မဏ္ဍိုင်၊ ဩဂုတ် ၂၇၊ ၂၀၂၅။
ကိုဗစ်ကာလတုန်းက အိမ်တွင်းအကြမ်းဖက်မှုတွေ၊ အိမ်ထောင်ကွာရှင်းမှုတွေ များလာတယ်လို့ ဆိုကြတယ်။ လေ့လာတွေ့ရှိချက်မှတ်တမ်းတွေ၊ စစ်တမ်းတွေအရ အဲဒီလိုတွေ အဖြစ်များလာတယ်ဆိုတဲ့ အကြောင်းအရာလေးကိုတော့ မှတ်မိလိုက်တယ်။ စိတ်ဖိစီးမှုတွေကြောင့် ဒီလိုတွေဖြစ်လာကြတယ်ဆိုတာ ဟုတ်မှာပဲပေါ့လေလို့ ပေါ့ပေါ့ပါးပါးတွေးမိတာလည်း အမှတ်ရသေးတယ်။
အဲဒီတုန်းက စိတ်ဖိစီးမှုထက် အဆများစွာသာလွန်တဲ့ အခုလို ကပ်ဘေးကြီးဆိုက်နေတဲ့ အချိန်မှာရော လူတွေစိတ်ဟာ ဘယ်လိုတွေတောင်ရှိပါလိမ့်မလဲ တွေးမိတယ်။ အသီးသီးသော အိမ်ထောင်သည်တွေဟာ ဘယ်လိုများကြုံတွေ့ရင်ဆိုင် ဖြတ်သန်းနေကြပါလိမ့်။
အဲ့လိုဆို အိမ်ထောင်ရှင်မဖြစ်တဲ့ နင်ကိုယ်တိုင်ကရောလို့ မေးလာရင် ကျွန်မကတော့ သိပ်သိပ်ကို ကြုံတွေ့ရတာပေါ့ရှင်လို့သာ ပြန်ဖြေမိမှာပါပဲ။
တနေ့က အဝတ်လျှော်ပြီး ရေချိုးခန်းထဲကထွက်လာတဲ့ ကျွန်မ အခန်းပြင်လှမ်းကြည့်လိုက်တော့ ဂစ်တာတီးသီချင်းဆိုနေတဲ့ အမျိုးသားဘေးမှာ သားငယ်လေးက မတ်တပ်လေးရပ်ပြီး ရေတိုက်ပါလို့ တဆာဆာ ပြောနေရှာတယ်။
ခန္ဓာကိုယ်အောက်ပိုင်း ရေရွဲရွဲစိုနေတဲ့ ကျွန်မက “ယောက်ျားရေ သားကိုရေတိုက်လိုက်ဦး” လို့ ဘယ်နှစ်ခါ လှမ်းပြောလိုက်မိတယ်တော့မသိ။ သုံးခါလောက်တော့ ရှိမလား အမှတ်တမဲ့ပါပဲ။ အမျိုးသားက စွေခနဲ ခပ်စူးစူး တချက်လှည့်ကြည့်ပြီး “နောက်ကို ဂစ်တာ မတီးတော့ပါဘူးကွာ” လို့ ဆိုကာ သားကိုရေတိုက်လိုက်တယ်။
စိတ်ထဲ မျက်ခနဲ ဖြစ်သွားတဲ့ ကျွန်မက စိတ်တအားကို ဆိုးမိသွားတာပေါ့။ အဲကနေစ စကားအခြေအတင်များကြတယ်။
သူကတော့ ဂစ်တာတီးနေဆဲမလို့ ကျွန်မက အလိုက်တသိနဲ့ အခန်းပြင်ထွက်ပြီး သားကိုရေတိုက်လိုက်သင့်တယ်လို့ ယူဆတယ်။ စိတ်ရှုပ်ထွေးနေတဲ့ သူဟာ ရှားရှားပါးပါး ခေတ္တအပန်းဖြေစဥ် ကျွန်မကနှောင့်ယှက်တယ်လို့ ဆိုတယ်။ သားပြောနေသံကို မကြားမိကြောင်းလည်း ခပ်ရင့်ရင့် လေသံနဲ့တုံ့ပြန်တယ်။
အဝတ်လျှော်ပြီးခါစ အလုပ်လက်စမလို့အနားမှာရှိတဲ့ သူကသာ ဂစ်တာတီးတာ ခဏရပ်ပြီး သားကိုရေတိုက်သင့်တယ်လို့ ကျွန်မက ယူဆတယ်။
ကျွန်မက အလုပ်ပင်ပန်းနေတာကြောင့် နီးစပ်တဲ့ သူကသာ သားကိုရေတိုက်သင့်တယ် မဟုတ်ပါလား။
သားကိုရေတိုက်သင့်တဲ့ သူက ဘယ်သူလဲက စလို့ အလိုက်မသိဘူး၊ နားလည်မှု မရှိဘူး ၊ အတ္တကြီးလွန်းတယ် စသည့်ဖြင့် ခေါင်းစဥ်တွေ အမျိုးမျိုးပြောင်းပြီး အသည်းအသန်ငြင်းကျခုန်ကြတာပေါ့ရှင်။
စာဖတ်သူကတော့ ဒါလေးက ဘာများအရေးကြီးသလဲ ထင်ပေမယ့် အမျိုးသားကတော့ အိမ်ထောင်သည်ဘဝမှာ စိတ်အနာဆုံးကာလပါရယ်လို့တော့ ထူးထူးခြားခြား ရေရွတ်သလို ကျွန်မကလည်း အထုတ်ဆွဲသာ အိမ်ပေါ်က ဆင်းပစ်လိုက်ချင်တော့တာပါပဲ။
အဲတုန်းက ကျွန်မစိတ်ကဆိုရင် ဒီအိမ်ထောင်တော့ ကွဲပစ်လိုက်တာ အမှန်ဆုံးနည်းလမ်းပါပဲရယ်လို့ တွေးမိတယ်။
အဲဒါနဲ့ တဆက်တည်းပဲ ကျွန်မက ဒီပြင်အိမ်ထောင်သည်တွေရော ဒီလိုကာလမှာ အဆင်မှ ပြေကြရဲ့လား တွေးမိတယ်။ ငါမပြေလည်လို့ သူတို့တော့ ပြေလည်မှာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့တော့ မဟုတ်ပါဘူးရှင်။
အထွေထွေကျပ်တည်း စိတ်ရှုပ်ထွေးမှုတွေကြားမှာ လူတွေဟာ ဘယ်လောက်တောင် အထိအခိုက်မခံ၊ စိတ်တွေဟာ ကြွပ်ဆတ်မာကြောနေကြမလဲရယ်ဆိုတဲ့ အတွေးတွေနဲ့ပါ။
စစ်ကော်မရှင်တပ်ရဲ့ လက်စလက်နတွေအောက်မှာ ကျွန်မတို့ မြန်မာနိုင်ငံသားတွေဟာ ရုန်းလိုက်ကန်လိုက်ရတာဆိုတာ အရင်ကနဲ့စာရင် တခြားစီပဲ မဟုတ်ပါလားရှင်။
မလုံမခြုံနဲ့ စစ်ရှောင်နေရတဲ့ အိမ်ထောင်သည်အမျိုးသားတွေဟာ ဘယ်လောက်တောင် ထိခိုက်နာကျင်လွယ်နေလိမ့်မလဲ။ ဝင်ငွေ၊ ထွက်ငွေ မျှအောင် သုံးဖို့ ခေါင်းပူအောင်စဥ်းစားနေရတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဟာ ဘယ်လောက်တောင် စိတ်တိုစိတ်ဆတ်နေလိမ့်မလဲ။
ဆေးဝါးတွေဝယ်ယူရခက်ခဲပြီး စျေးကြီးမြင့်နေတဲ့ကာလမှာ သက်ကြီးရွယ်အိုတစ်ဦး ဒါမှမဟုတ် ဆေးဝါးအမြဲသုံးဖို့ လိုအပ်နေသူတစ်ဦးဟာ ဘယ်လောက်တောင် စိတ်အားငယ်နေလိုက်မလဲ။
ပေါက်ကွဲလုလု ဖြစ်နေတဲ့ စိတ်အခြေအနေ အသီးသီးကြားက ပေါင်းသင်းဆက်ဆံရေးတွေဟာ သိပ်များ ထိရှလွယ်နေမလား၊ ရင်ဘတ်ချင်းနီးလို့ပဲ စိတ်ဖြေသိမ့်စရာ ဖြစ်နေကြမလား။
ကျွန်မကတော့ အချင်းချင်း အမှီသဟဲပြုကြရင်း ပေါင်းသင်းဆက်ဆံရေးတွေ ပိုမိုနက်ရှိုင်းကြပါစေလို့ပဲ ဆန္ဒပြုမိတာပါပဲ။
အထူးသဖြင့်တော့ စစ်ဘေးသင့်ဒေသက ပြည်သူတွေ၊ စစ်ဘေးရှောင်တွေ၊ အထွေထွေကျပ်တည်းမှုတွေကြောင့် ဘဝကို မောဟိုက်စွာ ဖြတ်သန်းနေရသူတွေ စသည် စသည်ဖြင့်။
နာကျင် ဝမ်းနည်းမှုတွေ၊ စိုးရိမ် ထိတ်လန့်မှုတွေ၊ ပူပန်မှု သောကတွေနဲ့ နာကျည်းမုန်းတီးမှုတွေ အပြည့်အသိပ်ခံစားနေရတဲ့ သူတွေဟာ ဘယ်လိုများနေကြပါလိမ့်မလဲ။
မပြည့်တဲ့ဝမ်းတွေနဲ့ ဟာနေတဲ့ နှလုံးသားတွေဟာ စိတ်နှလုံးကို ဘယ်လောက်ထိ ကြမ်းတမ်း ကြွပ်ဆတ်သွားစေ လိမ့်မလဲ။ ပေါက်ကွဲသွားတဲ့ စိတ်နှလုံးတွေရဲ့ ဓားစာခံကရော ဘယ်သူတွေ ဖြစ်နေလိမ့်မလဲ။
3 comments
Just stumbled upon bongvip88! Got a good feeling about this site. Any thoughts from the community?
pesomaxfun https://www.elpesomaxfun.com
Your point of view caught my eye and was very interesting. Thanks. I have a question for you.