ရွေးကောက်ပွဲဆန့်ကျင်ရေးသည် နိုင်ငံရေးအာသာဖြေမှု ဖြစ်နေပြီလား

ဒေါင်းမြီး ရေးသည်။

မဏ္ဍိုင်၊ အောက်တိုဘာ ၂၄၊ ၂၀၂၅။

နိုင်ငံတော်ပုန်ကန်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်ပြီး ပြည်သူ ၇ ထောင်ကျော်ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကော်မရှင်တပ်က သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဖုံးကွယ်ပြီး တရားဝင် လူသတ်ခွင့်ရစေဖို့ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲပြီးရင် ဘာဖြစ်မလဲဆိုတော့ ဦးသိန်းစိန်ရဲ့ ဒီမိုကရက်တိုင်ဇေးရှင်း (Democratization) အပြောင်းအလဲမျိုး တွေ့ရမှာကတော့ အလွန်နည်းပါး ပါလိမ့်မယ်။ ဖြစ်နိုင်ချေအရှိဆုံးက လက်ရှိ မတရား စုဆောင်းခံနေရတဲ့ ပြည်သူ့စစ်မှုထမ်းကို တရားဝင် စုဆောင်းခွင့်ရသွားနိုင်တယ်။ စစ်ကို ဆက်တိုက်နိုင်ဖို့ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ရဲ့ ရင်းနှီးမြှပ်နှံခွင့်တွေကို တိုင်းပြည်က အနစ်နာခံပြီး ပေးရလိမ့်မယ်။ ပြီးတော့ အာဏာသိမ်းစစ်တပ်က စစ်ဘောင်ကို မီးကုန်ယမ်းကုန် တိုးချဲ့ပါလိမ့်မယ်။

နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ စစ်ကော်မရှင်လုပ်မယ့် အဲဒီရွေးကောက်ပွဲကို ပြင်းပြင်း ထန်ထန်ကန့်ကွက်တာ မတွေ့ရသေးပါဘူး။ တရုတ်နဲ့ အိန္ဒိယကတော့ ရွေးကောက်ပွဲ ဖြစ်မြောက် စေချင်တာကို တွေ့မြင်နေရ ပါတယ်။ အာဆီယံရဲ့ သဘောထားကလည်း ပြတ်ပြတ်သားသား မမြင်ရသေးသလို အမေရိကန်ကလည်း ပြည်ပနိုင်ငံတွေက ပြုလုပ်မယ့်ရွေးကောက်ပွဲကို မှတ်ချက်မပေးဖို့ သံတမန်တွေကို ညွှန်ကြားထားပါတယ်။

ရွေးကောက်ပွဲဟာ နိုင်ငံတစ်ခုကို အုပ်ချုပ်တဲ့ အစိုးရရဲ့ တရားဝင်မှု မှတ်ကျောက်တစ်ခု ဖြစ်ပါတယ်။ သေချာတာကတော့ လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးက အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲ မရှိသေးပါဘူး။ အခု စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲလို အငြင်းပွားဖွယ် ရွေးကောက်ပွဲတွေ ရှိခဲ့ပါတယ်။ ၂၀၀၈ က ဇင်ဘာဘွေမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ ၂၀၁၈ က ဗင်နီဇွဲလားမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ ၂၀၂၀ က ဘီလာရုစ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေပါ။

ဒီမှာ တစ်ခုပြောချင်တာက “အသိအမှတ်မပြုတာ”နဲ့ “တရားမဝင်တာ”နဲ့ မတူပါဘူး။ ရွေးကောက်ပွဲတွေမှာ “အလုံးစုံအသိအမှတ် မပြုတာ”၊ ”အလုံးစုံ တရားမဝင်တာ” မရှိခဲ့ပါဘူး။ တစိတ်တပိုင်း (သို့မဟုတ်) အနည်းနဲ့အများ (ဒါမဟုတ်)ရွေးကောက်ပွဲကို အသိအမှတ်မပြု၊ ရွေးကောက်ပွဲပြီးမှ အသိအမှတ်ပြုတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

တဖက်မှာကလည်း နိုင်ငံတကာက ရွေးကောက်ပွဲအပြီးတက်လာတဲ့ အစိုးရကို ဘယ်လောက် အသိအမှတ်ပြုခြင်း၊ မပြုခြင်း အနည်း၊ အများက တော်လှန်ရေး၊ နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။

ပြည်တွင်းစစ်တလျှောက်ကို ကြည့်ရင် စစ်တပ်ဟာ ဗမာလူမျိုးတွေရဲ့ ဗမာအများစုနေထိုင်ရာဒေသမှာ သူပုန်ထမှုကို အခြားလူမျိုးစုတွေ သူပုန်ထမှုထက် လူမဆန်စွာ နှိမ်နှင်းခဲ့ကြတာပါပဲ။

၁၉၅၂မှာ ၊ “မ”သုံးလုံးနယ်မြေလို့ခေါ်တဲ့ မြင်းခြံ၊ မန္တလေး၊ မိတ္ထီလာနယ်မြေမှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို စက်ဝိုင်းပုံ တဖြည်းဖြည်း ကျဉ်းစေတဲ့ နည်းနဲ့ စစ်ဆင်မှုမျိုး။ ၁၉၅၆က “အောင်မာဃ” စစ်ဆင်ရေးဆိုပြီး ပခုက္ကူခရိုင်အတွင်းက အလံနီကွန်မြူနစ်ပါတီကို ပြုလုပ်တဲ့ စစ်ဆင်ရေးတို့ကို ကြည့်ရင် သိနိုင်ပါတယ်။ ဘယ်လိုတွေ ရက်ရက်စက်စက် နှိမ်နှင်းခဲ့တယ်ဆိုတာ သမိုင်းကို ပြန်ကြည့်နိုင်ပါတယ်။

လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအတွင်းက စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ခေါင်းဖြတ်သတ်တာမျိုး၊ ခြေလက်ဖြတ်တာမျိုးနဲ့ လူမဆန်အောင် သတ်ဖြတ်ပြနေတာပါ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ခေါင်းဖြတ်သတ်ပြီး အဲဒီခေါင်းကို ဒရုန်းနဲ့ချိတ်ဆွဲကာ တော်လှန်ရေးတပ်တွေဆီ ပြန်ပို့တာမျိုးတွေအထိ ရက်ရက်စက်စက် လုပ်တတ်ကြတယ်။

စစ်ကော်မရှင်တပ်ဟာ အညာဒေသမှာ အဲဒီလို ဆိုးဝါးရက်စက်လွန်းတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာပါ။ ဒါ့အပြင် လက်နက်မဲ့ အေးချမ်းစွာ ဆန္ဒပြတာတွေတောင် ဗုံးကြဲသတ်ဖြတ်နေတာ အားလုံးအသိပါ။

အဲဒီလို လူမဆန်တဲ့ သတ်ဖြတ်မှုမျိုးတွေကို တရားဝင် ကျူးလွန်ချင်လို့ စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲကို မဖြစ်မနေ အားသွန်ခွန်စိုက်လုပ်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးတည်းက လက်ရှိအချိန်အထိ ပြည်သူ့အပေါ်ကျူးလွန်မှုတွေဟာ သူတို့ လိုအပ်လို့ လုပ်ခဲ့တာမျိုးဖြစ်စေဖို့ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်နေတာပါ။

ရွေးကောက်ပွဲဖြစ်သွားခဲ့ရင် ပြည်သူ့ ခုခံစစ်ရဲ့ အဓိပ္ပာယ်က တစ်မျိုးတစ်ဖုံပြောင်းလဲသွားပြီး ကျဆုံး၊ ထိခိုက်ခဲ့ရသူတွေလည်း အဓိပ္ပာယ်မဲ့သွားမှာပါ။ ဒါကို မျက်ချည်မပြတ်ဖို့ လိုတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မဖြစ်ဖို့လိုတယ်။ ရွေး ကောက်ပွဲ ဖြစ်ရင်တောင် အဲဒီရွေးကောက်ပွဲနဲ့ တက်လာမယ့်အစိုးရဟာ အဓိပ္ပာယ်မဲ့သွားဖို့ လိုအပ်ပါတယ်။

အခုတလော မဲရုံတွေကို တိုက်ခိုက်ဖို့၊ မဲဆွယ်တာတွေ တိုက်ခိုက်ဖို့၊ မဲစာရင်းနဲ့ဆက်စပ်တဲ့ ရုံးတွေကို တိုက်ခိုက်တာတွေ ပြုလုပ်ဖို့ လှုံဆော်နေကြပါတယ်။ လက်ရှိမှာတော့ မဲစာရင်းနဲ့ဆက်စပ်တဲ့ ရုံးတွေကို တိုက်ခိုက်တာကလွဲရင် တခြားတိုက်ခိုက်မှုတွေမရှိသေးပါဘူး။

တော်လှန်ရေးတပ်တွေအနေနဲ့လည်း လက်နက်နဲ့ ရွေးကောက်ပွဲကို တိုက်ခိုက်ဖို့က နေရာအစုံကို မသက်ရောက်ပါဘူး။ ရွေးကောက်ပွဲကို တိုက်ခိုက်တာက ရွေးကောက်ပွဲကို ပိုမိုအားပေးရာ ရောက်ပါတယ်။ ဘာကြောင့်ဆို နိုင်ငံတကာက ရွေးကောက်ပွဲတိုက်ခိုက်တာကို အားပေးမှာမဟုတ်ပါဘူး။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို အကြမ်းဖက်နည်းနဲ့ တားဆီးတယ်လို့ ယူဆသွားနိုင်ပါတယ်။ ဒါကလည်း ရွေးကောက်ပွဲကို တားဆီးဖို့ နည်းလမ်းကောင်းတော့ မဟုတ်ပါဘူး။

လက်ရှိ သိရသလောက်တော့ စစ်ကော်မရှင် ထိန်းချုပ်ဒေသက ပြည်သူတွေ မဲမပေးခြင်းဟာ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးရာရောက်တဲ့အတွက် မဲပေးကြဖို့ ရွေး/ကော်က ခြိမ်းခြောက်ထားသလို စက်ရုံ၊အလုပ်ရုံက အင်အားစာရင်းတွေကိုလည်း ယူထားပါတယ်။ တကယ်က ရွေးကောက်ပွဲကို သဘောမတူရင် မဲမပေးခြင်းဟာ မဲဆန္ဒရှင်ရဲ့ အခွင့်အရေးပါ။

ပြည်ပမှာနေတဲ့သူတွေအတွက် မဲမပေးဖို့၊ တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေမှာ နေတဲ့သူတွေအနေနဲ့လည်း မဲမပေးဖို့က ပြဿနာ မရှိပေမယ့် ပြည်တွင်းက လူတွေကိုတော့ သေနတ်နဲ့ထောက်ပြီး မဲပေးခိုင်းမှာပါ။ မဲမပေးရင် ထောင်ထဲ ၇ နှစ်လောက်အထိ သွားနေကောင်း နေရနိုင်ပါတယ်။ အခန့်မသင့်ရင် သတ်ဖြတ်ခံရနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

စစ်ကော်မရှင်ကတော့ မဲမပေးကြဘူးဆိုရင်တောင် သူ့လူနဲ့သူ ဖြစ်အောင် လုပ်သွားမှာပါပဲ။ ၂၀၀၈ ခြေ/ဥမှာ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ မဲပေးခွင့်ရှိသူတွေရဲ့ အနည်းဆုံး ဘယ်လောက်ရာခိုင်နှုန်း မဲပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိထားပါဘူး။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို တားဆီးဖို့ ပြည်ပမှာ နယ်ပယ်မျိုးစုံက ပြုလုပ်နေတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး စကားဝိုင်းတွေကလည်း ရွေးကောက်ပွဲကို မတားဆီးနိုင်ပါဘူး။ လူတိုင်းကလည်း ဒီရွေးကောက်ပွဲကို ဆန့်ကျင်ရမယ်ဆိုတာ လက်ခံထားပြီးသားပါ။ အဲဒီစကားဝိုင်းတွေ၊ ရွေးကောက်ပွဲကို လက်မခံတဲ့ ဆန္ဒပြမှုတွေက ရွေးကောက်ပွဲ မဖြစ်စေဖို့ လက်တွေ့နဲ့ ကင်းကွာလွန်းပါတယ်။

ရွေးကောက်ပွဲမဖြစ်စေဖို့ နည်းလမ်းက တခုပဲ ရှိပါတယ်။ ဒါက စစ်ကို အနိုင်တိုက်ရေးပါ။ အလုံးအရင်းနဲ့လာမယ့် ထိုးစစ်ကို ခုခံမယ့် တော်လှန်ရေးတပ်တွေ အထိအခိုက်နည်းအောင်၊ ပြန့်ကြဲနေတဲ့ တပ်တွေကို တခုတည်းသော အမိန့်အောက်မှာ စုစည်းနိုင်အောင်၊ ပြည်သူတွေ လုံခြုံဘေးကင်းစွာ စစ်ရှောင်တိမ်းနိုင်အောင်၊ ခဲယမ်း၊ ရိက္ခာ၊ လက်နက် ပြည့်စုံအောင် မဟာဗျူဟာ၊ နည်းဗျူဟာ၊ စစ်ရေးဗျူဟာ၊ စစ်ရေးစီမံချက်တွေ စီစဉ်ထားသင့်ပါပြီ။ စီစဉ်ထားပြီးသားလည်း ရှိမှာပါ။

ဒီမှာ လက်ရှိကြုံနေရတဲ့ ပြဿနာက စစ်ရေးအတွက် ရန်ပုံငွေ လျော့နည်းလာတာပါပဲ။ တကယ့်လိုအပ်ချိန်ကျမှ လျော့နည်း လာတာဟာ ဝမ်းနည်းစရာကောင်းပေမယ့် အလွယ်တကူ သယံဇာတထုတ်နိုင်တဲ့ ဒေသတချို့ ထိန်းချုပ်ထားတာက မျှော်လင့်ချက်ကို အားကောင်းစေပါတယ်။ ဒါပေမဲ့ ပြည်သူက တော်လှန်ရေးအတွက် လိုအပ်တိုင်းလှူဒါန်းခဲ့ချိန်က လုပ်ခဲ့တဲ့အမှားမျိုးကို သယံဇာတထုတ်ယူရောင်းချရာမှာ ထပ်မံ မကျူးလွန်မိဖို့ပဲ လိုပါတယ်။

ဒါပေမဲ့လည်း ဒီဇင်ဘာမတိုင်မီ စစ်ကို အပြီးသတ်တိုက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ စစ်တပ်က အာဏာသိမ်းကတည်းက ရွေးကောက်ပွဲလုပ်မယ်ပြောပြီးသားပါ။ ပြင်ဆင်ဖို့အချိန် ၅ နှစ်နီးပါးရခဲ့ပေမယ့် အခုချိန်ထိ အတိုက်အခံတော်လှန်ရေး အင်အားစုတွေဘက်က ရွေးကောက်ပွဲမဖြစ်စေဖို့ တိကျတဲ့ အဖြေရှိ မထားပါဘူး။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရလို တော်လှန်ရေးဦးဆောင်ဦးရွက်ပြုတဲ့အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို မဖြစ်အောင် မလုပ်နိုင်ရင်တောင်မှ ရွေးကောက်ပွဲအလွန်ကာလအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါပြီ။

ရွေးကောက်ပွဲကတော့ ဖြစ်ကို ဖြစ်မှာပါ။ ဘာကြောင့်ဆို စစ်ကော်မရှင်အတွက် ထွက်ပေါက်ဟာ ဒီတခုပဲ ရှိနေလို့ပါ။ ရွေးကောက်ပွဲ မဖြစ်အောင် လုပ်ခြင်းဟာ စစ်ကော်မရှင်ရဲ့ ထွက်ပေါက်ကို ပိတ်တာနဲ့ အတူတူပါပဲ။

ရွေးကောက်ပွဲမဖြစ်အောင် မလုပ်နိုင်တော့မယ့်အတူတူ နောက်တစ်နည်းက ဒီရွေးကောက်ပွဲကို ဂုဏ်သိက္ခာမရှိတဲ့ ရွေးကောက်ပွဲဖြစ်စေအောင် လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။

အဲဒီလို ဆိုတော့ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲလားလို့ မေးရင် မဟုတ်ပါဘူး။ ဒါပေမဲ့ ဂုဏ်သိက္ခာမရှိတဲ့ ရွေးကောက်ပွဲကို ဂုဏ်သိက္ခာမဲ့အောင် ဝိုင်းလုပ်ကြဖို့ကို ဆိုလိုချင်တာပါ။

လက်ရှိမှာတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲက ရက် ၆၀ တောင် မလိုတော့ပါဘူး။ ဒီတော့ ရွေးကောက်ပွဲကို တားဆီးနိုင်ဖို့ မဖြစ်နိုင်ရင်တော့ ဂုဏ်သိက္ခာမရှိတဲ့ ရွေးကောက်ပွဲကို ဂုဏ်သိက္ခာမဲ့အောင်လုပ်ဖို့ ဆိုတာက စဉ်းစားသင့်တဲ့ နည်းနာတခု ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing