သရက်ရနံ့ အလွမ်းများ(အက်ဆေး)

နှစ်သစ် ရေးသည်။

မဏ္ဍိုင် မေ ၂၁၊ ၂၀၂၆။

နွေလေရူးမှာ သရက်ရနံ့များက သင်းပျံ့နေသည်။ သရက်ပွင့်လေးများနှင့် သရက်သီးကင်းလေးများကိုလည်း မြင်တွေ့နေ ရသည်။ သရက်ပင်အောက် မြေပြင်တွင် သရက်ပွင့်လေးများ ကြဲပြန့်နေကြသည်။

ကျွန်တော်နေရသော အဆောင်၏အပေါ်ထပ်သံတိုင်များကြားမှ လမ်းမကြီးကို မြင်ရသည်။ ၃ ပေခန့်မြင့်သော အုတ်ရိုးလေးပေါ်တွင် လေဝင်ပေါက်အဖြစ် ထားသော သံတိုင်များကြားမှ မြင်တွေ့နေရခြင်း ဖြစ်သည်။ ထောင်ဝင်စာဖွင့်သောရက်များတွင် ထောင်ဝင်စာ လာပို့သောမိသားစုကို သံတိုင်တွေကြားကနေ မျှော်ကြည့်ရသော နေရာလည်း ဖြစ်သည်။ ထောင်တွင် ထောင်ဝင်စာ တွေ့ခွင့်ကိုပိတ်ထားသဖြင့် မိသားစုကို တွေ့ရသည့် တစ်ခုတည်းသော အခွင့်အရေးမှာ ထောင်ဝင်စာ လာတွေ့ချိန်ပင် ဖြစ်သည်။ မိသားစုကလည်း သက်သာဌာနတွင် ထောင်ဝင်စာပို့ပြီးနောက် အဆောင်ရှေ့တွင် လာရပ်ပြီး လက်ဟန်ခြေဟန်နှင့် စကားလာပြောကြသည်။

ရံဖန်ရံခါမှ ထောင်ဝင်စာ လာပို့သည့် မိသားစုကို နေ့စဉ်လာသကဲ့သို့ မျှော်ငေးရင်း မြင်နေရသော အိမ်ခြံဝန်းတစ်ခုထဲမှ သရက်ပင်ပျိုလေးကို ကြည့်ကာ ငယ်ငယ်က ရွာမှာ သရက်သီးကင်းလေးများ စားခဲ့ရသည်ကို တွေးနေမိသည်။

ငယ်စဉ်က နွေရာသီကျောင်းပိတ်ရက်တွင် အမေ့ဇာတိရွာသို့ နှစ်စဉ်လိုလို သွားနေဖြစ်သည်။ မူလတန်း စာမေးပွဲများမှာ ဖေဖော်ဝါရီ ဒုတိယပတ်ဆိုလျှင် အားလုံးဖြေဆိုပြီးကြပြီဖြစ်သည်။ စာမေးပွဲ ပြီးသည်နှင့် အမေဖြစ်ဖြစ်၊ အဖေဖြစ်ဖြစ် ကျွန်တော့်အား ရွာသို့လိုက်ပို့သည်။

အဖေလိုက်ပို့လျှင် အဖေစီးနေကျ ယောက်ျားစီး မောင်ဗမာ စက်ဘီးနှင့် ဖြစ်သည်။ အမေပါ လိုက်လာလျှင် ကျွန်တော်က စက်ဘီးဘားတန်းက ထိုင်ရသည်။ အမေက နောက်ထိုင်ခုံမှ လိုက်သည်။ အဝတ်အစားထုတ်ကို အမေက ထိုင်လျှက် ပိုက်သည်။

ရွာနှင့်အိမ်သည် ၁၅ မိုင်ခန့်ဝေးပါသည်။ အရင်ဆုံး တောမကျမြို့မကျ “ဝက်ထီးကန်” ဆိုသည့် တိုက်နယ် ရွာလေးသို့ အရင်သွားရသည်။ နောက် ၃ မိုင်ခန့်ဝေးသည့်နေရာရှိ လမ်းမကြီးဘေးရှိ “ဂျို့ခေါင်းသာ” ဆိုသော ရွာတစ်ရွာသို့ ဆက်သွားရသည်။ ထိုနေရာမှ မြေနီလမ်းခွဲအတိုင်း ရွာသို့ ဆက်သွားရသည်။ ရွာအမည်မှာ “တလုတ်ပင်” ဖြစ်သည်။ ရွာအဝင်တွင် စီးဆင်းနေသည့် ချောင်းလေးတစ်ခု ရှိသည်။ အဖေနှင့်သွားလျှင်တော့ ရွာအထိ လမ်းလျှောက်စရာမလို။ စက်ဘီးဖြင့် ရွာအထိ ရောက်သည်။

အမေနှင့်သွားရင်တော့ “ဝက်ထီးကန်” အထိ လိုင်းကားစီးသွားရသည်။ ပြီးလျင် ကားဂိတ်မှ တစ်မိုင်ခန့်ဝေးသော မြင်းလှည်းဂိတ်သို့ ခြေလျင်သွားရသည်။ တဖန် မြင်းလှည်းဖြင့် လမ်းမဘေးရှိ “ဂျို့ခေါင်းသာ” ရွာကို သွားရသည်။ ထိုရွာမှ စကာရွာရောက်သည်အထိ ၃ မိုင်ခရီးကို ခြေလျင် လျှောက်ရသည်။ တခါတရံ ရွာမှထွက်သည့် မြင်းလှည်းနှင့်တွေ့ပြီး မြင်းလှည်းသိမ်းချိန်နှင့် ကြုံလျှင်တော့ ရွာအထိ လမ်းမလျှောက်ရပဲရောက်သည်။ တရံတခါ လှည်းကြုံလေးများ တွေ့လျှင်လည်း ရွာအထိ လမ်းမလျှောက်ရတော့ပါ။

ရွာရှိ အမေ့ညီမဝမ်းကွဲ ၄ ဦးမှာ ကျွန်တော်အား အတော့်ကို ချစ်ကြသည်။ ကျွန်တော့်အဒေါ်များ ဖြစ်ကြပြီး ကျွန်တော့်ကို “ပူတူး” ဟု ခေါ်ကြသည်။ ၂ ဦးမှာ အိမ်ထောင်ကျပြီးသားဖြစ်ပြီး ၂ ဦးမှာ အိမ်ထောင် မကျသေးပါ။ အိမ်ထောင်ကျပြီးသားထဲမှ အစ်မအကြီးဆုံးဖြစ်သူကလည်း ညီမများနှင့်အတူ နေသည်။

ရွာကအိမ်မှာ ကျေးလက်ဆန်ဆန် ခြေတံရှည် အိမ်ကြီးဖြစ်သည်။ အောက်ထပ်တွင် နွားများထားသည်။ နွားများထားရာ အထက်၊ အိမ်ဦးပိုင်းတွင် ကွပ်ပျစ်အပြည့်ခင်းထားပြီး နွေနေ့လယ်များကို အပူရှောင်ကြသည်။ မီးဖိုနှင့် ထမင်းစားရာ နေရာမှာ အိမ်ပေါ်တွင် ရှိသည်။ နွေရာသီတွင်မူ မီးအန္တရာယ် ကြောက်ရသဖြင့် ခြံဝန်းတစ်နေရာတွင် သက်ကယ်မိုး၊ သက်ကယ်ကာပြီး မြေကျင်းတူးကာ ယာယီ မီးဖိုဆောင်လုပ်ရသည်။ ချက်ပြုတ်ပြီး ထမင်းစားရာတွင်လည်း အိမ်အောက်ရှိ ကွက်ပျစ်ပေါ်သို့ ပြောင်းရွေ့စားသောက်ကြသည်။

အိမ်နောက်ဖေးသည် ပေ ၁၅၀ ဝန်းကျင်ခန့်ရှိသော မြေကွက်လပ်ကျယ်ကြီး ဖြစ်ပြီး ရာသီအလိုက် သီးပင်စား ပင်များ စိုက်ပျိုးထားသည်။ အိမ်ခေါင်းရင်းတွင် သရက်ပင်ကြီး နှစ်ပင်ရှိသည်။ အသီး၏ အညှာနားတွင် ပန်းရောင်သန်းနေသော ပန်းဆွဲသရက်မျိုးများ ဖြစ်သည်။ ရွာသို့ ကျွန်တော်ရောက်သွားချိန်တွင် ထို သရက်ပင်ကြီးတွေမှာ သီးကင်းနုနုတွေ သီးနေပြီဖြစ်သည်။

ကျွန်တော်က အစားအသောက် ချေးများသူ ဖြစ်သည်။ ထို့ကြောင့် ရွာတွင် နေထိုင်ရတာ အဆင်မပြေပါ။ ရွာအိမ်ကလည်း ကျွန်တော် အစားအသောက်ချေးများမှန်း သိသည်။ ထို့ကြောင့် ရွာသွားလျှင် အမေက ကျွန်တော်ကြိုက်တတ်သည့် ငါးခြောက်၊ ငါးခြမ်းများ ထည့်ပေးလိုက်သည်။ ကျွန်တော်က ငါးခြောက်ကို မီးဖုတ်သည်မှ လွဲပြီး အခြားချက်ပြုတ် သည်များကို မစား။ ထို့ကြောင့် အမေထည့်ပေးလိုက်သော ငါးခြောက်များကို ကျွန်တော်စားရန် အဒေါ်များက မီးဖုတ် ပေးသည်။

သို့သော် ကျွန်တော်က ငါးခြောက်ဖုတ်ကိုလည်း အမြဲတမ်းမစားနိုင်ပါ။ ထို့ကြောင့် အဒေါ်များက ရံဖန်ရံခါ ကြက်ဥကြော်ပေးသည်။

ရွာမှလူများကမူ စားစရာ ဟင်း ရှားပါးသည်ဟု ဆိုရပေမည်။ သူတို့မှာ ငါးခြောက်ကို ခရမ်းချဉ်သီးဖြင့် ငပိချက် ချက်စားသည်။ စိုက်ထားသည့် ရာသီပေါ် သီးနှံများကို ကြော်လှော်ချက်ပြုတ် စားရသည်။ တခါတရံ ဝက်ထီးကန်မှ လာရောင်းသော အသားငါးသည်များရှိပါက သူတို့ ဝယ်ယူစားသောက်ရသည်။

ကျွန်တော်က သူတို့စားသလို ဘာမှ မစားနိုင်။ ထို့ကြောင့် ငါးခြောက်ဖုတ်တလှည့်၊ ကြက်ဥကျော်တလှည့်၊ လက်ဖက်သုပ် တလှည့်၊ ပဲခြမ်းသုတ်တလှည့်ဖြင့် စားရသည်။ နောက် ခြံထဲရှိ သရက်နှစ်ပင်မှ သရက်သီးများသည် ကျွန်တော့်အတွက် ဟင်းဖြစ်သလို သွားရေစာလည်း ဖြစ်သည်။

ရွာအိမ်တွင် ကျွန်တော် အကြိုက်ဆုံးဟင်းမှာ ငပိဖုတ်ဖြစ်သည်။ ငပိဖုတ်ကို ရွာတွင် ဆုံဖြင့် ကြိတ်ထားသည့် နှမ်းဆီ စစ်စစ်ဆမ်းထားသည့်အရသာကို အသားဟင်းထက် ပိုမက်မောပါသည်။ အဲဒီ ငပိဖုတ်ကို လက်မခန့်ရှိသည့် ပန်းဆွဲသရက်သီး၏ ဖန်တန်တန်အရသာနှင့် တွဲစားရသည်မှာ ကျွန်တော့်အတွက်တော့ ဟင်းတစ်ခွက်ထက် ပိုပါသည်။

နောက်ဟင်းတစ်မျိုးမှာ ငပိရည်ကျိုဖြစ်သည်။ ရွာတွင် ရေကျိုငပိကို မြို့ရောက်မှသာ ဝယ်ရသဖြင့် သိပ်မစားဖြစ် ကြပါ။ မျှင်ငပိကိုသာ ငပိရည်ကျို လုပ်စားကြသည်။ ငရုတ်သီးအခြောက်တောင့်ကို ကြက်သွန်ဖြူနှင့် ရောထောင်းကာ ဆီဖြင့် ကြော်ထားသည်ကို ထည့်သည်။ အဲဒီငပိရည်ကြိုကိုလည်း ငပိဖုတ်၊ သရက်သီး ကင်းနှင့် တွဲစားရသည်မှာ ကျွန်တော့်အတွက် ဟင်းမလိုတော့ပါ။

ထမင်းကြမ်းဟုခေါ်သော နံနက်စောစောအဆာပြေစားသည့် ထမင်းတစ်နပ်သည် ရွာကလူတွေအတွက်တော့ အခြားဟင်းမပါဘဲ မျှင်ငါးပိရည်ကြိုကို သရက်သီးနှင့်တို့ကာ စားကြချည့်သည် ဖြစ်သည်။ တခါတရံတော့ ဆားထည့်ကာ ဆီဖြင့်ကြော်ထားသည့် မြေပဲစေ့များပုံကာ စားကြသည်။

ဝက်ထီးကန်မှ ငါးသည်လာသည်နှင့် သရက်သီးများ ကြီးလာသည်နှင့်ကြုံလျှင် စားရသော သရက်သီး ငပိချက်ကိုလည်း ကျွန်တော်ကြိုက်သည်။

ပန်းဆွဲသီးသည် စိမ်းစားသီးလိုပင် ကြီးလာရင်လည်း အရမ်းကြီး မချဉ်ပါ။ ပန်းဆွဲသီးကို ဓားဖြင့်ပေါက်ပြီး ငါးရံ့၊ ငါးခေါင်းတိုအား မျှင်ငါးပိ၊ ငရုတ်သီးစိမ်းဖြင့် ချက်သော ချဉ်၊ ငံ ၊ စပ် အရသာအား ကြိုက်လွန်းသော်လည်း သားငါးသည် ရှားသဖြင့် တစ်ပတ်တခါပင် စားရန်မလွယ်ခဲ့ပါ။

ထိုကဲ့သို့ စားရန်မလွယ်သော ကျွန်တော်ကြိုက်သည့် အစားအစာမှာ တို့ဖူးသုပ်ဖြစ်သည်။ တို့ဖူးသုပ်သည်သည် အခြားရွာမှ လာရောင်းတာဖြစ်ပြီး စိတ်ကူးပေါက်မှ ရောင်းသူလည်း ဖြစ်သည်။ တစ်ပွဲကို တစ်ကျပ် ပေးရသည်။ ရွာမှာ ငွေရှားသဖြင့် လူတိုင်းမစားနိုင်။ တစ်ပတ်မှာ ၂ ရက်ခန့်သာ ရောင်းပြီး လာရောင်းလျှင်လည်း အချိန်မမှန်ပါ။ တခါတရံ နေ့လယ် ၂နာရီလောက် လာပြီး တခါတရံ မနက် ၇နာရီခန့်လာရောင်းပါသည်။

ထို့ကြောင့် စားရသည်မှာ အင်မတန် “ဂွ” ကျလှသည်။ ရွာက ထမင်းကြမ်းကို နံနက် ၅နာရီခန့်တွင် စားကြပြီး နေ့လယ်စာကို ၁၀နာရီခွဲခန့်တွင် စားကြသည်။ ညစာကို မမှောင်ခင် ၅ နာရီကျော်ကျော်တွင် စားကြသည့်အတွက် ဖြစ်သည်။ သူလာရောင်းသည်မှာ ထမင်းကြမ်းချိန်လည်း မဟုတ်၊ နေ့လယ်စာချိန်လည်း မဟုတ်။ ညစာချိန်လည်း မဟုတ်။ အတော့်ကို ကိုးလိုးကန့်လန့် နိုင်ပါသည်။

