လင်းဇေ ရေးသည်။
မဏ္ဍိုင် မေ ၁၇၊ ၂၀၂၆။
အောင်လေး*သည် ကြက်တစ်ကောင်ပိုက်ကာ ရွာသစ်မှ ထွက်လာခဲ့သည်။ အချိန်က ည ၇ နာရီ။ စစ်တပ်က ညနေ ၆ နာရီကျော်လျှင် ရွာပြင်သို့ မထွက်ရန် အမိန့်ထုတ်ထားသည်။ သို့သော် သူသည် တောင်ယာလုပ်ကိုင်ရာ လယ်တဲတွင် ကျန်ခဲ့သည့် မိန်းမနှင့် သမီးကို စိတ်မချခြင်းကြောင့် ရွာထဲတွင် မအိပ်ဘဲ ကြက်ဖမ်းပြီးသည်နှင့် လယ်တဲသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
ကျေးရွာအထွက်တွင် ကျောက်ကြီးဘက်သို့ သွားမည့်စစ်ကြောင်းနှင့် တည့်တည့်တိုးလေသည်။
“ဟေ့ကောင် ဘယ်သူလဲ ရပ်” ဟူသောအသံကိုကြားသည့်အခါ အောင်လေးသည် ချက်ချင်းရပ်တန့်လိုက်ပြီး-
“ ကျွန်တော် အောင်လေးပါ” ဟု ပြန်ဖြေလိုက်သည်။
“အောင်လေး မင်း ၆ နာရီမထွက်ရဘူးဆိုတာ မသိဘူးလား”
“သိတော့ သိတယ် အစ်ကိုကြီးရယ် ကျွန်တော် ကြက်ဖမ်းနေလို့ပါ” ဟု ဖြေလိုက်သော်လည်း စစ်ကြောင်းက သူ့ကို ရွာထဲသို့ ပြန်ခေါ်လာခဲ့သည်။
အဆိုပါ စစ်ကြောင်းတွင် အောင်လေးနေထိုင်သည့် ရွာသစ်ရွာ*၏ အုပ်ချုပ်ရေးမှူးလည်းပါသည်။ ပြီးလျှင် ရွာသစ်ရွာနှင့်ကပ်လျက်ရှိ ခလရ ၆၀ တပ်ရင်းမှ မျက်နှာသိတပ်ဖွဲ့ဝင်များနှင့် တခြားတပ်ရင်းမှရောက်နေသော ဧည့်သည် တပ်ဖွဲ့ဝင်များလည်းပါသည်။
အောင်လေးကို ရွာထဲသို့ ပြန်ခေါ်လာပြီး လူနေအိမ် သုံးအိမ်ခန့်အရောက်၊ အိမ်ခြံစည်းရိုးရှေ့တွင် ရပ်ပြီး စကား ပြောသည်။ စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရွာပြင်တွင် လူတစ်ဦးတွေ့၍ ပြန်ခေါ်လာသည့် အကြောင်း အထက်အရာရှိထံ ဖုန်းဆက်သတင်းပို့သည်။
အောင်လေး၏ အရှေ့တွင် ဖုန်းဆက်ခြင်းဖြစ်ရာ တစ်ဖက်အရာရှိ၏ “ ရှင်းပစ်လိုက်” ဆိုသည့် စကားသံကို သူကြား လိုက်ရသည်။ ထို့ကြောင့် သူသည် အသတ်ခံရတော့မည်ကို တွေးကာ ထိတ်လန့်သွားပြီး ချက်ချင်းဆို သလို အနီးရှိ အိမ်ခြံထဲသို့ ဝင်ပြေးလေသည်။
ထိုသို့ဝင်ပြေးသွားသည်နှင့် သူ့ကို စစ်သားများက သေနတ်ဖြင့် ဝိုင်းပစ်ကြသည်။ သူသည် သေနတ်ထိမှန်ကာ မြေပေါ်သို့ လဲကျသွားသည်။ အောင်လေးဝင်ပြေးသွားသည့် နေအိမ်မှ အိမ်ရှင် အမျိုးသမီးက အောင်လေး၏ အဒေါ်၊ ဒေါ်သိန်းမေ*ထံ ပြေးကာ အကြောင်းကြားသည်။
ဒေါ်သိန်းမေ ရောက်လာသည့်အခါတွင် အောင်လေးသည် သွေးအိုင်ထဲတွင် လဲနေပြီး “ကယ်ပါဦး ကြီးမေကြီးရဲ့၊ သားတော့ သေပါတော့မယ်၊ ကယ်ပါဦး” ဟု အော်နေသည်။
သေနတ်ကျည်ဆန်သည် အောင်လေး၏ ဘယ်ဘက်ပေါင်ကို ထိမှန်သွားခြင်းဖြစ်သည်။ ကျည်ဆန်ဝင်ရာ အပေါက်သည် လက်ညိုးသွင်းနိုင်ရုံမျှသာအကျယ်ရှိသော်လည်း ကျည်ထွက်ရာ အရှေ့ဘက်မှာ အပေါက်ကြီး ဖြစ်နေသည်။
ခဏအကြာတွင် အောင်လေး၏ မိခင် ဒေါ်သိန်းရွှေ*လည်း အပြေးရောက်လာသည်။ သူသည် ဒေါ်သိန်းမေ၏ ညီမအရင်းဖြစ်သည်။ သားတစ်ယောက် အခုလိုဖြစ်သွားသည်ကို သူ့အနေဖြင့် စောဒက မတတ်နိုင်၊ ပေါက်ကွဲ၍ မရ။ အခြေအနေကို ကြည့်ပြီး စစ်ကြောင်းမှ တာဝန်ရှိသူ ဗိုလ်ကြီးအား-
“တောင်းပန်ပါတယ် ဗိုလ်ကြီးရယ်၊ ဗိုလ်ကြီးတို့ကို ကျေးဇူးလည်းတင်ပါတယ်။ ကျွန်မသားလေးကို ရင်ဘက်ပစ်လိုက်ရင် ပွဲချင်းပြီးသွားမှာ၊ ပေါင်ပစ်လိုက်တော့ ကုလို့ရသေးတယ်။ ကျွန်မသားလေး အသက်ရှင်တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောပြီး တောင်းပန်ဦးချလိုက်သည်။
ထိုအခါ စစ်ကြောင်းမှ ဗိုလ်ကြီးလုပ်သူက တပ်တွင်းဆေးခန်းတွင် ဆေးကုသခိုင်းသည်။ ပြီးလျှင် ကျောက်ကြီး ဆေးရုံသို ထပ်မံလွှဲပြောင်းပေးရန် လွှဲစာတောင်းပြီး ကျောက်ကြီးဆေးရုံသို့ ထပ်မံသွားရောက်ခဲ့သည်။
ကျောက်ကြီးဆေးရုံသို့ရောက်သည့်အခါ ဆေးရုံတွင် ဆေးဝါးမလုံလောက်သဖြင့် တောင်ငူဆေးရုံနှင့် ရန်ကုန်ဆေးရုံသို့ ထပ်လွှဲသည်။ သို့သော် လူနာမှာ သွေးလွန်နေပြီဖြစ်သည်။ ဆေးရုံသို့မရောက်ခင် လမ်းတွင် အသက်ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် နီးစပ်ရာ KNU ဆေးရုံတွင် တင်လိုက်ရသည်။ အဆိုပါ ဆေးရုံတွင် ဆေးပတ်တီးလဲပြီး သွေးသွင်းရသည်။ အောင်လေးမှာ အသက်မသေသော်လည်း ခြေထောက်ကို ဘယ်ဘက် ပေါင်ရင်းနားက ဖြတ်ထုတ်လိုက်ရသည်။
အထက်ပါဖြစ်စဉ်သည် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာ ၂၀၂၃ ဇန်နဝါရီလတွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ခလရ ၆၀ တပ်ရင်းအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အောင်လေးအပြင် တခြားသောရွာခံနှစ်ဦးလည်း သေနတ်ထိမှန်ခဲ့သေးသည်။ မိန်းကလေးတစ်ဦးမှာ ခြေမကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ လက်ကို ထိမှန်ဒဏ်ရာရခဲ့သည်။
