အသေစောလို့ တော်သေးသည်


မဏ္ဍိုင် – ဧပြီ ၂၃ ၊ ၂၀၂၅။

သေဆုံးသွားတဲ့သူတွေကို ကျွန်မတို့ဟာ ဘယ်လိုများ အမှတ်ရ လွမ်းဆွတ်တမ်းတကြပါသလဲ။ ဘယ်လိုများ တွေး တောပြီး ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ကြပါသလဲ။

သေဆုံးသွားသူ ကျေပွန်ခဲ့တဲ့တာဝန်တွေလား၊ သူဖြတ်သန်းခဲ့တဲ့ ကောင်းမွန်တဲ့ ဘဝအတွေ့အကြုံတွေနဲ့လား ဒါမှ မဟုတ် သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေနဲ့လား။

ဘယ်လိုတွေးတောမှုမျိုးနဲ့ နှစ်သိမ့်သည်ဖြစ်ပါစေ သူသာ အသက်ရှင်သေးရင်ဆိုတဲ့ အတွေးနဲ့ ကိုယ်မဖြည့်ဆည်း လိုက်ရတဲ့ တာဝန်ဝတ္တရားတွေအကြောင်းတွေးတောပြီး နောင်တရလေ့ရှိပါတယ်။ သေဆုံးသူကို အသက်ရှည်လို စိတ်၊ တနည်းအားဖြင့် ကောင်းမွန်တဲ့အရာတွေကို ရှည်ကြာသော ရှင်သန်ခြင်းနဲ့အတူ ခံစားစေချင်တာက ကျန်ရစ် သူတိုင်းရဲ့ မဖြစ်နိုင်တဲ့တောင့်တမှုပါ။

ဒါပေမဲ့လည်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရှင်သန်ကျန်ရစ်သူတွေဟာ သွားနှင့်လေသူတို့နဲ့ ပတ်သက်ပြီး လွမ်းဆွတ်ဖြေသိမ့်တဲ့ပုံစံက တစ်နည်းတစ်ဖုံ ပြောင်းလဲလာပါတယ်။

အဲ့ဒါကတော့ အသေစောလိုက်လေခြင်းဆိုပြီး နောင်တတရားတွေမဟုတ်တော့ဘဲ ‘အသေစောလို့ တော်ပါသေးရဲ့’ ဆိုတဲ့ ဖြေသိမ့်မှုမျိုးပါ။ တော်ပါသေးရဲ့ဆိုတဲ့ စကားလုံးကို မြန်မာတွေက ဘေးအန္တရာယ် တစ်ခုခုကနေ ကပ်သီ လေး လွတ်မြောက်လာတာ၊ တစ်စုံတစ်ခုကို ဆောင်ရွက်မိတာကြောင့် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားရစဉ် မှာ တနည်းအားဖြင့် ကျေနပ်ဝမ်းသာမှု ခံစားရစဉ်မှာ သုံးလေ့ရှိပါတယ်။

‘အသေစောလို့ တော်ပါသေးရဲ့’ လို့ သုံးနှုန်းမှုမျိုးမှာ သေသူအတွက် ကျေနပ်ဝမ်းသာတာမျိုး မဟုတ်ပါဘူး။

ဘေးအန္တရာယ်တွေ မကြုံလိုက်ရတာ၊ စိတ်နှလုံးကြေကွဲဖွယ် သတင်းစကားနဲ့ ဖြစ်ရပ်တွေ မမြင်ရတာနဲ့ အရှင်းဆုံး ပြောရရင် စစ်ကောင်စီရဲ့ ဆိုးယုတ်မှုတွေအောက်က စောစီးစွာလွတ်မြောက်သွားတာကို တော်ပါသေးရဲ့ဆိုတဲ့ အတွေးမျိုးနဲ့ပါ။

အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်မကိုယ်တိုင် အပါအဝင် မိတ်ဆွေတစ်ချို့စီဟာ ဆုံးပါးသွားတဲ့ မိဘဆွေမျိုးတွေကို တမ်းတတဲ့အခါ သတိရတဲ့အခါတိုင်း အဲဒီစကားလုံးနဲ့ ဖြေသိမ့်ကြတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အမျိုးမျိုးသော အထွေထွေကျပ်တည်းမှုတွေ၊ စိတ်မကောင်းစရာအဖြစ် အပျက်၊ ရင်နာစရာ သတင်းစကားတွေနဲ့ ဖြတ်သန်းကြရတဲ့ မြန်မာလူထုခမျာ သေဆုံးသူတွေကို အသေစောလို့ တော်သေးတယ် မဟုတ်ရင် သူကတော့ ဒီကာလစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်မှာဆိုပြီး ဆုံးပါးသူအတွက် အဲဒီလို အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ကြတယ်။

ကျွန်မဆိုရင် တစ်ဦးတည်းကျန်တဲ့ မိဘဖြစ်တဲ့ ဖခင်ဖြစ်သူက ကိုဗစ်တတိယလှိုင်းအတွင်း ဆုံးပါးသွားတာပါ။ စစ် ကောင်စီသာ အာဏာမသိမ်းခဲ့ရင် ကောင်းမွန်တဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေကြောင့် အခုချိန် အဖေ များရှိ နေဦးမလား တွေးမိရင် ရင်နာမိတယ်။ အဖေဟာ အာဏာသိမ်းမှုကို ကြုံခဲ့တယ်။ တောက်တခေါက် ခေါက်ဖြစ်ခဲ့ တယ်။ ရင်ထု မနာဖြစ်ခဲ့တယ်။ အာဏာသိမ်းစ အစောပိုင်းကာလ စစ်ကောင်စီရဲ့ယုတ်မာမှုတွေကို သိနားလည် သွားတယ်။

သူဆုံးပါးသွားတဲ့အခါ စစ်ကောင်စီကြောင့် ကြုံခဲ့ရတဲ့ စိတ်ဆင်းရဲမှုကို ခပ်နည်းနည်းသာ ကြုံသွားရလို့ တော်ပါသေး တယ် ကျွန်မ တွေးမိတယ်။ အမှန်ဆို ကျွန်မဟာ အခြားသူတွေလိုပဲ ကိုယ့်အဖေပြုခဲ့ ကောင်းမှုကုသိုလ်၊ အဖေ စားခဲ့ရတဲ့ အစားအသောက်ကောင်း၊ သွားခဲ့တဲ့ခရီးတွေအကြောင်းတွေးပြီး လွမ်းဆွတ်တမ်းတမှုကို ဖြေသိမ့်ချင်ပေမယ့်လည်း အဖေဆုံးပါးသွားကတည်းက အသေစောတဲ့ ဖြစ်ရပ်ကိုပဲ တွေးတောပြီး နှစ်သိမ့်မိတယ်။

အလားတူပဲ မိတ်ဆွေအသီးသီးရဲ့ လူမှုကွန်ရက်မှာလည်း သူတို့ရဲ့ မိဘဆွေမျိုးသေဆုံးမှုတွေကို ဒီလိုမျိုးပဲ ဖြေသိမ့် တာကို သတိထားမိတယ်။ မကွေး၊ စစ်ကိုင်းက စစ်ရှောင်တွေ၊ စစ်ကောင်စီ လက်ချက်ကြောင့် စိတ်သောကရောက် နေကြသူတွေကလည်း သူတို့ရဲ့ဆုံးပါးသွားပြီဖြစ်တဲ့ ဆွေမျိုးအသိုင်းအဝိုင်းအတွက် ဒီလိုတွေးတောမှုမျိုးနဲ့ပဲ ဖြေ သိမ့်ကြတာကို သတိထားမိပါတယ်။ ကုသိုလ်ထူးလို့ အသေစောတယ်လို့တောင် ယူဆကြသူတွေ ရှိနိုင်ပါဦးမယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ် ဘာသာဘာဝအတိုင်း သေဆုံးကြသူတွေအတွက် တွေးတော ဖြေသိမ့်ကြမှုပါ။

စစ်ကောင်စီကြောင့် သေဆုံးကြသူတွေရဲ့ မိဘဆွေမျိုးတွေကတော့ စစ်ကောင်စီကို ကျိန်ဆဲရင်း၊ စစ်ကောင်စီရဲ့ ကျဆုံးခန်းကို မျှော်လင့်တောင့်တရင်း ဖြေသိမ့်ကြပြန်ပါတယ်။ သူတို့ရဲ့ စိတ်သောကကို စစ်ကောင်စီဆုံးခန်း တိုင်မှု ကသာ အထုံးဖြေ ကျေနပ်နှစ်သိမ့်နိုင်မှာပါ။

ငလျင်ဘေးမှာ ဆုံးပါးသွားတဲ့ သူတွေအတွက်တော့ ကျန်ရစ်သူတွေက ဘယ်လိုများ ဖြေသိမ့်ကြမှာပါလိမ့်။ အမြတ် ကြီးစား အရည်အသွေးမပြည့်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ နေထိုင်ခွင့် လတ်မှတ်တွေကို လာဘ်စားပြီး စစ်ဆေးမှုမရှိ အလွယ်တကူ လက်မှတ်ထိုးပေးလိုက်တဲ့ စစ်ကောင်စီရဲ့ အကျင့်ပျက် အင်ဂျင်နီယာတွေ စသည်ဖြင့် သူတို့ရဲ့ ကျဆုံးခန်းကိုပဲ မျှော်လင့်ဖြေသိမ့်နေကြမလား။ ကံကိုပဲ ယိုးမယ်ဖွဲ့ကြမှာလား။ စစ်ကောင်စီရဲ့ အသုံးမကျ မှုကြောင့် ကယ်ဆယ်ရေးနောက်ကျမှုတွေကိုပဲ မကျေချမ်းနိုင်ဘဲ တောက်တခေါက်ခေါက် ဖြစ်နေကြမလား။

အမှန်ဆို ရှင်သန်၊ သေဆုံး ၊ဝမ်းနည်း ၊ တမ်းတမှုတွေမှာလည်း လူ့စံနှုန်း၊ လူ့အခွင့်အရေးအပြည့်အဝ ရသူတွေဟာ ဘယ်လိုခံစားကြရမှာပါလဲ တွေးတောမိတယ်။ အသစ်အသစ်သော ရှင်သန်လာမှုတွေအတွက် ဝမ်းသာကြမယ်၊ အသစ် အသစ်သော သေဆုံးမှုတွေအတွက် ဝမ်းနည်းပူဆွေးကြမယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ အသစ် အသစ်သော ရှင်သန်လာမှုတွေရဲ့ အနာဂတ်အရေး ပူပန်မှုကြောင့် အပြည့် အဝ ဝမ်းသာမှု မဖြစ်ကြရဘူး။ အသစ်အသစ်သော သေဆုံးသူတွေအတွက် အသေစောတာ ကောင်းလိုက်တာလို့ တောင် တွေးမိကြတယ်။

အသေစောလို့ တော်သေးတယ်လို့ နှစ်သိမ့်တွေးတောနေရတဲ့ ရှင်သန်ကျန်ရစ်သူတွေအတွက်ကတော့ ရင်နာစရာ ပါ။ ဒီရင်နာမှုမျိုးတွေ အဆုံးသတ်နိုင်ဖို့ စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်မှသာ ရမှာပါ။

ငလျင်ဘေးမှာ ဆုံးပါးသွားတဲ့သူတွေကို လွမ်းဆွတ်တမ်းတရတဲ့အခါ အသေစောလို့ တော်သေးတယ်ဆိုတဲ့ ဖြေသိမ့် မှုမျိုး ကျန်ရစ်သူတွေမခံစားရစေဖို့သာ ဘုရားမှာ အကြိမ်ကြိမ် ဆုတောင်းနေမိတာပါပဲ။ ဆုံးပါးသွားသူတွေ အသက် တိုလိုက်လေခြင်း (သို့) အသက်သာရှိဦးမယ်ဆိုရင်ဆိုတဲ့ အတွေးနဲ့သာ ကျွန်မတို့ရှင်သန်ကျန်ရစ်သင့်တယ် မဟုတ် ပါလား ။

အက်ဆေး #စစ်ကောင်စီ #သေဆုံးခြင်း #ငလျင် #အာဏာသိမ်း

YouTube – http://www.youtube.com/@ManDaing-mx7nf
Telegram – https://t.me/ManDaingNews
Facebook – https://www.facebook.com/MandaingNews/
Email – mandaing.newsagency@gmail.com

Leave a Comment

6 comments

zh888game December 22, 2025 - 10:40 pm

ZH888game, all right! I love that I’ve found this place. Feels like a new favorite spot to unwind. Take a look at zh888game. You might like it too!

Reply
pesomaxfun January 14, 2026 - 5:46 pm Reply
mwplay88fun January 14, 2026 - 11:29 pm Reply
ph22login January 15, 2026 - 12:34 am Reply
binance registrering February 6, 2026 - 1:42 am

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.info/zh-TC/register?ref=DCKLL1YD

Reply
binance odprt racun February 17, 2026 - 3:14 am

Your article helped me a lot, is there any more related content? Thanks! https://accounts.binance.com/id/register?ref=UM6SMJM3

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing