆေးတွေနဲ့ ဗိုက်အောင့်တာကို သက်သာမလားလို့ ကုပေးမယ့် မသက်သာဘဲ ပိုဆိုးလာခဲ့တာကြောင့် နောက်နေ့မှာ သူ့မိတ်ဆွေရဲ့လမ်းညွှန်မှုနဲ့ သောင်းရင်းမြစ်ကို ဖြတ်ပြီးတော့ မြန်မာဘက်အခြမ်းက တောတွင်းဆေးရုံ တစ်ခုကို သုံးနာရီကြာ လမ်းလျှောက်သွားခဲ့ရတယ်လို့ သူကဆိုပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံတကာကိုပေးနေတဲ့အကူအညီ တွေအားလုံးကို ရက်ပေါင်း ၉၀ ဆိုင်းငံ့လိုက်တဲ့နောက်မှာတော့ စောအယ်ဝါး အပါအဝင် ထိုင်း-မြန်မာနယ်စပ် တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းက ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသူတွေအားလုံး အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

တရားမဝင်တဲ့ ဒုက္ခသည်တွေ

စောအယ်ဝါးဟာ လူဦးရေ လေးသောင်းနီးပါး (၃၇,၀၀၀) ကျော်ရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ နေထိုင်တာပါ။ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ မယ်လဒုက္ခသည်စခန်းအပါအဝင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာပြည်ထဲက ထွက်ပြေး လာသူ စုစုပေါင်း လူဦးရေတစ်သိန်းကျော်ရှိတယ်လို့ နယ်စပ်ဒေသကူညီစောင့်ရှောက်ရေးညွှန့်ပေါင်းအဖွဲ့ (TBC) ရဲ့ စာရင်းအရ သိရပါတယ်။

ဒီဒုက္ခသည်စခန်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကတည်းက မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ စတင် အခြေချနေထိုင်ခဲ့တာဖြစ်တယ်လို့ ကရင်ဒုက္ခသည်များကော်မတီ(KRC)ရဲ့ အတွင်းရေးမှူးစောပွယ်ဆေးက ပြောပါတယ်။

၁၉၅၁ ဒုက္ခသည်ကွန်ဗက်ရှင်းကို လက်မှတ်ထိုးမထားတဲ့ ထိုင်းအစိုးရအဆက်ဆက်ကတော့ ဒီဒုက္ခသည်စခန်းတွေကို ယာယီစစ်ရှောင်စခန်းတွေအဖြစ်သာ အသိအမှတ်ပြုထားပြီး နိုင်ငံတကာအကူအညီတွေနဲ့ လည်ပတ်နေတာပါ။ ဒါကြောင့် ထိုင်းနိုင်ငံကဒုက္ခသည်တွေဟာ စခန်းပြင်ပကို ထွက်ခွင့်မရှိသလို ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စခန်းထဲက ဆေးရုံတွေမှာပဲ ယူနေရတာပါ။ 

သမ္မတဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံတကာအကူအညီဆိုင်းငံ့တဲ့အမိန့်ထွက်တဲ့ နောက်ပိုင်းမှာ နိုင်ငံတကာ ဖွံ့ဖြိုးရေးအမေရိကန် အေဂျင်စီ (USAID) ရဲ့ ငွေနဲ့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC) က စီမံနေတဲ့ စခန်းခုနစ်ခုက ဆေးရုံတွေဟာ ရုတ် တရက် ပိတ်သွားခဲ့တယ်လို့ စောပွယ်ဆေးက ပြောပါတယ်။

အဲဒီဆေးရုံတွေပိတ်သွားတဲ့အခါ စခန်းတွင်းက အရေးပေါ်လူနာတွေဟာ နီးစပ်ရာထိုင်းအစိုးရဆေးရုံတွေကို ကိုယ့်အစီ အစဉ်နဲ့ကိုယ် သွားရတာ၊ ဆေးကုသမှုမရတော့လို့ သေဆုံးရတာနဲ့ မြန်မာပြည်ဘက်အခြမ်းက တောတွင်းဆေးရုံတွေကို ခက်ခက်ခဲသွားရတာတွေ ဖြစ်ခဲ့ရတယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

စောအယ်ဝါးဆိုရင် တောတွင်းဆေးရုံမှာ ကုသမှုခံယူပြီး နားနေစဉ် နောက်နေ့ ဇန်နဝါရီ ၃၀ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဆေးရုံနဲ့ ဘောလုံးကွင်းတစ်ကွင်းစာသာဝေးတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရုံးတစ်ခုကို မြန်မာစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ကြုံရပြီး ဆေးရုံကနေ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒရုန်းရောက်လာတော့ အသံက အကျယ်ကြီးဆိုတော့ လန့်သွားတာပေါ့။ ဆရာမတွေက လူနာတွေကို ဆေးရုံထဲကနေ ခေါ်ထုတ်ပြီး တောင်ပေါ်က တောအုပ်လေးထဲမှာ ပြေးပုန်းခဲ့ရတယ်။” လို့ ဗိုက်အောင့်ဝေဒနာပျောက်ကင်းစေဖို့ ဆေးကုသ ရင်း ကြုံရတဲ့အတွေ့အကြုံကို စောအယ်ဝါးက ပြောပြပါတယ်။

အဲဒီနောက် သူဟာ တောတွင်းဆေးရုံကနေ ဆင်းခွင့်ရပြီး မယ်လဒုက္ခသည်စခန်းကို ပြန်ခဲ့ပါတယ်။

အသက်တွေပါသွားတဲ့ အကူအညီရပ်ဆိုင်းမှု

အမေရိကန်ရဲ့ အကူအညီပေးရေး အစီအစဉ်တွေ ရပ်ဆိုင်းလိုက်တာဟာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ဆေးရုံတွေ ရုတ်တရက်ပိတ်လိုက်ရပြီး “ဒါမျိုး ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။” လို့ KRC အတွင်းရေးမှူး စောပွယ်ဆေးက ပြောပါတယ်။

လူဦးရေ တစ်သောင်းကျော်ရှိတဲ့ အုန်းပြန့်ဒုက္ခသည်စခန်းမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက “ဆေးရုံမှာရှိတဲ့ လူတွေ အားလုံးကို တာဝန်ရှိသူတွေက ချက်ချင်းပြန်လွှတ်ခဲ့တယ်။ ဆေးရုံဝန်ထမ်းတွေရော အရေးပေါ်လူနာတွေရော အားလုံး ပဲ။” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်မှာ အမေရိကန်အစိုးရက အရေးပေါ်အသက်ကယ်ဆယ်ရေးအကူအညီတွေကို ချွင်းချက်အနေနဲ့ ခွင့်ပြု ပေးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီချွင်းချက်ခွင့်ပြုမှုကနေ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်အရေး အကူ အညီပေးနေတဲ့အဖွဲ့တွေဟာ ဘာအကျိုးသက်ရောက်မှုမျှ မခံစားရသေးဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) က ဖေဖော်ဝါရီ ၁၃ မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

အုန်းပြန့်စခန်းမှာဆိုရင် ဆေးရုံပိတ်ပြီးနောက် အောက်ဆီဂျင်မရလို့ သေဆုံးသူ အနည်းဆုံး လေးဦးရှိခဲ့တယ်လို့ အပြည် ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆေးရုံပိတ်ထားစဉ် အုန်းပြန့်စခန်းက အသက် ၇၃ အရွယ် ဦးဝင်းမြင့်ဆိုသူဟာ ရုတ်တရက်အသက်ရှုကျပ်ပြီး ဆေးကု သမှုမရဘဲ သေသွားခဲ့ရတယ်လို့ သူ့ရဲ့ မိတ်ဆွေက ပြောပါတယ်။

ဦးဝင်းမြင့်ဟာ ဒုက္ခသည်စခန်းက General Educational Development (GED) စာမေးပွဲဖြေဆိုမယ့် ကလေးတွေကို အင်္ဂလိပ်စာသင်ကြားပေးနေသူဖြစ်ပြီး ပညာရေးအတွက် အားထားရသူတစ်ဦးဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ဆေးရုံသာဖွင့်ထားခဲ့ရင် အချိန်မီဆေးကုသခွင့်ရပြီး အသက်မီနိုင်သေးတယ်။ မသေသင့်ဘဲ သေခဲ့ရတာ။”

အုန်းပြန့်စခန်းထဲကပဲ နောက်ထပ် အသက် ၇၁ အရွယ်အမျိုးသမီးလည်း ဆေးရုံကနေဆင်းခဲ့ရပြီးနောက် အောက်ဆီ ဂျင်ကျပြီး သေသွားခဲ့ပြန်တယ်လို့ သူက ပြောပါတယ်။ 

အကန့်အသတ်တွေနဲ့ ထိုင်းရဲ့ အကူအညီ

အရပ်ဘက်အဖွဲ့အစည်းတွေ၊ စခန်းတာဝန်ရှိသူတွေနဲ့ ထိုင်းအာဏာပိုင်တွေ ဒီအကျပ်အတည်းနဲ့ ပတ်သက်လို့ အကြိမ် ကြိမ် စည်းဝေးတိုင်ပင်ပြီးနောက်မှာ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ စခန်းထဲက ဆေးရုံတွေကို ဖေဖော်ဝါရီ ဒုတိယပတ်မှာ ပြန်ဖွင့်ခဲ့ပါတယ်။

