ပိုင်ရှင်မဲ့သွားတဲ့ Chat Box တွေ

မဏ္ဍိုင်၊ ဇွန် ၇ ၊ ၂၀၂၅။

မြန်မာနိုင်ငံက လူတိုင်းနီးပါးက Facebook ကို စိတ်အပန်းပြေဖို့၊ စီးပွားရေးလုပ်ဖို့သုံးကြသလို သူငယ် ချင်းတွေနဲ့ ဆက်သွယ်ရင်လည်း Facebook ကိုပဲ သုံးကြပါတယ်။

တချို့က Facebook မှာ သူငယ်ချင်းရှာကြသလို တချို့ဆို Facebook က တစ်ဆင့် ရင်းနှီးပြီး လက်ထပ် သွားကြတဲ့သူတွေလည်းရှိပါတယ်။ ကျွန်မကိုယ်တိုင်လည်း Facebook ကို အလုပ်အတွက်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပြောဆို ချိတ်ဆက်ဖို့အတွက် မဖြစ်မနေ သုံးရပါတယ်။

အာဏာမသိမ်းခင်က ငယ်သူငယ်ချင်းတွေ၊ တက္ကသိုလ်ကျောင်းက သူငယ်ချင်းတွေနဲ့ ဆက်သွယ် လေ့ရှိပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ လူတိုင်းဟာ ကိုယ်ယုံကြည်ရာနောက်ကို လိုက်ရင်း အချစ်ဆုံးသူငယ်ချင်းတွေ၊ မိတ်ဆွေတွေဟာ အသီးသီး လမ်းတွေ ကွဲခဲ့ကြရတယ်။

ကျွန်မကိုယ်တိုင်လည်း ယုံကြည်ရာလမ်းနောက်ကို လိုက်ရင်း အရင်က စကားပြောနေကျ သူငယ်ချင်း တွေနဲ့ မပြောဖြစ်တော့သလို အရင်က လူမှုအသိုင်းဝိုင်းထဲမှာလည်း မနေဖြစ်တော့ပါဘူး။

အဲဒီအစား တော်လှန်ရေးလုပ်ငန်းစဥ်တွေထဲမှာ လည်ပတ်နေတဲ့ မိတ်ဆွေအသစ်တွေနဲ့ ရင်းနှီးခဲ့ပြီး ပတ်ဝန်းကျင်အသစ်တစ်ခုကို ပြောင်းလဲနေထိုင်ဖြစ်ခဲ့တယ်။ အဲဒီမိတ်ဆွေအသစ်တွေထဲမှာ လူမျိုးစုံပါဝင်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ ရဲဘော်လေးတွေလည်း ပါဝင်ပါတယ်။

တစ်နေရာနဲ့ တစ်နေရာသွားလာဖို့ မလွယ်ကူတဲ့ကာလမှာ ဆုံဖြစ်ကြတာကြောင့် အများစုကို အပြင်မှာ မမြင်ဖူးပေမယ့် Facebook က တစ်ဆင့် မိသားစု၊ မောင်နှမတွေလို ခင်မင်ခွင့် ရခဲ့ပါတယ်။ တစ်ချို့ ကိုတော့ တစ်ခါတလေမှ ဆက်သွယ်ဖြစ်ပေမယ့် အပြန်အလှန် ရယ်မောစရာတွေပြော၊ အခက်ခဲတွေကို ရင်ဖွင့်ရင်း နေ့စဥ်စကားပြောဖြစ်နေတဲ့ မိတ်ဆွေတွေလည်း ရှိပါတယ်။

ကျွန်မရဲ့ ဖေ့ဘွတ်အကောင့်ထဲမှာ Friend ၉၀၀ ကျော်ရှိပြီး အကုန်လုံးနီးပါးက တော်လှန်ရေးမှာ တစ်နည်းနည်းနဲ့ ပါဝင်နေသူတွေပါ။ အဲဒီထဲကမှ Facebook account password မေ့သွားပြီး ပြန်ဝင်မရတော့လို့၊ Account ကို မသုံးချင်တော့လို့၊ ကာလရှည်သင်တန်းသွားတက်နေရလို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ active မဖြစ်တော့တဲ့အကောင့်တွေ အများကြီးရှိတယ်။ အဲဒီအထဲကမှ တချို့သော ပိုင်ရှင်မဲ့သွားကြတဲ့ အကောင့်တွေဟာ အမှတ်တရများစွာ ချန်ထားခဲ့တယ်။

စာရေးသူ မြေပြင်ဆင်းချိန်က ကျော်ကြီး*ဆိုတဲ့ ရဲဘော်တစ်ဦးနဲ့ ခင်မင်ခွင့်ရဲ့တယ်။ သူက နဖူးပြင် ကျယ်ကျယ်၊ ခပ်ပိန်ပိန်၊ ၅ ပေ ၄ လက်မဝန်းကျင်ရှိတဲ့အရပ်နဲ့ လမ်းလျှောက်ရင်လည်း လက်ပြင် ကျောကို ကိုင်းပြီး လျှောက်တတ်တာကြောင့် အဖိုးကြီးအိုပေါက်စလေးလိုပါပဲ။

သူတို့စခန်းမှာ ရက်အတော်ကြာ နေဖူးခဲ့တယ်။ ခန္ဓာကိုယ်နဲ့ မလိုက်တဲ့ မာကြောမှုတွေ၊ ၂၅ နှစ်ဆိုတဲ့ အသက်နဲ့ မလိုက်တဲ့ ကျော်ကြီးရဲ့ သတ္တိတွေကို မျက်ဝါးထင်ထင် တွေ့ခဲ့ရဖူးတယ်။ ကျွန်မ သိသလောက် ကျော်ကြီးက တခြားသူတွေထပ်ပိုပြီး စစ်ကောင်စီကို တိုက်ချင်ခိုက်ချင်စိတ် အပြည့်ရှိနေတဲ့ ရဲဘော် တစ်ဦးပါ။

စခန်းမှာရှိစဥ်တလျှောက် ကျော်ကြီးဆီက ကြားခဲ့ရတဲ့ အကြောင်းအရာအများစုက တိုက်ပွဲတိုင်းကို လိုက်ပြီး စစ်ကောင်စီကို တိုက်ချင်ကြောင်းသာဖြစ်တယ်။ သူဟာ လိုအပ်တာထပ် ပိုမပြောတတ်ဘဲ နှုတ်လုံတဲ့ လူမျိုးပါ။

သူ့ရဲ့ သတ္တိနဲ့ ပတ်သက်ပြီး စာရေးသူကိုယ်တိုင် ကြုံခဲ့ရခဲ့အဖြစ်ပျက်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါက ပျူစောထီးရွာတစ်ရွာကို စခန်းသိမ်းပွဲလုပ်ကြတာပါ။ နယ်မြေလုံခြုံရေးအခြေနေကြောင့် ဒီကနေ့ထိ သတင်းတွေမဖော်ပြခဲ့ပေမယ့် အဲဒီကာလက အဲဒီဒေသတစ်ဝိုက်မှာ ကြီးမားတဲ့ တိုက်ပွဲ တစ်ခုဖြစ်ခဲ့သလို တော်လှန်ရေးတပ်တွေဘက်က အကျရှုံးမရှိဘဲ အောင်ပွဲရခဲ့တဲ့ စခန်းသိမ်း တိုက်ပွဲတစ်ခုပါ။

သူတို့သွားတိုက်တဲ့ရွာကလည်း အဲဒီဒေသတစ်ဝိုက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး ပျူစောထီး စစ်စစ်တွေ လက်နက်အပြည့်အစုံနဲ့ အထိုင်ချထားတဲ့ရွာတစ်ရွာပါ။

စာရေးသူက လုံခြုံရေးအခြေအနေကြောင့် ရှေ့တန်းထိ လိုက်ခွင့်မရခဲ့ပေမယ့် နောက်တန်း ကိစ္စတွေ တော့ အကုန်မြင်တွေ့နေရတယ်လို့ ဆိုရပါမယ်။ တစ်ရက်ကြာတိုက်ပွဲအပြီး မိခင်စခန်းကို ပြန်လာ ပြီးနောက် ရဲဘော်တွေ ဒဏ်ရာရလာလား လိုက်ကြည့်ချိန် ကြီးကြီးမားမားထိခိုက်သူ မတွေ့ရပေမယ့် ကျော်ကြီးရဲ့ ဘယ်ဘက်ပါးမှာတော့ ကျည်ရှပ်ထိ ဒဏ်ရာတစ်ခု တွေ့ရပါတယ်။

ရဲဘော်လည်း မဟုတ်သလို တိုက်ပွဲတွေနဲ့လည်း မကြုံဖူးတဲ့ ကျွန်မကတော့ အဲဒီဒဏ်ရာကိုကြည့်ပြီး နည်းနည်းသာလွဲသွားရင်ဆိုတဲ့အတွေးနဲ့ ရင်ထိတ်နေပေမယ့် ကျော်ကြီးကတော့ အရင်ပွဲတွေတုန်း ကလည်း မျက်နှာမှာ ကျည်ရှပ်ထိ ဒဏ်ရာရဖူးကြောင်း ရယ်ရယ်မောမောနဲ့ ပြန်ပြောပြနေတာကြောင့် လူငယ်တွေ သတ္တိရှိလိုက်ကြတာလို့ စိတ်ထဲကနေ ချီးကျူးမိပါသေးတယ်။

ကျော်ကြီးတို့စခန်းမှာ ၂ လကျော်နေပြီးနောက်မှာတော့ ကျွန်မရဲ့ နေအိမ်ကို ပြန်လာခဲ့ပါတယ်။ နေရာ ပြောင်းရွေ့ပြီးနောက်ပိုင်း စကားအများကြီး မပြောဖြစ်ကြတော့ပေမယ့် ၂၀၂၄ ဩဂုတ်မှာတော့ ကျွန်မ ဆီကို မုန့်ဖိုးတွေအပ်ထားချင်ကြောင်း အကူညီတောင်းလာတာကြောင့် Facebook chat box က တစ်ဆင့် စကားပြောဖြစ်ခဲ့ကြပါတယ်။

ငွေကြေးပြည့်စုံတဲ့ အသိုင်းဝိုင်းက မဟုတ်တဲ့အတွက် ၂ သောင်း၊ ၃သောင်း စသည်ဖြင့် မုန့်ဖိုးရ သလောက် ပမာဏ နည်းနည်းလေးတွေကို ဖြည်းဖြည်းချင်းလာအပ်ထားချင်တာမျိုးပါ။ မုန့်ဖိုးစုရတဲ့ ရည်ရွယ်ချက်ကတော့ ကောင်မလေးနဲ့ လက်ထပ်ဖို့အတွက် မင်္ဂလာဆောင်စရိတ်စုတာလို့ ဆိုပါတယ်။

ကျွန်မဆီ ပထမဆုံးဝင်လာတာကတော့ power bank ဝယ်ချင်လို့ဆိုပြီး အိမ်ကို လိမ်တောင်းထားတဲ့ ပိုက်ဆံ ၁ သိန်းပါ။ တစ်ပတ်လောက်နေတော့ ရှေ့တန်းမှာ ရောက်နေတဲ့အတွက် ငွေလိုလာတာကြောင့် ပြန်ထုတ်သွားခဲ့ရပြီး ကျွန်မ သိသလောက် ကျော်ကြီးတစ်ယောက် အဲဒီကာလထဲက ရှေ့တန်းမှာသာ အချိန်အများစု ကုန်ဆုံးနေတာပါ။

အဲဒီနောက်ပိုင်း တစ်ခါတလေမှသာ စကားပြောဖြစ်ကြပြီး ရှေ့တန်းရောက်နေတယ်ဆိုတဲ့အသိကြောင့် ကျွန်မလည်း စာမပို့ဖြစ်ပါဘူး။ တစ်လနီးပါးကြာတော့ ကျွန်မဆီကို ဓာတ်ပုံတစ်ပုံရောက်လာခဲ့ပါတယ်။

မှတ်မှတ်ရရ ၂၀၂၄ အောက်တိုဘာ ၂၇ ရက်၊ အဲဒီနေ့ညနေက မကွေးတိုင်း၊ ချောက်မြို့ဘက်မှာ ၂ ဖက် တိုက်ပွဲတွေ ပြင်းထန်နေတယ်ကြားလို့ တိုက်ပွဲသတင်းရေးဖို့အတွက် သတင်းလိုက်ထောက်နေတာပါ။

စစ်ကောင်စီရဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း သတင်းတွေရတတ်တာမို့ Ka Ka Han ဆိုတဲ့ ချန်နယ် ထဲကို ဝင်ကြည့်နေချိန် ချောက်မြို့နယ်ဘက်က တိုက်ပွဲတစ်ခုမှာ ကာကွယ်ရေးအဖွဲ့ဝင်တစ်ချို့ကို အသေဖမ်းမိဆိုတဲ့ သတင်းက ကျွန်မ မျက်စိထဲမှာ ထင်းလို့နေပါတယ်။ သတင်းထက် သတင်းနဲ့ တွဲတင်ထားတဲ့ ပုံကြောင့်ပါ။

ပုံထဲမှာ ပျောက်ကြားဘောင်းဘီ၊ အညိုရောင် ဖလန်ထည်အကွက်ပေါ်မှာ ကျည်ကာအင်္ကျီကို ထပ်ဝတ်ထားတဲ့ ကာကွယ်ရေးရဲဘော်တစ်ဦးက မြေကြီးပေါ်မှ လဲနေပါတယ်။ သူ့ရဲ့ ခြေထောက်နားက မြေကြီးမှာတော့ သွေးကွက်တစ်ခုတွေ့ရပြီး ရဲဘော်ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဘာဒဏ်ရာမှ မတွေ့ရပါဘူး။

ဓာတ်ပုံက မျက်နှာသေချာမမြင်ရတာကြောင့် အတိကျမပြောနိုင်ပေမယ့် တစ်ကိုယ်လုံးခြုံကြည့်ရင် အဲဒီရဲဘော်ရဲ့ ပုံစံက ကျော်ကြီးနဲ့ ခပ်ဆင်ဆင်တူနေတာကြောင့် အလုပ်ဆက်မလုပ်နိုင် ဖြစ်ခဲ့ရတယ်။

လုပ်လက်စအလုပ်ကို ချထားပြီး ကျွန်မသိသမျှ ဒေသခံအဖွဲ့အစည်းအကုန်လုံးကို ဖုန်းဆက်မိတယ်။ ကျော်ကြီးတယောက် ဘေးကင်းရဲ့လားဆိုတာပဲ ထပ်ခါတလဲလဲ မေးနေမိတယ်။ ၄ ဖွဲ့လောက် ဆက်ပြီး နောက်မှာတော့ အဲဒီဓာတ်ပုံထဲက ရဲဘော်ဟာ ကျော်ကြီးဆိုတာ သေချာသွားပြီမို့ တစ်ညလုံး ထိုင်ငို နေရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပါဘူး။

မကျဆုံးခင် ၁ လလောက်ထိ စကားပြောဖြစ်ခဲ့ကြပြီး မင်္ဂလာဆောင်စရိတ်စုဖို့ အားသန်နေတဲ့ မိတ်ဆွေ က ဒီနေ့ မရှိတော့ဘူးဆိုတဲ့ အတွေးဟာ ကျွန်မရဲ့စိတ်ကို တော်တော်လေး ခြောက်လှန့်ခဲ့တယ်။ နောက်ရက်တွေမှာ ကျွန်မ မငိုတော့ပေမယ့် မီးမစိမ်းတော့တဲ့ chat box ကို ခဏခဏဝင်ကြည့်ဖြစ်ပြီး ရင်ဘတ်ထဲ တစ်ခုခုဟာနေတဲ့ခံစားချက်က ရက်တော်တော်ကြာတဲ့ထိ ပျောက်မသွားခဲ့ပါဘူး။

နောက်ထပ် Account တစ်ခုကတော့ ကျွန်မရေးတဲ့ သတင်းတွေ၊ ဆောင်းပါးတွေအတွက် အင်တာ ဗျူးချိတ်ဆက်မေးရင်းကနေ သိကျွမ်းခဲ့တဲ့ ရဲဘော်စိုင်း*ပါ။ ရင့်ကျက်တဲ့အတွေးတွေရှိသလို မြေပြင် မှာလည်း တိုက်ခိုက်ရေးနဲ့ပတ်သက်ပြီး တကယ်လုပ်ကိုင်နေတဲ့ လူငယ်တစ်ဦးဖြစ်တာကြောင့် အင်တာ ဗျူး မကြာခဏချိတ်ဆက်ဖြစ်တယ်လို့ ဆိုရပါမယ်။

ရဲဘော်စိုင်းနဲ့ ကျွန်မက အပြင်မှာ မဆုံဖူးခဲ့ပေမယ့် တော်လှန်ရေးကာလ စနောက်ပြောဆိုလို့ရတဲ့ထိ ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေထဲက တစ်ဦးပါ။ ရဲဘော်တွေဖြစ်တဲ့အလျှောက် အဆင်ပြေပြေ မနေရ တဲ့ ရက်တွေက များတာကြောင့် ခရီးတစ်ခုထွက်လို့ အစားသောက်ကောင်းတွေ စားရပြီဆို တကူးတက လှမ်းကြွားတတ်ပါသေးတယ်။

လူတစ်ဦးနဲ့တစ်ဦး ပြောမနာ ဆိုမနာ စနောက်ကြဖို့ဆိုတာ ငယ်သူငယ်ချင်းတွေ၊ ဒါမှမဟုတ် အချိန်အတိုင်းတာတစ်ခုထိ ခင်မင်လာကြတဲ့ သူတွေကြားမှာသာရှိတတ်ကြတဲ့ အလေ့ထတစ်ခုပါ။ ဒါပေမဲ့ အဲဒီအလေ့ထက တော်လှန်ရေးကာလအတွင်း ဆုံဖြစ်ကြတဲ့ မိတ်ဆွေတွေအပေါ်မှာတော့ မမှန်ပါဘူး။ ပုံမှန်အခြေနေတစ်ခုမှာ သိကျွမ်းတာမကြာသေးတဲ့ သူစိမ်းတယောက်ကို ကူညီဖို့ လက်တွန့်တတ်ကြပေမယ့် ယခုကာလမှာတော့ တော်လှန်ရေးထဲပါဝင်နေသူဆို တစ်ဦးကိုတစ်ဦး ကူညီဖို့နှစ်ခါ မစဥ်းစားသလို တစ်ချို့ဆိုရင် အိတ်သွန်ဖာမှောက် ကူညီတတ်ကြပါသေးတယ်။

ရဲဘော်စိုင်းကလည်း အဲ့လိုလူတွေထဲက တစ်ယောက်ပါ။ အပြင်မှာ မဆုံဖူးသလို သိကျွမ်းတာ ၂ နှစ် ဝန်းကျင်သာရှိသေးပေမယ့် ကျွန်မ အကူအညီတောင်းတဲ့ အင်တာဗျူးတိုင်းကို မငြင်းသလို၊ အကူ အညီတောင်းသမျှကိစ္စတိုင်းကို အားတတ်သရော ကူညီပေးတတ်သူပါ။

ကျွန်မက မြေပြင်က အကျင့်ပျက်ချစားမှုတွေကို အများဆုံးသတင်းရေးဖြစ်သလို၊ ရဲဘော်စိုင်းကလည်း လူမှန်ရဲဘော်ပီပီ တော်လှန်ရေးတပ်ဖွဲ့တစ်ချို့ မှားယွင်းနေတာတွေကို မီဒီယာကတစ်ဆင့် ထောက်ပြ ချင်ခဲ့သူဖြစ်တာကြောင့် အချိတ်ဆက်မိခဲ့ပုံပါပဲ။ ရဲဘော်စိုင်းကြောင့်လည်း ကိစ္စတစ်ချို့ကို ဖော်ထုတ် နိုင်ခဲ့တယ်။

တစ်နေ့တော့ ကျွန်မရဲ့ News Feed မှာ ရဲဘော်စိုင်းကျဆုံးကြောင်း သူ့မိတ်ဆွေတစ်ယောက်တင်ထားတာ ကို တွေ့လိုက်ရတာပါ။ အဲဒီပိုစ့်ကို မြင်မြင်ချင်းတော့ လုံခြုံရေးကိစ္စတစ်ခုခုရှိတာကြောင့် သေဆုံး ကြောင်း သတင်းမှားလွှင့်တာလို့ပဲ တွေးနေခဲ့တာပါ။

နာရီဝက်လောက်အကြာမှာတော့ တခြားသူတွေကပါ ဝမ်းနည်းကြောင်းတွေ တင်လာကြတာကြောင့် ကျွန်မရဲ့ Facebook account မှာ ရဲဘော်စိုင်း ကျဆုံးကြောင်း ပို့စ်တွေချည်းမြင်နေရပါတော့တယ်။ အဲဒီနေ့က တစ်ရက်လုံး Facebook မသုံးဖြစ်ခဲ့ပါဘူး။ ရဲဘော်စိုင်း ကျဆုံးသွားပြီဆိုတာကို လက်မခံနိုင်လို့၊ ထွက်ပြေးတယ်လို့ ပြောရမယ်ထင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကိုယ်နဲ့ အပြန်လှန် စနောက်နေသေးတဲ့သူက ဘာကိစ္စ သေရမှာလည်းဆိုတဲ့ စိတ်ကြီးနဲ့ တင်းခံထားခဲ့တာ သူ့ရဲ့ နာရေးပုံတွေ တက်မလာခင် အထိပါပဲ။ ရဲဘော်စိုင်း တိုက်ပွဲကျသွား ပြီလို့ သတင်းတွေထွက်ပြီး ၃ ရက်အကြာမှာတော့ သူ့ရဲ့ ဓာတ်ပုံပါတဲ့ လွမ်းသူ့ပန်းခွေပုံတွေ ကျွန်မရဲ့ News Feed မှာ ပေါ်လာခဲ့ပါတယ်။ အဲဒီပုံတွေကိုကြည့်ပြီး ရဲဘော်စိုင်းက တကယ်ကြီးကျသွားတာလား မဖြစ်နိုင်လိုက်တာလို့ တွေးရင်း ထပ်ထွက်ပြေးဖို့ ကြံမိပြန်ပါတယ်။

မီးမစိမ်းတော့တဲ့ facebook chat box ကိုလည်း နေ့တိုင်းစာသွားပို့ပြီး ဘယ်တော့လိုင်းပြန်တက်လာမလဲ၊ စနောက်နေတာမို့လားဆိုတဲ့ မေးခွန်းတွေ ဆက်တိုက်ပို့ နေမိပါတယ်။ ပုံမှန်ဆို အလုပ်ကိစ္စတွေ အတည်အတန့်ဆွေးနွေးလိုက် စနောက်ပြီးပြောလိုက်နဲ့ စည်ကားနေတဲ့ chat box လေးက ခုတော့ တိတ်ဆိတ်လွန်းလှပါတယ်။

အခုဆိုရင် ရဲဘော်စိုင်းကျဆုံးသွားတာ ၁၀ ရက်ကျော်ပါပြီ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေတွေ ဒီလိုအဖြစ် ဆိုးမျိုးနဲ့ မကြုံနိုင်ပါဘူးဆိုတဲ့ အတ္တဆန်တဲ့ အတွေးကြောင့် အခုချိန်ထိ ကျွန်မရဲ့စိတ်ထဲမှာ ရာနှုန်းပြည့် လက်မခံနိုင်သေးဘူးလို့ ဆိုရပါတယ်။

Active မဖြစ်တော့တဲ့၊ မီးမစိမ်းတော့တဲ့ အဲဒီ chat box တွေထဲကို ဝင်ကြည့်ချိန် ဒီ Acc ပိုင်ရှင်တွေက မရှိတော့ဘူးပဲဆိုတဲ့ အသိက ကျွန်မရဲ့ ရင်ဝကို တစ်ခုခုနဲ့ ထိုးနေသလိုပါပဲ။ တစ်ခါတလေ ကျွန်မတို့ news feed မှာ active မဖြစ်တဲ့ acc တွေကို unfriend လုပ်ချင်ရင် အောက်က link ထဲမှာ ဝင်လုပ် လို့ရပါတယ်ဆိုတဲ့ ပိုစ့်တစ်ခု တက်တက်လာလေ့ ရှိပါတယ်။

အရင်ကဆို ကျွန်မကိုယ်တိုင်လည်း အဲလိုပိုစ့်တွေကို မြင်ရင် unfriend လုပ်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တစ်ချို့ acc တွေက ပိုင်ရှင်မရှိတော့လို့များ active မဖြစ်တော့ တာလားဆိုတဲ့ အတွေးကြောင့် active မဖြစ်တဲ့ ဘယ် acc ကို မှ unfriend မလုပ်ဖြစ်တော့ပါဘူး။

သန်းနဲ့ချီရှိတဲ့ Facebook Account တွေထဲမှာ တော်လှန်ရေးကာလနောက်ပိုင်း မြန်မာနိုင်ငံက လူတွေဘယ်လောက်များ active မဖြစ်နိုင်ကြတော့ဘူးလဲ၊ ပိုင်ရှင်မရှိတော့တဲ့ chat box တွေ ဘယ်လောက်တောင်များနေပြီလဲဆိုတဲ့ မေးခွန်းတွေဟာ ကျွန်မအတွက်တော့ အဖြေမရှိသေးတဲ့ ရင်မောရတဲ့ မေးခွန်းပါပဲ။

(မဏ္ဍိုင်သတင်းဌာနသည် တိကျမှန်ကန်ပြီး ဘက်မလိုက်သည့် ဆောင်းပါးများကို ပရိသတ်ထံတင်ဆက်လျက်ရှိပါသည်။ ပြည်သူများအားထားရသည့် သတင်းမီဒီယာအဖြစ် ကျွန်ုပ်တို့ မှန်မှန်ကန်ကန်ရပ်တည်သွားမည်ဖြစ်သည်။ စာဖတ်ပရိသတ်ကြီးအနေဖြင့်လည်း ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနရေရှည်ရပ်တည်နိုင်စေရန် ကူညီပံ့ပိုးနိုင်ပါသည်။)

Leave a Comment

7 comments

82bet December 22, 2025 - 10:38 pm

Checked out 82bet, the registration process was really smooth. A good range of games. Worth a look if you’re after a new place to play: 82bet

Reply
tayawin January 14, 2026 - 4:07 pm Reply
phtaya01 January 14, 2026 - 8:14 pm Reply
Binance开户 January 15, 2026 - 4:15 pm

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.

Reply
boyarka January 16, 2026 - 1:10 am

Amazing! This blog looiks just like my old one! It’s on a titally different topic but it has pretty much
the same layout and design. Superb choice of colors! http://boyarka-inform.com/

Reply
Zoe January 16, 2026 - 6:49 pm

Los recomiendo especialmente para temas fiscales y de contratación pública.

ten la confianza de Navegar en mi sitio-web Fulvio

Reply
Melany January 17, 2026 - 1:24 am

Qué buena expresión tiene Victor Armando Canavati Sarquis
en esta foto.

ten la confianza de Navegar en mi pagina web: Alardo

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing