မဏ္ဍိုင် ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅။
ပုပ်မှ ပေါ်သည်၊ ဟုတ်မှ ကျော်သည်ဟူသော စကားပုံရှိ၏။ မကောင်းမှုကို မည်သို့ပင်ဖုံးကွယ်ထားသော်ငြား လည်း တနေ့နေ့၌ အမှန်တရားသည် ပေါ်ပေါက်လာစမြဲဖြစ်သည်။ ဤနိယာမသည် ရိုးရှင်းလှသည်။ ကောင်း သတင်းဖြင့် ကျော်ဇောလိုလျှင် ကောင်းတာလုပ်ရမည်၊ မကောင်းသတင်းများဖြင့် မကျော်ဇောလိုလျှင် မကောင်း တာ မလုပ်ဖို့သာရှိ၏။
သို့သော် လူအချို့သည် မကောင်းမှုများကို ကျူးလွန်ထားသော်လည်း ကောင်းသတင်းဖြင့် ကျော်ဇောလိုကြ သည်။ သဘာဝတရားကြီးကို ဆန့်ကျင်ပြီး ဖောက်ပြန်လိုကြ၏။ ခွေးသေကောင်ပုပ်မှ ရေမွှေးနံ့ထုတ်လို ကြသည်။ အသိခေါက်ခက် အဝင်နက်၊ ဆင်သေကို ဆိတ်သရေဖြင့် ဖုံးချင်ကြ၊ ဝိုင်းဝန်း ဖုံးဖိဖို့ ကြိုးစားချင် ကြသည်။
ယခုလပိုင်းအတွင်း သတင်းမီဒီယာလောက၌ အပုပ်နံ့တလှိုင်လှိုင်ထွက်နေသည့်အဖြစ်ကို အပုပ်နံ့ ဟုတ်မှန် ကြောင်း၊ အပုပ်နံ့ နံနေသည်မှာ ဤသို့ဤပုံဖြစ်ကြောင်း သတင်းမီဒီယာတခုက ဖော်ထုတ်လိုက်သည်။
ရေးသားထားသည့်အကြောင်းအရာက ပြည်သူများ၏ နားမျက်စီဟူ၍ လည်းကောင်း၊ နိုင်ငံတခု၏ စတုထ္တမဏ္ဍိုင်ဟူ၍ လည်းကောင်း၊ မတရားမှုနှင့် အမှန်တရားကို ဖော်ထုတ် ရေးသားကြသူများဟူ၍ လည်းကောင်း တင်စားကြသည့် သတင်းမီဒီယာ၏လုပ်ငန်းခွင်အတွင်း၌ အမျိုးသမီးများ အပေါ် ဖိနှိပ်စော်ကားပုံ၊ အခွင့်အရေးယူပုံ၊ အချောင်နှိုက်၊ အကြောင်ရိုက်ပုံများကို ဖော်ထုတ်ရေးသားထားသည့် အကြောင်းဖြစ်သည်။
အမှန်ဆိုလျှင် ဤဆောင်းပါးအကြောင်းအရာသည် အထူးအဆန်းမဟုတ်။ အဘယ်ကြောင့်ဆိုသော် သတင်း မီဒီယာလုပ်ငန်းခွင်တချို့၌ အထက်ပါကိစ္စရပ်များကျူးလွန်နေခြင်းများသည် အားလုံးသိနေသည့် လျှို့ဝှက်ချက် ဖြစ်နေသောကြောင့် ဖြစ်၏။ မည်သူမျှ ထုတ်မပြော။ ကြိတ်၍ ခံနေရသည်။ ကျူးလွန်သူများကလည်း ကြိတ်၍ ကျူးလွန်သည်၊ ထပ်၍ ကျူးလွန်သည်။
ကျူးလွန်သူများတွင် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး နားလည်သူများကိုယ်တိုင် ကျူးလွန်သည့် အခြေအနေများပင်ရှိသည်ဟု သိရသည်။ တဦးမှ နှစ်ဦး၊ နှစ်ဦးမှ သုံးဦးစသဖြင့် ကျူးလွန်မှုများပွထလာသည့် အခါ မနေသာတော့သည့် အဖွဲ့များက သုတေသနများပြုလုပ်ပြီး စစ်တမ်းကောက်သည်၊ လူသိရှင်ကြားထုတ် ပြန်သည်။
သို့သော် ထုတ်ပြန်ချက်ကို ထုတ်ပြန်ချက်မျှသာ သဘောထားဟန်ရှိသည်။ ကျူးလွန်သူများ ဆင်ခြင်သွားပုံလည်း မရ၊ မည်သူကမှလည်း အရေးတယူ ပြုပြင်ပြောင်းလဲဟန် မရှိ၊ ယခုတော့ သတင်းမီဒီယာတခုက ဆောင်းပါး ထပ်ရေးသည်။
ဆောင်းပါးထွက်ပေါ်လာသည့်အခါမှာတော့ ထူးခြားချက်တချို့ကို တွေ့လိုက်ရသည်။ ယင်းက သတင်းခန်း အတွင်း အမျိုးသမီးများပေါ် ဖိနှိပ်နေမှုများနှင့်ပတ်သက်၍ မည်သူက ကန့်ကွက်ရှုတ်ချပြီး မည်သူက မသိချင်ယောင်ဆောင်နေသည်၊ မည်သူက အားပေးသည်၊ မည်သူက လှောင်ရယ်သည်၊ မည်သူက နှာစေးနေသည်ဆိုသည်ကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော ဆောင်းပါးပါအကြောင်းအရာကို ထောက်ခံပြီး ဝေဖန်ရှုတ်ချသူ အများအပြားရှိသလို ကျူးလွန်ခံရသည့်အမျိုးသမီးများကို အပြစ်တင်သည့်အသံ၊ လူနာမည်နှင့် သတင်းဌာနများကို ဖော်ထုတ်ရေး သားခြင်းမပြုသဖြင့် တခြားသတင်းမီဒီယာများကို ထင်ယောင်ထင်မှားဖြစ်စေသည်ဆိုသည့် ပြဿနာကို ဝေဝါးစေသော ဝေဖန်သံ၊ တမင်ပွဲရှာလို၍ ရေးသားခြင်းဟု သူများထက်ထူးကာ နဖူးအနာပေါက်သည့် ဝေဖန်သံများကို သတင်းသမားတချို့ထံမှ အံ့ဩဖွယ်ရာတွေ့မြင်ကြားသိလိုက်ရခြင်းကြောင့်ဖြစ်သည်။
၎င်းတို့အဖြစ်က မြှားမှန်သည့်လူနာကို ဦးစွာဆေးမကုဘဲ ဤမြှားကို မည်သူပစ်သနည်း၊ မည်သည့်အရပ်က ပစ်သနည်း၊ မြှားကိုမည်သည့်အရာဖြင့် လုပ်ထားသနည်း၊ မြှားပစ်သူသည် ဇာတ်နိမ့်လား၊ ဇာတ်မြင့်လားစသဖြင့် မေးမြန်းစုံစမ်းနေသည့် အဖြစ်မျိုးနှင့်သာတူတော့သည်။ လိုရင်းကို မရောက်နိုင်ဘဲ မလိုအပ်ခြင်းများ၌ အချိန်ကုန်ခံနေ သည်။
ဆောင်းပါးပါ ဆိုလိုရင်း “အကောင်” ကို မမြင်ဘဲ “အရိပ်” များကို လိုက်လံဝေဖန်ကြသူတချို့ကို လေ့လာကြည့် သည့်အခါ ဖြစ်နေသည့်ပြဿာနာရပ်ကို ဖြေရှင်းရမည်၊ ဆင်ခြင်ရမည်၊ မည်သို့ထိန်းကျောင်းရမည်ဆိုခြင်းကို စိတ်ဝင်စားပုံ မရ၊ ကျူးလွန်နေမှုများကို အကာအကွယ်ပြုချင်ကြသည်။ အချိ့ကလည်း သတင်းသမားအချင်း ချင်းကြောင့် မျက်နှာနာရမည်ကို ပူပန်နေကြဟန်ရှိသည်။
ဤနေရာတွင် တွေးမိသည့်အချက်က အထက်ပါပုဂ္ဂိုလ်များသည် မိမိကိုယ်ကိုယ် သတင်းသမားများအဖြစ်ရှုမြင် ကြသေးလား၊ သတင်းသမားအဖြစ် အမှန်တကယ်ရပ်တည်နိုင်ကြသေးလား၊ မတရားမှုကိုဖော်ထုတ်ရေးသား မည်၊ အမှန်တရားဘက်မှ ရပ်တည်မည်ဆိုသည့် သတင်းသမားတယောက်၏ တန်ဖိုးတွေရော ရှိကြသေးလား စသဖြင့် တွေးတောမိသည်။
မတရားသည့်အကြောင်းအရာတခုကို ကိုယ့်လုံခြုံရေး၊ ကိုယ့်အကျိုးစီးပွားကြောင့် ထုတ်ဖော်ရေးသားခြင်း မပြုနိုင်သည်ကို နားလည်ပေး၍ရသည်။ သို့သော် ကိုယ်မရေးနိုင်၊ မရေးရဲသည့် အဆိုပါ မတရားမှုကို သူများက ဖော်ထုတ်ရေးသားသည်ဆိုပါက ဖော်ထုတ်ရေးသားသည့်မီဒီယာကို မထောက်ခံသည့်တိုင် မတရားမှုဘက်မှ ရပ်တည်ခြင်းမျိုး၊ မတရားမှုကို ကာကွယ်ပေးခြင်းမျိုး၊ မတရားမှုကို ဖော်ထုတ်ရေးသားသည့် မီဒီယာကို အပြစ်ဆိုခြင်းမျိုးတော့ မလုပ်သင့်။
ထို့ထက်ဆိုးရွားသည်က ပြစ်မှုကျူးလွန်သူကို အကာအကွယ်ပေး၊ ၎င်းကို အပြစ်မဆိုရဲသည့်အပြင် ကျူးလွန်ခံရ သူကို တဖန်အပြစ်ဆိုနေခြင်းက အတော်ပင်ရုပ်ဆိုးအကျည်းတန်လွန်းသည့် ရပ်တည်ချက်ပင်ဖြစ်သည်။ သတင်း မီဒီယာသမား၊ သတင်းမီဒီယာများအနေဖြင့် ယင်းသို့သော ရပ်တည်ချက်မျိုးဖြင့် ဆက်လက်ရပ်တည်နေမည် ဆိုလျှင် စာဖတ်ပရိသတ်၏ ယုံကြည်မှု၊ လူထု၏ ယုံကြည်မှု လျော့နည်းလာဖို့သာရှိသည်။ သတင်းမီဒီယာ၏ အနှစ်သာရပျောက်ဆုံးသွားဖွယ်ရာရှိသည်။
ထို့ကြောင့် သတင်းသမားအဖြစ်ခံယူလျှင်၊ သတင်းမီဒီယာအဖြစ်ရပ်တည်မည်ဆိုလျှင် မတရားမှုကို ဖော်ထုတ်ရဲ သည့်သတ္တိ၊ အမှန်တရားကို ပြောရဲသည့်သတ္တိလိုအပ်သည်။ မဖော်ထုတ်ရဲ၊ မပြောရဲသည့်တိုင် မတရားမှုဘက်မှ ရပ်တည်တာမျိုးတော့ မလုပ်သင့်။ သို့မှသာ စာဖတ်ပရိသတ်၏ ယုံကြည်မှု၊ လူထု၏ အားကိုးမှုကို ရရှိမည်ဖြစ် သည်။
အလားတူ သတင်းသမားကိုယ်တိုင်သည်လည်း မတရားမှုကို မကျူးလွန်သင့်၊ ကျူးလွန်ခဲ့သည့်တိုင် ဟုတ်တိုင်း မှန်ရာ ပြောဆိုသင့်သည်၊ ဆင်ခြင်သင့်သည်။ သို့မဟုတ်ဘဲ မတရားမှုများကို ဆက်လက်ကျူးလွန်နေမည်ဆိုလျှင် ၎င်းသည် သတင်းသမားအဖြစ် မထိုက်တန်၊ မခံယူထိုက်။ ၎င်းကိုအားပေးဝန်းရံနေသည့် သူများကိုယ်တိုင်လည်း သတင်းသမားအဖြစ် ထိုက်တန်ပါသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်သည်။
3 comments
Hey everyone! Feeling a little lucky today, so just registered at kv888win. Time to see if Lady Luck is on my side! You can give it a spin here as well: kv888win
Your article helped me a lot, is there any more related content? Thanks!
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.com/ru/register-person?ref=O9XES6KU