မဏ္ဍိုင်၊ အောက်တိုဘာ ၂၇ ၊ ၂၀၂၅။
Mask တပ်ထားပြီး ရေစိုခံ တစ်ခါသုံး PPE ဝတ်စုံအပြာရောင်ကိုဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးက နန်းကြော့မေ* ရဲ့ ရင်သားနှစ်ဘက်ကို ထုံဆေးထိုးလိုက်တယ်။ ပြီးနောက် ဆေးထိုးအပ်နဲ့ ရင်သားနှစ်ဘက်လုံးကို Filler တွေထပ် ပြီး ထိုးထည့်လိုက်ပါတယ်။
နန်းကြော့မေဟာ အလှအပရေးရာဆေးခန်းမှာ သူ့ရဲ့ ရင်သားတွေ လှပအောင် Filler ထိုးပြုပြင်နေတာပါ။ သူ့ကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းဟာ သူမြင်နေကျဆေးခန်းနဲ့ မတူသလို ခွဲစိပ်တဲ့အခန်းကလည်း စာပွဲခုံတစ်လုံးနဲ့ ခုတင်တစ်လုံသာရှိတဲ့ သာမာန်အခန်းတစ်ခုမျှသာပါ။
အချိန် တစ်နာရီကျော်လောက်ကြာတော့ ပြီးသွားပြီလို့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးက အသိပေးလို့ အခန်း အပြင်ကို ထွက်ခဲ့တယ်။ သူထွက်လာတော့ ဆေးခန်းရဲ့ဧည့်ခန်းမှာ ဝန်ဆောင်မှုကို ခံယူဖို့ စောင့်ဆိုင်းနေတဲ့ သူနဲ့ ရွယ်တူ အမျိုးသမီးငယ်နှစ်ဦးကိုလည်း တွေ့ခဲ့ရပါတယ်။
ဒီပြုပြင်မှုကို ၂၀၂၃ နိုဝင်ဘာမှာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ထဲက အလှအပရေးရာ ဆေးခန်းတစ်ခုမှာ လုပ်ခဲ့ တာပါ။ ဒီဆေးခန်းက လူမှုကွန်ရက် (Facebook) နဲ့ Tik Tok တွေမှာ အထူးဈေးနှုန်းနဲ့ ပရိုမိုးရှင်းကာလအတွင်း ဆောင်ရွက်ပေးမှာလို့ ဆိုတဲ့အတွက်လည်း သူ ရွေးချယ်ခဲ့တာပါ။ နန်းကြော့မေဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်က ပါ။
အမျိုးသမီးတွေအနေနဲ့ ဒီလို Filler ထိုးတာကို မျက်နှာ၊ နှုတ်ခမ်း၊ နှာခေါင်း၊ ရင်သားနဲ့တင်ပါးတွေမှာ ပြုလုပ် ကြတာ များပါတယ်။ ရင်သားထဲမှာ ဆီလီကွန် ထည့်မယ်ဆိုရင် ကုန်ကျစရိတ်ကြီးမြင့်တာနဲ့ ရင်သားအရွယ် အစားကြီးလာတဲ့အတွက် ရင်သားပြုပြင်ထားတာကို လူတွေရိပ်မိနိုင်တာကြောင့် သဘာဝကျကျ ရင်သား လှပအောင် ရင်သားမှာ Filler ထိုးရတာ ဖြစ်တယ်လို့ နန်းကြော့မေက ပြောပါတယ်။
Filler ဆိုတာ အလှအပဆိုင်ရာပြုပြင်ခြင်း (Aesthetic Treatment) အတွက် ရည်ရွယ်ပြီး အသုံးပြုတဲ့ ဟီးယာ လူရောနစ် အက်ဆစ် (Hyaluronic Acid)ပါ အရည်တစ်မျိုးဖြစ်ပါတယ်။ အသားအရေ တင်းရင်းနုနယ်စေတဲ့ အတွက် HA ကို Filler အဖြစ် အများဆုံးအသုံးပြုကြပါတယ်။
နန်းကြော့မေတစ်ယောက် ရင်သားပြုပြင်ပြီး ရှစ်လလောက်အကြာမှာ ယာဘက်ရင်သားတဝိုက်က မကြာခဏ ဆိုသလို အပ်နဲ့ထိုးသလို “စူးကနဲ” ဖြစ်ပြီး တဆစ်ဆစ် နာကျင်လာပါတယ်။ ဒီလိုနာကျင်တာဟာ ရာသီလာတဲ့ ဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့် အခုလို ခံစားနေရတာ ဖြစ်မယ်လို့ သူက ထင်နေပါသေးတယ်။ ဒါပေမဲ့ ခံစားနေရတဲ့ ဝေဒနာက ဓမ္မတာလာတဲ့ရက်တွေကို ကျော်လွန်သွားတဲ့တိုင် သက်သာမသွားဘဲ ပိုဆိုးလာပါတယ်။
ဒါ့ကြောင့် မန္တလေးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာဆေးစစ်ကြည့်တဲ့အခါ ယာဘက်ရင်သားမှာထိုးထားတဲ့ Filler ဆေးအရည်တွေဟာ မပျော်ဘဲ ခဲနေတဲ့အတွက် ရင်သားမှာ အလုံးတွေ ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။
၂၀၂၄၊ ဇူလိုင် ၆ မှာတော့ နန်းကြော့မေဟာ ဆေးရုံတက်ရောက်ပြီး အရေးပေါ်ခွဲစိပ်မှုခံယူခဲ့ပါတယ်။ ဆရာဝန် တွေက သူ့ရဲ့ ယာဘက် ရင်သားကိုခွဲစိပ်ပြီး မပျော်ဘဲခဲနေတဲ့ Filler အလုံးတွေ အကုန်လုံးကို ဖယ်ရှားခဲ့ကာ ရင်သားအတွင်းမှာ လှိုက်စားနေတဲ့ ပြည်တွေကိုပါ ဖောက်ထုတ် သန့်စင်ခဲ့ရပါတယ်။

အသက် ၂၅ နှစ်အရွယ် နန်းကြော့မေဟာ ထပ်မံခွဲစိတ်ရတာကြောင့် သူ့ရဲ့စိုးရိမ်စိတ်ကို အခုလို ပြောပြပါတယ်။
“ငယ်လည်းငယ်သေးတယ်ဆိုတော့ ရင်သားအလှပျက်သွားမှာ ကြောက်တာပေါ့။ ပြီးတော့ ချုပ်ရိုးကြီးတွေ မလှမှာလည်း ကြောက်တယ်။ ပြီးရင် ဒီဟာကြီးခွဲစိပ်ပြီးရင် လူကောင်းအတိုင်း ပြန်ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်ခဲ့ရတာ။”
နန်းကြော့မေဟာ ခွဲစိပ်တဲ့ရက်အပါအဝင် ရက်သတ္တပတ် တစ်ပတ်ခန့် ဆေးရုံမှာကုသခံခဲ့ရပြီး ကုန်ကျစရိတ် စုစုပေါင်း ကျပ်သိန်း ၁၁၀ ကျော်ကုန်ခဲ့ပါတယ်။ တစ်လလောက်ကြာမှ ချုပ်ရိုး ဖြည်နိုင်ခဲ့ပါတယ်။ ကျန်းမာ ရေးလည်း ပြန်ကောင်းလာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၉ ကစပြီး အလှအပရေးရာ ဆေးခန်းတွေဟာ တစ်စတစ်စနဲ့ နိုင်ငံအနှံ့ ကျယ်ပြန့်စွာ ပေါ်ထွက် လာရာကနေ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ဒီဆေးခန်းတွေနဲ့ အလှအပရေးရာ (Spa) တွေဟာ အလွန်အမင်း များပြားလာပါတယ်။
ဒီဆေးခန်းတွေမှာ ကျန်းမာရေးတတ်ကျွမ်းနားလည်တဲ့ ပညာရှင်မဟုတ်သူတွေ ကုသပေးနေတာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာပြီး သေဆုံးရတဲ့အထိပါ ဖြစ်နေကြရတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဝေဖန်မှုတွေ ရှိလာပါတယ်။
ရန်ကုန်မြို့က အလှအပရေးရာဆိုင်ရာ ပညာရှင် (Aesthetic doctor) တစ်ဦးဖြစ်သူ ဒေါက်တာ မီမိထက်*က အဆိုပါ ဆေးခန်းတွေက လိုင်စင်ရထားခြင်းမရှိသလို ဆေးပညာနဲ့ပတ်သက်ပြီး သေချာလေ့လာထားခြင်း မရှိသူတွေက လုပ်ဆောင်နေကြပြီး “စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တော်တော်လေးကို ဆိုးရွား လာပါတယ်။” လို့ မှတ်ချက်ပေးပါတယ်။
သူဟာ ထိုင်းနိုင်ငံမှာ အရေးပြားရောဂါ အထူးကု ဘာသာရပ် (Dermatology)နဲ့ အလှအပဆိုင်ရာ အရေပြား ပြုပြင်တဲ့ပညာရပ် (Aesthetic Medicine)ကို M.Sc ရသည်အထိ ပညာသင်ယူခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
“ထိန်းချုပ်နိုင်ဖို့က ဘာဥပဒေမှလည်း မရှိနေဘူး။ မရှိနေတော့ သူတို့က တရားမဝင် ဆိုင်တွေဖွင့်လာပြီး လက်ရဲ ဇက်ရဲ ပိုလုပ်လာကြတယ်။” လို့ သူက ဝေဖန်ထောက်ပြပါတယ်။
အာဏာသိမ်းပြီးနောက် များပြားလာတဲ့ တရားမဝင် အလှအပရေးရာ ဆေးခန်းတွေ
၂၀၁၀ မတိုင်ခင်က မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အလှ ပြုပြင် ခွဲစိတ်ခြင်းတွေ ဆောင် ရွက်လိုတဲ့အခါ တောင်ကိုးရီးယားနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတို့ ဆီကို သွားကြရပါတယ်။
ထိုစဉ်က အလှအပရေးရာဆိုင်ရာ ခွဲစိတ်မှုတွေကို မြန်မာနိုင်ငံမှာ ခွင့်မပြုထားတဲ့အတွက် နိုင်ငံခြားက အလှအပ ရေးရာ အထူးကုဆရာဝန်ကြီးတွေကို ဖိတ်ခေါ်ပြီး ပြည်တွင်းက ဆရာဝန်တွေနဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသပေး တာမျိုးလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေ ဖွင့်လှစ်လုပ်ကိုင်ခွင့်ကို ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၀ မှာ လိုင်စင်ချပေးခဲ့တာပါ။ အဲဒီနှစ်မှာပဲ မြန်မာနိုင်ငံမှာ မျက်နှာနဲ့ခန္ဓာကိုယ် အလှပြုပြင်ခွဲစိတ်ခြင်းတွေကို စတင် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ မဏ္ဍိုင်က ဆက်သွယ်တဲ့ အလှအပရေးရာဆိုင်ရာ ပညာရှင်များက အတည် ပြုပါ တယ်။ အဲဒီနောက်ပိုင်း အလှအပရေးရာ ဆေးခန်းတွေ မြန်မာနိုင်ငံအနှံ့ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့တာပါ။
မြန်မာနိုင်ငံဆေးကောင်စီမှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဝေမြင့်က မြန်မာနိုင်ငံမှာ လာရောက် ကုသမယ့် နိုင်ငံခြားသားဆရာဝန်တွေကို ၎င်းတို့ရဲ့သက်ဆိုင်ရာနိုင်ငံအလိုက် ဆေးကောင်စီရဲ့ သုံးလအတွင်း ဆေးကုသ ရာမှာ ပြဿနာတစ်စုံတရာမရှိဘူးဆိုတဲ့ ထောက်ခံချက်ကို တောင်းခံတယ်လို့ စစ်တပ်အာဏာ မသိမ်းခင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပြည်တွင်း မီဒီယာတစ်ခုကို ဖြေခဲ့တာရှိပါတယ်။
ဆိုလိုရင်းသဘောကတော့ ဝန်ကြီးဌာနက အသိအမှတ်ပြုမှသာ နိုင်ငံခြားဆရာဝန်တွေကို မြန်မာနိုင်ငံအတွင်းမှာ ဆေးကုသခွင့်ပေးတာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တရားမဝင် အလှအပရေးရာဆေးခန်းတွေမှာ ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုနေတဲ့ နိုင်ငံခြားသားဆရာဝန်တွေကို ဖမ်းဆီးမိလာတဲ့ဖြစ်စဉ်တွေ ရှိလာပါတယ်။
၂၀၂၃ နိုဝင်ဘာ ၁၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ နတ်မောက်ရိပ်သာလမ်းမှာ ဖွင့်လှစ်ထားတဲ့ Saigon Beauty Skin & Luxury Clinic ရဲ့ ဆေးကုသခွင့် လိုင်စင်မရှိတဲ့ ဗီယက်နမ်နိုင်ငံသား တစ်ဦးနဲ့ မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦးတို့က တရားမဝင်တဲ့ ဆေးတွေသုံးစွဲခြင်းနဲ့ တရားမဝင် အလှအပ ခွဲစိတ်မှုတွေဖြစ်တဲ့ နှာခေါင်း၊ မျက်ရစ်နဲ့ နှုတ်ခမ်း ခွဲစိပ်မှုတွေကို ပြုလုပ်နေတာကို တာဝန်ရှိသူတွေက လူမှု ကွန်ရက်ကနေ ခြေရာခံပြီး ဖမ်းဆီးတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

အလှအပရေးရာခွဲစိတ်မှုတွေကို Aesthetic Medicine ပညာရပ်ကို လေ့လာထားတဲ့ Aesthetic doctor တွေကသာ ကျွမ်းကျွင်စွာလုပ်ကိုင်နိုင်တာမျိုးဖြစ်ပေမယ့် အခုအခါမှာတော့ MBBS ဘွဲ့ရထားတဲ့ ရိုးရိုး GP ဆရာဝန်တွေကပါ ဝင်ရောက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလှအပရေးရာ ခွဲစိပ်မှုတွေလုပ်တဲ့နေရာမှာ ကျွမ်းကျင်ဆရာဝန် မဟုတ် သူတွေက လုပ်ကိုင်လာကြပြီး ၎င်းတို့ဟာ အလှအပရေးရာဆေးခန်းတွေကို Beauty Center နဲ့ Spa ဆိုတဲ့ အမည်တွေတပ်ကာ လုပ်ဆောင်နေကြတာပါ။
“အများဆုံးလုပ်လာကြတာ Spa တွေပေါ့နော်။ တချို့ကျတော့လည်း Beauty Centre ပေါ့။ Clinic လို့ သူတို့က နာမည်မတပ်ဘူး။ ဝိနည်းလွတ်အောင်ပေါ့ Beauty Centre လို့တပ်လိုက်တယ်။ အလှအပနဲ့ပတ်သက်တာ အကုန်လုံးလုပ်လို့ရတယ်။” လို့ အလှအပရေးရာဆိုင်ရာ ပညာရှင် ဒေါက်တာ မီမီထက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြုလုပ်လေ့ရှိတဲ့ အလှအပရေးရာ ကုထုံးတွေကတော့ မျက်နှာ၊ နှာခေါင်း၊ နှုတ်ခမ်း၊ ရင်သားနဲ့ တင်ပါးစတဲ့နေရာတွေမှာ Filler ထိုးပေးခြင်း၊ မျက်နှာနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအမျိုးမျိုးတို့မှာ အလှအပရေးရာ ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခြင်း၊ အသားအရေ တင်းရင်းစေရန်နဲ့ မျက်နှာရှိ အရေးအကြောင်းတွေ လျော့ကျစေဖို့နဲ့ Botox ထိုးခြင်း၊ မှဲ့ခြောက်နဲ့တင်းတိပ်များကို လေဆာအသုံးပြုကာ ဖျက်ပစ်ခြင်း၊ မျက်နှာပေါင်း တင်ခြင်း (Facial Treatment)တို့ကို ပြုလုပ်ကြပါတယ်။
ဒါ့အပြင် မျက်နှာ၊ ခြေ၊ လက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အရေပြားမှာ အက်ဆစ်အပျော့စားတစ်မျိုးကို လိမ်းပေးပြီး သူ့ရဲ့ အာနိသင်ကြောင့် ဆဲလ်အသေတွေ(Dead Cell) ကွာကျကာ ဆဲလ်အသစ်တွေ ထွက်လာခြင်း (Chemical Peeling)၊ ကိုယ်ခန္ဓာ အဆီထုတ်ခြင်း (Liposuction)၊ မေးရိုးပြုပြင်ခွဲစိတ်ခြင်း၊ သွားအလှပြုပြင်ခြင်း၊ စက်ကိရိယာသုံးပြီး အပေါ်ယံ ဆဲလ်သေအလွှာ ဖယ်ရှားခြင်း (Dermabrasion)၊ နဖူးမြှင့်တင် ပြုပြင်ခွဲစိတ်ခြင်း၊ မျက်ခွံခွဲစိတ်ခြင်း၊ ခန္ဓာကိုယ်ပေါ်က အဆီကို ခွဲစိတ်စရာမလိုဘဲ အေးအောင်လုပ်ပြီး စက်ဖြင့် အဆီချခြင်း (CoolSculpting)၊ အပျိုစင် ကုထုံး (Vaginal repair Therapy)နဲ့ အမျိုးသမီး လိပ်ပြာဖြတ် ကုထုံး (Labiaplasty) တို့လည်း ပြုလုပ်ကြပါတယ်။
မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ တရားဝင်ဖွင့်လှစ်ထားတဲ့ အလှအပ ရေးရာဆေးခန်းအရေအတွက် အတိအကျကို ကျန်းမာရေးဝန်ကြီးဌာနရော၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းကပါ တရားဝင်ထုတ်ပြန် ထားတာ မရှိပါဘူး။
ဒေါက်တာ မီမီထက်အပါအဝင် အလှအပရေးရာ ဆရာဝန်တွေကတော့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကနေ လက်ရှိအချိန်ထိ ရန်ကုန်တွင် အလှအပဆိုင်ရာ ဆေးခန်း ခန့်မှန်းခြေ ၂၀၀ ကျော်၊ မန္တလေးမြို့မှာ ခန့်မှန်း ၅၀ ကျော်၊ မော်လမြိုင်၊ တောင်ကြီး၊ မြစ်ကြီးနားစတဲ့ မြို့ကြီးတွေနဲ့ မူဆယ်၊ တာချီလိတ်၊ မြဝတီစတဲ့ နယ်စပ် မြို့တွေမှာ ၅၀ ကျော်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
“ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုလို့ လိုင်စင်နဲ့ဖွင့်ထားတဲ့ ဆေးခန်းအရေအတွက်ကတော့ တော်တော်ကို နည်းပါတယ်။” လို့ သူက ပြောပါတယ်။
တရားမဝင်ဆေးခန်းတွေရဲ့ စွဲဆောင်မှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားဝင်ဖြစ်တဲ့ အလှအပရေးရာ ဆေးခန်းရော၊ တရားမဝင် ဖွင့်နေကြတဲ့ အလှအပ ရေးရာ ဆေးခန်းတွေဟာ အဓိကအားဖြင့် Facebook နဲ့ Tik Tok စတဲ့ လူမှုကွန်ရက် ကိုအသုံးပြုပြီး ကြော်ငြာကြ ပါတယ်။
တရားမဝင်ဖွင့်ထားတဲ့ အလှအပဆေးခန်းတွေက ကုသတဲ့ကုန်ကျစရိတ်ဟာ တရားဝင်ဆေးခန်းတွေထက် ကုန်ကျစရိတ် ပိုမိုသက်သာသလို ပရိုမိုးရှင်းကာလဆိုပြီး ဈေးနှုန်း ထပ်မံလျော့ချပြီး စွဲဆောင်တဲ့အတွက် အမျိုးသမီးအများစုက သုံးစွဲလာကြပါတယ်။
ဒါ့အပြင် တရားမဝင်လုပ်ကိုင်နေတဲ့ဆေးခန်းတွေဟာ မည်သည့် အလှအပ ကုထုံးကိုမဆို ဝန်ဆောင်မှုခံယူပါက အန္တရာယ်မရှိကြောင်း ပြောတတ်ကြတယ်လို့ ဒေါက်တာ မီမီထက်က သတိပေးပါတယ်။
“ဥပမာ Filler ထိုးလိုက်လှသွားလိမ့်မယ်လို့ပြောပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ ဘာမှမပြောသွားဘူး။ တရားဝင်ဆေးခန်းတွေကတော့ Treatment (ကုထုံး)တစ်ခုလုပ်တယ်ဆိုလို့ရှိရင်တောင် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို တခါတည်း ပြောပေးပါတယ်။” လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် တရားဝင် အလှအပ ဆေးခန်းတွေက အထူးကုဆရာဝန်တွေအနေနဲ့ အလှအပ ပြုလုပ်လိုတဲ့နေအိမ်ထိ (Home Visit) ကိုယ်တိုင်သွားရောက် မကုသပေးနိုင်ပေမယ့် တရားမဝင်လုပ်ကိုင်သူတွေကတော့ ဆေးပုံး တစ်ပုံး ကို ကိုင်ပြီးတော့ အိမ်တိုင်လာရောက်ကုသပေးနေတာတွေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုမိုများပြား လာပါတယ်။
ဒါ့အပြင် တရားမဝင်လုပ်ကိုင်သူတွေဟာ ဆရာဝန်မဟုတ်သူတွေဖြစ်တာကြောင့် ဆေးထိုးအပ်ကို အသုံးပြုပြီး အများဆုံးလုပ်ကြတဲ့ Filler နဲ့ ဆီလီကွန်အရည်ထိုးတာတွေကို သတ်မှတ်ထားတဲ့ ပမာဏထက်အတိုင်းအဆမရှိ ပို သုံးစွဲ ကြတာပါပဲ။
မျက်နှာတစ်ခုမှာ Filler ထိုးမယ်ဆိုရင် 3 CC ပမာဏထက် ပိုထိုးလို့မရတဲ့အပြင် မျက်နှာရဲ့ ဘယ်နေရာမှာ သွေး ကြော၊ ကြွက်သားနဲ့ အဆီတွေရှိတယ်ဆိုတာကို အလှအပရေးရာ အထူးကုဆရာဝန် (Anesthetist)တွေကသာ သိနိုင်ပေမယ့် တရားမဝင်လုပ်ကိုင်သူတွေက မသိနိုင်ဘူးလို့ ဒေါက်တာ မီမီထက်က ရှင်းပြပါတယ်။
ဒါ့ကြောင့် တရားဝင်ဆေးခန်းမှာရှိတဲ့ အလှအပရေးရာ ဆရာဝန်တွေအနေနဲ့ ကိုယ့်ရဲ့ဖောက်သည်ကို Filler တစ်ခါထိုးတဲ့အခါ အန္တရာယ်အရမ်းများလို့ ပုံမှန် 3 CC ထက်ကို ပိုမထိုးကြပါဘူး။ လိုအပ်လို့ ထိုးပေးရမယ် ဆိုရင်တောင် ဖောက်သည်ကို တစ်ရက်တည်းမှာ မထိုးပေးဘဲ နောက်ရက်ပြန်ချိန်ပြီးမှ လိုအပ်တဲ့နေရာမှာ ပြန်ဖြည့်ထိုးပေးတာ လုပ်ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုဆောင်ရွက်ရတဲ့ ပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေကို သင်ကြားရတာ မရှိတဲ့သူတွေက Filler တစ်ခါထိုးတဲ့အခါ 10 CC နဲ့ 12 CC ထိ ထိုးပစ်တဲ့အတွက် ထိခိုက်နစ်နာမှုရှိလာတဲ့ လူနာကို ကုသပေးရတဲ့ ဖြစ်စဉ်တွေ ရှိလာတယ်လို့ ဒေါက်တာ မီမီသက်က မဏ္ဍိုင်ကို ရှင်းပြပါတယ်။
“(များများ)ထိုးလိုက်ရင် ပိုက်ဆံများများလည်းရမယ်။ Client ကလည်း များများထိုးမှ လှမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲ့လို Knowledge ကို ရိုက်သွင်းလိုက်သလို မျိုးဖြစ်သွားတယ်။” လို့ ဒေါက်တာမီမီသက်က ဆက်ရှင်းပြပါတယ်။

ဒါ့အပြင် Filler ဆေးအရည်နဲ့ပက်သက်ပြီး ယူကြတဲ့ဈေးနှုန်းက တရားမဝင်ဆေးခန်းတွေနဲ့ တရားဝင် ဆေးခန်း တွေကြားမှာ အလွန်အမင်းကွာခြားချက်တွေ ရှိနေပါသေးတယ်။ Filler ဆေးအရည်တွေရဲ့ တန်ဖိုးတွေက နိုင်ငံနဲ့ ကုန်အမှတ်တံဆိပ် (Brand)ပေါ်မှာ မူတည်ပြီး ကွာခြားမှုရှိပါတယ်။
တရားဝင် ဆေးခန်းတွေအများစုမှာ ပုံမှန်အသုံးပြုနေကြတဲ့ 1 CC ရှိတဲ့ Filler ဟာ မြန်မာကျပ် နှစ်သိန်းကနေ လေးသိန်းအထိ ခန့်မှန်းခြေ ဈေးနှုန်းရှိပါတယ်။ ကိုရီးယားနိုင်ငံထုတ်ဆိုရင် ကျပ် ခုနှစ်သိန်းကျော်၊ အမေရိကန် နိုင်ငံထုတ်ဆိုရင် ကျပ် ၁၀ သိန်းအထိ ဈေးပေါက်တာ ရှိပါတယ်။
ဒါပေမဲ့ တရားမဝင် အလှအပရေးရာဆိုင်တွေကတော့ သူတို့ရဲ့ တရားမဝင်ဆေးခန်းတွေမှာ အသုံးပြုတဲ့ Filler တွေက 1 CC ကို မြန်မာငွေကျပ် ရှစ်သောင်းနဲ့ တစ်သိန်းဝန်းကျင်သာရှိတဲ့ အရည်အသွေးမပြည့်မီတဲ့ဟာတွေ ဖြစ်သလို ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) ခွင့်ပြုချက် မရထားတဲ့ဟာတွေ ဖြစ်တာ များပါတယ်။
“Non-Med အများစုက အဲ့ဒါမျိုး Filler တွေသုံးတယ်။ အထဲမှာ ဘာပါမှန်းမသိဘဲ ခန္ဓာကိုယ်ထဲကို ထိုးပေး လိုက်တဲ့ ပုံစံမျိုးဖြစ်သွားတယ်။” လို့ ဒေါက်တာ မီမီသက်က ပြောပါတယ်။
၂၀၂၃ ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ BBC မြန်မာပိုင်း သတင်းဌာနရဲ့ အင်တာဗျူးတစ်ခုမှာ အလှအပရေးရာ ဆရာဝန် (Aesthetic doctor) ဒေါက်တာ ထက်ထက်သောင်းက တတ်ကျွမ်း နားလည်မှုမရှိဘဲ မှားယွင်းစွာ Filler ဆေးထိုးမိပါက အသက်အန္တရာယ် စိုးရိမ်ရကာ အသက်ဆုံးရှုံးနိုင်တဲ့အခြေအနေအထိဖြစ်နိုင်ကြောင်းကို သတိပေးထားတာရှိပါတယ်။
“အသက်ဆုံးရှုံးနိုင်တဲ့အထိ ဆိုးဆိုးရွားရွားဖြစ်တဲ့ဟာတွေရှိတယ်။” လို့ သူက ရှင်းပြပါတယ်။
စစ်ကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာ သံလွင်ထွန်းဟာ ၂၀၂၄ ဧပြီ ၃ ရက်ထုတ် မြဝတီသတင်းစာမှာ “အလှအပရေးရာခွဲစိတ်မှုနှင့် သတိထားစရာ ဆက်စပ်အန္တရာယ်များ” ဆိုတဲ့ အသိပညာပေးဆောင်းပါး တစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။ သူဟာ စစ်တပ်ထိန်းချုပ်မှုအောက်က နိုင်ငံပိုင် သတင်း စာတွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ မြဝတီ သတင်းစာတို့မှာ ကျန်းမာရေး ပညာပေး ဆောင်းပါးတွေကို ပုံမှန်ရေးသားနေ သူ တစ်ဦးဖြစ်ပါတယ်။
ဒီပညာပေးဆောင်းပါးထဲမှာတော့ အလှအပရေးရာ ပြုပြင်မှုတွေနဲ့ ခွဲစိတ်မှုတွေလုပ်တဲ့အခါ ကြုံတွေ့နိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေအနေနဲ့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေနဲ့ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ပြဿနာတွေကြောင့် ခွဲစိတ်မှုတွေမှာ ကြုံတွေ့နိုင်တဲ့ မေ့ဆေးအန္တရာယ်၊ ခွဲစိတ်တဲ့နေရာမှာ ပိုးဝင်တဲ့အန္တရာယ်၊ ခွဲစိတ်မှုကြောင့် အမာရွတ်ဖြစ်ပေါ်လာနိုင်ခြင်း၊ ခွဲစိတ်ထားသောနေရာရှိ အရေပြားအောက်မှာ သွေးများစုဝေးခြင်းကြောင့် သွေးလုံး သို့မဟုတ် သွေးရည်ကြည် အလုံးများ ဖြစ်ပေါ်လာခြင်း၊ အာရုံကြော ထိခိုက်မိသဖြင့် အာရုံခံစားမှု ဆုံးရှုံးခြင်း၊ ရင်သားအလှ ခွဲစိတ်ပြုပြင်ပြီးနောက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ ထည့်သွင်းထားသော ရင်သားအတု ပေါက် ပြဲခြင်း၊ ရင်သားအတုတစ်ဝိုက်တွင် အမာရွတ်တစ်သျှူးများ မာကျော လာခြင်းကြောင့် ရင်သားတောင့်တင်း၍ ကျုံ့လာခြင်းနဲ့ ရင်သားအာရုံခံစားမှုပြောင်းလဲခြင်းစတဲ့ နောက်ဆက်တွဲ ဘေးအန္တ ရာယ်တွေ ရှိနိုင်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အလှအပရေးရာ ခွဲစိတ်ပြုပြင်သူတွေဟာ ခွဲစိတ်ပြီးရလဒ်ကို စိတ်တိုင်းမကျတဲ့အတွက် အပိုဆောင်း ကုသမှု၊ ခွဲစိတ်မှုများ ဆောင်ရွက်ပေးဖို့ လိုအပ်လာတယ်လို့ ရှင်းပြထားပါတယ်။
ဒီလိုဆောင်းပါးတွေ ဖော်ပြရေးသားနေပေမယ့်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အလှအပရေးရာခွဲစိတ်မှုနဲ့ သတိထားစရာ ဆက်စပ်အန္တရာယ်တွေနဲ့ ပက်သက် ပြီး လူထုကြားမှာ အသိပေးတဲ့လုပ်ငန်းတွေဟာ အားနည်း မှုတွေရှိနေပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူမှုရှိဖို့လိုတယ်လို့ ပြည်သူတွေနဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းက ပုဂ္ဂလိက အထူးကုဆေးခန်းတစ်ခုမှာ ကုသပေးနေတဲ့ အထွေထွေရောဂါကုဆရာဝန် (General practitioner) တစ်ဦးဖြစ်သူ ဒေါက်တာချမ်းဇော်ထက် (အမည်လွှဲ) ကတော့ အခုနှစ်အတွင်း တရားမဝင်အလှအပရေးရာ ဆေးခန်းတွေမှာ Filler နဲ့ Silicon ဆေးအရည် လိုအပ်တဲ့ပမာဏထက် ပိုထိုးမိရာက ပိုးဝင်ကာ ရင်သားနဲ့အရေပြားရောင်ရမ်းတာတဲ့ လူနာနဲ့ မျက်နှာတွေမှာ Botox ထိုးရာမှ အာရုံကြောပိုင်းဆိုင်ရာ ထိခိုက်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရလို့လာရောက်တဲ့ လူနာတွေပိုများလာတယ်လို့ မဏ္ဍိုင်ကို အတည်ပြုပါတယ်။
ဆိုးရွားတဲ့အခြေအနေရှိတဲ့ လူနာတွေဆိုရင်တော့ ပုဂ္ဂလိကဆေးရုံကြီးတွေနဲ့ အစိုးရဆေးရုံကြီးတွေကို လွှဲပြောင်း ပေးရတာမျိုးတွေရှိပါတယ်။
“ဆီလီကွန်ထိုးပြီးတော့ အဆင်မပြေလို့ ရောင်ရမ်းပြီး ပိုးဝင်လို့ရောက်လာတဲ့လူနာတွေက အဖြစ်အများဆုံးပေါ့။ အဲမှာတော့ ပြန်ပြီးတော့ ခွဲစိတ်မှုပြန်လုပ်ရတယ်။” လို့ သူက ပြောပါတယ်။
“တချို့လူနာတွေကြတော့ လုံးဝပြန်မကောင်းတော့ဘူး။ Permanent nerves damage (အာရုံကြောများ ထာ၀ရပျက်စီးမှု) ရသွားတာမျိုးပေါ့။” လို့ သူက ဆက်ပြောပါတယ်။
အလှအပနောက်ကွယ်က အသက်အန္တရာယ်နဲ့ ဆိုးကျိုးတွေ
အလှအပပြုပြင်ရေးဆေးခန်းမှာ ရင်သားပြုပြင်မိခဲ့တဲ့အတွက် ရင်သားခွဲစိတ်မှုအကြိမ်ကြိမ်လုပ်ခဲ့ရတဲ့ အမျိုး သမီးတစ်ဦးဟာ သူ့အတွေ့အကြုံကို အခုနှစ်အောက်တိုဘာ ၁၃ ရက်က ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေခဲ့ပါသေးတယ်။
သူဟာ အခုနှစ် နှစ်ဆန်းပိုင်းလောက်က ရင်သား Filler ထိုးခဲ့ပါတယ်။ Filler ထိုးပြီး တစ်ပတ်လောက်အကြာမှာ အဖျားတက်လာလိုက် ပျောက်သွားလိုက်ဖြစ်ရင်း ရင်သားမှာ မာမာအခဲတွေထွက်လာပါတယ်။ အဲဒီ ရင်သား တစ်ဖက်ကို ဆေးကုသနေချိန်မှာပဲ နောက်ထပ် ရင်သားတစ်ဖက်မှာလည်း မာမာအကြိတ်လုံးတွေ ထပ်ထွက် လာပါတယ်။ ဒီလိုအကြိတ်လုံးတွေ ထပ်ထွက်လာတဲ့အတွက် သူဟာ အသေးစားခွဲစိတ်မှု ၆ ကြိမ်လုပ်ခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
“အဲအချိန်မှာ လူက အရမ်းစိတ်ဓာတ်ကျပြီး သတ်သေချင်စိတ်ပါပေါက်နေခဲ့တာ။” လို့ သူက ဆိုထားပါတယ်။
သူဟာ တစ်လကျော်ကြာဆေးရုံတက်ပြီးနောက် ဝေဒနာသက်သာတယ်ဆိုပေမယ့် အရှင်းပျောက်သွားသေးတာ မဟုတ်ဘဲ ဆေးသောက်နေရတယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲအနေနဲ့ အာရုံကြောပါထိခိုက်သွားတဲ့အတွက် ခြေထောက်တစ်ဖက်က ချိသလိုဖြစ်သွားပြီး အင်္ကျီဝတ်ပေးတဲ့အခါ လူနှစ်ယောက်ဝတ်ပေးမှရတယ်လို့ သူက ဆိုပါတယ်။
ဒီလိုဖြစ်ခဲ့တဲ့ ကိုးလအတွင်းမှာ ဆုံးရှုံးခဲ့ရတဲ့အလုပ်တွေ၊ ငွေတွေအပြင် မိသားစုတစ်ခုလုံး သား(၃)ယောက်ပါ စိတ်ဒဏ်ရာတွေရ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ခဲ့ရတာမို့ ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်တဲ့အတွက် အခုလို ဖေ့ဘွတ်မှာ မျှဝေရတဲ့အကြောင်း ပို့စ်တင်ခဲ့ပါတယ်။
၂၀၂၃ သြဂုတ် ၂၇ ရက်မှာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်သူ မိတ်ကပ် မေသန်းဟာလည်း မျက်လုံးအောက်က အဆီပိုတွေကိုဖယ်ရှားနိုင်ဖို့ဆိုပြီး မျက်ရစ်ခွဲတာကို ပြင်ပဆေးခန်းတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်ပေးတဲ့သူက ကျွမ်းကျင်တဲ့ဆရာဝန်တစ်ဦး မဟုတ်ဘဲ သူနဲ့ရင်းနှီးတဲ့ အသက် ၂၀ အရွယ်ခန့်သာရှိတဲ့ လူငယ်တစ်ဦးပါ။
ခွဲစိတ်ပြီးတဲ့နောက်မှာတော့ မျက်ရစ်အောက်မှာ သွေးကြောပေါက်ကာ သွေးတွေဟာ ဆက်တိုက်ထွက်နေတဲ့ အတွက် မျက်လုံးအိမ်ထဲအထိကိုပါ ရောက်တဲ့အခြေအနေဖြစ်ကာ အမြင်အာရုံကိုပါ ထိခိုက်လာပါတယ်။ ဒါ့ကြောင့် သူဟာ ကျန်းမာရေးဝန်ကြီးဌာနအောက်က ရန်ကုန်မျက်စိ အထူးကုဆေးရုံကြီးကို သွားရောက်ကာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူခဲ့ရပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ထဲက အလှအပဆိုင်ရာ ဆေးခန်းတစ်ခုမှာလည်း အသက် ၃၅ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးမှာ မျက်နှာခွဲစိတ်ပြုပြင်ပြီး တစ်ပတ်အကြာ ပိုးဝင်တဲ့အတွက် အခုနှစ် စက်တင်ဘာ ၃ ရက်မှာ သေဆုံးတဲ့ဖြစ်စဉ် တစ်ခုရှိခဲ့တာကို ဒေသခံပြည်သူတစ်ဦးက လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။ ရေးတင် တဲ့သူဟာ ဆိုင်ရဲ့အမည်ကိုတော့ ရေးသားဖော်ပြတာ မရှိပါဘူး။
“အခုတော့ အသက်ဆုံးပြီ။ အနာက ပိုးဝင်ပြီးဆုံးတာတဲ့။ အဲ့အစ်မ ဘယ်လောက်နာလိုက်မလဲ။ နောက်ဆုံးထိ မျက်လုံးတောင် မပိတ်ရှာဘူး။” လို့ အဆိုပါပိုစ့်မှာ မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။ အဆိုပါ သေဆုံးမှု ဖြစ်ခဲ့တဲ့ ဆေးခန်းကို အရေးယူထားတယ်လို့ ဒေသခံတွေ မှတ်ချက်ပေးထားတာ မတွေ့ရပါဘူး။
အလားတူ တရားမဝင် အလှအပရေးရာဆေးခန်းရဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေမဟုတ်တဲ့ သူတွေရဲ့ တာဝန်ယူမှုနဲ့ တာဝန်ခံမှု မရှိမှုတို့ကြောင့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးရတဲ့ ဖြစ်စဉ်တစ်ခုဟာ ယခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၄ ဒီဇင်ဘာလ ၂၇ ရက်နေ့လယ်ပိုင်းမှာ မနေခြည်ဟာ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ထဲက Iris Beauty Clinic မှာ ခန္ဓာကိုယ် အဆီထုတ်တာ (Liposuction) လုပ်ဖို့သွားခဲ့တယ်လို့ မနေခြည်ရဲ့ ရင်းနှီးတဲ့သူငယ်ချင်း ဖြစ်သူ မသဇင်ဝင်း*က မဏ္ဍိုင်ကို ပြောပါတယ်။
၆ ရက်ခန့်အကြာ ဇန်နဝါရီလ ၂ ရက်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက ကားလမ်းဘေးတစ်နေရာမှာ သေဆုံးလျက် စွန့်ပစ်ထားတဲ့ မနေခြည်ရဲ့အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ မှုခင်းဆရာဝန်တွေရဲ့ ဆေးစစ်ချက်ရလဒ်အရ လည်ဂုတ်၊ ဝမ်းဗိုက်နဲ့ ပေါင်တွေမှာ အဆီထုတ်ထားတဲ့ အပ်ပေါက်ရာ သုံးခုကိုတွေ့ရပြီး မေ့ဆေးလွန်ပြီး တရား မဝင် ဖွင့်ထားတဲ့ Iris Beauty Clinic မှာပဲ အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ မသဇင်ဝင်းက ပြောပါတယ်။
မနေခြည် ပျောက်ဆုံးနေမှုအတွက် မိခင်ဖြစ်သူက ဒီဇင်ဘာ ၂၈ ရက်မှာ အဆိုပါဆေးခန်းတည်ရှိရာ သင်္ကန်းကျွန်း မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ပျောက်ဆုံးနေမှုနဲ့ ပက်သက်ပြီး မသဇင်ဝင်းနဲ့ သူငယ်ချင်းတွေဟာ သူတို့ရဲ့ဖေ့ဘုတ်အကောင့် အသီးသီးမှာ အဆိုပါဆေးခန်းရဲ့ တာဝန်ယူမှုကင်းမဲ့တာကို ရေးတင်ခဲ့သလို ဆေးခန်းရဲ့ဖေ့ဘုတ်ပေ့ချ်မှာလည်း ဝင်ရောက်ရေးသားတာတွေ ရှိပါတယ်။
ဒီလိုရေးသားမှုတွေကြောင့် Iris Beauty Clinic ဘက်က ဒီဇင်ဘာလ ကုန်ခါနီးနောက်ဆုံးအပတ်ထဲမှာ ၎င်းတို့ ဆေးခန်းဟာ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့် အဝနဲ့ စေတနာကိုအရင်းခံပြီး Customer ထမင်းရှင်တွေကို ဂရုတစိုက် Treatment ပေးခဲ့တာ ယခုဆို ၁၀ နှစ်ကျော်လာခဲ့ပြီဖြစ်ကြောင်း၊ Iris မှာ Bad reviews မျိုးနဲ့ customers complain မျိုး မကြုံဖူးကြောင်း၊ ဘယ်ဆေးရုံမှ အလောင်းမဖျောက်ပေးကြပါဘူးဆိုပြီး ကြေညာ ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
မနေခြည်ရဲ့အလောင်းကို ပြန်တွေ့တဲ့နောက်မှာတော့ Iris Beauty Clinic ရဲ့ ပိုင်ရှင်အမျိုးသမီးနဲ့ ခင်ပွန်းဟာ သင်္ကန်းကျွန်းမြို့နယ်က သူတို့ငှားရမ်းထားတဲ့ တိုက်ခန်းကို ပြန်လည် အပ်နှံပြီး ထွက်ပြေးတိမ်းရှောင်သွား ကြပါတယ်။ အဆိုပါ အမျိုးသမီးဟာ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ တရားမဝင် အလှအပရေးရာ ဆေးခန်းပေါင်း ငါးခုခန့် ဖွင့်ထားတယ်လို့ သတင်းတွေ ပေါ်ထွက်နေသူဖြစ်ပါတယ်။

ယခုနှစ် မတ်လ ၁၃ ရက်မှာ အဆိုပါထွက်ပြေးတိမ်းရှောင်နေတဲ့ ပိုင်ရှင်အမျိုးသမီးနဲ့ သူရဲ့ခင်ပွန်းကို ဖမ်းဆီး ရရှိမိပြီလို့ ပြည်တွင်းမီဒီယာ တစ်ခုဖြစ်တဲ့ Voice of Myanmar သတင်းဌာနက အွန်လိုင်းပေါ်မှာ တင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်ဖျက်သွားတာ တွေ့ရပါတယ်။
BBC Burmese Media ရဲ့ စက်တင်ဘာလ ၃ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ “ဆရာဝန်အတုတွေဖွင့်တဲ့ အလှအပရေးရာ ဆေးခန်းတွေရဲ့ အန္တရာယ်” ဆောင်းပါးမှာတော့ ၂၀၂၅ စက်တင်ဘာပထမပတ်အထိ သိရတဲ့အချက်အလက် တွေအရ မနေခြည်သေဆုံးခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး Iris Beauty Clinic ဆေးခန်းက တာဝန်ခံအမျိုးသမီးကို ဖမ်းမိထားပြီး တရားစွဲတင်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
အရေးယူမှု အားနည်းနေဆဲ
မဏ္ဍိုင်သတင်းဌာနအနေနဲ့ မြန်မာနိုင်ငံမှာ တရားဝင် အလှအပရေးရာ ဆေးခန်းလိုင်စင်ကို နှစ်စဉ် ဘယ်လို ထုတ်ပေးနေတာလဲဆိုတာနဲ့ တရားမဝင် ဆေးခန်းတွေကို ဘယ်လိုအရေးယူ ဆောင်ရွက်နေတာကို သိရဖို့ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ကုသရေးဦးစီးဌာန( ပုဂ္ဂလိက ကျန်းမာ)၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ကျန်းမာရေးဌာန) တို့ကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်တုံ့ပြန်ဖြေဆိုတာ မရှိခဲ့ပါဘူး။
စစ်ကော်မရှင် ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းကတော့ ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှာ ကျင်းပပြုလုပ်တဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်း အဝေး မှာ အလှအပရေးရာ ဆေးကုသမှုတွေကို ဥပဒေနဲ့အညီထိန်းကျောင်းနိုင်ရေး လိုအပ်တယ်လို့ ပြောခဲ့တာရှိပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရည်အသွေးပြည့်ဝပြီး လူနာတွေအတွက် ဘေးကင်း လုံခြုံကာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးနိုင်ရေး စဉ်ဆက်မပြတ် ထိန်းကျောင်း ကြပ်မတ်နေတယ်လို့ သူကဆိုပါတယ်၊၊
ဒါ့အပြင် ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းဟာ ၂၀၂၄ ဧပြီ ၇ ရက်မှာ ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနမှာ ကျင်းပခဲ့တဲ့တွေ့ဆုံပွဲမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ အလှအပဆိုင်ရာဆေးခန်းတွေကြောင့် ပြည်သူတွေမှာ နစ်နာမှုများရှိနေလို့ စိစစ်အရေးယူမှုတွေ ဆောင်ရွက်နေတယ်လို့ ပြောခဲ့သေးပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တရားမဝင် အလှအပရေးရာ ဆေးခန်းတွေကို စစ်ဆေး တွေ့ရှိခဲ့ရင် အမျိုးသားဆေးဝါးဥပဒေ၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက တိုင်းကျန်းမာရေးဦးစီးဌာနမှူးက ဦးဆောင်တဲ့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကလည်း လူမှုကွန်ရက်ပေါ်မှာ အလွန်အကြူး ကြော်ငြာသော ဆေးခန်းများ၊ ကျော်စောသတင်း ထွက်သောဆေးခန်းတွေနဲ့ တရားမဝင် ဆေးကုသသူတွေရှိတယ်လို့ ယူဆရတဲ့ ဆေးခန်းများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်းနဲ့ ပုဂ္ဂလိကဆေးကုခန်းတချို့မှာ နိုင်ငံခြားသား တရားမဝင် ဆေးကုသသူတွေ ကုသနေတယ်လို့ သံသယရှိတယ်ဆိုရင် ကော်မတီကို တိုင်ကြားနိုင်တယ်လို့ အသိ ပေးထားပါတယ်။
ဒါပေမဲ့လည်း တရားမဝင် အလှအပရေးရာ ဆေးခန်းတွေဖွင့်နေတာကိုတွေ့လို့ ပြည်သူတစ်ဦးဦးက သက်ဆိုင်ရာ ကို တိုင်ကြားလိုက်ရင် ဆေးခန်းပိုင်ရှင်တွေအနေနဲ့ တစ်လ၊ နှစ်လခန့် ဆေးခန်း ပိတ်လိုက်ပြီးနောက် အခြား အမည် တစ်ခုပြောင်းကာ ပြန်လည် ဖွင့်လှစ်လုပ်ကိုင်နေကြတာတွေရှိတယ်လို့ ပြည်သူ့ကျန်းမာရေး ဘလော့ဂါ (Public Health Blogger)နှင့် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ သူရိန်လှိုင်ဝင်းက မှတ်ချက်ပေးပါတယ်။
“တိုင်ပြီးသွားတယ်ဆိုရင် သူတို့ (တရားမဝင် ဆေးခန်းပိုင်ရှင်တွေ) က သူတို့ဆေးခန်းကို အပိတ်ပြလိုက်တယ်။ ပြီးသွားရင် ပြန်ဖွင့်နေပြန်ရော။” လို့ သူက ထောက်ပြပါတယ်။
သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်မှာ နေထိုင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်နွယ်နီထွန်းကလည်း မြို့နယ်အတွင်းမှာ ဖွင့်လှစ်တဲ့ တရားမဝင် အလှအပရေးရာ ဆေးခန်းအရေအတွက်ဟာ တစ်နှစ်ထက်တစ်နှစ် များလာပေမယ့် အာဏာပိုင်အဖွဲ့ အစည်းတွေအနေနဲ့ သေချာစစ်ဆေးတာနဲ့ အရေးယူတာတွေ မရှိဘူးလို့ ဆိုပါတယ်။
“အဓိက တရားခံက လိုင်စင်မဲ့ဆေးခန်းတွေဖွင့်တာကို သေချာ မစစ်ဆေးတဲ့ စည်ပင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွေပဲ။ ဒီလို တရားမဝင် အလှအပရေးရာ ဆေးခန်းတွေ ဖေ့ဘုတ်ပေါ်မှာ မြင်နေရတာ အများကြီးပဲ။ ဖမ်းတယ်လို့ကို မကြားမိဘူး။” လို့ သူက မဏ္ဍိုင်ကို ဖြေပါတယ်။
အလှအပရေးရာ ဆရာဝန် ဒေါက်တာ မီမီသက်ကတော့ တရားမဝင်ဖွင့်လှစ်နေတဲ့ Spa အပါအဝင် အလှအပရေး စင်တာတွေနဲ့ ဆေးခန်းတွေအများစုဟာ မြို့တော်စည်ပင်ကထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင်နဲ့ လုပ်ကိုင်နေကြ တာဖြစ်တယ်လို့ မဏ္ဍိုင်ကို ပြောပါတယ်။
စည်ပင်ဌာနအနေနဲ့ ဆေးထိုးအပ်မကိုင်ရတဲ့သူတွေကို လိုင်စင်ထုတ်ပေးလို့ရပေမယ့် ကျန်းမာရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆေးထိုးအပ်ကိုင်တဲ့သူတွေအတွက်တော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လိုင်စင်အောက်မှာပဲရှိသင့် တယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အခုအခါ အလှအပပြုပြင်ရေးလုပ်ငန်းတွေဟာ စည်ပင်လိုင်စင်နဲ့သာ ဖွင့်လှစ်ထားတာကြောင့် “စည်ပင်လိုင်စင် အောက်ကနေ သွားထားတဲ့လုပ်ငန်းတွေသည် သူတို့နဲ့မဆိုင်တဲ့အတွက်ကြောင့်မို့ သူတို့ (ကျန်းမာရေးဌာန)က ဝင်မစစ်ဘူးပေါ့။”
အလှအပရေးရာ ဆရာဝန်တွေအတွက် အမျိုးသားအဆင့်မူဝါဒ
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီရဲ့ ကော်မတီဝင်တစ်ဦးဖြစ်ခဲ့သလို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဖြစ်ခဲ့သူ ဒေါက်တာထွန်းမြင့်က အလှအပဆိုင်ရာ ဆေးခန်းတွေအနေနဲ့ အထူး ကုဆေးခန်း (Specialist Clinics)အဖြစ် မှတ်ပုံတင်မှသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ စစ်တပ်အာဏာမသိမ်းမီ ၂၀၁၈ အောက်တိုဘာလအတွင်းမှာ ပြည်တွင်းမီဒီယာတစ်ခုကို မှတ်ချက်ပေးခဲ့ပါတယ်။
“အလှအပဆေးခန်းတွေက အထူးကုဆေးခန်းတွေအနေနဲ့ မှတ်ပုံတင်ထားတယ်ဆိုရင်တော့ ကုသခွင့် ရှိပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ သာမန် အထွေထွေရောဂါကုဆေးခန်းအဖြစ် မှတ်ပုံတင်ထားရင် လုပ်ခွင့်မရှိပါဘူး။” လို့ သူက ဖြေထားတာပါ။
လက်ရှိမှာလည်း အလှအပဆိုင်ရာ ဆေးခန်းတွေကို အထူးကုဆေးခန်းအဖြစ် မှတ်ပုံတင်မှသာ ကျန်းမာရေး ဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးပြီး အဆိုပါဆေးခန်းတွေမှာ ကုသပေးမယ့်အထူးကု ဆရာဝန်တွေဟာလည်း မြန်မာနိုင်ငံ ဆေးကောင်စီရဲ့အထူးဆေးကုသခွင့်လိုင်စင် (Specialist Licence) ရရှိပြီးသူတွေကိုသာ ကုသခွင့် ပေးတာဖြစ်တယ်လို့ လုံခြုံရေးကြောင့် အမည်နဲ့ရာထူးကို မဖော်ပြလိုတဲ့ မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများ အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက မဏ္ဍိုင်ကို အတည်ပြုပါတယ်။
“လိုင်စင်အသိအမှတ်ပြုပေးတဲ့ဟာသည် မြန်မာနိုင်ငံ ဆေးကောင်စီ သာလျှင်ဖြစ်တယ်။ ဒါကြောင့်မို့လို့ MMC က ဒီအထူးကုလိုင်စင် ထုတ်ပေးထားရင်တော့ အိုကေ၊ ဒါတရားဝင်လုပ်လို့ရပြီ။ မထုတ်ပေးထားဘူးဆိုရင်တော့ သူဘာသူ နိုင်ငံခြားက ကျွန်တော်ပြောတဲ့ ဘာဘွဲ့ ကြီးတွေပဲရလာရလာ၊ ဒါက ဥပဒေအရ တရားမဝင်ဘူးပေါ့။” လို့ MPHA က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တရားဝင်အလှအပရေးရာဆေးခန်းတွေအနေနဲ့ အထူးကုဆေးခန်း(Specialist Clinic) အဖြစ် ကုသခွင့်လိုင်စင်ရဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန(ပုဂ္ဂလိက ကျန်းမာရေး)ဆီမှာ လျှောက်ထားမယ်ဆိုရင် လျှောက် ထားမယ့်သူ လုပ်ငန်းပိုင်ရှင်ရဲ့ ဆေးခန်းမှာ ကုသပေးမယ့် အထူးကု ဆရာဝန်ဟာ မြန်မာနိုင်ငံကဆေးကောင်စီက အသိအမှတ်ပြုထုတ်ပေးထားတဲ့ အထူးဆေးကုသခွင့်လိုင်စင် (Specialist License)ရှိရမှာ ဖြစ်ပါတယ်။
ဒီလိုအထူးဆေးကုသခွင့်လိုင်စင်ရထားတဲ့ ဆရာဝန်တစ်ဦးရှိမှ အလှအပရေးရာဆေးခန်းတစ်ခု ဖွင့်လှစ်နိုင်မှာ ဖြစ်တဲ့အတွက် ဆိုင်ဖွင့်ချင်သူတွေဟာ အထူးဆေးကုသခွင့်လိုင်စင် (Specialist License)ရထားတဲ့ ဆရာဝန်တစ် ယောက်ယောက်ရဲ့ လိုင်စင်ကို ငှားပြီးဖွင့်လှစ်ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်မှာ တရားဝင်ဖွင့်လှစ်ထားတဲ့ အလှအပရေးရာဆေးခန်းတစ်ခုရဲ့ ပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်သူဇာ(အမည်လွှဲ)ကတော့ “အခုလက်ရှိအလုပ်လုပ်နေတဲ့ In- service Dermatologist ဆရာဝန် တယောက်ယောက်၊ ဒါမှမဟုတ် in-service ကနေမှ retired ယူသွားတဲ့ Dermatologist ဆရာဝန် တယောက် ယောက်ရဲ့လိုင်စင်ကို ကျွန်မတို့ငှားပြီးသုံးရတယ်။” လို့ ဆိုပါတယ်။
သူ့ရဲ့ အလှအပရေးရာ ဆေးခန်းမှာ ပြည်ပနိုင်ငံတွေက MSc ဘွဲ့ရထားတဲ့ အလှအပရေးရာ ဆရာဝန် (Aestheitc Doctor) နှစ်ဦးနဲ့ ဒီပလိုမာရထားတဲ့ ဆရာဝန်တစ်ဦးရှိပေးမယ့် ဆေးကောင်စီ ကတော့ သူတို့ကို အသိအမှတ် မပြု ပါဘူး။
ဒေါက်တာမီမီထက်ကလည်း “မြန်မာနိုင်ငံမှာ အလှအပ ခွဲစိပ်ကုသတာကို အလှအပ ခွဲစိပ်အထူးကုဆရာဝန် (Plastic Surgeons) တွေက လုပ်ကြတာပါ။ In service (ကျန်းမာရေးဝန်ကြီး ဌာန အောက်မှာ အလုပ်လုပ်နေရင်)တွေဆိုရင်တော့ သူတို့ကို အထူးဆေးကုသခွင့်လိုင်စင်ပေးပါတယ်။ ကျွန်မတို့ လို နိုင်ငံခြားကနေ ဘွဲ့ရလာတဲ့ အလှအပရေးရာ (ခွဲစိပ်မပါ) ကိုတော့ လိုင်စင်မပေးပါဘူး” လို့ မဏ္ဍိုင်ကို ပြောပါ တယ်။
လက်ရှိလိုင်စင်ချထားပေးတဲ့စနစ်နဲ့ပတ်သက်ပြီး အလှအပရေးရာဆိုင်ရာပညာရှင် ဒေါက်တာမီမီထက်က အခုလိုထောက်ပြပါတယ်။
“လိုင်စင်ရထားပြီးသား Aesthetic clinic တွေကို ကြည့်လိုက်လို့ရှိရင် Dermatologist တစ်ဦးရဲ့ လိုင်စင် အမြဲတမ်း ပါတယ်။ အမှန်တော့ ဒီဟာကြီးကလည်း မဖြစ်သင့်တဲ့ဟာပေါ့။ အလှအပရေးရာ ဆရာဝန် (Aesthetic doctor) တွေ ကိုယ်တိုင်လည်း အလုပ်လုပ်တယ်။ ဒီဆရာဝန်တွေကိုယ်တိုင်လည်း ဖွင့်ထားတဲ့ဆေးခန်းကို ဒီဆရာဝန်တွေရဲ့လိုင်စင်ကို အသိအမှတ်မပြုလို့ ဒီဆေးခန်းမှာ မထိုင်နေတဲ့ တခြား ဆရာဝန်တယောက်ရဲ့ လိုင်စင်ကို ငှားပြီးသုံးရတဲ့ဆိုတဲ့ဟာကြီးက ဟုတ်တော့ မဟုတ်နေဘူး။”
လက်ရှိအချိန်မှာ စစ်ကော်မရှင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ အလှအပရေးရာ ဆရာဝန်တွေ (Aesthetic doctor)ကို အလှအပရေးဆေးခန်းတွေမှာ ကုသခွင့်ရအောင်နဲ့ စနစ်တကျ လိုင်စင်ထုတ်ပေး နိုင် အောင် အမျိုးသားအဆင့် မူဝါဒကို ရေးဆွဲနေဆဲဖြစ်တယ်လို့ မဏ္ဍိုင်က ချိတ်ဆက်အင်တာဗျူးထားတဲ့ အလှအပ ရေးရာ ဆရာဝန်တွေဆီကနေ ပြောပါတယ်။
စစ်ကော်မရှင် ကြိုးပမ်းနေတဲ့ အလှအပရေးရာဆေးခန်းတွေမှာ ကုသခွင့်ရအောင် အလှအပရေးရာ ဆရာဝန် တွေကို လိုင်စင်ထုတ်ပေးနိုင်ရေး အမျိုးသားအဆင့်မူဝါဒနဲ့ပတ်သက်ပြီး ဒေါက်တာမီမီထက်က အခုလိုပြောပါ တယ်။
“အကယ်၍ အဲ့လိုင်စင်သာ ရသွားပြီဆိုလို့ရှိရင် Aesthetic ဆရာဝန်ကိုယ်တိုင်က အလှအပရေးရာ ဆေးခန်း ဖွင့်ရင် Dermatologist ရဲ့ လိုင်စင်ကို မလိုအပ်တော့ပါဘူး။”
ဒါပေမဲ့ ဒါတွေက ထင်သလောက်တော့ လွယ်ကူမနေပါဘူး။ အကြောင်းက မြန်မာနိုင်ငံမှာရှိနေတဲ့ အရေပြား ရောဂါအထူးကု ဆရာဝန် (Dermatologist)တွေနဲ့ ပြည်ပနိုင်ငံတွေကနေ ပညာသင်ကြားပြီး ရောက်ရှိလာတဲ့ အလှအပရေးရာဆိုင်ရာ ဆရာဝန်(Aesthetic doctor)တွေအကြား ပူးပေါင်းဆောင်ရွက်မှု (integrate) ကိစ္စ တွေမှာ ညှိနှိုင်းဖို့ ခက်ခဲနေတာတွေ ရှိပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ဆေးတက္ကသိုလ်ကြီး ငါးခုမှာ အလှအပ (Aesthetic Medicine)ကို ဆေးပညာ ဘာသာရပ် တစ်ခုအနေနဲ့ လက်ရှိအချိန်ထိ သင်ကြားပေးတာ မရှိသေးပါဘူး။

စစ်တပ် အာဏာမသိမ်းမီ ၂၀၂၁ မတိုင်မီက ပြည်ပကနေ (Aesthetic Medicine) ပညာကို သင်ယူပြီး ဘွဲ့၊ ဒီဂရီ ရလာတဲ့ အလှအပရေးရာဆရာဝန်တွေကို အရည်ချင်းစစ်ဆေးပြီးတော့ ပြည်တွင်းက အလှအပရေးရာ ဆေးခန်း တွေမှာ တရားဝင် ကုသခွင့်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက အရည်အချင်းစစ်ဆေးတဲ့ဘုတ်အဖွဲ့တစ်ခု ဖွဲစည်းပြီး ဆောင်ရွက်မယ်လို့ စီစဉ်ထားခဲ့တာ ရှိခဲ့ပါတယ်။ ဒီဘုတ်အဖွဲ့မှာ ကျန်းမာရေးဝန်ကြီးဌာနအောက်က ပါမောက္ခ ပညာရှင်တွေ၊ မြန်မာနိုင်ငံဆေးကောင်စီက ပညာရှင်တွေ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းက ပညာရှင်တွေနဲ့ အရေပြားရောဂါ အထူးကု ဆရာဝန်ကြီးတွေပါဝင်မှာ ဖြစ်ပါတယ်။
“ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တော့ အဲဒါတွေအကုန်လုံးက ရပ်သွားတယ်။ ဒုံရင်းက ဒုံရင်းပဲ ပြန်ဖြစ် သွားတယ်။” လို့ ဒေါက်တာ မီမီထက်က မဏ္ဍိုင်ကို ပြောပြပါတယ်။
လက်ရှိအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနဟာ နိုင်ငံအတွင်းမှာ အလွန်အမင်း များပြားလာတဲ့ တရားမဝင် အလှ အပရေးရာ ဆေးခန်းတွေကို ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိတာနဲ့ လိုအပ်တဲ့ အလှအပရေးရာ ဆရာဝန် တွေကို တရားဝင်ကုသခွင့်လိုင်စင် ထုတ်ပေးနိုင်ဖို့ မလုပ်နိုင် သေးတဲ့အတွက် တရားမဝင် ဆေးခန်းတွေကြောင့် ဖြစ်လာမယ့် ကျန်းမာရေးပြသနာတွေက အနာဂတ် ကာလမှာ ပိုမိုများပြားလာနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေကတော့ သုံးသပ် ထားကြပါတယ်။
“ဝန်ကြီးဌာနနဲ့ MMC တို့က တရားမဝင်ဆေးခန်းတွေကို ထိန်းချုပ်မှု မလုပ်နိုင်သရွေ့က အခြေအနေက ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်။ ဒီထက်ကောင်းသွားမှာတော့ မရှိဘူး။” ဒေါက်တာ မီမီသက်က သတိပေးပါတယ်။
ရင်သားမှာ Filler ဆေးရည်ထိုးရာမှာ ဆရာဝန်မဟုတ်တဲ့ သူတွေရဲ့ လုပ်ဆောင်ပေးမှုကြောင့် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့တဲ့ နန်းကြော့မေကတော့ သူ့တစ်သက်တာမှာ အလှအပရေးရာ ပြုပြင်မှုတွေကို ဘယ်တော့မှ ထပ်မံမလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
သူဟာ ကံကောင်းထောက်မစွာ အသက်ဘေးက လွတ်မြောက်လာခဲ့ပေမယ့် သူနဲ့အတူတူ ရင်သားမှာ Filler ဆေးရည်ထိုးခဲ့တဲ့ သူရဲ့အချစ်ဆုံး သူငယ်ချင်းကတော့ လက်ရှိမှာ ရင်သားကို နှစ်ကြိမ်တိုင်တိုင် ခွဲစိတ်မှုပြု လုပ်ခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။ ဒါ့ကြောင့် သူရဲ့သူငယ်ချင်းဟာ အောင်မြင်စွာ ခွဲစိတ်ပေးနိုင်မယ့် ဆရာဝန်ကို ထပ်ရှာနေရတယ်။
နန်းကြော့မေကတော့ အလှအပနဲ့ပတ်သက်ပြီး သဘာဝကိုကျော်လွန်ကာ အရမ်းလှချင်လို့ ပြင်ဆင်တာမျိုး မလုပ်သင့်တဲ့အကြောင်းကို အခုလိုအကြံပြုပါတယ်။
“ကျွန်မရဲ့အဖြစ်ကို သင်ခန်းစာယူပြီး အမေမွေးတဲ့အတိုင်းပဲ လှချင်ကြပါလို့ပဲ ပြောပါတယ်”
(* ပြထားသော အမည်များသည် လုံခြုံရေးအရ နာမည်လွှဲထားခြင်းဖြစ်ပါသည်။)