စစ်တပ်ရှိနေသ၍ တိုင်းပြည်ဆက်၍ နာလိမ့်ဦးမည်

မဏ္ဍိုင်၊ မတ် ၃၀၊ ၂၀၂၅။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများဖြစ်သည့်အခါတိုင်း သဘာဝဘေးအန္တယ်များကြုံလေ့ရှိသည်။ မြန်မာစစ်တပ်သည် အဆိုပါသဘာဝဘေးဖြစ်ပွားမှုများကို အကြောင်းပြချက်မျိုးစုံဖြင့် လျစ်လျူရှုပြီး ၎င်းတို့ အာဏာတည်မြဲရေးအတွက်ကိုသာ ရှေးရှုတတ်သည်။ စာရင်းချုပ်ကြည့်လျှင် တိုင်းပြည်နာပြီး ပြည်သူများသာ စတေးခံရမြဲဖြစ်သည်။

၂၀၀၈ အဖွဲ့စည်းခံအခြေခံဥပဒေကို အတည်ပြုခဲ့စဉ်က နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားခဲ့သည်။ စစ်တပ်သည် သဘာဝဘေး ကူညီကယ်ဆယ်ရေးအစီအစဉ်များကို ငြင်းဆိုခဲ့သလို ပြည်တွင်းမှ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများကိုပင် ဖမ်းဆီးထောင်ချမှုများပြုလုပ်ခဲ့သည်။ သတင်းအမှောင်ချကာ လူပေါင်းတစ်သိန်းခွဲ သေဆုံးမှုဖြစ်စဉ်ကြီးကို မျက်ကွယ်ပြုပြီး စစ်ခေါင်းဆောင် အာဏာရှင်သန်းရွှေက ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြု ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်အစိမ်းသည် လူပေါင်းတစ်သိန်းခွဲသေဆုံးပြီး သန်းချီ အိုးမဲ့အိမ်မဲ့ ဘဝပျက်ခဲ့ရသည့် သင်္ကတဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပခါနီး အောက်တိုဘာလတွင် ရခိုင်ပြည်၌ ဂီရိဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့သည်။ စစ်ခေါင်းဆောင်သန်းရွှေသည် သဘာဝဘေးကူညီကယ်ဆယ်ရေးများကို မျက်ကွယ်ပြုပြီး ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကို ကျင်းပခဲ့သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအလွန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်ထက် ၂၀၂၃ တွင် ရခိုင်ပြည်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းများသို့ မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့သည်။ စစ်ကောင်စီသည် ၎င်းကိုယ်တိုင် ကူညီကယ်ဆယ်ရေးများကို ထိရောက်စွာ မလုပ်နိုင်သကဲ့သို့ ၎င်း၏ဟန့်တားဖိနှိပ်မှုများကြောင့် နိုင်ငံတကာနှင့် အရပ်ဘက်အဖွဲ့အစည်းများလည်း ထိရောက်စွာ ကူညီကယ်ဆယ်နိုင်ခွင့် မရခဲ့ပေ။

၂၀၂၄ တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတဝှမ်း ရေကြီး၊ ရေလွှမ်းမှုများဖြစ်ပွားခဲ့သည်။ ရေကြီးမှုဒဏ်ကို လူပေါင်း ၁ သန်းကျော်ခံစားခဲ့ရပြီး လူပေါင်း ၃၆၀ ကျော်သေဆုံးကာ ၁၀၀ ကျော် ပျောက်ဆုံးခဲ့သည်။ အဆိုပါ သဘာဝဘေးတွင်လည်း စစ်ကောင်စီသည် ဝါဒဖြန့်ရုံဟန်ပြသာလုပ်နိုင်ခဲ့ပြီး ထိရောက်သည့် ကူညီကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးများ မလုပ်ပေးနိုင်ခဲ့။ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်သူများကိုပင် ဖမ်းဆီးအရေးယူခြင်းများ လုပ်ခဲ့သည်။

မည်သည့်အချိန် ကျင်းပနိုင်မှန်းမသိသည့် ရွေးကောက်ပွဲအတွက် သန်းခေါင်းစာရင်းကောက်ရန်ဟုဆိုကာ ကယ်ဆယ်ရေးစခန်းထဲ နေထိုင်ကြသည့် ပြည်သူများကိုပင် အတင်းအဓမ္မမောင်းထုတ်ပြီး နေအိမ်များသို့ ပြန်နေခိုင်းခဲ့သည်။

ယခုအခါ စစ်ကိုင်းငလျင်ကြီး၏ဒဏ်ကို ခံရပြန်သည်။ စစ်ကိုင်းမြေငလျင်ပြတ်ရွေ့ကြောနှင့်ပတ်သက်၍ ငလျင်ပညာရှင်းပေါင်းများစွာက သတိပေးထားခဲ့ပြီးဖြစ်သည်။ သတင်းမီဒီယာများ၌လည်း ထပ်ခါထပ်ခါ ဖော်ပြခဲ့ကြပြီးဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးပင် မလုပ်ရသေးခင်း စစ်တပ်က အာဏာထပ်သိမ်းသည်။

ယခုလည်း မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ အနေဖြင့် ပြည်တွင်းစစ်ဖြစ်ပြီး လူပေါင်းသောင်းချီသေကာ လူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရသည့်အခြေအနေဖြစ်သည်။ ယင်းအခြေအနေတွင် ယခုကဲ့သို့ သဘာဝဘေးဆိုးကြီးနှင့် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။

မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ရေခါးအင်းကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ယင်းငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်အကြာတွင် တံတားဦးမြို့အနီးကို ဗဟိုပြု၍ ၆ ဒသမ ၄ အင်အားပြင်း ငလျင် ထပ်မံလှုပ်ခတ်ခဲ့သည်။

အဆိုပါ အင်အားပြင်းထန်သည့် ငလျင်ကြီး ၂ ခု ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်လှုပ်ခတ်ခဲ့ခြင်းကြောင့် စစ်ကိုင်းမြို့၊ မန္တလေးမြို့အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအတွင်းက မြို့အချို့ ပျက်စီးဆုံးရှုံးမှုများ ရင်ဆိုင်ခဲ့ရသည်။

မတ် ၂၉ ရက် စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ သေဆုံးသူ စုစုပေါင်းမှာ ၁,၆၄၄ ဦး၊ ဒဏ်ရာရသူစုစုပေါင်းမှာ ၃,၄၀၈ ဦး၊ ပျောက်ဆုံးနေသူမှာ ၁၃၉ ဦးရှိသည်ဟု သိရသည်။ အမေရိကန်ငလျင်တိုင်းတာရေးဌာနကတော့ သေဆုံးသူဦးရေဟာ တစ်သောင်းကနေ တစ်သိန်းကြားအထိရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများစွာ ပြိုကျပျက်စီးခဲ့ပြီး အဆိုပါအဆောက်အဦများထဲ၌ ပိတ်မိနေသည့် သူများကိုလည်း ကူညီကယ်ဆယ်ရေးများထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးပေ။ သေဆုံးသူများကို သင်္ဂြုဟ်ဖို့အရေးပင် ပြည်သူများ အခက်တွေ့နေကြသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် မြေငလျင်ပြင်းထန်စွာခံစားရသည့် မန္တလေးမြို့သို့ရောက်လာပြီး ဓာတ်ပုံအရိုက်ခံ၊ ဝါဒဖြန့်ရုံမျှသာ လုပ်သွားပြီး ထိရောက်သည့် ကယ်ဆယ်ရေး၊ ကူညီရေး မည်သည့်အစီအစဉ်မျှ လုပ်ဆောင်သည်ကို မတွေ့ရသေးပေ။

မြန်မာနိုင်ငံ၏ ငလျင်ဘေးကြီးကို ကူညီဖို့ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ စင်ကာပူစသည့်နိုင်ငံများမှ ကယ်ဆယ်ရေး အဖွဲ့များ ဝင်လာကြသည်။ ကုလသမဂ္ဂအဖွဲ့ကြီးမှလည်း အကူအညီငွေပေးအပ်ဖို့ ပြောကြားထားသည်။ အလားတူ အမေရိကန်ကလည် အကူအညီများပေးအပ်မည်ဟု သမ္မတဒေါ်နယ်ထရန့်က ပြောကြားထားသည်။

မြန်မာနိုင်ငံမှာ ကြုံတွေ့လိုက်ရသည့်ငလျင်ဘေးကြီးကို ဝမ်းနည်းပူဆွေးကြောင်းနှင့် မြန်မာပြည်သူများနှင့်အတူရှိ ကြောင်း ကမ္ဘာကြီးက နည်းမျိုးစုံဖြင့် ပြသနေသည်။ ထို့ကြောင့် တခြားသော ကမ္ဘာ့နိုင်ငံများကလည်း မြန်မာနိုင်ငံ၏ ငလျင်ဘေးခံရမှုကို ကူညီကြဖို့အလားအလာများရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း စစ်ပွားနေသည့်စစ်ပွဲများကို နှစ်ပတ်ကြားရပ်နားထားမည့် အကြောင်း ထုတ်ပြန်ကြေညာပြီး ငလျင်ဘေးကြီးကို ဝိုင်းကူပေးမည့်အကြောင်း ထုတ်ပြန်ကြေညာထားသည်။ ငလျင်ဘေးအတွက် ဒေါ်လာ ၁ သန်းကူညီမည်ဟုဆိုထားသည်။

သို့သော် နိုင်ငံခြားသားကြောက်သောရောဂါရှိသည့် စစ်ကောင်စီသည် နိုင်ငံတကာ၏ကူညီကယ်ဆယ်ရေး အစီအစဉ်များကို မည်သို့လက်ခံမည်နည်း၊ ၎င်းတို့၏အာဏာတည်မြဲရေးအတွက် နိုင်ငံရေးခြောက်လုံးများကို အသုံးပြုတတ်လေ့ရှိသည့် စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် စီဒီအမ်ဝန်ထမ်းများ၊ တော်လှန်ရေးအင်အားစုများနှင့် မည်သို့အလုပ် လုပ်မည်နည်း။

၂၀၁၉ အရပ်သားအစိုးရလက်ထက် ကိုဗစ်ရောဂါကပ်ဘေးကြီးဖြစ်ပွားခဲ့စဉ်က အစိုးရနှင့် ပြည်သူတို့သည် ရောဂါကပ်ဆိုးကြီးကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပွားလျင် လူငယ်များပေါ်လာတတ်ပြီး ကူညီကယ်ဆယ်ရေးများကို ဝိုင်းဝန်းလုပ်ကိုင်တတ်သည်။

သို့သော် စစ်ကောင်စီလက်ထက်တွင် အဆိုပါအလေ့အထကောင်းများ ပျောက်ဆုံးသွားပြီဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့ကိုယ်တိုင်လည်း ကူညီနိုင်စွမ်းမရှိ။ ကူညီပေးနိုင်မည့်သူများမှာလည်း စစ်ကောင်စီ၏ လက်ချက်ကြောင့် ဘေးကင်းရာသို့ နည်းမျိုးစုံဖြင့် ရှောင်တိမ်းထွက်ပြေးနေရခြင်းကြောင့် ငလျင်ဘေးကို ကူညီနိုင်ဖို့က မလွယ်ကူဖြစ်နေသည်။

ငလျင်ကြီးလှုပ်ခဲ့ပြီးသည့်အချိန်မှစ၍ ယနေ့အထိ မြေငလျင်အသေးပေါင်းများစွာ ဆက်၍လှုပ်ရှားနေဆဲ ဖြစ်သည်။ ပြိုကျပျက်စီးသွားသည့်အဆောက်အဦများ ယနေ့ ၃ ရက်ကြာသည့်အထိ အများစုမှာ သည်အတိုင်းသာ ဆက်ရှိနေဆဲဖြစ်သည်။

ဤနေရာတွင် အရပ်သားအစိုးရသာဖြစ်ခဲ့လျှင် ယခုငလျင်ဘေးကြီးကို အစိုးရနှင့် ပြည်သူတက်ညီလက်ညီ ဝိုင်း၍ ကူညီကြမည်သာဖြစ်သည်။ နိုင်ငံတကာ၏ အကူအညီများရရှိမည်မှာလည်း မလွဲဧကန်ပင်ဖြစ်သည်။

သို့သော် လက်ရှိ၌ စစ်ကောင်စီ ဘာလုပ်မည်နည်း၊ ဝါဒဖြန့်ဓာတ်ပုံရိုက် နိုင်ငံရေးအမြတ်ထုတ်ပြီး နိုင်ငံ၏ ပျက်စီးသွားမှုများနှင့် သေဆုံးပြည်သူများကို ယခင်အတိုင်း မျက်ကွယ်ပြုလိုက်ဦးမည်လော။ ကျိန်းသေသည့်အရာက မြန်မာနိုင်ငံတွင် စစ်တပ်အခန်းကဏ္ဍဆက်ရှိနေသေးသ၍ တိုင်းပြည်ဆက်၍ နာနေဦးမည် ဖြစ်သည်။

Leave a Comment

4 comments

alanobet999 December 22, 2025 - 10:43 pm

Yo, Alanobet999’s the place to be! Been spinning those slots and hitting some sweet wins. Solid site, easy to navigate, and payouts are quick. Check it out for yourselves, you might just get lucky with alanobet999!

Reply
cuenta abierta en Binance December 26, 2025 - 10:47 am

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.com/es/register?ref=RQUR4BEO

Reply
account binance aperto January 10, 2026 - 1:29 pm

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://www.binance.com/ur/register?ref=SZSSS70P

Reply
Utwórz darmowe konto February 8, 2026 - 11:37 pm

Thanks for sharing. I read many of your blog posts, cool, your blog is very good.

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing