ကျော်ဇေယျာထွန်း ရေးသည်။
မဏ္ဍိုင်၊ ဇွန် ၆၊ ၂၀၂၆။
သန်းခေါင်ကျော်လာတဲ့အထိ မအိပ်သေးတဲ့ သမီးလေးကို နောက်ဆုံး ထုတ်သုံးရတဲ့ လျှို့ဝှက်ချက်က- “အပြင်မှာ ခဲဝါတွေ ရှိတယ် သမီးရေ” ဆိုတဲ့ စကားနဲ့အစချီလို့ ခဲဝါဇာတ်လမ်း ကိုယ်ကြားဖူးသမျှနဲ့ ပါးစပ်ထဲ ရှိရာ ဇာတ်လမ်းဆင်ရတာပါပဲ။
ခဲဝါဆိုတဲ့အသံကြားတာနဲ့ သမီးဟာ ဆော့နေရာကနေ ရင်ခွင်ထဲ အတင်းပြေးဝင်လာတတ်တယ်။ စကားပြောနေရင်လည်း အသံတိတ်သွားတတ်တယ်။
“ခဲဝါကြီးကို သမီးကြောက်တယ် ဖေဖေ” ဆိုပြီး စကားသံကို တိုးတိုးလေး ပြောတယ်။ ဒီလိုဆိုရင် သမီးဟာ ကိုယ့်ဂွင်ထဲ ဝင်လာပြီဖြစ်တဲ့အတွက် ခဲဝါဇာတ်လမ်းကို အစချီရပြီ။
ညဘက် လူချေတိတ်ချိန် ခဲဝါတွေဟာ တောထဲ၊ တွင်းထဲကနေ အပြင်ထွက် အစာရှာကြကြောင်း၊ လူတွေ အိမ်နားက စားကြွင်းစားကျန်တွေကို စားသောက်တတ်ကြောင်း၊ ပြီးတော့ ရွာတွေမှာ လူတွေ မွေးထားတဲ့ ကြက်တွေကို ခိုးစားတတ်ကြောင်း စတာတွေကို အခြေခံလို့ –
“ ခဲဝါကြီးက မျက်လုံးပြူးပြူးကြီးနဲ့ လူတွေအိမ်နား ဖြည်းဖြည်းချင်း ကပ်လာတာ၊ ရွာအနားကို မလာခင် အဖွဲ့လိုက်ကြီး အူ သေးတယ် သမီးရေ၊ သစ်ပင်ပေါ် တက်အိပ်နေတဲ့ ကြက်တွေဆိုရင် သူတို့က အောက်က နေပြီး ‘ဟူး.ဟူး’ ဆို မှုတ်ချ၊ ကြက်က ကြောက်ပြီး ဆင်းပြေးတဲ့အခါ ခဲဝါတွေက လိုက်ကိုက်ပြီး တောထဲ ချီပြေးရော၊ ကြက်ကလေးဟာ ‘ကီးရော… ကီးရော’ လို့ အော်ရင်း ခဲဝါကြီးနောက် ပါသွားပါလေရော….” လို့ ပြောလိုက်ရင် သမီးဟာ ငြိမ်ပြီး နားထောင်လို့နေတယ်။
နယ်မှာနေတုန်းက အိမ်အောက်က ခွေးပေါက်လေးတွေကို ခဲဝါလာဆွဲတော့ ခွေးလေးတစ်ကောင်ဟာ ‘တကိန်ကိန် အော်ရင်း’ ခဲဝါနောက်ပါသွားဖူးတယ်။ ဒီလိုအကြောင်းလေးတွေကို ပြောရင် သမီးဟာ- “ဖေဖေ ခဲဝါက မလိမ္မာဘူး၊ မင်းအောင်လှိုင်ဖြစ်တယ်” ဆိုပြီး သူ့ရဲ့ မနှစ်သက်မှုကို မြင်သာအောင် ခိုင်းနှိုင်းပြတယ်။
ပြီးရင် “ဖေဖေ ကျောကုန်းကုတ်ပေး” ဆိုပြီးတောင်းဆိုတတ်တယ်။ ခဏဆိုရင် အိပ်ပျော်ခြင်းဘူတာ ခရီးဆုံးကို သမီးလေးဆိုက်ရောက်ပါပြီ။
အခုလို ခဲဝါဇာတ်လမ်းနဲ့ သိပ်လိုက်ရတဲ့ညတွေဟာ သမီးတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သားဖြစ် သူကိုလည်း ခဲဝါအကြောင်း ပြောပြရင်း သိပ်ခဲ့ရတဲ့ ညတွေ ရှိခဲ့တယ်။ ဒါကြောင့် သားနဲ့သမီးဟာ ခဲဝါဆိုရင် ကြောက်တယ်၊ သူတို့အတွက် ခဲဝါဟာ မကောင်းတဲ့အကောင်လို့ မှတ်ထားကြတယ်။
တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က ခဲဝါဇာတ်လမ်းတွေနဲ့ အိပ်ခဲ့ရတဲ့ညတွေရှိခဲ့တယ်။ အမေပြောပြတဲ့ ခဲဝါဇာတ်လမ်းတွေ နားထောင်ရင်း ခဲဝါတွေကို ကြောက်ခဲ့ဖူးတယ်။ လသာညတွေမှာ အဝေးက အော်နေတဲ့ ခဲဝါအူသံတွေ နားထောင်ရတာဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ ခဲဝါ (ခေါ် ) ခွေးအ တွေဟာ မြေကြီးထဲမှာ တွင်းခေါင်းလုပ်နေတတ်တယ်လို့ဆိုတဲ့အတွက် တောထဲသွားလို့ တွင်းခေါင်းတွေ့ရင် ခဲဝါတွင်းဆိုပြီး အဲဒီနေရာကို ဘယ်တော့မှ မသွားတော့တဲ့အထိ ကြောက်တတ်တယ်။
ဒါကြောင့် ခဲဝါတွေနဲ့ပတ်သက်ရင် ငယ်ငယ်က ကြောက်တဲ့စိတ်ဖြစ်ခဲ့သလို ဒီအကောင်တွေဟာ ကြက်သူခိုးတွေ၊ သူများပစ္စည်းခိုးစားတဲ့ကောင်တွေလို့သာ အမြင်ရှိတယ်။
ပြီးခဲ့တဲ့လက သေနေတဲ့ ခဲဝါတစ်ကောင်ကို လူတစ်ယောက်က လက်နှစ်ဖက်နဲ့ ကိုင်ပြီး ဓာတ်ပုံရိုက် ထားတာကို ဖေ့ဘွတ်စာမျက်နှာပေါ်မှာ မြင်လိုက်ရတယ်။ ထောင်ချောက်မှာ မိလို့ သတ်လိုက်ကြတာပါ။ အဲဒီပုံနဲ့ မရှေးမနှောင်းမှာပဲ သေနတ်နဲ့ပစ်သတ်ထားဟန်ရှိတဲ့ နောက်ထပ် ခဲဝါအသေတစ်ကောင်ကို ထပ်တွေ့ရပြန်တယ်။
အမြီးကနေ ကိုင်မြှောက်ထားတဲ့လူရဲ့လက်ထဲမှာ အသက်ပျောက်နေတဲ့ခဲဝါကောင်ကို ကြည့်ပြီး သနားစိတ် ဖြစ်မိသလို နှမျောတဲ့စိတ်ကလည်း ဝင်လာတယ်။ ကျွန်တော်တို့စိတ်ကူးနဲ့ ပုံဖော်နေကြတဲ့ ခဲဝါပုံနဲ့ တကယ့်လက်တွေ့မှာ မြင်လိုက်ရတဲ့ ခဲဝါတွေရဲ့ပုံက တခြားစီပါ။ အကောင်သေးသေး၊ ရွှေရောင်အမွေး ပွပွ၊ နှုတ်သီးချွန်ချွန် ကောင်လေးဟာ တကယ့်ချစ်စရာပါ။
ဓာတ်ပုံရဲ့ ကွန်းမန့်တွေမှာ သနားပါတယ်၊ နှမျောပါတယ်ဆိုတာတွေထက် ဒီကောင်တွေ သောင်းကျန်းတယ်၊ တအားဆိုးတယ်ဆိုတာမျိုးနဲ့ မနှစ်သက်သူတွေက ပိုများကြတယ်။ ဒါနဲ့ ကိုယ်တွေတစ်သက်လုံး ဗီလိန်တစ်ကောင်လို မြင်လာခဲ့တဲ့ ခဲဝါတွေအကြောင်း ကျွန်တော် လိုက်ရှာဖတ်ဖြစ်တယ်။
သူတို့ကို အင်္ဂလိပ်လို Golden Jackal လို့ ခေါ်ကြတယ်။ နိုင်ငံအလိုက် ခေါ်တဲ့နာမည်တွေ မတူကြဘူး။ မြန်မာ ပြည်မှာတော့ ခဲဝါ၊ ခွေးအ လို့ ခေါ်တယ်။ သူတို့နဲ့ပုံစံတူတဲ့ မျိုးစိတ်တစ်ခုက Dhole လို့ ခေါ်တဲ့ တောခွေး။ တောခွေးတွေဟာ နီညိုရောင်ရှိပြီး အမြီး ဖွားတယ်။ တောထဲမှာပဲနေထိုင်ကြပြီး အုပ်စုလိုက် အမဲလိုက်ကြတယ်။
Golden Jackal လို့ခေါ်တဲ့ ခဲဝါ၊ ခွေးအ ကတော့ ရွှေဝါရောင်နဲ့ အညိုရောစပ်တယ်။ တောထဲမှာလည်း နေသလို ကျေးရွာအနီးဝန်းကျင်နဲ့ မြို့ပေါ် လူနေရပ်ကွက်အနီးတွေမှာလည်း လှည့်လည်သွားလာနေတတ်တယ်။ သူတို့ဟာ တစ်ကောင်တည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အမဲလိုက်တတ်ကြတယ်။
နိုင်ငံတကာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (IUCN-International Union for Conservation of Nature and Natural Resources) ရဲ့ မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်အနီရောင်စာရင်း(Red List) မှာ ခဲဝါတွေ(Golden Jackal)ကို စိုးရိမ်စရာ မရှိသေးတဲ့အဆင့် (Least Concern) အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။
သူတို့ရဲ့ မူလနေထိုင်ရာနဲ့ လက်ရှိနေထိုင်ရာ နိုင်ငံတွေကတော့ မြန်မာအပါအဝင် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အီရန်၊ အီရတ်၊ ပါကစ္စတန်၊ တူရကီ၊ ရုရှား၊ စသဖြင့် နိုင်ငံပေါင်း ၅၀ နီးပါးလောက်မှာ နေထိုင်ကျက်စားကြပါတယ်။
မူလနေထိုင်ရာဒေသဖြစ်ပေမယ့် အခုအခါမှာတော့ တကယ်ရှိနေသေးလားဆိုတာ မသေချာတဲ့နိုင်ငံက တော့ အီဂျစ်ဖြစ်တယ်လို့ IUCN မှာ ဖော်ပြထားပါတယ်။
တဖက်မှာလည်း အခြေချနေထိုင်တာမျိုး မဟုတ်ဘဲ နိုင်ငံအတွင်းသို့ တစ်ကောင်စ၊ နှစ်ကောင်စ ဝင်ရောက်တာမျိုးနဲ့ Golden Jackal တွေ နယ်မြေချဲ့ထွင်းလာတဲ့နိုင်ငံတွေကတော့ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ ပိုလန်၊ ဒိန်းမက်၊ ဆွတ်ဇလန်စတဲ့ ဥရောပနိုင်ငံတွေမှာ နေထိုင်ရာနယ်မြေချဲ့ထွင်လာတယ်လို့ IUCN မှာ ဖော်ပြထားပါတယ်။
သုတေသနပြုသူတွေကတော့ Golden Jackal တွေ ဥရောပဘက်ကို နေရာချဲ့ထွင်လာတာဟာ သူတို့ရဲ့ ရန်သူတော်ကြီးတွေဖြစ်တဲ့ ဝံပုလွေ (Grey Wolf)ဟာ ၁၉ ရာစုနဲ့ ၂၀ ရာစုကာလတွေမှာ လူတွေရဲ့ အမဲလိုက်ခြင်းခံရတဲ့အတွက် အရေအတွက် အများကြီးကျဆင်းသွားပြီး Golden Jackal တွေအတွက် နေရာလွတ်တွေ ပိုများလာတာ၊ ပြီးတော့ ရာသီဥတုပြောင်းလဲလာပြီး ဥရောပဟာ သူတို့နေထိုင်ဖို့အတွက် အဆင်ပြေတဲ့ နေရာတစ်ခု ဖြစ်လာတာကြောင့်လို့ ဆိုကြပါတယ်။
Golden Jackal တွေဟာ ခြောက်သွေ့ရာသီဥတုမှာရှိတဲ့ သစ်တောတွေ၊ ဒီရေတောတွေ၊ စိုက်ပျိုးရေးဒေသတွေ၊ ကျေးလက်နဲ့ မြို့ပြအစွန်းပိုင်းလို နေရာတွေမှာ နေထိုင်ကြတယ်။
လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာဆိုရင် မြေနိမ့်ပိုင်းရွက်ကြွေသစ်တောတွေမှာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အဲဒီသစ်တောတွေပျက်စီးလာတာ၊ လူဦးရေ ထူထပ်လာတာ၊ ပြီးတော့ သူတို့ကို လူတွေက ထောင်ချောက် ဆင်ဖမ်းတာ၊ အဆိပ်ချတာ၊ ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် အဲဒီဒေသတွေမှာ Golden Jackal အကောင်အရေ လျော့နည်းလာတယ်လို့ IUCN က ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံမှာဆိုရင် Golden Jackal တွေကျက်စားရာ နယ်မြေတွေရဲ့ ၆၀ ရာခိုင်နူန်းမှာ သူတို့ကို မတွေ့ရတော့ ဘူးလို့ ဇီဝမျိုးစုံမျိုးကွဲ၊ တောရိုင်းတိရစ္ဆာန်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြောင်းအရာတွေကို ဖော်ပြနေတဲ့ Mongabay က ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဒီလိုဖြစ်ရခြင်းအကြောင်းအရင်းတွေမှာ သစ်တောတွေ ပျောက်ဆုံးသွားတာ၊ ကားလမ်းတွေမှာ Golden Jackal တွေ ယာဉ်တိုက်မှုကြောင့် သေဆုံးရတာ၊ လမ်းဘေးခွေးနဲ့ တောရိုင်းခွေး (Feral dogs) တွေရဲ့ တိုက်ခိုက်မှုခံရပြီး အဲဒီကတဆင့် ခွေးရူးရောဂါကူး စက်ခံရခြင်းတို့ကြောင့်ဖြစ်တယ်လို့ အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အရင်က သီရိလင်္ကာနိုင်ငံရဲ့ ရွာအစွန်အဖျားတွေမှာ တွေ့မြင်ရတဲ့ ခဲဝါတွေဟာ အခုအခါမှာတော့ လုံးဝပျောက် သွားပြီလို့ ဆိုပါတယ်။
IUCN မှာ ဖော်ပြထားချက်အရ ဥရောပတစ်တိုက်လုံးမှာ Golden Jackal အကောင်အရေအတွက်ဟာ ၇၀,၀၀၀ ခန့်ရှိ တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအရေအတွက်ဟာ ၂၀၁၆ တုန်းကသုတေသနပြုချက်တွေအပေါ် အခြေခံထားတာဖြစ်ပါတယ်။ အခု ၂၀၂၆ ခုနှစ် ၁၀ နှစ်တာကလအတွင်း အကောင်ရေ တစ်သိန်းခန့်ရှိလာပြီလို့ သုတေသနသမားတွေက ခန့်မှန်းကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာ ၁၉ ရာခိုင်နူန်းခန့်နဲ့ အနီးဝန်းကျင် နိုင်ငံတွေရဲ့ ဒေသတွေပါ တွက်ချက်ပါက အိန္ဒိယတိုက်ငယ်အတွင်း ခဲဝါအကောင်ရေ အနည်းဆုံး ၈၀,၀၀၀ ကျော်ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ Western Ghats လိုတောင်တန်းဒေသ တွေမှာတော့ ခဲဝါအရေအတွက်ဟာ ၅၀ ရာခိုင်နူန်းအထိ လျော့နည်းသွားတာကို တွေ့ရတယ်လို့ IUCN မှာ ဆိုထားပါတယ်။ (ဒီကိန်းဂဏန်းဟာ ၂၀၁၁ အချက်အလက်တွေကို အခြေခံထားတာတွေ့ရပါတယ်။)
Golden Jackal တွေနဲ့ပတ်သက်လို့ သူတို့ကို လူဆိုးတွေအဖြစ်၊ မကောင်းတဲ့အကောင်တွေအဖြစ် ကာလရှည်ကြာစွာ ရှုမြင်နေကြတဲ့ အယူအဆတွေကို ခြေဖျက်ရန်နဲ့ ခဲဝါတွေအပေါ် လူတွေရဲ့ စိတ်ဝင်စားမှု ပိုမိုရရှိလာစေရန်အတွက် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသမားတွေက ၂၀၂၂ ခုနှစ်ကစတင်ပြီး ဧပြီ ၁၉ ရက်ကို World Jackal Day အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီကာလဟာ Golden Jackal တွေ မွေးဖွားရာသီစတင်ချိန်နဲ့ကိုက်ညီအောင် ရွေးချယ်ထားတာဖြစ်ပါတယ်။
Golden Jackal တွေကို ကြက်ခိုးတဲ့သူ၊ မွေးမြူရေးလုပ်ငန်းတွေအတွက် အနှောက်ပေးသူ အနေနဲ့သာ အများစုက မြင်ကြပေမယ့် သူတို့ရဲ့ ကောင်းကွက်နဲ့ ဂေဟစနစ်မှာ ဘယ်လိုအထောက်အကူပြုတာဆိုတာမျိုးတော့ ကျွန်တော်တို့ မတွေးမိခဲ့ပါဘူး။
တကယ်တော့ သူတို့ဟာ စိုက်ပျိုးရေးလုပ်ငန်းအတွက် အနှောက်အယှက်ဖြစ်စေတဲ့ ကြွက်၊ ယုန်စတဲ့ နို့တိုက်သတ္တဝါ အကောင်ငယ်တွေ၊ အခြားသော အင်းဆက်တွေ၊ ငှက်နဲ့ ငှက်ဥတွေကို စားသောက်ပေးခြင်းနဲ့ ဂေဟစနစ်ကို ထိန်းညှိ ပေးတယ်။ ဒါ့အပြင် အိုမင်းမစွမ်းဖြစ်နေတဲ့ တောကောင်တွေ၊ အားနည်းနေတဲ့ အကောင်တွေနဲ့ အသေကောင်တွေကို ရှင်းလင်းပေးတာ၊ တောထဲမှာ အပင်စားအကောင်တွေဖြစ်တဲ့ သမင်၊ ချေ ၊ တောဝက် စတဲ့ တောကောင် အပေါက်တွေကို စားသောက်ပေးခြင်းဖြင့် တောပြုန်းစေမယ့်ဘေးက ကာကွယ်ပေး တာစတဲ့ အကျိုးကျေးဇူးတွေရှိတယ်လို့ တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးသမားတွေက ဆိုပါတယ်။
အထူးသဖြင့် သူတို့ရဲ့အလေ့အထအရ အသေကောင်တွေကို စားသောက်တတ်တာကြောင့် ရောဂါပိုးပြန့်ပွားမှုကို ထိန်းညှိ ပေးတဲ့ သဘာဝသန့်ရှင်းရေးသမားတွေလို့ ဆိုကြပါတယ်။
ဆားဗီးယားနိုင်ငံမှာ ခွေးအ (Golden Jackal)တွေနဲ့ပတ်သက်ပြီး သုတေသနတစ်ရပ်လုပ်ခဲ့ပါတယ်။ ခွေးအ ၆၀၆ ကောင်ရဲ့ အစာအိမ်အတွင်းက အစားအသောက်တွေ၊ အစာ စားသုံးမှုပမဏတွေကို လေ့လာပြီး ခွေးအ တစ်ကောင်ရဲ့ အစားအစာ ပမာဏကို တွက်ချက်လိုက်ပါတယ်။ ပြီးတဲ့အခါ ဆားဗီးယားနိုင်ငံမှာရှိတဲ့ ခွေးအ အရေအတွက်နဲ့ တစ်ကောင်ချင်းစီရဲ့ စားသောက်မှုနူန်းကို တွက်ချက်ကြည့်တဲ့အခါ ဆားဗီးယားမှာရှိတဲ့ ခွေးအ အုပ်စုဟာ တစ်နှစ်ကို တိရစ္ဆာန်အသေကောင် တန်ချိန် ၃,၇၀၀ ကျော်ကို စားသုံးပေးသလို သီးနှံဖျက် ကြွက်ကောင်ရေ ၁၃ ဒသမ ၂ သန်းကိုလည်း ရှင်းလင်းပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီရှင်းလင်းပေးတဲ့ပမာဏကို ငွေကြေးနဲ့တွက်ကြည့်တဲ့အခါ ငွေကြေးတန်ဖိုးမှာ တစ်နှစ်ကို ယူရို ၅ သိန်းကျော်ရှိ တယ်လို့ ဆိုပါတယ်။
အထက်ပါရလဒ်ကိုအခြေခံပြီး ဥရောပတိုက်တစ်ခုလုံးရှိ ဂေဟစနစ်ဝန်ဆောင်မှုတန်ဖိုးအဖြစ် တွက်ချက် ကြည့်ရာ ခွေးအတွေဟာ တစ်နှစ်ကို တိရစ္ဆာန်အသေကောင် တန်ချိန် ၁၃,၀၀၀ ကျော်နဲ့ သီးနှံဖျက်ပိုး (ကြွက်ကောင်ရေ) ၁၅၈ သန်းကျော်အထိ ရှင်းလင်းပေးနိုင်တယ်လို့ ဆားဗီယားနိုင်ငံမှာ ပြုလုပ်တဲ့သုတေသနက ခန့်မှန်းပါတယ်။
ဒါကြောင့် ခဲဝါတွေဟာ ကြောက်စရာ၊ လန့်စရာ၊ ဗီလိန်ကောင်ပမာ ကျွန်တော်တို့တစ်သက်လုံးတွေး ထင်ခဲ့ကြခြင်းရဲ့ တခြားတစ်ဖက်မှာ သူတို့ဟာ လူမှုအဖွဲ့အစည်းနဲ့ ဂေဟန်စနစ်အတွက် ကောင်းကျိုးများ စွာရှိနေတယ်ဆိုတာ အထက်ပါ သုတေသနစာတမ်းတွေအရ အထင်အရှားပါ။
၂၀၁၅ နဲ့ ၂၀၁၆ အတွင်း ချက်သမ္မတနိုင်ငံ၊ ပရော့ဂ်မြို့မှာ Golden Jackal တစ်ကောင်ကို ပထမဆုံးအကြိမ် မှတ်တမ်းတင် ဓာတ်ပုံရိုက်နိုင်ခဲ့ကြပါတယ်။ အဲဒီ Golden Jackal ဟာ ချက်နိုင်ငံအတွင်းကို ခဏတပြုတ် ရောက်လာတာမျိုး မဟုတ်ဘဲ အမြဲတမ်း အခြေချနေထိုင်မယ့်အခြေအနေကို တွေ့ရပါတယ်။
Charles University နဲ့ Czech Academy of Sciences ရဲ့ ရုက္ခဗေဒဌာနက သုတေသနပြုသူတွေဟာ အသားစား နို့တိုက်သတ္တဝါတွေကို လေ့လာရန် ကင်မရာထောင်ချောက် ၁၂ လုံး တပ်ဆင်မှတ်တမ်းတင်ခဲ့ရာမှာ အဆိုပါ ခဲဝါကို ၅၇ ကြိမ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် အဲဒီ Golden Jackal ဟာ ချက်သမ္မတနိုင်ငံအတွင်း အမှန်တကယ်အခြေချနေထိုင်နေကြောင်း သက်သေပြနိုင်တဲ့ ပထမဆုံးအထောက်အထားတစ်ခုဖြစ်ခဲ့ပါတယ်။ သုတေသနပြုသူတွေကတော့ သူတို့နိုင်ငံအတွင်းကို ပထမဆုံးအခြေချနေထိုင်တဲ့ Golden Jackal ကို စိတ်လှုပ်ရှားစွားနဲ့ လေ့လာ စောင့်ကြည့်လို့နေပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေမှာတော့ Golden Jackal ခေါ် ခဲဝါ တွေဟာ လူတွေရဲ့ သတ်ဖြတ်မှုဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ခဲဝါတွေကို မကောင်းတဲ့အကောင်တွေအဖြစ် ရှုမြင်နေကြဆဲဖြစ်ပါတယ်။
ကျွန်တော်လည်း ညသန်းခေါင်ကျော်လို့ သမီးဖြစ်သူ မအိပ်သေးရင် “ သမီးရေ ခဲဝါအသံကြားလား၊ ညဘက်ဆို ခဲဝါကြီးတွေ ထွက်လာပြီနော်။ မျက်လုံးက ပြူးပြူးကြီးနဲ့” လို့ ကြောက်စရာအကောင်သဖွယ် ပုံဖော်ပြောဆိုနေ ဆဲဖြစ်ပါတယ်။