မိုးသက် ရေးသည်။
မဏ္ဍိုင်၊ မေ ၂၅၊ ၂၀၂၆။
ထမင်းကျွေးမယ့်ထဲ စိမ်းစားငါးပိအခဲလေးပါလို့ စိတ်ထဲပျော်သွားပေမယ့် ပုတ်အဲ့အဲ့အနံက နှာခေါင်းထဲ ဝင်လာတယ်။ ထောင်တွင်းစားရတဲ့ အစားစာတွေက ကောင်းကောင်းမွန်မွန် ကျွေးတာမဟုတ်ဘူးဆိုတာ သိပေမယ့် ဒီလောက်ထိဆိုးရွားပြီး သန့်ရှင်းမှုမရှိတာက စိတ်ပျက်စရာကောင်းတယ်လို့ နိုင်ငံရေးအကျဥ်းသူဖြစ်တဲ့ မကေသွယ် (အမည်လွှဲ)က ပြောပါတယ်။
“သူတို့ပေးတဲ့ အဲဒီ ငါးပိကလေ ဘယ်လောက်တောင် ဟောင်းဆွေးပြီး နှစ်ချို့နေလဲဆို ပုတ်စော်နံတာ။” လို့ မကေသွယ်က ပြောပါတယ်။ ဆန်ကြမ်းထမင်းနဲ့ အရည်ကျဲကိုသာ နေ့စဥ်စားနေရချိန်မှာ ငါးပိကလည်း မက်မောစရာဖြစ်တာကြောင့် အကျဥ်းသူအချို့က ယူကြစားကြပေမယ့် သူကတော့ မစားဖြစ်ခဲ့ပါ။
စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး ချို့ဖောက်မှုအမြင့်ဆုံးနေရာကိုပြပါဆိုရင် အကျဥ်းထောင်တွေကိုညွှန်ပြရ မှာ ဖြစ်ပြီး၊ အကျဥ်းသားတွေမှာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာအပါအဝင် လူ့ဂုဏ်သိက္ခာ ပျောက်ကွယ်တဲ့အထိ အခွင့် အရေးချိုးဖောက်မှုတွေ ခံနေရပါတယ်။
အကျဥ်းထောင်အသီးသီးက အကျဥ်းသားတွေမှာ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာ၊ အစာအဟာရ လုံလောက်မှု မရှိတာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတာ၊ တိုက်ပိတ်ခံရတာ၊ ထောင်ဝင်စာ ကန့်သတ်တာခံရတာစတဲ့ ပြဿနာတွေကို အကျဥ်းသားတိုင်းကြုံရပါတယ်။
အထူးသဖြင့် သန့်ရှင်းမှုအားနည်းပြီး အာဟာရမပြည့်ဝတဲ့ အစားအသောက်တွေကို နေ့စဥ်စားနေရတာကြောင့် အကျဥ်းသား တွေမှာ အဟာရချို့တဲ့မှုအပါအဝင် နာတာရှည်ရောဂါလို ကျန်းမာရေး ထိခိုက်မှုတွေ ကြုံနေရတယ်လို့ လွတ်မြောက်လာတဲ့ အကျဥ်းသားတွေနဲ့ အကျဥ်းသားတွေကိုကူညီနေတဲ့ အဖွဲ့အစည်းတွေက အမြဲတစေ ထောက်ပြလေ့ရှိပါတယ်။
အကျဉ်းထောင်အသီးသီးက အကျဉ်းသားတွေ နေ့စဥ်စားသောက်ရတဲ့ အစားအစာတွေက ဝမ်းဝဖို့မဆိုထားနဲ့ အာဟာရ လည်း ပြည့်ဝလုံလောက်မှုမရှိဘူးလို့ အကျဉ်းသားတွေက တညီတညွတ်တည်းပြောကြပါတယ်။
“အရသာရော သန့်ရှင်းမှုရော မရှိတဲ့ အစားအသောက်တွေကို မစားမဖြစ် နေ့စဥ်စားသောက်နေရတာ စိတ်ဖိစီးစရာပါပဲ။” လို့ အသက် ၄၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ တစ်ဦးဖြစ်တဲ့ မကေသွယ်က ပြောပါတယ်။
မကေသွယ်က စစ်ကောင်စီကိုဆန့်ကျင်မှုကြောင့် ၂၀၂၁ မှာ အဖမ်းခံခဲရပြီး အင်းစိန်အကျဥ်းထောင်မှာ လအနည်းငယ် အကျဥ်းကျခဲ့သလို၊ ၂၀၂၂ မှာတော့ ဒုတိယအကြိမ် ထပ်မံအဖမ်းခံရပြီး ပြည်အကျဥ်းထောင်မှာ သုံးနှစ်ကျော် နေထိုင်ခဲ့ ရပါတယ်။
အကျဥ်းထောင်ရဲ့ မနက်စာက ဆနွင်းနံပြင်းပြင်း ထမင်းကြော်၊ ဒါမှမဟုတ် ဆန်ကွဲနဲ့ပြုတ်ထားတဲ့ ဆန်ပြုတ်အရည်ကျဲကျဲ စတီးခွက် တစ်ခွက်စာပါ။ နေ့လယ်စာက ပဲဟင်း၊ ဒါမှမဟုတ် ချဥ်ရည်ဟင်းနဲ့၊ ညနေစာကတော့ အသား၊ ငါး ဒါမှမဟုတ် ကြက်ဥဟင်းတွေကို တစ်ပတ်နှစ်ကြိမ် ( သို့မဟုတ် ) သုံးကြိမ်ခန့်ကျွေးမွေးလေ့ရှိပါတယ်လို့ အကျဥ်းသားတွေက ပြောပြ တယ်။
နေ့စဥ်စားနေရတဲ့ ထမင်းဆိုလည်း ဆန်ကြမ်း၊ ဆန်ကွဲကိုမှ မာတလှည့်ပျော့တခါဖြစ်နေသလို၊ ဆား၊ အရသာမှုန့်မပါ၊ နီရဲနေတဲ့အရောင်တင်မှုန့်တွေနဲ့ ချက်ထားတဲ့ အသား၊ ငါးကလည်းအရွယ်အစားသေးသေးနဲ့ တခါတရံ အတွင်းထဲက မကျက်ဘဲ သွေးစလိုမျိုးတွေပါ ပါလေ့ရှိတယ်လို့ အကျဉ်းသားတွေက ပြောပါတယ်။
မြန်မာနိုင်ငံအကျဥ်းထောင်အသီးသီးမှာ အကျဥ်းသားတွေ နေ့စဥ်စားရတဲ့ အစားစာတွေက သန့်ရှင်းမှုမရှိတာနဲ အာဟာရ မပြည့်ဝတာ တူညီကြသလို အကျဥ်းသားတွေကို ကျွေးမွေးတဲ့ အစားအစာတွေက ဆိုးရွားပြီး ညံ့ဖျင်းတယ်လို့ ဆိုပါတယ်။
အကျဥ်းထောင်အတွင်း ထမင်းကို ကြိုက်သလောက်ယူလို့ရပေမယ့် ဟင်းကတော့ သတ်မှတ်ပုံစံ အတိုင်းသာစားရပါတယ်။ ဒါပေမဲ့ ထမင်းရော ဟင်းရော ဖြစ်သလိုချက်ပြုတ်ထားပြီး သန့်ရှင်းမှု အားနည်းတာကြောင့် အများစုက မစားနိုင်ကြဘူးလို့ အကျဥ်းသားတွေက ပြောပါတယ်။
“ထောင်ထမင်းဟင်းကိုချည်းပဲ မှီခိုနေရတဲ့သူတွေဆိုရင် အာဟာရဆိုတာကို မတွေးနိုင်ဘူး၊ ရှိတာပဲ စားရတာ။” လို့ အင်းစိန် အကျဥ်းထောင်ကနေ ၂၀၂၄ ခုနှစ်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဖြစ်တဲ့ ကိုရဲက ပြောတယ်။
အာဏာသိမ်းကာလ အစ ၂၀၂၁ အချိန်တုန်းက အကျဥ်းသားမများသေးတာကြောင့် အစားအသောက်ကျွေးမွေးမှုက မဆိုးရွား ပေမယ့် နောက်ပိုင်းကာလတွေမှာ အကျဥ်းသား အရေအတွက် များလာသလို စားရတဲ့ ပမာဏကလည်း ပိုပြီးနည်းပါး လာတယ်လို့ အကျဥ်းသားတွေက ပြောပါတယ်။
အာဏာသိမ်းအစောပိုင်းကာလတွေမှာ အသားငါးက တစ်ပတ်ကို လေးကြိမ်ခန့် ကျွေးမွေးပါတယ်။ ဒါ့အပြင် ကြက်ဥသုံးလုံး၊ အသား ငါးဆိုလည်း ပုံမှန်အရွယ်အစားရှိတဲ့ အသားတုံး စားရပေမယ့်၊ အကျဥ်းသားတွေများ လာတဲ့နည်းတူ တဖြည်းဖြည်း ပမာဏ လျော့နည်းလာပြီးနောက်မှာတော့ အရွယ်အစားသေးတဲ့ ကြက်ဥနှစ်လုံး လက်တဆစ်အရွယ်သာရှိတဲ့ အသား၊ ငါး ကို တစ်ပတ်နှစ်ကြိမ်ခန့်သာ ခွဲတမ်းနဲ့ စားရတော့တယ်လို့ ဆိုတယ်။
အကျဥ်းထောင်တွေမှာ နေ့စဥ်ကျွေးမွေးတဲ့ အစားအသောက်က အာဟာရ မပြည့်ဝတာတင် မကပါဘူး၊ အဆိုးရွားဆုံးက ချက်ပြုတ်မှုရော စားသောက်ရတဲ့ အခြေအနေကပါ သန့်ရှင်းမှု လုံးဝမရှိတဲ့အတွက် ရောဂါ ထူပြောကြတာလို့ အကျဥ်းသား တွေက ဆိုပါတယ်။
ဆန်ဆိုလည်းအကြမ်းဆုံးဆန်ကိုမှ အမှုန်အမွှားအမှိုက်စတွေပါတာ၊ ကြွက်ချေးတွေပါလာတာတွေကြောင့် အကျဥ်းသူတွေမှာ မချက်ပြုတ်မီ ကြွက်ချေးတွေ ရွေးဖယ်ရလေ့ရှိပါတယ်။
နေ့လယ်စာအဖြစ်ကျွေးတဲ့ ပဲဟင်း၊ ချဥ်ရည်ဟင်းဆိုလည်း အရည်ကျဲကျဲကိုမှ ပါဝင်တဲ့ အရွက်ဆိုတာ သေချာလှီးဖြတ် မဆေးကြောဘဲ ရိရွဲပိုးထိုးနေတာတွေပါရောပြီး နုတ်နုတ်စဉ်းထည့်ထားတာ၊ အသားငါးဆိုလည်း မကျက်တာ အနံထွက်တာ တခါတရံ သိုးနေတာတွေ ချက်ကျွေးတာလို့ဆိုပါတယ်။
ဒါ့အပြင့် အကျဥ်းထောင်အများစုမှာ ထောင်တွင်း စားဖိုဆောင်နဲ့ အမှိုက်ပစ်တဲ့နေရာက တဆက်တည်းရှိနေတာ၊ အကျဥ်းသူ အကျဥ်းသားတွေ ထမင်းစားရတဲ့ နေရာက မိလ္လာကန်၊ မိလ္လာကျွင်းတွေနဲ့ အနီးဆုံးနေရာ ဖြစ်နေတာ၊ ဆိုးရွားတဲ့ အနံ့ အသက်တွေ ရှုရှိုက်နေရတာ၊ လူတွေသွားလာနေတဲ့လျှောက်လမ်းလို နေရာတွေမှာ စားသောက်ရတာတွေက အကျဥ်း ထောင်တွေရဲ့ အစားအသောက်နေထိုင်မှုကို တမင်တကာဆိုးရွားအောင် ပြုမှုထားတယ်ဆိုတာမြင်သာတယ်လို့ နိုင်ငံရေး အကျဉ်းသား တွေက ပြောပါတယ်။
မကေသွယ်နေထိုင်ခဲ့ရတဲ့ ပြည်အကျဉ်းထောင် ဆိုရင်လည်း ဝန်ထမ်းတွေ ဖြတ်သွားဖြတ်လာလုပ်နေတဲ့လျှောက်လမ်းလို နေရာမျိုးမှာ အကျဥ်းသူတွေ မျက်နှာချင်းဆိုင်ထိုင်စားရသလို အဲဒီလို စားနေချိန်မှာတောင် ဝန်ထမ်းတွေက ဖိနပ်စီးပြီး ဖြတ်သန်းသွားနေတာကြောင့် ထမင်းပန်းကန်ထဲဖုန်တွေ၊ သဲတွေ မဝင်အောင် သတိထားပြီးစားရတယ်လို့ သူက ပြောပါ တယ်။
“ပြောရရင်တော်တော်ဆိုးရွားတာပေါ့နော်၊ ဒါပေမဲ့လည်းစားနေကြရတာပဲ၊ ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပေမယ့် ထောင်ဆို တဲ့အနေအထားအရ ဒီလိုပဲချိုးနှိမ်တာပေါ့။“ လို့ မကေသွယ်က ဆိုတယ်။
အကျဥ်းထောင်တွေက ကျွေးတဲ့ အစားအစာတွေက အာဟာရရော အရသာရော မပြည့်ဝတာကြောင့် အများစုက နေအိမ် တွေကနေ ပို့ဆောင်တဲ့ ထောင်ဝင်စာ ပါဆယ်တွေနဲ့ထောင်တွင်းစျေးဆိုင်တွေကအစားစာတွေကို ပိုမှီခိုအားထားရ ပါတယ်။
ပုံမှန်အားဖြင့် အကျဥ်းထောင်တွေမှာ ဧည့်တွေ့ချိန်က တစ်လ တစ်ကြိမ်ပဲဆိုပေမယ့် ထောင်ဝင်စာ တစ်လကို နှစ်ကြိမ် ပို့ခွင့်ရ ပါတယ်။ နယ်ထောင်တွေကို ပြောင်းရွှေ့ခံရတဲ့ အကျဥ်းသားတွေမှာတော့ သွားရေးလာရေးအခက်အခဲကြောင့် တစ်လ တစ်ကြိမ် သာပို့လေ့ရှိကြတယ်။
တချို့အကျဥ်းသားတွေမှာတော့ မိသားစုက အလှမ်းဝေးတာကြောင့်ဖြစ်စေ၊ အဆက်အသွယ်မရတာကြောင့်ဖြစ်စေ ထောင် ဝင်စာမရတာကြောင့် ဖြစ်သလိုစားသောက်နေထိုင်ရသလို၊ နိုင်ငံရေးအကျဥ်းသားတွေကို ကူညီတဲ့အဖွဲ့အစည်းတွေ ပို့ဆောင် ပေးတဲ့ ထောင်ဝင်စာပါဆယ်ကိုမျှော်ရတာတွေလည်းရှိပါတယ်။
ပြင်ပက ပို့တဲ့ ထောင်ဝင်စာမှာလည်းအများအားဖြင့် အထားခံပြီးအချိန်ကြာကြာစားလို့ရမယ့် ငါးခြောက်ကြော်၊ ငါးပိကြော်၊ အသားတု၊ မြေပဲ၊ အကြော်ဆံအခြောက်အခြမ်း၊ ခေါက်ဆွဲခြောက်နဲ့ ကော်ဖီထုတ်တွေပဲ ဖြစ်ပါတယ်။
ထောင်ဝင်စာရတဲ့သူတွေက မပို့နိုင်တဲ့သူတွေနဲ့ မျှဝေစားသောက်ကြရသလို ငွေကြေးတက်နိုင်သူတွေကလည်း အိမ်ကသွင်း ပေးထားတဲ့ ငွေကြေးနဲ့ ထောင်ဝန်ထမ်းတွေရောင်းချတဲ့ ထောင်စျေးမှာ အသုံးအဆောင်နဲ့ စားစရာအချို့ကိုဝယ်ယူ စား သောက်ကြရတယ်။ ဒါကလည်း စျေးနှုန်းမြင့်မားတာကြောင့် အနည်းအကျဥ်းသာဝယ်စားနိုင်ကြပါတယ်။
“အိမ်နဲ့ အဆက်သွယ်မရတဲ့ သူတွေဆို ပိုဆိုးတယ်၊ ထောင်ကကျွေးတဲ့ ပဲဟင်းဆမ်းစားပေါ့၊ အရသာလည်းမရှိသလို အာဟာ ရလည်းရှိမှာ မဟုတ်ဘူး။” လို့ မကေသွယ်က ပြောပါတယ်။
အကျဥ်းထောင်အတွင်းက အကျဥ်းသားတစ်ဦးရဲ့ တစ်နေ့စားစရိတ် ၉၇၅ ကျပ်သတ်မှတ်ထားတယ်လို့ ၂၀၁၆-၂၀၁၇ခုနှစ် အရပ်သားအစိုးရလက်ထပ် လွှတ်တော်တွေမှာ ဖော်ပြထားပေမယ့် လက်ရှိအကျဥ်းသားတွေစားသောက်နေရတာ ပုံစံ အနေအထားအရ ဒီပမာဏ ထက်လျော့နည်းနိုင်တယ်လို့ နိုင်ငံရေးအကျဥ်းသားတွေက ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ တစ်ရက် စားစရိတ်က ၃၀၀ ဝန်းကျင်ပဲ နိုင်ငံတော်က ချပေးတယ်ဆိုပြီး ထောင်ပိုင် လာပြောဖူးတာရှိတယ်” လို့ ကိုရဲက ပြောတယ်။
စစ်ကောင်စီလက်အောက်ခံ အကျဥ်းထောင်တွေက ကျွေးမွေးတဲ့ အစားအသောက်တွေမှာ သန့်ရှင်းမှု မရှိသလို အကျဥ်း သားတွေကို အစားအသောက်လျော့ကျွေးနေတာတွေ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသား ကူညီရေးအဖွဲ့တွေက မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။
အကျဥ်းသားတွေ စားသောက်မှုမှာ အသားရရှိမှု ပမာဏလျော့နည်းလာတာ၊ အဟာရမပြည့်ဝတဲ့ အစားအသောက်တွေ စား သောက်ခွင့်မရတာကြောင့် ချိနဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ (ထောင်အခေါ် တုတ်ဆွဲမှု) ရောဂါ အဖြစ်များ လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ယက် -PPNM ကလည်း ထုတ်ပြန်ထား ပါတယ်။
ထောင်အတွင်း နေထိုင်မှုပုံစံ၊ ရေနဲ့ အစားအသောက် မသန့်ရှင်းတာ အဟာရမပြည့်ဝတာတွေကြောင့် အကျဥ်းသားတွေမှာ ရောဂါဖြစ်လွယ်သလို နဂိုရှိပြီးသား ရောဂါအခံက ပိုဆိုးလာတာတွေလည်းရှိပါတယ်။
အများအားဖြင့် အေးစက်မာကြောနေတဲ့ ထမင်းကိုနေ့စဥ်စားနေရတာကြောင့် အစာအိမ်နာတာ၊ အသားငါးတွေမှာလည်း သန့်ရှင်းမှုမရှိဘဲ မကျက်တာကြောင့် အစာအိမ်အူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတွေဖြစ်ပွားတာတွေရှိတယ်လို့ နိုင်ငံရေး အကျဥ်းသူများအဖွဲ့က ဇူးဇူးမေယွန်းက ပြောပါတယ်။
ထောင်တွင်းစားရတဲ့ အစားအသောက်၊ သောက်ရေ မသန့်ရှင်းတာတွေကြောင့် မိုးတွင်းဆိုရင် ဝမ်းရောဂါဖြစ်တဲ့သူတွေရှိ ကြသလို လိပ်ခေါင်းရောဂါ၊ ယားနာရောဂါတွေ အများဆုံးဖြစ်ကြတယ်လို့ ကိုရဲ ကလည်းပြောပါတယ်။
“ထောင်တွင်းအစားအသောက် အထူးသဖြင့် သောက်ရေမသန့်ရှင်းတာတွေကြောင့် ထောင်ကထွက်လာတဲ့ ကျွန်တော့်အသိ ဆယ်ယောက်မှာ တစ်ယောက် လိပ်ခေါင်းရောဂါဖြစ်ပါတယ်။” လို့ သူက ပြောတယ်။
အစားအသောက် လုံလုံလောက်လောက်မစားရတဲ့အပြင် နာမကျန်းရင်တောင် ပါရာစီတမော်လ်နဲ့ ဒိုင်ကလို သာရရှိသလို ဆေးတွေကလည်း ဒိတ်လွန်နေတာတွေဖြစ်နေတာကြောင့် နာတာရှည် ရောဂါတွေက ပိုပြီးဆိုးရွားစွာရင်ဆိုင် နေရတာလို့ သူက ဆိုတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်က ပြည်အကျဉ်းထောင်မှာ ပြည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် ကိုဌေးအောင်နိုင် ဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကျဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ခဲ့ပါတယ်။
ကိုဌေးအောင်နိုင် ကျဆုံးခဲ့ရတာဟာအကျဉ်းထောင်ရဲ့ ဆေးဝါးကုသူမှု လုံလောက်စွာ မရရှိခဲ့တာကြောင့်ဖြစ်ပြီး PPNM အနေနဲ့ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု အချိန်မီ ကောင်းမွန်စွာ မရရှိတာ ဖိနှိပ်ချုပ်ချယ်မှုဒဏ် တွေကြောင့် အသက်ပေးဆပ်ရတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ တစ်စတစ်စ တိုးပွားလာတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ထောင်တွင်းစားရတဲ့ အစားအစာတွေတင်မကပါဘူး။ သောက်ရတဲ့ရေ၊ ချိုးရတဲ့ရေတွေကလည်း သန့်ရှင်းမှုမရှိတဲ့အခါ ဝမ်းလျှောတာ၊ အရေပြားယားနာဝေဒနာတွေ က မဖြစ်တဲ့လူမရှိသလို၊ တိုက်ပိတ်ခံထားရတဲ့ သူတွေမှာဆို အစားအသောက် အနေအထိုင် ဒီထက်ပိုဆိုရွားတာတွေလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။
မြို့ပေါ်တိုက်ပွဲ၊မြို့သိမ်းတိုက်ပွဲ တွေဖြစ်ပွားချိန် ကဆို စစ်ကောင်စီနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲပြင်းထန်မှုတွေကြောင့် အဲဒီမြို့တွေက အကျဥ်းထောင်တွေက အကျဥ်းသားတွေမှာ အစာရေစာပြတ်လပ်တဲ့အထိ ကြုံခဲ့ရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။
“ အကျဥ်းထောင်ကို စစ်တပ်က တပ်စွဲထားချိန်ကတည်းကအစားအသောက် ပုံမှန်မရရှိတော့တာကနေ နောက်ဆုံး စားစရာ တောင်မရှိတော့တဲ့ အထိပဲ။” လို့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်( AA)တို့ကြားတိုက်ပွဲကြောင့် သံတွဲအကျဉ်းထောင် ကနေ လွတ်မြောက်လာတဲ့ မဒေးဒေးက ပြောပါတယ်။
သံတွဲမြို့ကို အာရက္ခတပ်တော်( AA)ကတိုက်ခိုက်မှုကြောင့် အကျဥ်းထောင်မှာ စစ်တပ်က လာရောက်တပ်စွဲကတည်းက အကျဥ်းသားတွေကို အစားအသောက် ပုံမှန်မကျွေးတော့တဲ့အပြင် တိုက်ပွဲတွေဖြစ်နေတော့ ထောင်ဝင်စာလည်း မရ တော့ပါဘူး။ အကျဥ်းသားတွေမှာအိမ်ကနေပို့ထားတဲ့ အစားအသောက်တွေကိုချွေတာစားသောက်ရင်း ရှိတဲ့အစားစာတွေ ပါ ကုန်သွားတဲ့အထိဖြစ်ခဲ့ရတယ်။
“သောက်စရာရေတောင်မရှိတော့လို့ အိမ်သာထဲက ရေတောင်သောက်ရတဲ့အနေအထားပေါ့၊ တစ်ရက်လုံးဘာမှ စားစရာ မရှိဘူး၊ ကိုယ့်မှာ ရှိတဲ့စားစရာတွေကလည်း တစ်ယောက်နဲ့တစ်ယောက်ဝေမျှပြီးကုန်ပြီ။” လို့ ဒေးဒေးက ဆက်ပြောတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ တိုက်ပွဲကြောင့်ကြုံရတဲ့ အသက်ဘေးအန္တရာယ်ရော အစာငတ်ပြတ်မှုရော ရင်ဆိုင်ခဲ့ရသလို အကျဥ်းသူတွေမှာရှိတဲ့ လက်ကျန်ခေါက်ဆွဲထုတ်ကို လက်မလောက် အပိုင်းလေးတွေဖဲ့ပြီး ဝေမျှစားရတာ ၊ အကြော်ဆံ ပဲစိလေးတွေကိုတစ်ယောက်နည်းနည်းစီနဲ့ ရေသောက်ပြီး အသက်မသေရုံတမယ် ရှင်သန်ခဲ့ရတာလို့ ဆိုတယ်။
“ကိုယ့်ဆီမှာလည်း ဘာမှမရှိတော့ ဒီတိုင်းသာနေရရင် ကျည်ဆန်ထိပြီးမသေဘဲ အစာငတ်ပြီးသေမှာ။” လို့ ဒေးဒေးကပြော ပါတယ်။
စစ်ပွဲတွေပြင်းထန်လာလို့အကျဥ်းသားတွေကိုလွတ်ပေးခဲ့ပေမယ့် အကျဥ်းသားတွေမှာ ရက်ရှည်အစားမစားရတော့ အာဟာ ရပြတ်လပ်ပြီး ကိုယ်ခန္ဓာချိနဲ့တာ၊ အရေပြားယားနာတွေ ဆိုးဆိုးရွားရွားဖြစ်တာ၊ ခြေထောက်ဖောယောင်ပြီး လမ်းမလျှောက် နိုင်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
ကမ္ဘာတဝန်းက အကျဥ်းထောင်တွေလိုက်နာရမယ့် စံနှုန်းများ (Nelson Mandela Rules) နဲ့ နိုင်ငံတကာထိန်းသိမ်းရေး ဆိုင်ရာ စံနှုန်းတွေအရ အကျဥ်းသားတွေက ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအသောက်၊ နေထိုင်မှုအခြေအနေစတဲ့ အခြေခံအချက်များရှိရမယ်လို့ဆိုပေမယ့် မြန်မာနိုင်ငံအတွင်းက အကျဥ်းထောင်တွေမှာတော့ အလှမ်းဝေးနေဆဲပါ။
လူ့အခွင့်အရေးစံနှုန်းတွေအရလည်း အကျဥ်းသားတစ်ဦးပင်ဖြစ်စေ လူသား ရပိုင်ခွင့် အခြေခံအခွင့်အရေးတွေ ရရှိရမယ်လို့ ဖော်ပြထားပေမယ့် မြန်မာနိုင်ငံတွင်းက အကျဥ်းသားတွေကတော့ လူတစ်ဦးရရှိရမယ့် အခြေခံလိုအပ်ချက်တွေက အစ ဆုံးရှုံးနေရပါတယ်။
ပုံမှန်အားဖြင့် လူတစ်ဦးအတွက် ကစီဓာတ်၊ သတ္တုဓာတ်နဲ့ အဆီဓာတ် သန့်ရှင်းတဲ့ ရေ စတာတွေရရှိရင် မျှတလုံ လောက်ပေမယ့် အကျဥ်းထောင်တွေမှာ နေ့စဉ်ကျွေးမွေးနေတဲ့ အစားအစာတွေက လူတစ်ဦးအတွက် ဗိုက်ပြည့်စေဖို့ မလုံ လောက်တဲ့အပြင် အာဟာရပိုင်းအတွက်လည်းပြည့်ဝမှု မရှိဘူးလို့ CDM စစ်ဆေးဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒီအတွက်လည်း အကျဥ်းသားတွေမှာ ဗိုက်တာမင်၊ အသားဓာတ် စတဲ့ အာဟာရဓာတ် ချို့တဲ့မှု နောက်ဆက်တွဲ အနေနဲ့ အာရုံကြောအားနည်းတာ၊ သွားဖုံးရေစီးကမ်းပြိုနဲ့ ကိုယ်ခံအားကျဆင်းတာ၊ အရိုးများကျွတ်ဆတ်ခြင်းလို့ခေါ်တဲ့ Osteomalacia ရောဂါတွေခံစားရလေ့ရှိတယ်လို့ ယင်း CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။
“လူငယ်တွေလို ကြွက်သားထုရှိတဲ့လူငယ်တွေမှာပြဿနာမရှိပေမယ့် အသက်ကြီးတဲ့လူကြီးတွေ၊ အမျိုးသမီးတွေ ကလေး ငယ်တွေမှာ ပြသာနာရှိလာပါတယ်၊ မကြာခဏဖျားနာလာမယ်၊ နုံးချည့်လာမယ်၊ ကိုယ်အလေးချိန် အလွန်အမင်းကျဆင်း လာပါမယ်၊ ပြင်ပကရောဂါတွေကိုလည်းအလွယ်တကူမကာကွယ်နိုင်တော့ပါဘူး။” လို့ သူကပြောပါတယ်။
ဒါ့အပြင် အိမ်ကနေထောင်ဝင်စာပို့တဲ့ အစားအသောက်တွေကလည်း ထိန်းသိမ်းရလွယ်ပြီး ကြာရှည်ခံတဲ့ ငပိကြော်နဲ့ ငါးခြောက်ကြော်လိုမျိုး အကြော်အလှော်တွေက ရေရှည်စားသောက်ရတဲ့အခါ သွေးတိုးရောဂါနဲ့ ငရုတ်သီးခွဲခြမ်းမှာ မှိုပါလာ ရင် အသည်းကင်ဆာအထိ ဖြစ်နိုင်ပါတယ်လို့ သူကဆိုတယ်။
အကျဥ်းသားတွေစားရတဲ့ အစားအသောက်ကလည်း အာဟာရ မလုံလောက်တဲ့အပြင် ချက်ပြုတ်တဲ့နေရာမှာလည်း သန့်ရှင်းမှု အားနည်းတော့ အစာအဆိပ်သင့်တာ၊ ဝမ်းပျက်ဝမ်းလျှော၊ တိုက်ဖိုက်၊ ကာလဝမ်းရောဂါတွေ ဖြစ်ပွားတာလည်း မကြာခဏ ကြားနေရတဲ့အတွက် ထောင်ထဲက အစားအသောက် ဘယ်လောက်ဆိုးရွားနေလဲဆိုတာ သိနိုင်တယ်လို့ ယင်း ဆရာဝန်က မှတ်ချက်ပြုပါတယ်။
ဒီလိုအခြေအနေတွေကြောင့်ပဲ အကျဥ်းသားတွေရဲ့ကျန်းမာရေးက ပိုဆိုရွားသလိုအကျဉ်းထောင်တွေက လွတ်မြောက်လာပြီး ပြင်ပရောက်ပြီးချိန်မှာတောင် ထောင်ကပါလာတဲ့ ရောဂါတွေကို နှစ်ကာလရှည် ကုသနေရတာက စစ်ကောင်စီ လက်ထက် အကျဉ်းထောင်တွင်းက ညံဖျင်းတဲ့ အစားအသောက်နဲ့ နေထိုင်မှုတွေရဲ့ အကျိုးဆက်ပဲလို့ အကျဉ်းသားတွေက ဆိုပါတယ်။