မယ်လဒုက္ခသည်စခန်းက စေတနာ့ဝန်ထမ်းတစ်ယောက်ရဲ့ အပြောအရ ထိုင်းဆရာဝန်တွေဟာ စခန်းထဲကဆေးရုံတွေမှာ နေ့ပိုင်းမှာ အလှည့်ကျလာထိုင်ပေးကြပြီး ဝန်ထမ်းတွေကတော့ လစာမယူဘဲ ကိုယ်ထူကိုယ်ထပုံစံနဲ့ ပြန်လည်ပတ်ခဲ့ ကြတာလို့ ပြောပါတယ်။

ဒါပေမဲ့လည်း USAID အကူအညီပြန်ရဖို့ မသေချာတဲ့အခြေအနေကြောင့် ဒုက္ခသည်စခန်းတွေထဲမှာ ရေရှည်ကျန်းမာ ရေးစောင့်ရှောက်မှုပေးဖို့ ဝန်ထမ်းမလုံလောက်မှုနဲ့ ဆေးမလောက်ငမှုတွေ ကြုံနေဆဲပဲလို့ စခန်းတာဝန်ရှိသူတွေနဲ့ ဒုက္ခ သည်တွေက ပြောပါတယ်။

မဲဆောက်ဆေးရုံက ကူးစက်ရောဂါအထူးကု ဆရာဝန်တစ်ဦးက နယ်စပ်က ထိုင်းနိုင်ငံသားတွေတောင် ကျန်းမာရေး ဝန်ထမ်းမလုံလောက်မှုကြောင့် ကုသခွင့်ရဖို့အချိန်အကြာကြီးစောင့်ဆိုင်းနေရချိန်မှာ မြန်မာဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးဖို့ ထိုင်းဆရာဝန်တွေကို တာဝန်မပေးသင့်ကြောင်း ဖေဖော်ဝါရီ ၃ ရက်မှာ ဖေ့စ်ဘွခ် ပို့စ်တင်ခဲ့ပါတယ်။

အဲဒီအစား ထိုင်းဗဟိုအစိုးရအနေနဲ့ ဆေးရုံဆေးခန်းတွေနဲ့ အကျွမ်းတဝင်ရှိပြီးသား မြန်မာဆရာဝန်တွေကို ငှားသင့်တယ် လို့လည်း သူက ဆိုပါတယ်။ 

ထိုင်းကျန်းမာရေးဝန်ကြီးကတော့ ဒုက္ခသည်တွေအတွက် စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ နိုင်ငံခြား ရေးဝန်ကြီးဌာနကနေဆင့် တခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေထံက အကူအညီရှာဖွေသွားမယ်လို့ ပြောပါတယ်။

ရေရှည်ကိုင်တွယ်ရမယ့် မြန်မာဒုက္ခသည်အရေး

နယ်စပ်အခြေစိုက်ကျန်းမာရေးအဖွဲ့တွေ၊ ဒုက္ခသည် ကူညီပေးရေးအဖွဲ့တွေနဲ့ ပြည်သူ့ရေးရာမူဝါဒ ကျွမ်းကျင်သူတို့ ကတော့ ပဋိပက္ခတွေကြောင့်ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေ အများဆုံးရောက်လာမှာ ထိုင်းနိုင်ငံဖြစ်တဲ့အတွက် ရေရှည်နည်းလမ်းတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ဆို ၂၀၂၁ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကိုရောက်လာတဲ့ မြန်မာကျန်းမာရေးလုပ်သားထောင်နဲ့ချီရဲ့ ကျွမ်းကျင်မှု ကို အသုံးချလို့ရတယ်လို့ သူတို့က အကြုံပြုပါတယ်။

“ ထိုင်းရဲ့ ဥပဒေအရ ထိုင်းနိုင်ငံသားမဟုတ်ရင် ဆရာဝန်ဖြစ်ပိုင်ခွင့် မရှိဘူး။ အဲဒီလုပ်ထုံးလုပ်နည်းတွေက လျှော့ပေါ့ပြီး စီဒီအမ်ဆရာဝန်ပဲ ဖြစ်ဖြစ် တော်လှန်ရေးမှာပါဝင်တဲ့ တက်ကျွမ်းတဲ့ ပညာရှင်တွေကို ဘယ်လိုပြန်သုံးမလဲဆိုတာ ထိုင်းအစိုးရအနေနဲ့ စဉ်းစားဖို့လိုမယ်။ ဒုက္ခသည်အရေးကို ကူညီမယ့်အဖွဲ့တွေကလည်း အဲ့ဒါကို စဉ်းစားဖို့လိုမယ်။” လို့ ပြည်သူ့ရေးရာမူဝါဒကျွမ်းကျင်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

ဒါပေမဲ့ ဒုက္ခသည်ကွန်ဗက်ရှင်းကို လက်မှတ်ထိုးမထားတဲ့ ထိုင်းအစိုးရကို ဒီအတွက် ဖိအားပေးတိုက်တွန်းပါက ရှုပ်ထွေး မှုတွေဖြစ်လာနိုင်ပြီး အကောင်အထည်ပေါ်မလာမှာကို သတိထားသင့်တယ်လို့လည်း သူက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ IRC က ၃ လတာ အစီအစဉ်နဲ့ ဒုက္ခသည်စခန်းတွေထဲက ဆေးရုံတွေကို ပြန်စဖွင့်ခဲ့တယ်လို့ KRC အတွင်းရေးမှူး စောပွယ်ဆေးက ပြောပါတယ်။ အုန်းပြန့်စခန်းက ဆီးချိုလူနာတဦးကတော့ စခန်းထဲကဆေးရုံ ပြန်ဖွင့် တယ်ဆိုပေမယ့် အရင်လိုအပြည့်အဝ မလည်ပတ်နိုင်ဘူးလို့ဆိုပါတယ်။

“ အခု နေမကောင်းဖြစ်လို့သွားပြရင် ဘာမျှမထူးခြားဘူး။ ဆေးမရှိလို့၊ မလောက်လို့နဲ့။ နောက်ဆုံးကျ ပေးစရာမရှိ ပါရာစီတမောလောက်ပဲ ပေးပြီးပြန်လွှတ်လိုက်တာ တပုံကြီး။ ဆီးချိုစစ်ဖို့ဆိုလည်း ခဏလေးနေဦးဆိုပြီး နောက်ရက်ကို ပြန်ချိန်းတယ်။ စစ်တဲ့အတံမရှိလို့တဲ့။” 

ဒါကြောင့် စခန်းထဲက ကျန်းမာရေးလုပ်သားတွေ အိမ်မှာဖွင့်ထားတဲ့ အိမ်ဆေးခန်းတွေကိုပဲ ရောဂါသက်သာဖို့ အားကိုး နေရတယ်လို့ သူက ပြောပါတယ်။

နယ်စပ်ဒေသကူညီစောင့်ရှောက်ရေးညွှန့်ပေါင်းအဖွဲ့ (TBC) က ထိုင်းနိုင်ငံထဲရောက်နေတဲ့ ဒုက္ခသည်တွေဟာ နိုင်ငံတကာ အကူအညီတွေကိုပဲ အားကိုးနေရတာဟာ ရေရှည်ဖြေရှင်းနည်းမဟုတ်ဘဲ ထိုင်းလူ့အသိုင်းအဝိုင်းထဲမှာဝင်ဆံ့ဖို့ ထိုင်းနိုင်ငံ ရဲ့ မူဝါဒအပြောင်းအလဲလုပ်ဖို့လိုတယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးရေး၊ ကုန်ထုတ်စွမ်းအားမြှင့်တင်ပေးနိုင်တဲ့သူတွေအဖြစ် အသိအမှတ် ပြုရေးနဲ့ ကိုယ်ထူကိုယ်ထဖွဲ့စည်းထားတဲ့ ဒုက္ခသည်အကူအညီပေးရေးအဖွဲ့တွေရဲ့အသံ နားထောင်ရေးတို့ကို ရေရှည်နည်းဗျူဟာ တစ်ခုအနေနဲ့ မူဝါဒအပြောင်းအလဲလုပ်ဖို့ TBC က အဆိုပြုပါတယ်။

ပြင်းထန်ဗိုက်အောင့်ဝေဒနာကို ခံစားနေရတဲ့ စောအယ်ဝါးကတော့ ခုအခြေအနေမှာ အလုပ်လည်းလုပ်ခွင့်မရ စခန်း အပြင်လည်းထွက်ခွင့်မရဘဲ စခန်းထဲက ဆေးရုံရဲ့ အခမဲ့ကျန်းမာရေးစနစ်ကိုသာ အလုံးစုံမှီခိုနေရတာဖြစ်ပါတယ်။

“မအောင့်ရင်တော့ ဘာမျှမဖြစ်ပါဘူး။ အရမ်းအောင့်လာချိန်မှာ စခန်းထဲက ဆေးရုံ ထပ်ပိတ်သွားမလား စိုးရိမ်နေရ တယ်။”

Leave a Comment

3 comments

goplaybet December 22, 2025 - 10:44 pm

Hey folks, tried goplaybet the other day. Pretty smooth experience, decent selection of games. Might become my new go-to. Give it a whirl: goplaybet

Reply
"oppna binance-konto December 25, 2025 - 6:34 pm

Your article helped me a lot, is there any more related content? Thanks! https://accounts.binance.info/en/register?ref=JHQQKNKN

Reply
vipjili January 15, 2026 - 3:03 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing