သမ္မတရူးလက်က သမ္မတဦးဝင်းမြင့် လွတ်မြောက်

မင်းသစ် ရေးသည်။

မဏ္ဍိုင်၊ ဧပြီ ၁၇၊ ၂၀၂၆။

‘အကျဉ်းသား ထောင်ဝင်အမှတ် တင/၂၃/၀၀၀၃၅/က ဝင်းမြင့် (ဘ) ဦးထွန်းကျင် အားရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်’ ၊ ( ပုံ ) မင်းအောင်လှိုင် နိုင်ငံတော်သမ္မတ တဲ့။

အထက်ပါစာကို ဖတ်လိုက်ရတော့ ယိုသူမရှက်၊ မြင်သူ ရှက်၊ အရူးက တစ်မူးသာ ပြနေသေးတယ်လို့သာ တွေးမိတော့တယ်။

သမ္မတဦးဝင်းမြင့်ဆိုတာ တစ်တိုင်းပြည်လုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက တက်လာတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ တင်မြှောက်လိုက်တဲ့ သမ္မတ၊ ဒီမိုကရေစီနည်းလမ်းတကျနဲ့ တက်လာတဲ့သမ္မတ၊ တရားဝင် သမ္မတ၊ နိုင်ငံတကာက အသိအမှတ်ပြုထားဆဲ သမ္မတ။

မင်းအောင်လှိုင်ဆိုတာ သမ္မတ လုပ်ချင်လို့ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်၊ အာဏာသိမ်းခဲ့ပြီး ငါးနှစ်လုံးလုံး ပြည်သူကို မီးလောင် တိုက်သွင်း၊ တိုင်းပြည်ကို သားသတ်ရုံသဖွယ်ထင်မှတ်လို့ ပြည်သူကို သတ်ခဲ့တဲ့ကောင်။ တိုင်းပြည်ကို အမှောင်ထဲ ဆွဲချခဲ့တဲ့ စစ်ခေါင်းဆောင်။

အမည်ခံရွေးကောက်ပွဲအတုကို ကျင်းပပြီး သမ္မတအတုတက်လုပ်နေတဲ့ သမ္မတရူး။ ဒီလိုသမ္မတအတုကို ပြည်သူကလည်း အသိအမှတ်မပြုဘူး၊ ကမ္ဘာကလည်း မှတ်တမ်း မဝင်ဘူး။ အခုတော့ ဝါးလုံးခေါင်းထဲ လသာ၊ သူခိုးက လူဟစ်လို့။ အဲ… မဟုတ်ဘူး လမင်းကို ခွေးဟောင်တာ။

အပြစ်မရှိတဲ့သူကို လက်နက်အားကိုးနဲ့ မတရားဖမ်း။ သေနတ်ထောက်၊ ခြိမ်းခြောက်ပြီး အာဏာကို အတင်းအဓမ္မလွဲခိုင်း။ သမ္မတကြီးဦးဝင်းမြင့်က “နုတ်ထွက် မပေးနိုင်ဘူး၊ အသေခံမယ်” လို့ ပြောတော့ အမှုပေါင်းစုံတပ်ပြီး ထောင်ဒဏ် ၁၄ နှစ် အကျဉ်းချခဲ့တယ်။ ဘာအပြစ်မှ ရှိတာ မဟုတ်ဘူး။

တကယ်က သူခိုးကို ဓားရိုးမကမ်းခဲ့တဲ့အမှု၊ ပြည်သူ့အာဏာကို အသက်နဲ့ရင်းပြီး စစ်တပ်လက်ထဲ မထည့်ခဲ့သူ။ ပြည်သူ့သမ္မတ စစ်စစ်။

ဒီအဖြစ်ကို မြင်ရလေတော့ ကိုမင်းကိုနိုင်ရေးတဲ့ စံပယ်ပင် ကို တရားစီရင်တဲ့ကဗျာတောင် သတိရသွားသေးရဲ့။

“တရားခံ စံပယ်ပင် စီရင်ချက် မချခင် ဘာပြောချင်သလဲ”

“တရားသူကြီး ရှင့်၊ ရှိခြင်း ရှိရင် ပွင့်သမျှဖြူစင်ခဲ့ခြင်း အပြစ်သာ ကျမမှာ ရှိပါလိမ့်မယ်..” တဲ့။

သမ္မတကြီးဦးဝင်းမြင့် ရဲရင့်ခဲ့သမျှ၊ ရိုးသားခဲ့သမျှ၊ ထောက်ခံသူပြည်သူတွေအတွက်တော့ ဂုဏ်ယူရအခါခါပါပဲ။

ဒီနေ့မှာတော့ သမ္မတကြီးဦးဝင်းမြင့် မိသားစုနဲ့ပတ်လည် ဆုံခွင့်ရခဲ့ပါပြီ။ သူ့အနေနဲ့ ငါးပါးသီလမြဲအောင်နေထိုင်ခဲ့တဲ့အပြင် ဥပဒေနဲ့ငြိစွန်းတဲ့ ဘယ်အရာကိုမှ မလုပ်ခဲ့တဲ့အကြောင်း ထောင်က လွတ်မြောက်ပြီးတဲ့နောက်မှာ ဖွင့်ဟပါတယ်။

သမ္မတရူးမင်းအောင်လှိုင်ကတော့ ငါးနှစ်အတွင်းမှာ ကလေးနဲ့ ကိုယ်ဝန်ဆောင်သည်ပါမကျန် လူပေါင်းထောင် သောင်းချီသတ်ထားပြီးပြီ။ နေအိမ်ပေါင်း သိန်းချီ မီးရှို့ပြာချပြီးပြီ။ ပြည်သူပေါင်း သန်းချီကာ အိုးမဲ့အိမ်မဲ့အောင် လုပ်ထားပြီးပြီ။ သူ့ရဲ့သမ္မတရာထူးအတွက် မြန်မာပြည်က မိသားစုတွေရဲ့ ဘဝပေါင်းများစွာ စတေးခဲ့ပြီးပြီ။

သမ္မတဦးဝင်းမြင့်ဟာ စစ်တပ်က လက်မှတ်ထိုးခိုင်းတဲ့ ပုဒ်မ- ၄၀၁ ကိုလည်း လက်မှတ်မထိုးခဲ့တဲ့အကြောင်း ပြောပြတယ်။ စစ်တပ်ကတော့ ဒီပုဒ်မကို သမ္မတဦးဝင်းမြင့်က လက်မှတ်ထိုးခဲ့သယောင် ပြည်သူကို လိမ်တုန်း၊ ညာတုန်း။

လူထုဆန္ဒ၊ ဒီမိုကရေစီနည်းလမ်းတကျနဲ့ တင်မြှောက်ခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်၊ မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက် သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ တရားလွှတ်တော် ရှေ့နေတစ်ယောက်။ ပြီးတော့ လူထုထောက်ခံတဲ့ သူတစ်ယောက်။ ရှေ့လျှောက်ပြီး ကျန်းမာပါစေ၊ အသက်ရှည်ပါစေ။

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။