ဘုံကျွန်ဖီလင်

မဏ္ဍိုင် – အောက်တိုဘာ ၂၀၊၂၀၂၅။

ဘယ်နေရာကြည့်ကြည့် အုံ့မှိုင်းမှိုင်း၊ စိုစိစိ မိုးကာလကို ဖြတ်ကျော်ပြီးတဲ့နောက် သီတင်းဝါလကျွတ်ပြီဟေ့ဆိုရင် လူတွေရဲ့စိတ်ဟာ လန်းဆန်းလာလေ့ရှိတယ်။

မမြင်ရ၊ မတွေ့ရတာကြာပြီဖြစ်တဲ့ မိုးတိမ်ပြာပြာ၊ ကြည်လင်သာတဲ့ ကောင်းကင်အသစ်တခုအောက်မှာ မျှော်လင့် ချက်တွေက မကြာခင်ပဲ ပြည့်တော့မလိုလို စိတ်အားတက်ကြွမှုခံစားချက် အရိပ်အငွေ့လေးတွေ ဖြတ်ဖြတ် ပြေး လေ့ရှိတယ်။

မိုးလေကင်းလွတ် သီတင်းကျွတ်ကာလမှာ တိုင်းပြည်အေးချမ်းနေချိန်ဆိုရင် ပွဲလမ်းသဘင်တွေ၊ အလှူအတန်း တွေကို မြို့တိုင်း၊ ရွာတိုင်းမှာ ခြိမ့်ခြိမ့်သဲ လုပ်ကြ၊ ချစ်ခင်စုံမက်ကြတဲ့ စုံတွဲတွေကြား လက်ထပ်မင်္ဂလာ ပြုတာ တွေ ဆောင်ရွက်ကြလေ့ရှိပါတယ်။

ဒီလိုအချိန်ကာလမှာ အပျိုကြီး၊ လူပျိုကြီးတွေကို ပတ်ဝန်းကျင်က စကြ၊ နောက်ကြ၊ ရိကြ၊ ထေ့ကြ၊ စကားနာ ထိုးကြလေ့ရှိတယ်။

“ဝါကျွတ်ပြီနော်၊ မယူသေးဘူးလား” ၊ “ဘယ်တော့စားရမလဲ” ၊ “တယောက်တည်းပဲ နေတော့မှာလား” စတဲ့ စကားလုံးတွေက တကိုယ်တည်းသမားတွေအတွက်တော့ မကြားချင်မှအဆုံး။

အဲဒီထဲကမှ လူပျိုကြီးတွေကို သူတို့မိတ်ဆွေတွေက ကျီစယ်လေ့ရှိတဲ့ သီတင်းကျွတ်နှုတ်ဆက်စကားတချို့က ရင်ထဲ ဘဝင်မကျတဲ့ ခံစားချက်ကို အမြဲလိုလို ခံစားရစေတယ်။

အဲဒါတွေကတော့

“ကိုယ့်ဘာသာ ချက်ပြုတ်လျှော်ဖွပ်နေရတာ မပင်ပန်းဘူးလား၊ မိန်းမတယောက်ယူတော့လေ”

“လူပျိုကြီးနော် တယောက်တည်းမနေနဲ့တော့၊ ချက်ပြုတ်ကျွေးမွေးဖို့ မိန်းမယူတော့လေ”

“မိန်းမယူလိုက်မှ ဟင်းကောင်းကျွေးကောင်း စားရမယ်”

စတဲ့ အဓိပ္ပါယ်တူ၊ မူကွဲစကားလုံးပေါင်းများစွာကို ကြားရလေ့ရှိတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဝါမကျွတ်ခင်လေးကမှ မိတ်ဆွေလူပျိုကြီးတယောက် သူ့အိမ်မှာ အိမ်သန့်ရှင်းရေး လုပ်တာ နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ အကြောင်းအရာလေးတခု တင်တယ်။ သူ့စာရဲ့အောက်မှာ သူ့မိတ်ဆွေ ဖြစ်ဟန် တူတဲ့ အမျိုးသားတယောက်က မှတ်ချက် ဝင်ရေးတယ်။

“မိန်းမယူလိုက်၊ သူလုပ်လိမ့်မယ်” တဲ့။

ဒါ့အပြင် ကောမန့်တွေမှာ သူတို့မိတ်ဆွေလူပျိုကြီးတွေကို အပျိုစစ်စစ်လေး ရစေချင်ရတာနဲ့၊ ပြောသမျှ မြေဝယ် မကျနားထောင်မယ့် ဗိုင်းကောင်းကျောက်ဖိ မယားအလိမ်မာလေး ရစေချင်ရတာနဲ့၊ လက်အကောင်းခြေ အကောင်းပါရက်နဲ့ သူ့ဝေယျာဝစ္စမှန်မျှ ငွေဝယ်ကျွန်တယောက်လို အစအဆုံးလိုက်လုပ်ပေးမယ့် အောက်သက် ကြေတဲ့ မယားတောသူလေး ပိုင်စေချင်ရတာနဲ့၊ ညအိပ်ယာဝင်ခါနီးတိုင်း လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးဦးချ ကန်တော့တဲ့မိန်းမ ရစေချင်ရတာနဲ့ အရာရာဟာ သူတို့လူဘက်က အရှုံးတကွက်မှမရှိ။

အဲ့လို စနောက်ခံရတဲ့ အမျိုးသားလူပျိုကြီးဆိုသူတွေမှာလည်း ပြုံးပြုံး , ပြုံးပြုံးပေါ့။ သူတို့က စိတ်ကူးယဉ်မှုတွေ ထဲမှာရော၊ လက်တွေ့ဘဝ အများစုမှာပါ အရာရာ အသာစီးရနေကြတာမဟုတ်လား။

သူတို့ဟာ သူတို့ရဲ့ စိတ်ကူးယဉ်မှုတွေထဲမှာတောင်မှပဲ အမျိုးသမီးတယောက်ရဲ့ပခုံးပေါ်ကို လျှော်ဖွပ်စရာ အဝတ်ခြင်းကြီး ပစ်တင်လိုက်၊ ဆေးကြောစရာ စားကြွင်းစားကျန် ပေကျံကျံ အိုးခွက်ပန်းကန်တွေ ပစ်တင်လိုက်၊ သက်ရှိ ဖုန်စုပ်စက်တလုံးလို ပေတေညစ်ထေးနေတဲ့ ဖုန်အလိမ်းလိမ်း အိမ်ကြမ်းပြင်တွေ၊ မျက်နှာကျက်တွေ၊ နံရံတွေကြားထဲ ပစ်ထည့်လိုက်နဲ့ပေါ့။

အဲဒီလိုလူအမျိုးအစားတွေအတွက်ပြုံးစရာ ကျီစယ်မှုလို့ထင်ရတဲ့ ဒီလိုစိတ်ကူးယဉ်မှုတွေဟာ တကယ်တော့ စိတ်ကူးယဉ်မှု သက်သက်တော့ ဟုတ်မနေပါဘူး။ လက်တွေ့မှာလည်း အဲ့ဒီအတိုင်း ပစ်တင်၊ ပစ်ထည့်ပြီး အိမ်ထောင်ဖက် တယောက်အပေါ်၊ အမျိုးသမီးတယောက်အပေါ် နေ့စဉ်နဲ့အမျှ “စိတ်ပိုင်းဆိုင်ရာ တတိတိ ရက်စက်မှုတွေ”က မြန်မာပြည်က အိမ်ထောင်စုတိုင်းလိုလိုမှာ ရှိကြတယ်။

ရုတ်တရက် ဘာလို့ ဒီလို “စိတ်ပိုင်းဆိုင်ရာ ရက်စက်မှု”ဆိုတဲ့ နာမည်တပ်ချင်ရတာလဲဆိုတဲ့ မှတ်မှတ်ရရ အကြောင်းပြချက်တခု ရှိတယ်။ အဲဒါကတော့ အမျိုးသမီးတယောက်ကို စာနာငဲ့ညှာစိတ်က သူ့နှလုံးသားနဲ့ အနီးဆုံးအထိ ရောက်သွားခဲ့သလို ခံစားရပြီး၊ ဘဝမှာ ပထမဆုံး နင့်နင့်နဲနဲ ဖြစ်မိတဲ့ ဖေ့စ်ဘုတ်ပိုစ့်လေး တခုက စခဲ့တာပါ။

လွန်ခဲ့တဲ့ လအနည်းငယ်က လူမှုကွန်ရက်မှာ အညာဘက်က အဖြစ်အပျက်တခု ဖြစ်ပုံရတဲ့ ဖြစ်စဉ် ဗီဒီယိုဖိုင် ၂ခု ရှေ့ဆင့်နောက်ဆင့် တက်လာတယ်။

အညာအိမ်တွေရဲ့ အောက်ထပ်၊ မြေကြီးမှာ ထားလေ့ရှိတဲ့ ညောင်စောင်းရယ်၊ စားပွဲတလုံးရယ်၊ နောက်ခံ မြင်ကွင်း တချို့ရယ်၊ ညောင်စောင်းမှာထိုင်နေတဲ့ အမယ်အို တယောက်ရယ်၊ အညာလေသံ အညာဟန်တွေရယ်ကြောင့် အညာဘက်မှာဖြစ်နိုင်တယ်လို့ ကောက်ချက်ချမိတာပါ။

အသက် ၄၀ ဝန်းကျင်အရွယ်၊ ခန္ဓာကိုယ်အရွယ်အစားအားဖြင့် ပေါင်ချိန် ၁၆၀ လောက်ရှိမယ့် အမျိုးသမီး တယောက်ဟာ ညောင်စောင်းမှာ ခြေတွဲလောင်းချထိုင်ရင်း ကလေးမလေးတယောက်လို ရှိုက်ကြီးတငင် ငိုကြွေးနေပါတယ်။ သူ့ဘေးမှာထိုင်နေတဲ့ ခပ်ပိန်ပိန်အဘွားအိုက သူ့အမေဖြစ်ဟန်တူတယ်။

ရင်ဘတ်တွေနိမ့်ချည်မြင့်ချည်နဲ့ အသံပြာမတတ်အော်ငိုနေတဲ့ သမီးဖြစ်သူကို တချက်တချက်ကြည့်လိုက်တဲ့ သူ့မျက်နှာမှာ ဘာခံစားချက်မှမတွေ့ရဘူး။ အမေ့ရှေ့မှာ အားပေးနှစ်သိမ့်မှု ရလေမလားလို့ အော်ငိုနေတဲ့ ကလေး ကို သူစိမ်းပြင်ပြင်တယောက်လို “ငို … ငို … ကြိုက်သလောက်ငို ” ဆိုတဲ့ အကြည့်နဲ့ ကြည့်နေတယ်လို့ ခံစားရ တယ်။

အဲဒီ ဗီဒီယိုဖိုင်နဲ့ မရှေးမနှောင်းမှာပဲ တွေ့ရတဲ့ နောက်ဗီဒီယိုဖိုင်ကတော့ အဲဒီနေရာ၊ အဲဒီအမျိုးသမီး၊ အဲဒီအမေအို၊ အဲဒီညောင်စောင်းနဲ့ အဲဒီအိမ်အောက်ထဲမှာ ရိုက်ထားတာပါပဲ။

စောစောက ညောင်စောင်းမှာထိုင်ငိုနေတဲ့ အမျိုးသမီးဟာ မြေပြင်မှာ လူးလိုက်လှိမ့်လိုက်နဲ့။ ပါးစပ်ကလည်း ဗလုံးပထွေးနဲ့ သူအရမ်းပင်ပန်းနေပြီဖြစ်တဲ့အကြောင်း၊ အင်မတန် မွန်းကြပ်နေပြီ ဆိုတဲ့ အကြောင်းတွေကို ပြောလိုက်ငိုလိုက်နဲ့ ထုတ်ဖော်အော်ဟစ်နေတယ်။

ဘေးနားက အမယ်အိုက သူ့ကို “အခုမှ ငိုမနေနဲ့၊ လင်ယူတုန်းကယူထားပြီး၊ အိမ်အလုပ်လုပ်ရတာ ဘာဆန်း လို့လဲ၊ ငိုမနေနဲ့၊ နားငြီးတယ်” ဆိုတဲ့ ခပ်ရင့်ရင့်စကားလုံးတွေပြောပြီး အပြစ်တင်နေတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဗီဒီယိုရိုက်နေသူရဲ့ လှောင်ပြောင်ရယ်မောတဲ့အသံ၊ ဘေးနားတဝိုက်မှာ ရှိနေကြတဲ့အမျိုးသမီးတချို့ရဲ့ အော်ဟစ်ခနဲ့သံ၊ အပြစ်တင်သံတွေက ငိုကြွေးနေတဲ့အမျိုးသမီးကို ဆူးချွန်ချွန်နဲ့ တရစပ် ဝိုင်းထိုးနေကြသလို ခံစားရတယ်။

“ငါလုပ်နေရလို့ပြောတာမဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ စကား တွေကို ပြောရင်း ရင်ကွဲမတတ်ငိုနေတဲ့ ကာယကံရှင်အမျိုးသမီးရင်မှာ ဘယ့်နှယ်နေမယ် မသိပေမယ့် အဲဒီရုပ်သံကို ကြည့်နေရသူအတွက်တော့ စူးကနဲ စစ်ခနဲ နာကျင်မိတယ်။

သူတို့က ရယ်စရာဟာသတခုအဖြစ် လူမှုကွန်ရက်မှာတင်ဖို့ ရိုက်ထားကြတာဖြစ်ပေမယ့် အဲဒါကို ကြည့်ပြီး “ရက်စက်လိုက်ကြတာ၊ လုပ်ရက်လိုက်ကြတာ၊ စာနာမှုကင်းမဲ့လိုက်ကြတာ”လို့ အသံထွက် ရေရွတ်မိတယ်။

အားပေးသူ၊ နှစ်သိမ့်သူ၊ ကူညီဖေးမသူမရှိဘဲ အိမ်ထောင်မှုစိတ်ဒဏ်ရာတွေဖိစီးနှိပ်စက်နေတဲ့ သူ့ရဲ့ ပင်ပန်း နွမ်းနယ်မှုတွေကို သူ့ငိုသံတွေ၊ ဟန်ပန်တွေထဲမှာ အတိအလင်းမြင်နေရတယ်။ အိမ်ထောင်ဘက်နဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ “စိတ်ပိုင်းဆိုင်ရာရက်စက်မှု”တွေကို သူနင့်နင့်နဲနဲ ခံစားနေရပြီဆိုတာ တိုးလျိုပေါက် တွေ့နေရ တယ်။

ဆံပင်တွေပြေလျော့ကျပြီး ရှုပ်ပွနေတဲ့အသွင်ပြင်၊ အဝတ်အစားတွေ ဘိုသီဘတ်သီတွဲလွဲကျပြီး၊ သူ့ကို ဝိုင်းကြည့် နေကြတဲ့လူတွေရှေ့ကမြေပြင်မှာ ခြေစင်းထိုင်ရင်း စိတ်လွတ်ကိုယ်လွတ် ရင်ဘတ်စည်တီးငိုယိုနေတဲ့ အမျိုးသမီး ရဲ့ ကူကယ်ရာမဲ့ အခြေအနေကို ကိုယ်တိုင်ခံစားနေရသလို ရင်ထဲမှာ ဆူဝေလာတယ်။

သူ့ဘေးက အပြစ်တင်သူတွေကို စိတ်ထဲကနေ “တနေ့နေ့ ဒီအမျိုးသမီး သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ရင် တရားခံ က ရှင်တို့တွေပဲ”လို့ ပြောနေမိတယ်။ ငိုနေတဲ့အမျိုးသမီးဟာ အိမ်မှုကိစ္စတွေလုပ်ရလို့၊ မလုပ်ချင်လို့ ငိုနေတာလို့ သူတို့က တံဆိပ်ဝိုင်းကပ်၊ အပြစ်ဝိုင်းတင်နေကြပေမယ့် အဲ့လိုမဟုတ်ဘူးဆိုတာ ဘေးလူ တယောက်အနေနဲ့ စိတ်ထဲ အတိအကျခံစားမိတယ်။

တနေ့က ညီမတော်တယောက်နဲ့ စကားပြောဖြစ်တယ်။ သူက ကလေးတယောက်မိခင်၊ အပြင်ထွက်ပြီး အလုပ် လုပ် နေရသူပါ။ သူအပြင်ထွက် အလုပ်လုပ်ချိန်မှာ လတ်တလော ဝင်ငွေရအလုပ်မရှိသေးတဲ့ ခင်ပွန်းဖြစ်သူက ကလေး ထိန်းပေးတယ်။ နေ့တိုင်းလိုလို တနေကုန်အလုပ်ကပင်ပန်းပြီး အိမ်ပြန်ရောက်ချိန်မှာ တနေကုန် ကလေးထိန်းနေရတဲ့ ခင်ပွန်းဖြစ်သူက ကလေးကို သူ့လက်ထဲထည့်ပြီး မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆုံဖို့ အတွက် အပြင်ကို ထွက်သွားလေ့ရှိပါတယ်။

ခင်ပွန်းဖြစ်သူအပြင်ထွက်သွားချိန်မှာ သူဟာ အဆော့သန်တဲ့အရွယ် ကလေးတဖက်နဲ့ ချက်ပြုတ်စရာရှိတာ ချက်ပြုတ်၊ လျှော်ဖွပ်စရာရှိတာ လျှော်ဖွပ်ရင်း တညနေလုံးအချိန်တွေ ကုန်ဆုံးရလေ့ရှိတယ်။ သူ့ကိုယ်သူ စက်ရုပ်နဲ့ တူနေတယ်လို့ ခံစားရသလို စိတ်ရောကိုယ်ပါ ပင်ပန်းနေပေမယ့် မညည်းနိုင်ဘူးလို့ သူက ပြောပြတယ်။

“တခါတလေ အဝတ်လျှော်ပေးတတ်တယ်၊ လျှော်ထားတဲ့အဝတ်တွေမလှန်းဘူး၊ ဒီတိုင်းထားခဲ့တယ်၊ တခါတလေ ထမင်းအိုးတည်ပေးတယ်” လို့ သူက ခင်ပွန်းဖြစ်သူရဲ့ ဆယ်ကွေ့တကွေ့ အဆုံးစွန်ဆုံး အိမ်မှုကိစ္စတာဝန်ယူမှု အကြောင်းကို ရင်ဖွင့်ပါတယ်။

တနေကုန် အလုပ်ပင်ပန်းတဲ့အပြင်၊ ညနေရုံးဆင်းကျောင်းဆင်းချိန် ဘတ်စ်ကားစီးပြီး အိမ်ပြန်ရတဲ့အတွက် ထပ်ဆင့်ပင်ပန်းနွမ်းနယ်နေပြီဖြစ်လို့ ခင်ပွန်းဖြစ်သူကို အပြင်မထွက်ဘဲ အိမ်အလုပ်ဝိုင်းကူဖို့ပြောပေမယ့် တနေကုန်အိမ်ထဲမှာပဲ ကလေးထိန်းနေရတဲ့အတွက် စိတ်အဆင်မပြေကြောင်း တုန့်ပြန်တဲ့အခါ လင်နဲ့မယား စကားများတတ်ကြတယ်လို့ ခပ်ပေါ့ပေါ့ပါးပါး စကားဆိုပါတယ်။

“သူ ကလေးကြည့်ပေးလို့ ငါအလုပ်လုပ်ရတာပဲ”လို့ စိတ်ကိုဖြေဖို့ ကြိုးစားရပေမယ့် စကားများတဲ့အကြိမ်တွေမှာ ခင်ပွန်းဖြစ်သူ ပြောတတ်တဲ့စကားက သူ့အတွက် နာကျင်စရာကောင်းနေတယ်။

“နောင်ဘဝမိန်းမ မဖြစ်ပါစေနဲ့ဆုတောင်း တဲ့၊ သူက တခါတလေ အဲလိုပြောတယ်၊ ဝဋ်မလည်ပါစေနဲ့လို့ ပြန်ပြော ဖြစ်တယ်၊ ဘယ်သူမဆို ပင်ပန်းလာရင် ငိုမိမှာပဲ၊ စိတ်ကောလူကော ပင်ပန်းရတယ်လေ၊ မိန်းမဖြစ်လို့ကို ပိုပင်ပန်း ရတယ်၊ စားရေးသောက်ရေး၊ နေထိုင်ရေး၊ ကလေးကျန်းမာရေး အစစအရာရာ ပိုပူရတယ်၊ ယောကျ်ားလေးတွေ က မပူပင်ဘူး” လို့ ညီမလေးက ရင်ဖွင့်တဲ့အချိန်မှာ စောစောက မြေပြင်မှာ လူးလိမ့်ငိုယိုနေတဲ့ အညာက အမျိုး သမီးခံစားနေရရှာတဲ့ ဝန်ထုပ်ဝန်ပိုးအကြောင်းက ခေါင်းထဲမှာ အသစ်ပြန်ဖြစ်လာတယ်။

ညီမလေးက သူ့ဆုတောင်းကို ပြောပြတယ်။ “ဟိုးအရင်ကတည်းက မိန်းမ မဖြစ်ချင်တော့ နောင်ဘဝ ယောကျ်ား ဖြစ်ပါစေလို့တော့ အမြဲဆုတောင်းဖူးတယ်၊ ခုဖြစ်တည်‌နေတဲ့ဘဝလည်း ကျေနပ်ပါတယ်၊ သားသားမေမေဖြစ်ခွင့် ရလို့” တဲ့။

ကိုယ့်မျက်စိရှေ့မှာပဲ တယောက်နဲ့တယောက် ချစ်ခင်စုံမက်ကြလို့ လက်ထပ်ထိမ်းမြားခဲ့ကြတဲ့ ညီမငယ်တို့ ဇနီးမောင်နှံကြားက နှလုံးသားအက်ရာလေးတခုကို ရုတ်တရက်မြင်လိုက်ရတော့ စိတ်မကောင်း ဖြစ်မိတယ်။ တယောက်နဲ့တယောက် “စိတ်ပိုင်းဆိုင်ရာရက်စက်မှု” အဆင့်အထိမရောက်ဖို့လည်း ဆုတောင်းမိတယ်။

“မိန်းမယူလိုက်၊ သူလုပ်လိမ့်မယ်” ဆိုတဲ့ လူပျိုကြီးတွေရဲ့ မိတ်ဆွေတွေပြောနေကြ သီတင်းကျွတ်ကာလ ပေါ့ပေါ့ပါးပါး ပဋိသန္ဓာရစကားမျိုးတွေကို ကြားရတဲ့အခါတိုင်းမှာလည်း စကားနောက်တရားပါဆိုသလို ဒီလို ပုံစံချ သတ်မှတ်မှုတွေဟာ အမျိုးသမီးအဖြစ် မွေးဖွားလာသူတွေအတွက် တရားမျှတမှု ဘယ်လိုမှ မရှိနိုင်တဲ့ စကားပါလားဆိုတဲ့ အသိတရားလေး ရှိစေချင်မိတယ်။

သူတို့ကို တခုလေးပဲ ပြောပြချင်မိတာ။

“အေး … ငါလုပ်ဖို့ကိုပဲ စောင့်နေကြ၊ ငါ့မှာပဲ ခြေတွေ လက်တွေပါတယ်၊ ငါက ကျွန်မကြီး၊ အားလုံးဆီမှာ အခိုင်းခံရဖို့ ဘုံကျွန်” ဆိုတဲ့ အမေ့အော်သံဝါဝါကြီးတွေရဲ့နောက်က နာကျင်ပင်ပန်းနေတဲ့ နှလုံးသားကို မြင်အောင်ကြည့်ကြပါ။ သူပင်ပန်းနေတာဟာ အိမ်အလုပ်တွေလုပ်ရလို့ ဆိုတဲ့ သာမာန်အခြေအနေကြောင့် မဟုတ်ဘူးဆိုတာ နားလည်ကြပါ။

ပြီးတော့ အိမ်ထောင်ပြုကြမယ့်အမျိုးသမီးတိုင်းဟာ မွေးရာပါတာဝန်ကြီးတခုလို လူမှုအသိုင်းအဝိုင်းတခုလုံးရဲ့ သတ်မှတ်ချက် ဝန်ထုတ်ဝန်ပိုးတွေ ပစ်တင်ခံထားရလို့ ကိုယ့်ကိုယ်ကို “ဘုံကျွန်”ဆိုတဲ့ စိတ်ခံစားမှုနဲ့ ရှင်သန် နေရတဲ့ လူသားတွေ မဖြစ်သင့်ပါဘူးလို့သာ။

Leave a Comment

7 comments

razawingame December 22, 2025 - 10:31 pm

Razawingame seems like it might be good if you are super into that type of games. Check them out: razawingame

Reply
бнанс рестраця для США December 31, 2025 - 10:31 pm

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://www.binance.com/ph/register?ref=IU36GZC4

Reply
playpal77 January 14, 2026 - 6:35 pm Reply
777toofan January 15, 2026 - 9:36 am

Just stumbled upon 777toofan. Site looks promising! Plenty of options, gonna dive in and test the waters. Might be our new lucky charm 777toofan.

Reply
tirangagameonline January 15, 2026 - 9:36 am

Alright, checking out tirangagameonline. Registration was quick, loving that. Hopefully, the gameplay lives up to the hype. Take a peek tirangagameonline.

Reply
funnyexchangebetting January 15, 2026 - 9:36 am

Heard about funnyexchangebetting from a friend. Exchange betting looks fun with a ton of possibilities. I’m definitely giving this a go. Come join me funnyexchangebetting.

Reply
77jili January 25, 2026 - 3:04 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing