ကြောက်စိတ်မြို့တော်ထဲ ရှင်သန်နေရတဲ့ လူငယ်ဘ၀များ

ကောက်စွ ရေးသည်။

မဏ္ဍိုင်၊ မေ ၁၁၊ ၂၀၂၆။

“အိမ်စောစောပြန်နော်၊ စစ်သားကြီး ဖြစ်သွားမယ်”

ဒီစကားဟာ ဒီကနေ့ မြန်မာပြည်က လူငယ်တွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် စနောက်ပြီး ပြောလေ့ရှိတဲ့ စကားတစ်ခွန်းပါ။ ဒါပေမဲ့ ဒီစနောက်မှုရဲ့ နောက်ကွယ်မှာတော့ ရယ်စရာမကောင်းတဲ့၊ တကယ့်ကို ထိတ်လန့်တုန် လှုပ်စရာကောင်းတဲ့ “အကြောက်တရား” တွေ ကိန်းအောင်းနေပါတယ်။

အရင်က ရန်ကုန်မြို့ရဲ့ ညပိုင်းချိန်တွေဟာ စည်ကားသလို လုံခြုံပြီး လွတ်လပ်ခဲ့ပါတယ်။ အခုတော့ အိမ်ပြန် နောက်ကျတာနဲ့ အိမ်ပြန်မရောက်တော့ဘဲ စစ်တပ်ထဲ ရောက်သွားနိုင်တယ်ဆိုတဲ့ အသိဟာ မြို့ပြနေ သူတွေရဲ့ အတွေးထဲမှာ စွဲထင်နေပါတယ်။

အရပ်သားအစိုးရလက်ထက်က ၂၄ နာရီပတ်လုံး စိုးရိမ်ကြောင့်ကြမှုမရှိဘဲ သွားလာနိုင်ခဲ့တဲ့ ရန်ကုန် မြို့ကြီးဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တဖြည်းဖြည်း တိတ်ဆိတ်ခြောက်ကပ် လာပါတယ်။ မြို့ပြရဲ့ လမ်းမတွေဟာ လူငယ်တွေကို သားကောင်သဖွယ် ဖမ်းဆီးမယ့် မုဆိုးတွေ စောင့်ကြည့်နေတဲ့အနေထား ဖြစ်လာ ပါတယ်။ ၂၀၂၄ မှာ ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဒီမုဆိုးတွေအတွက် တရားဝင် လိုင်စင်ရလိုက် သလိုပါပဲ။

စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့ နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း က လူငယ်တွေ လမ်းမ ထက်မှာ သွားလာနေရတာဟာ စစ်မြေပြင်ကို သွားနေရသကဲ့သို့ စိုးထိတ်ဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။

ဒီကနေ့ လူငယ်တွေမှာ အလုပ်သွား၊ အလုပ်ပြန်ရင်း နောက်ကြောမလုံတဲ့ဘဝနဲ့ ရှင်သန်နေရသလို အိမ်က ထွက်သွားတဲ့ သားသမီးဟာ ညနေမှာ အိမ်ပြန်ရောက်ပါ့မလားဆိုပြီး မိဘတိုင်းအတွက် နေ့စဉ်စိုးရိမ်သောက တစ်ခုလို ဖြစ်နေပါတယ်။

စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်တပ် လက်အောက်ခံ တွေ အတွက် အခွင့်အရေးကြီးတစ်ခု ရရှိသွားပါတယ်။ ဒါကတော့ “လူကို ငွေနဲ့လဲစားနိုင်တဲ့ အခွင့်ရေး” ပါပဲ။

အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အတွင်းရှိတဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်မှုထမ်းရမယ့် စာရင်းထဲမပါချင်ရင် ငွေပေးရမယ်ဆိုပြီး ငွေညှစ်တာတွေ ရပ်ကွက်နေ ပြည်သူတွေ ထံကနေ အကြွေးတောင်းသလို လစဉ်ကြေး ကောက်ယူ နေတာတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင် လာပါတယ်။

စစ်မှုထမ်းဖို့ လူငယ်တွေကို အဓမ္မခေါ်ဆောင်မှုတွေ၊ လိမ်လည် ခေါ်ဆောင်တာတွေကိုပါ နည်းလမ်းမျိုးစုံ သုံးပြီး တပ်ထဲကို ရောင်းစားတာတွေ၊ လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲပြီး မိသားစုထံ ကနေ ငွေနဲ့ပြန်ရွေးခိုင်းတာ တွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေပါတယ်။

မကြာသေးမီကလည်း လှိုင်သာယာမြို့နယ်မှ အလုပ်အကိုင်ရှာဖွေနေတဲ့ ဆောက်လုပ်ရေး လုပ်သား လူငယ်လူရွယ် ၆ ဦးကို အလုပ်ရမယ်ဆိုပြီး လှည့်ဖျားခေါ်ဆောင်ကာ ပဲခူး၊ အင်းတကော်တပ်ထဲကို လူပွဲစားကတစ်ဆင့် ရောင်းစားခံလိုက်ရပါတယ်။ ဒီလို ဖြစ်စဉ်တွေဟာ နေရာတော်တော်များမှာ ဖြစ်နေပြီး စစ်မှုထမ်းအကြောင်းပြ လူကုန်ကူးနေတဲ့ အခြေအနေ ဘယ်လောက် ဆိုးရွားနေပြီလဲ ဆိုတာကို သက်သေပြ နေပါတယ်။

Spring Revolution Database ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ဖေဖော်ဝါရီကနေ ၂၀၂၅ ဖေဖော်ဝါရီအတွင်း လူပေါင်းနှစ်သောင်း နီးပါး(၁၉,၁၆၃) ဦး ကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ ထုတ် ပြန်ထားပါတယ်။ ဒါဟာ မှတ်တမ်းဝင်တဲ့ ဂဏန်းတွေသာဖြစ်ပြီး မြေပြင်မှာ ဒီထက်မက များပြားနိုင်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မိမိတို့ရဲ့ သားသမီး၊ ညီအစ်ကိုတွေ ပျောက်ဆုံးလို့ လိုက်လံ ရှာဖွေနေကြတဲ့ အကြောင်းရာတွေကို မြင်ရတာဟာလည်း ရင်နာစရာကောင်းလှပါတယ်။

မြို့ပေါ်တွေကို စစ်ရှောင်လာနေကျတဲ့ သူတွေထဲမှ လူငယ်တွေကို ဧည့်စာရင်း စစ်တာ အကြောင်းပြပြီး အုပ်ချုပ်ရေးပိုင်းကသူတွေက ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ အဓမ္မ လုပ်ဆောင်ခိုင်းတာတွေလည်း နေ့စဉ် လိုလို ဖြစ်ပေါ်နေပါတယ်။

အရင်က လူကုန်ကူးမှုဆိုတာဟာ နယ်စပ်ဒေသတွေနဲ့ ပြည်ပနိုင်ငံများသို့သာ ဦးတည်ခဲ့ပေမယ့် အခုအခါတော့ ပြည်တွင်းမှာတင် တရားဝင် လူကုန်ကူးမှုများ ပေါ်ပေါက်လာပါတယ်။

လူကုန်ကူးသူတွေဟာ ပြည်သူတွေ စီးပွားရေး ကျပ်တည်းလာတဲ့ အခြေအနေ၊ အလုပ်အကိုင် ရှားပါးလာတာ တွေကို အခွင့်ကောင်းယူပြီး လူငယ်လူလတ်ပိုင်းအရွယ်ရှိသူတွေကို လှည့်ဖျား ခေါ်ဆောင်ကာ စစ်တပ်အတွင်းသို့ ရောင်းစားတာတွေရှိသလို အရက်သေစာ အလွန်ကျွံ သောက်သုံး သူတွေ မူးယစ်ဆေးဝါးသုံးစွဲလို့ လမ်းဘေး လေလွင့်နေတဲ့ လူငယ်လူရွယ်တွေကိုလည်း ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်ကာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နဲ့ လူမဆန်တဲ့ကျားဖောင်လုပ်ငန်းတွေကို ပြန်လည်ရောင်းစားတဲ့ ဖြစ်ရပ်တွေလည်း များစွာ ဖြစ်ပေါ်လျက် ရှိပါတယ်။

စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီး ခေါ်ဆောင်ခံရသူတွေ တပ်ထဲကို ရောက်ရှိပါက ဖုန်းတွေ၊ ပိုက်ဆံတွေ သိမ်းဆည်းကာ မိသားစုတွေ အပါအဝင် အားလုံးနဲ့ အဆက်အသွယ်ဖြတ်တောက်ထားပြီး “မိမိ သဘောဆန္ဒအလျောက်” စစ်မှုထမ်းတာဖြစ်ကြောင်း အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပါတယ်။ ပြီးမှ ရက်တိုသင်တန်းပေးပြီး ရှေ့တန်းကို ပို့ဆောင်တယ်လို့ အဲဒီဖြစ်စဉ်ကနေ အသက်လု ထွက်ပြေးလာ သူတစ်ဦးက ပြောပြတယ်။

အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့တော်ကြီးဟာ အလွန်စည်ကားပြီး အေးချမ်းနေပါတယ်ဆိုတဲ့ ပုံရိပ်ကို ပြလိုတဲ့ အတွက် မြို့နယ်တွေ ရပ်ကွက်တွေ တိုင်းမှာ လမ်းတွေ ပိတ်ပြီး ပျော်ပွဲရွှင်ပွဲတွေ ဈေးရောင်းပွဲတွေကို အတင်းအဓမ္မ ပြုလုပ်ခိုင်းစေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရန်ကုန်မြို့လယ်ကောင်မှာ ညဘက်ကြီး မာရသွန်ပြိုင်ပွဲလုပ်ခဲ့ကြတယ်။ ရန်ကုန် မြို့ပေါ် လမ်းမတွေ အကုန်ပိတ်သွားခဲ့တယ်။ အခြေခံလူတန်း စားတွေ၊ အလုပ်သမား လူတန်းစားတွေ အိမ်ပြန်နောက်ကျ ခဲ့ရတယ်။ အိမ်ပြန်နောက်ကျလို့ သောကဗျာပါရ များခဲ့ရ တဲ့မိသားစုတွေ ဘယ် လောက်ရှိခဲ့မလဲ၊ အိမ်ပြန်လမ်းမှာ စစ်မှုထမ်းလိုက်ရသူတွေ များရှိခဲ့လေမလား။

ဒီလိုပွဲတော်တွေရဲ့ နောက်ကွယ်မှာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းအတွက် ထည့်သွင်းဖို့ အစီအစဉ်များ ရှိနေပါတယ်။ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတွေက ၎င်းတို့ရဲ့ ဆွေမျိုးသားချင်းများကို ပွဲလမ်းသဘင်များသို့ မသွားရန် တိတ်တဆိတ် သတိပေးနေခြင်းက ထိုပွဲများဟာ “လူဖမ်းပွဲ” များဖြစ်နေကြောင်း သက်သေပြ နေပါတယ်။

တရားဝင် စစ်မှုထမ်းဖို့ လူရွေးချယ်ရာမှာလည်း ငွေကြေးတတ်နိုင်သူတွေ၊ အာဏာရှိသူတွေရဲ့ သားသမီးများ ကင်းလွတ်ခွင့်ရနေပေမယ့် တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားများနဲ့ နယ်မြေမငြိမ်းချမ်း၍ စစ်ရှောင်လာသူများမှာ အဓိက ပစ်မှတ်ထားခြင်း ခံနေရပါတယ်။

စစ်မှုထမ်းအတွက်သင်တန်းအပတ်စဉ် အလိုက် ရပ်/ကျေး တွေကတစ်ဆင့် စစ်မှုထမ်းမယ့် လူရှာ ပေးရတဲ့ စနစ်ဟာ ဆင်းရဲသားမိသားစုတွေရဲ့ သားသမီးတွေ ပေးဆပ်နေရသလို ဖြစ်နေပြီး မိသားစုတစ်ခုလုံး၏ အနာဂတ်ကို ဖျက်ဆီးခံနေရတာလည်း ဖြစ်ပါတယ်။

အခြေခံ ပြည်သူတွေ အများဆုံး နေထိုင်တဲ့ လှိုင်သာယာမြို့နယ်မှာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး ၂ နှစ်အတွင်း လူငယ် ၂,၀၀၀ ဝန်းကျင် စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရတယ်လို့ HTY Scout Channel ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ စစ်မှုထမ်းအတွက် ခေါ်ယူရာမှာ အခြေခံ လူတန်းစားများ အများ ဆုံး ရွေးချယ်ခံရပြီး ရပ်ကျေးအုပ်ချုပ်ရေးပိုင်းနှင့် ဆက်နွယ်သူတွေရဲ့ မိသားစုဝင်များ မပါဝင်တဲ့ အခြေအနေများလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတဲ့ လူငယ်၂,၀၀၀ ဝန်းကျင်ထဲက တစ်ဦးတစ်ယောက်မျှ အိမ်သို့ ပြန် မလာနိုင်ဘူးလို့ HTY Scout Channel က ထုတ်ပြန်ထားကာ အခြားမြို့နယ်တွေမှာလည်း အခုလို ဖြစ်စဉ်တွေ ရှိနေတာကြောင့် စစ်မှုထမ်းခြင်းဟာ သေတွင်းထဲ ဆင်းရသလို ဖြစ် နေကြောင်း ပြသနေပါတယ်။

ဒါကြောင့်လည်း မိဘတွေ၊ မိသားစုဝင်တွေက မိမိတို့ရဲ့ သားသမီးတွေကိုအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းမှ ကာကွယ်ဖို့ ပိုင်ဆိုင်တဲ့ အိုးအိမ်ခြံမြေ တွေရောင်းချကာ ပြည်ပနိုင်ငံများသို့ နည်းလမ်းမျိုးစုံနဲ့ ပို့ ဆောင်ပေး နေသလို ငွေကြေးမတတ်နိုင်တဲ့ မိသားစုတွေကတော့ သားသမီးတွေ ပျောက်ဆုံးမှာကို စိုးရိမ်ရင်း ဘ၀ရှင်သန် ရေးကို ခက်ခဲစွာ ရုန်းကန်နေရပါတယ်။

ဒီနေ့မြန်မာပြည်ရဲ့ မြို့ပြလမ်းမများဟာ လူငယ်တွေအတွက် အိပ်မက်များကို ပျိုးထောင်ရာ နေရာများ မဟုတ် တော့ဘဲ အချိန်မရွေး ဖမ်းဆီးရောင်းစားခံရနိုင်တဲ့ အန္တရာယ်ရှိ နေရာတွေဖြစ်လာသလို စစ်မှုထမ်းဥပဒေဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငွေညှစ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခြင်းနဲ့ ရှေ့တန်းစစ်မျက်နှာများသို့ လူသားဒိုင်းအဖြစ် ပို့ဆောင်ခြင်းတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ် “လူသားအရင်းအမြစ်” ကို အမြစ်ဖြတ်နေခြင်း ဖြစ်ပါတယ်။

ပျော်ပွဲရွှင်ပွဲတွေနဲ့ ဖုံးဖိထားတဲ့ မြို့ပြရဲ့ ဟန်ပြအလှတရားတွေ နောက်ကွယ်မှာ မိဘများရဲ့ သောကမျက်ရည်၊ လူငယ်များရဲ့ တုန်လှုပ်ခြောက်ခြားမှုများကသာ အမှန်တကယ် ကြီးစိုးနေပါတယ်။

လူငယ်တစ်ဦးကို စစ်မှုထမ်းအတွက် အဓမ္မခေါ်ဆောင် အသုံးချလိုက်တိုင်း မိသားစုတစ်ခုရဲ့ မျှော်လင့်ချက် မီးအိမ် တစ်ခု ငြိမ်းသတ်ခံနေရတဲ့အတွက် ဒီစနစ်ဆိုးကို အဆုံးသတ်နိုင်ခြင်း မရှိသရွေ့ မြန်မာပြည်က လူငယ်ထုအတွက် “အိမ်ပြန်လမ်း” ဟာ မရေရာတဲ့ ထိတ်လန့်မှုတွေ ဆက်လက် ပြည့်နှက်နေဦးမှာသာ ဖြစ်ပါတော့တယ်။

Leave a Comment