သူ၏အသုပ်မှာ တို့ဖူးသက်သက်ကို ဆနွင်းဆီချက်၊ငံပြာရည်တို့ဖြင့်သာ သုပ်ထားသော်လည်း အတော်စားလို့ ကောင်းသည်။အစပ်စားလိုလျှင် ငရုတ်သီးဆီချက်မရှိသဖြင့် ငရုတ်သီးမှုန့် ထည့်ပေးသည်။ကျနော်တို့မြို့၏ ဒေသအစားအစာထဲတွင် တို့ဖူးသုပ်လည်း ပါသည်။တို့ဖူး၊တို့ဖူးကို ပြန်ကြော်ထားသည့် စိန်ပန်း၊ခေါက်ဆွဲ၊ ကြာဇံ၊သင်္ဘောသီး၊မုန့်ကြွပ်၊နံနံပင်၊ဂေါ်ဖီ၊ဆီချက်နှစ်မျိုး (ဆီနွင်းဆီချက်နှင့် ငရုတ်သီးဆီချက်)၊ ဆားရည်၊ ငံပြာရည်၊ အချိုမှုန့်တို့ဖြင့် သုပ်ထားသော မြို့ပေါ်အသုတ်ထက် ဘာမှမပါသော ထိုတောသုပ်ကို ပိုကြိုက်သည်။

ကျွန်တော်ကတော့ တို့ဖူးသုပ်ကို အဒေါ်တွေကို ဝယ်ခိုင်းထားပြီး ထမင်းစားချိန်မှ ထမင်းနှင့် စားသည်။ အဒေါ်တွေက အသုတ်တွေ ပွကုန်မည်စိုးသဖြင့် ငံပြာရည်မထည့်ခိုင်း။ စားခါနီးမှ ငံပြာရည် ထည့်သုတ်ပေးသည်။ သို့သော် မူလအရသာလောက်တော့ စားမကောင်းတော့ပါ။

ရွာမှာ စားသော ဆန်မှာ ကြမ်းလှပြီး ရေခမ်းမချက်၊ ငှဲ့ချက်ကြသည်။ ပူပူနွေးနွေးနွေးစားလျှင် မဆိုးလှသော်လည်း ထမင်းကြမ်းဆိုလျှင် တော်တော့်ကိုမာသည်။ ကြွေရည်သုတ် သံပန်းကန်များနှင့်စားလျှင် ထမင်းလုံးက သံပန်းကန်ပြားပေါ်ကျပြီး အသံမြည်ပါသည်။ အဲဒီထမင်းကိုပင် ဆိုခဲ့သည့် ဟင်းများဖြင့် စားကောင်းနေသည်။

နွေ နေ့လယ်ခင်းဆိုရွာမှာ တရေးအိပ်ကြသည်။ မနက် မိုးမလင်းမီ ခုံ(ရွာတွင် ယာကို ခုံဟု ခေါ်ကြပါသည်) ထဲသွားကြပြီးနောက် ၉နာရီခွဲခန့်တွင် ပြန်လာပြီး ထပ်မသွားတော့ပါ။ ခုံထဲတွင် နွေပဲသီး စိုက်ပါသည်။

နေ့လယ်စာကို ၁၀ နာရီခွဲခန့်တွင် စားသောက်ပြီးနောက် နေ့လ ၁၂ခန့်တွင် တရေးတမော အိပ်ကြသည်။နေ့လည် အိပ်ရာနိုးသည်နှင့် အဒါ်များက သရက်ပင်မှ သရက်သီးများကို ခူးကာ ဒါးဖြင့် လေးစိတ်ခွဲခြမ်းပြီး ငပိစိမ်းစားနှင့်ငရုတ်သီးစပ်စပ်ထောင်းထားသည့် ငပိထောင်းဖြင့် စားသည့်ရက် စားကြသည်။သရက်သီးကို အစိတ်လေးများ စိတ်ပြီး အရောင်တင်မှုန့်၊ငရုတ်သီးမှုန့်၊ငပိတို့ဖြင့် သုပ်စားကြသည်။

ထို့အပြင် သရက်သီးအလုံးခပ်ကြီးကြီးများကို ဂျစ်ဖြင့်ခြစ်ကာ သင်္ဘောသီးကဲ့သို့ ငရုတ်သီးစီမ်း စပ်စပ်ဖြင့် သုပ်စားသည်ကို တရှုးရှုးတရှဲရှဲဖြင့် ဝင်စားတတ်ပါသည်။အဲဒီ သရက်သီးသုပ်ကို ထမင်းစားသည့်အခါ ဟင်းအရံအဖြစ်လည်း စားကြသည်။ကျနော်က ငါးခြောက်ဖုတ်နှင့် အဲဒီသရက်သီးသုပ် တွဲစားရသည်ကို နှစ်သက်သည်။

သရက်သီးကို အဒေါ်တွေ ဘယ်လိုပဲ သုပ်စားစား ကျွန်တော် ပါလိုက်သည်ချည်းဖြစ်သည်။ မုန့်ဆိုင်မရှိသော၊သွားရည်စာ ရှားပါးသော အရပ်မို့ သရက်သီးကိုသာ သွားရည်စာအဖြစ် အမျိုးမျိုး လုပ်ကိုင်စားသောက်ဖြစ်ရာ အဒေါ်များက သရက်သီးသုပ်မစားဖြစ်လျှင်လည်း ကျွန်တော် က ပူဆာကာမှ သုပ်စားခိုင်းသည်။

အစပ်များသော အသုပ်များကို စားနေရသည့် ကျွန်တော်အတွက် အဒေါ်များက ဝက်သီးကန်သို့ ဆေးသကြားမှာကာ သရက်သီးများကို ဆေးသကြားစိမ်ပေးပြီး ကျွန်တော့်တွက် သွားရေစာ ဖန်တီးပေးထားသော်လည်း သူတို့စားသည့် သရက်သီးသုပ်စပ်စပ်များကိုသာ ကျွန်တော် ကြိုက်နှစ်သက်နေမိသည်။

စပါးလုံးများ မစင်သော ထောင်ထမင်း နီကျင်ကျင် ပျော့အိအိကို မျှင်ငါးပိရေကြိုစပ်စပ်နှင့်နယ်ကာ သရက်သီးကင်းများ မြှပ်ပြီး အားရပါးရစားလိုက်ချင်သည်။ နေ့လယ် ထောင်ဖွင့်ချိန်တွင် ထောင်ထဲက အပေါင်းအသင်းများနှင့် သရက်သီး စိတ်များကို ငပိများများနှင့်သုတ်စားရင်း နိုင်ငံရေး အခြေအနေများကို ဝိုင်းဖွဲ့ပြောပြချင်သည်။

သို့သော် ပိတ်ပင်ထားသဖြင့် ထောင်ထဲသို့ သရက်သီးတလုံးရောက်ဖို့ဆိုသည်မှာ ခက်ခဲလွန်းလှသည်။

ကျွန်တော် ထောင်ကလွတ်ရင်တော့ ရွာကိုသွားမည်။ ရွာရောက်လျှင် ပူပူနွေးနွေးချက်ထားတဲ့ ဆန်ကြမ်းကို မျှင်ငါးပိရေကြိုစပ်စပ်နှင့်နယ်ကာ သရက်သီးကင်းများ မြှပ်ပြီး အားရပါးရစားလိုက်မည်။ နောက်တစ်နပ်ကို ငပိဖုတ်ကို သရက်သီးနှင့် တို့စားမည်။ နောက်တစ်နပ်ကိုလည်း သရက်သီးငါးငပိချက်ဖြင့် စားမည်။ နောက်တစ်နပ်ကိုတော့ ငါးခြောက်ဖုတ်၊သရက်သီးသုပ်နှင့်စားလိုက်မည်ပေါ့။

နေ့လယ်နေ့ခင်းများတွင် တရေးတမောအိပ်မည်။ နိုးလာရင် အဒေါ်များကို သရက်သီးအသုပ်မျိုးစုံ သုတ်ခိုင်းမည်။ သူတို့နှင့်အတူ စားမည်။

ဒါပေမဲ့ လွန်ခဲ့သည့် နှစ် ၃၀ လောက်ကလို ရွာကအိမ်မှာ လူတွေ စုံပါတော့မလား။ အဲဒီတုန်းက သရက်သီးတွေ စားခဲ့သလို ခံစားမှုမျိုးရရှိနိုင်ပါ့မလားဆိုတာကိုတော့ ကျွန်တော် သံသယဖြစ်နေမိပါသည်။

Leave a Comment