ဒေါ်သိန်းရွှေသည် သားဖြစ်သူ ယခုလိုအဖြစ်မျိုးနှင့် ကြုံခဲ့ရသည်အတွက် ရင်နာလို့ မဆုံး။ ခံရအခက်ဆုံးမှာ ခလရ ၆၀ တပ်ရင်းနှင့် ရွာသစ်ရွာမှာ ကပ်လျက်ဖြစ်သည်။ ကျေးရွာသူရွာသားများနှင့် တပ်ရင်းမှ တပ်ဖွဲ့ဝင်များမှာ မိသားစုလို နေကြသူများဖြစ်သည်။ အိမ်နီးနားချင်းများဟုဆိုနိုင်သည်။ ပစ်ခတ်လိုက်သည့် စစ်သားများမှာ တခြားတပ်မှ ဧည့်သည်များဟုဆိုသော်လည်း အဆိုပါစစ်ကြောင်းတွင် လိုက်ပါလာသည့် စစ်သားများမှာ ရင်းနှီးကြသူများ၊ ဖဲရိုက်ဖော်၊ ရိုက်ဖက်များဖြစ်သည်။ ထို့အပြင် အဆိုပါစစ်ကြောင်းတွင် ကျေးရွာဥက္ကဌလည်း ပါသည်။ ဤသို့ဖြစ်ပါလျက် ယခုလိုအခြေအနေမျိုးနှင့် ကြုံလိုက်ရခြင်းကို ဒေါ်သိန်းရွှေ ယူကြုံးမရ ဖြစ်ရသည်။
သို့သော် ဒေါ်သိန်းရွှေအတွက် စစ်တပ်နှင့်ပတ်သက်လျှင် ခံခဲ့ရသည့်အဖြစ်များက သည်တစ်ခုတည်းတော့ မဟုတ်၊ သူ့အတွက် ရင်နာစရာများက တစ်ပွေ့တစ်ပိုက် စီတန်းကာနေသည်။
“သူတို့ရှေ့တန်းထွက်တာ ကိုယ့်ယောက်ျားကို ခေါ်တယ်။ သုံးရင်း တစ်ဗျူဟာ၊ သူများတွေ သုံးလနဲ့ပြန်လာတယ်။ သူ့မှာ ၆ လတောင်ပြန် မလာဘူး။ ပြန်လာတော့လည်း ကွင်းလှုပ်ရှားဆိုပြီးထပ်ခေါ်တယ်။ အိမ်ပြန်မလာတော့ ၅ လလောက်အရွယ်ကလေးနဲ့ လိုက်သွားတယ်။ ပိုက်ဆံတသောင်းနဲ့ ဆန်တစ်အိတ်ပေးတယ်။ မယူဘူး၊ ယောက်ျားပဲ ပြန်ခေါ်မယ်၊ အိမ်မိုးစရာ သက္ကယ်လည်း မရှိဘူး၊ အိမ်လည်း မမိုးရသေးဘူး။ ကျွန်မတို့ မိုးရေထဲမှာပဲ နေရတာလို့ ပြောလိုက်တော့မှ ပြန်နှင့်ဆိုပြီး နောက်ရက်မှ ပြန်လွှတ်လိုက်တာ။” ဟု ၂၀၀၀ ဝန်းကျင်ကာလတွေတုန်းက စစ်တပ်နှင့် ကြုံရသည့် ဒုက္ခတစ်ခုကို ဒေါ်သိန်းရွှေက ရင်ဖွင့်သည်။
သူ့ယောက်ျားသည် တောင်ပေါ်က စစ်တပ်၏သစ်စက်တစ်ခုတွင် အလုပ်လုပ်နေရင်း မိုင်းထိကာ သေဆုံး သွားခဲ့သည်။ ယောက်ျားကျန်ခဲ့သည့်ပစ္စည်းများကို သိမ်းဆည်းရန် တစ်လသားအရွယ်ကလေးကို ချီကာ တောင်ပေါ်သို့ လိုက်သွားခဲ့သည်။
နာရေးကိစ္စများလုပ်ကိုင်ပြီးသည့်နောက် လိုအပ်သည့်ပစ္စည်းများထုတ်ပိုးသယ်ယူကာ ကလေးနှင့်အတူ တောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။ သူများတွေ တစ်ညအိပ်ကာ ခြေလျင်လျှောက်ရသည့်လမ်းကို ဒေါ်သိန်းရွှေသည် ကလေးချီကာ တစ်နေ့တည်းရွာအရောက် ခြေလျင်လျှောက်ခဲ့သည်။ သူနှင့်အတူ သစ်စက်တွင်အလုပ်လုပ်သည့် တခြားသော မိသားစုဝင်များလည်းပါသည်။ ရွာသစ်ရွာသို့ ရောက်ခါနီးတွင် ညနေစောင်း နေပြီဖြစ်သည်။
“ရွာရောက်ခါနီးပြီ မြင်နေရပြီ၊ တစ်ခေါ်ပဲ ကျန်တော့တယ်။ အဲဒါ စစ်ကြောင်းက ရိက္ခာထုတ်ပြီး ပြန်တက်တာမှာ တည့်တည့်တိုးတာ။ အဲဒါ ကလေးတစ်လသားနဲ့ ပြန်ခေါ်သွားတယ်” ဟု ခြေလျင်အဝေးကြီးလျှောက်လာပြီး ရွာနားရောက်ခါနီးမှ စစ်တပ်က တောင်ပေါ်သို့ ပြန်ခေါ်သွားသည့်အဖြစ်ကို ဒေါ်သိန်းရွှေက ပြန်ပြောပြသည်။
ထိုစဉ်က သူတို့ကို ခေါ်ယူသွားသည့် တပ်ရင်းမှာ မုန်းမြို့ရှိ ခမရ ၅၉၉ တပ်ရင်းဖြစ်သည်ဟု ဆိုသည်။
ဒေါ်သိန်းရွှေတို့ကို ပြန်ခေါ်သွားရသည့်အကြောင်းမှာ KNU ၏ ခြုံခိုတိုက်ခိုက်ခြင်းခံရမည်ကို ကြောက်သဖြင့် ရွာသားများကို ဓားစာခံသဘောမျိုးဖမ်းဆီးသွားခြင်းဖြစ်သည်။
တောင်ပေါ်သို့ ပြန်ခေါ်ခံရသူမှာ ဒေါ်သိန်းရွှေအပါအဝင် စုစုပေါင်း ၁၀ ယောက်ခန့်ဖြစ်သည်။ အားလုံးမှာ ကလေးနှင့် မိခင်များသာဖြစ်သည်။ တောင်ပေါ်သို့ ပြန်တက်ကြသည့်အခါ စစ်သားများသည် ရှေ့ဆုံးကလည်း မသွား၊ နောက်ဆုံးကလည်း မလိုက်၊ ကြားအလယ်က လိုက်သည်။ နောက်တွင်ကျန်ခဲ့လျှင် ‘ ဘာလုပ်နေလဲ၊ တက်လာ’ ဟု အော်ဆဲကာ သူတို့နှင့်အတူတူသွားခိုင်းသည်။
ထိုစဉ်က သူတို့နေထိုင်ရာစခန်းသို့ တောင်အတက်အဆင်း ၉ မိုင်ခန့်လမ်းလျှောက်ခဲ့ရသည်။ စခန်းသို့ ရောက်သည့်အခါ ည ၁၀ နာရီထိုးနေပြီ ဖြစ်သည်။ ခေါ်လာသည့်သူများကို ပြန်ဆင်းခိုင်းသည်။ သို့သော် ညမှောင်နေပြီဖြစ်ရာ တောလမ်းအတိုင်း ပြန်ဆင်းဖို့ အဆင်မပြေသည့်အတွက် စခန်းတွင် တစ်ညလုံး ကလေးတစ်ဖက်ဖြင့် ငုတ်တုတ်အိပ်ခဲ့ရသည်ဟု ဒေါ်သိန်းရွှေက ပြောပြသည်။
“သူတို့လုံခြုံရေးအတွက် ကိုယ်တွေကို ပြန်ခေါ်သွားတာ၊ သေမှာကြောက်လည်း သေနတ်မကိုင်နဲ့ပေါ့။ အဲတော့ မေတ္တာပို့ပေးတယ်၊ နင်တို့ကောင်းစားပါစေ၊ ငါတို့ပဲ ဒုက္ခရောက်ပါစေ၊ ဝဋ်ရှိရင် ဒီဘဝမှာပဲ အကြေဆပ်ပါ့မယ်လို့ မေတ္တာပို့ပြီး ပြန်လာခဲ့တယ်” ဟု ၂၀၀၂ ခုနှစ်က ကြုံခဲ့ရသည့် စစ်တပ်ပေးသည့် ဒုက္ခတစ်ခုကို သူက ဆက်ပြောပြ သည်။
ဒေါ်သိန်းရွှေတို့၏ အတွေ့အကြုံအရ ယင်းသို့ခေါ်ခံရသည့် အရပ်သားပြည်သူများတွင် သေဆုံးသွားရသူများရှိ သည်။ လှည်းသမားများလည်း အခေါ်ခံရပြီး လမ်းတွင်မိုင်းထိ၍ သေဆုံးရသည့် လှည်းသမားများလည်းရှိသည်။
ခလရ ၆၀ တပ်ရင်းအနီးနေခဲ့ရခြင်းဖြစ်ရာ စစ်တပ်၏ အနိုင်ကျင့်မှု၊ ဖိနှိပ်မှု၊ လူပါးဝမှုအပေါင်းကို ဒေါ်သိန်းရွှေ အပါအဝင်တစ်ရွာလုံးခံထားရသူချည်းဖြစ်သည်။ စစ်တပ်၏ အနိုင်ကျင့်မှုများကို ပြောပြရလျှင် ဖြစ်ပျက်ခဲ့သမျှ က သူတို့အတွက် တစ်ပုံတစ်ပင်။
“နွားက ကိုယ့်ကိုင်းထဲမှာ လှန်ထားတာ၊ တပ်နဲ့နီးတော့ သူတို့က ကြိုးဖြုတ်ပြီး တပ်ထဲ မောင်းသွင်းသွားတယ်။ နွားသွားရှာတော့ နွား မတွေ့တော့ တပ်ထဲမှာ ဖမ်းထားတယ်တဲ့။ သားက သူ့နွားဆိုတော့သွားဖြုတ်တာပေါ့။ အဲဒါကို (ကလေးကို) ရိုက်တယ်” ဟု စစ်တပ်နှင့်ကပ်လျက်နေခဲ့ရခြင်းအတွက် သူတို့မိသားစုကြုံခဲ့ရသည့် စစ်တပ်၏ အနိုင်ကျင့်မှုတစ်ခုကို သူက ပြန်ပြောပြသည်။
သူ့သားကို ရိုက်သဖြင့် ဒေါ်သိန်းရွှေသည် အဆိုပါ စစ်သားကို ရန်ပြန်တွေ့ခဲ့သည်။ ယင်းသို့ရန်တွေ့ခဲ့စဉ် ကြောက်လန့်စိတ်မဖြစ်လားဟု မေးကြည့်သည့်အခါ-
“ကြောက်စရာလား၊ ကိုယ်ကဘာမှ လုပ်တာမှ မဟုတ်တာ။ သူတို့က မတရားလုပ်တာ၊ သက်သက်လုပ်တာ။ သူတို့ကသာ အဲဒီလိုတွေလုပ်နေတာ သူတို့နဲ့ကိုယ်တွေနဲ့က ကင်းတာမှ မဟုတ်တာ။ သူတို့မိန်းမတွေက ကိုယ်တွေဆီမှာ အကြွေးတွေဝယ်ထားတာရှိတယ်။ ဈေးဝယ်ထားတာ၊ အဲတော့ သူတို့ကို နားရင်းတောင်ဖြတ် ရိုက်လို့ရတယ်။ သူတို့ယောက်ျားတွေက သားရေပေါ်အိပ် သာရေးနားစားတွေ” ဟု ဒေါ်သိန်းရွှေက မှတ်ချက် ပေးသည်။
ထိုစဉ်က နွားသည် ကြိုးပြတ်ပြီး ခလရ ၆၀ တပ်ရင်းထဲဝင်သည်ဟုဆိုကာ နွားခြေရာတစ်ကွက်ကို ကျပ် ၃,၀၀၀ ပေးရန် စစ်တပ်က အလျှော်တောင်းခဲ့သည်ဟု ဆိုသည်။
အခုတော့ သားဖြစ်သူသည် စစ်တပ်၏ လက်ချက်ကြောင့် ခြေထောက် ဖြတ်လိုက်ရပြီဖြစ်သည်။ ဒေါ်သိန်းရွှေ အတွက် ဝဋ်ကြွေးက ဤမျှဖြင့် မကုန်သေး။ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၃ ဇန်နဝါရီလတွင် သားဖြစ်သူသေနတ် ဖြင့် အပစ်ခံရ၍ ခြေထောက်ဖြတ်လိုက်ရပြီး တစ်လအကြာ ဖေဖော်ဝါရီလထဲတွင် နောက်ထပ်သမီးတစ်ယောက် မိုင်းထိကာ ခြေထောက်တစ်ဖတ်ပြတ်ပြီး မျက်လုံးတစ်လုံးလည်း ထွက်သွားခဲ့ရသည်။
ခြေထောက်ပြတ်တယ်၊ မျက်စိတစ်လုံးထွက်တယ်။ ဆီးခုံအသားတွေလည်း ထွက်သွားတယ်။ လက်မှာဆိုလည်း လက်သည်းတွေပါ ကျွတ်ထွက်တယ်။ တစ်ကိုယ်လုံး မွနေတာပဲ“ဟု ဒေါ်သိန်းရွှေက ဆိုသည်။
-ဆက်လက်ဖော်ပြပါမည်။
* အမည်လွှဲ။