သတင်းသမားအလုပ် လွယ်သလား၊ ခက်သလား

မဏ္ဍိုင်၊ ဧပြီ ၁၅၊ ၂၀၂၅။

သတင်းသမားအဖြစ် ရပ်တည်ခဲ့တာ အနှစ် ၂၀ ပြည့်ပါတော့မယ်။ အခုထိ သတင်းတွေ၊ ဆောင်းပါးတွေ ရေးတုန်း၊ တည်းဖြတ်နေတုန်းပါ။ အသက်တွေနဲ့ လောင်းကြေးထပ်ထားရတဲ့သတင်းတွေကစလို့ ပေါ့ပေါ့ပါးပါးလို့ယူဆလို့ရတဲ့ ကမ်ပိန်းသတင်းတွေ၊ ကြော်ငြာသတင်းတွေအဆုံး စာဖတ်ပရိသတ်ထံ ဘယ်လိုတင်ဆက်မလဲ၊ စာဖတ်သူကို ဘယ်လိုမက်ဆေ့တွေပေးမှာလဲဆိုတဲ့ ရွေးချယ်မှုတွေကို နေ့စဉ်လုပ်နေရတုန်းပါ။

ဘယ်လိုပုံတွေကို စာဖတ်သူကို ပေးသိပြီး ဘယ်လိုပုံတွေကတော့ မဖော်ပြသင့်ဘူးဆိုတာ နေ့စဉ်ဆုံးဖြတ် ပေးနေရတယ်။ သတင်းတိုင်း၊ ဓာတ်ပုံတိုင်းမှာ တွေးတောချင့်ချိန်စရာ ရွေးချယ်မှုတွေဟာ သူ့ဒီဂရီနဲ့ သူပါ။ ပေါ့ပေါ့တန်တန်လုပ်လို့ မရဘူး။ သတိလွတ်သွားလို့ မရဘူး။

ပြီးတော့ ကိုယ့်ယုံကြည်ချက်၊ ရပ်တည်ချက်တွေကိုလည်း တစ်ခါတစ်လေ မျိုသိပ်ထားရတယ်။ စိတ်ဖိစီးမှုတွေ ကြားထဲကပဲ နေ့စဉ်နေတတ်အောင် ကြိုးစားနေရတာမျိုး။ ပျော်စရာတွေ၊ ဒေါသတွေ၊ ကြေကွဲစရာတွေ၊ ဝမ်းနည်းစရာတွေ၊ ခွန်အားဖြစ်စရာတွေဟာ နေ့စဉ်ကြုံနေရတာပါ။

ဒီကြားထဲ တချို့သော ဆုံးဖြတ်ချက်တွေ၊ အမှားတွေအတွက် အပြစ်ရှိခံစားစိတ်တွေကလည်း ဖြစ်တတ်ပါသေး တယ်။ ကိုယ်တွေဟာ စာတွေပဲ ရေးသားဖော်ပြနိုင်ပြီး လက်တွေ့ ဘာမှ မကူညီပေးနိုင်ဘူး၊ မလုပ်ပေးနိုင်ဘူး ဆိုတဲ့ စိတ်က တော်တော်လေး နှိပ်စက်တယ်။ အတော်ပဲ ခံစားရခက်တယ်။

သတင်းမီဒီယာမှာ ဖော်ပြလိုက်တဲ့သတင်းတစ်ပုဒ်ဟာ တစ်မိနစ်လောက်ဖတ်ရုံနဲ့ပြီးသွားနိုင်တယ်။ အလွယ်လေး ပါ။ ဒါပေမဲ့ အဲဒီလိုတစ်ပုဒ်ထွက်လာဖို့ဆိုတာ အဆင့်ဆင့်အားထုတ်မှုတွေလုပ်ရတယ်။

တခါက သတင်းထောက်တစ်ယောက်ထံကနေ တိုက်ပွဲသတင်းတစ်ပုဒ် ပို့လာတယ်။ ပျူစောထီးကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်တိုက်တဲ့သတင်း။ သတင်းရဲ့ ခေါင်းစဉ်က “ပျူရွာတွေကို PDF တွေ တိုက်ခိုက်၊ PDF ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ ဦးသေဆုံး” ဆိုတဲ့ သတင်း။

သတင်းခေါင်းစဉ်က စစ်ကောင်စီ မီဒီယာမှာ ဖော်ပြရမယ့် သတင်းခေါင်းမျိုး။ စစ်ကောင်စီအကြိုက်တွေ့မယ့် သတင်းမျိုး။ အဲတော့ သတင်းထောက်ကို အကြောင်းစုံမေးဖို့က ဖြစ်လာတယ်။ ဖြေပေးထားတဲ့သတင်း အရင်းအမြစ်က ဘယ်သူလဲ၊ စိတ်ချရလား၊ အရင်က မေးဖူးလားလို့ သတင်းထောက်ကို မေးကြည့်လိုက်တယ်။ ဖြေပေးသူက တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၊ သတင်းမေးနေကြ သတင်းအရင်းအမြစ်၊ စိတ်ချရနိုင်တဲ့ သတင်းအရင်းအမြစ်ပေါ့။

အဲဒီရဲဘော်အနေနဲ့ သူတို့အမှားလုပ်တာကို အခုလို ဘာလို့ဖြေပေးလဲဆိုတဲ့ မေးခွန်းက ကျနော့်မှာ ထပ်ပေါ်လာ တယ်။ ဘာလို့ အဲဒီလိုဖြေလဲ မသိဘူးလို့ သတင်းထောက်ကို ကျနော် ထပ်မေးကြည့်တယ်။ သတင်းထောက်က ဘာမှ ပြန်မပြောတော့ဘဲ ကျနော့်ဆီ အင်တာဗျူးအသံဖိုင် ပို့လိုက်တယ်။ ကျနော် နားထောင်ကြည့်လိုက်တယ်။

အသံဖမ်းထားတဲ့အင်တာဗျူးကို နားထောင်ကြည့်တော့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဖွဲ့ ၃ ဖွဲ့ခွဲပြီး ပျူစောထီးစခန်းတွေရှိတဲ့ ကျေးရွာ သုံးရွာကို ဝင်တိုက်တာပါ။ အဲဒီအနားမှာ ပျူစောထီးစခန်းရှိတဲ့ ကျေးရွာ ၄ ရွာဟာ ၂ မိုင်လောက်စီအကွာအဝေးမှာ တည်ရှိနေတာ။ ရွာသုံးရွာကို တော်လှန်ရေးအဖွဲ့ သုံးဖွဲ့က ဝင်တိုက်နိုင် ပေမယ့် ကျန်တစ်ရွာက လွတ်နေတယ်။ အဲဒီရွာကနေ စစ်ကူလာမှာစိုးတော့ PDF တွေက ကြိုကာသဘောနဲ့ လက်နက်ကြီးတွေနဲ့ ရွာကို လှမ်းပစ်တယ်။ အဲဒီလို ပစ်တဲ့အခါမှာ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည်ကျပြီး မိသားစုဝင် ၄ ဦးသေဆုံးခဲ့တယ်။

တကယ်တော့ သတင်းထောက်က တိုက်ပွဲသတင်းမေးတာ၊ ဖြေတဲ့သူက ဖြစ်စဉ်အကုန် အိတ်သွန်ဖာမှောက် အကုန်ပြောပြတာ။ ပြီးတော့ သေတဲ့သူတွေက ပျူစောထီးတွေ၊ စစ်တပ်ထောက်ခံသူတွေမဟုတ်ဘဲ တော်လှန်ရေးဘက်တော်သားတွေဖြစ်နေတာ။ ဒီအကြောင်းကို ပြောပြနေတဲ့ ရဲဘော်ကိုယ်တိုင်လည်း စိတ်မကောင်းတဲ့လေသံနဲ့ ပြောပြနေတာ။ သူက အားလုံးကိုဖြေပြီးမှ အဲဒီလူသေတဲ့ဖြစ်စဉ်ကို ထည့်မရေးပါနဲ့လို့ ဆိုတယ်။ သတင်းထောက်က ထည့်ရေးမယ့်အကြောင်း ဈေးဆစ်တယ်။ အဲတော့ PDF ရဲဘော်က “အစ်ကိုတို့ သဘောပါဗျာ၊ ကြည့်ပြီးတော့ ဖော်ပြပေးပါ” တဲ့။ ဒီအချက်ကို ထည့်မရေးပါနဲ့လို့ အပြီးပြောလိုက်ရင်တောင် ကျနော်တို့အတွက် လုပ်ရကိုင်ရတာ နည်းနည်း ဝိနည်းလွတ်ပါသေးတယ်။

အခုတော့ သတင်းထောက်က ဖြစ်စဉ်အကုန်ချရေးပြီး ကျနော့်ဆီပို့လာတယ်။ ခေါင်းစဉ်မှာကိုက PDF ပစ်တဲ့ လက်နက်ကြီး ထိပြီး မိသားစုဝင် ၄ ဦးသေဆုံးဆိုတာမျိုး ရေးထားတာ။ ဖြေတဲ့သူကလည်း ပွင့်ပွင့်လင်းလင်းဖြေ ပေးတယ်၊ ရေးတဲ့သတင်းထောက်ကလည်း မြင်သမျှ၊ ကြားသမျှ အကုန်ရေးချပေးလိုက်တယ်။ အဲတော့ ကျနော့်ဆီကို တာဝန်ကကျလာတဲ့သဘော။

သတင်းထဲမှာ ပါတဲ့ကျေးရွာတွေကို ကျနော်လိုက်ရှာကြည့်တယ်။ ကျေးရွာတွေဟာ ၂ မိုင်အကွာတွေလောက်မှာ အတန်းလိုက်ရှိနေကြတာ။ မိသားစု ၄ ဦးသေဆုံးသွားတဲ့ရွာကတော့ အစွန်ဆုံးနဲ့ အတွင်းပိုင်ဘက် နည်းနည်း ရောက်တယ်။ ရွာတွေကလည်း သတင်းထဲမှာ ပါတဲ့အတိုင်းပါပဲ။

ဒီသတင်းကြောင့် စစ်ကောင်စီနဲ့လည်း အပေးစား မခံနိုင်ဘူး၊ စစ်ကောင်စီဘက်က အားရတာမျိုး၊ ဝမ်းသာတာမျိုးလည်း မဖြစ်စေချင်ဘူး။ ကိုယ်တွေက စစ်တပ်ကို ထောက်ခံပြီး ဝါဒဖြန့်နေတဲ့ သတင်းမီဒီယာလည်း မဟုတ်လေတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ အကျပ်ရိုက်သွားတယ်။

တကယ်က အရပ်သားပြည်သူသေဆုံးတဲ့ကိစ္စမို့ PDF တွေအတွက် မကောင်းလောက်ဘူး၊ အဲဒါကြောင့် မဖော်ပြတော့ဘူးလို့ ပြောရင် အဲဒီသတင်းကို PDF ရဲဘော်က ထုတ်ခွင့်ပြုမှာ မဟုတ်ဘူး။ အခုအချိန်ရောက်မှ အရပ်သား ၄ ဦးသေဆုံးတဲ့အကြောင်း မထည့်တော့ဘူးဆိုရင်လည်း ကိုယ်တွေက သတင်းကိုထိန်ချန်သလို ဖြစ်မယ်။ ပြီးတော့ အသက်ပေးလိုက်ရတဲ့ မိသားစု ၄ ဦးရဲ့ မျက်နှာတွေကို မထောက်ထားရာကျမယ်။ 

အဲတော့ သတင်းထောက်နဲ့ကျနော် အပြန်အလှန်ဆွေးနွေးပြီး တချို့အချက်အလက်တွေကို ထိန်ချန်ခဲ့ဖို့လုပ်ရ တယ်။ PDF နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်တဲ့အကြောင်း၊ တိုက်ပွဲအတွင်း အရပ်သား မိသားစု ၄ ဦးသေဆုံးခဲ့ ရတဲ့အကြောင်း ဖော်ပြဖို့ ဆုံးဖြတ်လိုက်တယ်။ တိုက်ပွဲအတွင်းအပြန်အလှန်ပစ်ခတ်လို့ အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ရတဲ့အကြောင်းသာဖော်ပြပြီး ဘယ်သူပစ်တဲ့လက်နက်ကြီးထိလို့ သေဆုံးတယ်ဆိုတာကို မဖော်ပြလိုက် တော့ဘူး။

ကျွန်တော့်အတွက်တော့ ဒီသတင်းကိုဖော်ပြချင်တာဟာ သတင်းတစ်ပုဒ်ထက် အရပ်သားတွေ သေဆုံးခဲ့တဲ့ မှတ်တမ်း ကျန်ခဲ့စေချင်တာပါ။ အချက်အလက်ထိန်ချန်မှုတွေ လုပ်လိုက်ရတယ်၊ ဘက်လိုက်မှုတွေ လုပ်ခဲ့ရ တယ်။ အမှုကိစ္စတစ်ခုမှာ ကိုယ်ကကြားဝင် ကျူးလွန်လိုက်သလို ခံစားမိလိုက်ရတယ်။ ကိုယ့်ကိုယ်ကို အပြစ်မကင်းသလိုပဲ။

တကယ်တော့ ဒီလိုသတင်းမျိုးက မြန်မာနိုင်ငံမှာ နေ့စဉ် ဖတ်နေရ၊ ကြားနေရတာပါ။ အထူးအဆန်း မဟုတ်ဘူး။ သာမန် သတင်းလေးပါပဲ။ ဒါပေမဲ့ အဲဒီသတင်းတစ်ပုဒ်ထွက်လာဖို့ သတင်းခန်းထဲမှာ အထက်ပါအတိုင်းဖြစ်သွား တယ်။ တည်းဖြတ်ခဲ့တဲ့ ကျွန်တော်ကိုယ်တိုင်လည်း သေသွားတဲ့သူတွေအတွက် ဘာမှမလုပ်ပေးနိုင်တဲ့အပြင် လိမ်ညာမှု တချို့ကို လုပ်လိုက်ရတဲ့အတွက် အပြစ်ရှိသလိုခံစားနေရတာက ဒီနေ့အထိပဲ။

အဲတော့ ပဇီကြီးလို လေကြောင်းဗုံးကြဲခံရမှုတွေ၊ စုန်းချောင်းနဲ့ လက်ထုတ္ထောရွာလို အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေကို ရေးသားရ၊ တည်းဖြတ်ရ၊ ဓာတ်ပုံတွေကို မြင်ရတဲ့အခါ ကြေကွဲဝမ်းနည်းမှုတွေ၊ ဒေါသတွေက အထွဋ်အထိပ်ပဲ။

တိုင်းပြည်မှာ မြေငလျင်လှုပ်လို့ ပြည်သူတွေကမ္ဘာပျက်နေတဲ့အချိန် စစ်ကောင်စီက လေကြောင်းကပါ လိုက်ပြီး ဗုံးကြဲနေတဲ့အခြေအနေကို မြင်ရ၊ ကြားရတာဟာ စက်ရုပ်မဟုတ်တဲ့ ကျွန်တော်တို့သတင်းသမားတွေလည်း ပေါက်ကွဲထွက်ပစ်ချင်တယ်။ စာပဲရေးနေရတဲ့ကိုယ်တွေအလုပ်ကို မေးခွန်းထုတ်မိတယ်။ စစ်တပ်ကိုထောက်ခံ နေသေးတဲ့ အသိုက်အဝိုင်းကို အံ့ဩမိတယ်။

မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အကြမ်းဖက်သမားတွေ၊ လူသတ်သမားတွေ၊ ခွေးတွေလို့ ပြောချလိုက်ချင်ပေမယ့် သတင်းမီဒီယာကျင့်ဝတ်တွေနဲ့ ထိန်းထားရတယ်။ ဒေါသတွေကို မျိုချထားရတယ်။ ပုံမှန်ဖြစ်မနေတဲ့စိတ် အခြေအနေတွေကို ထိန်းရင်း သတင်းတွေ၊ ဆောင်းပါးတွေကို တတ်နိုင်သမျှ မျှတအောင်၊ ဘက်မျှအောင် ရေးနေရတယ်။ အသုံးအနှုန်းတွေကို ဂရုစိုက်နေရတယ်။ ကိုယ့်အရေးအသားဖော်ပြမှုကြောင့် အသက် အန္တရာယ်တွေ မဖြစ်အောင် သတိထားနေရတယ်။ ပဋိပက္ခတွေ ပိုမိုဆိုးရွားမသွားအောင် ဂရုပြုရေးသား၊ တည်းဖြတ်နေရတယ်။

အခုရက်ပိုင်းသတင်းမီဒီယာကြီး ၂ ခုရဲ့ သတင်းဖော်ပြမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကြား၊ စာဖတ်ပရိသတ် ကြားမှာ ဝေဖန်မှုတွေဖြစ်ခဲ့ကြတယ်။ ကျနော်ကိုယ်တိုင်လည်း သူတို့ရေးသားထားတာကိုဖတ်ပြီး ဘာလို့များ အခုလို ရေးလိုက်ပါလိမ့်လို့ တွေးမိတယ်။ မတော်တဆဖြစ်တာလား၊ ခံစားမှုတွေနောက် လိုက်ရင်း အမှုမဲ့အမှတ်မဲ့ ဖော်ပြမိလိုက်တာလား။  

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုဖော်ပြလိုက်တာဟာ လူ့အဖွဲ့အစည်းအတွက် ပဋိပက္ခတွေထပ်ဖြစ်သွားနိုင်တယ်၊ သတင်းမှာဖော်ပြခံရသူတွေ အကြီးအကျယ်ထိခိုက်နစ်နာမှုတွေဖြစ်သွားနိုင်တယ်။

အဲဒီသတင်းမီဒီယာကြီး ၂ ခုကို တချို့က ပြင်းပြင်းထန်ထန်ဝေဖန်ကြပေမယ့် ကျနော့်အတွက်တော့ သူတို့ဟာ မြန်မာမီဒီယာလောကအတွက် အားကိုးအားထားပြုရတဲ့ သတင်းမီဒီယာကြီးတွေဖြစ်တာကြောင့် အခုလို အမှားမျိုး ထပ်မမှားဖို့နဲ့ တမင်လုပ်ခဲ့တယ်ဆိုရင်တောင် ဒါမျိုး ထပ်မဖြစ်စေဖို့သာ ဆန္ဒရှိတယ်။ 

ပရိသတ်များလေ ပိုပြီးတာဝန်ကြီးလေဖြစ်တာကြောင့် ပိုပြီးသတိထားရပါတယ်။ စိတ်ခံစားမှုတွေ၊ ဒေါသတွေကို ဘေးဖယ်ထားပြီး သတင်းမီဒီယာရဲ့အလုပ်ကို ပိုမိုဂရုစိုက်လုပ်သင့်တယ်။ သတင်းမီဒီယာတွေ ရုန်းကန်နေရတဲ့ အခုလိုအချိန်မှာ အားကိုးအားထားပြုရတဲ့သတင်းမီဒီယာကြီးတွေကို ပျက်စီးရာပျက်စီးကြောင်း ပြောဆိုဝေဖန် နေတာထက် ကျွန်တော်တို့တွေ ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့သာ ဆန္ဒပြုချင်တယ်။

Leave a Comment

5 comments

Binance推荐码 December 22, 2025 - 4:14 am

Your point of view caught my eye and was very interesting. Thanks. I have a question for you.

Reply
BrazinoFanBY December 22, 2025 - 10:41 pm

Brazino777by is quite something. Great selection of providers to choose games from. It is also quite reputable in the industry. If you are thinking about playing here, click the link brazino777by!

Reply
phtaya1 January 14, 2026 - 11:40 pm Reply
okebet3 January 15, 2026 - 1:47 am Reply
phl789 January 15, 2026 - 1:58 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing