ဒေါင်းမြီး ရေးသည်။
မဏ္ဍိုင်၊ မတ် ၂၇ ၊ ၂၀၂၆။
အိမ်ပြန်ချိန် မတူတဲ့သားအဖများ
ပြီးခဲ့တဲ့ အခန်းမှာရေးခဲ့တဲ့ သဘာဝဘေးနဲ့ ထောင်ကျနေတဲ့ NLD မြို့နယ်ဥက္ကဌမှာ သူ့လိုပဲ သဘာဝဘေးနဲ့ ထောင်ကျနေတဲ့ သမီးတစ်ဦးရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရော။ ၂၀၂၀ ရွေးကောက်ပွဲမှာပါ အနိုင်ရတဲ့ တိုင်းလွှတ်တော်အမတ်ပါ။ သူတို့ သားအဖက ၂၀၂၁၊ မတ်လထဲမှာ တချိန်တည်း တပြိုင်တည်း နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးတဲ့အချိန်တုန်းက တိုင်းအမတ်ရဲ့ အမ၊ NLD မြို့နယ်ဥက္ကဌရဲ့ သမီးအကြီးပါ ပါပါတယ်။ သားအဖ သုံးဦး တပြိုင်နက် ဖမ်းဆီးခံရတာဖြစ်ပြီး သမီးအကြီးဖြစ်သူကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ NLD မြို့နယ်ဥက္ကဌနဲ့ သမီးဖြစ်သူ တိုင်းအမတ်တို့ကတော့ သဘာဝဘေး-၂၅ နဲ့ ထောင် ၂ နှစ်ဆီ ချမှတ်ခြင်းခံရပါတယ်။
သမီးတိုင်းအမတ်ကိုတော့ အမျိုးသမီးဆောင် တိုက်ထဲမှာ ထားပါတယ်။ ဖခင်ဖြစ်သူ ဥက္ကဌကိုတော့ ဆေးရုံဆောင်မှာ ထားပါတယ်။ သူက အသက် ၇၀ ကျော်ရှိနေပြီဖြစ်ပြီး ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ NLD စတင်တည်ထောင်ချိန်မှာ ပါဝင်ခဲ့သူလည်းဖြစ်ပြီး အဲဒီခေတ်တုန်းကလည်း ထောင်ခဏခဏ ကျခဲ့သူပါ။ လူမှန်ကြီးဖြစ်ပြီး စကားပြောလည်း ပြတ်ပါတယ်။ တော်ရုံလူနဲ့လည်း စကား ပြောခဲပါတယ်။
သမီးဖြစ်သူကတော့ ရှေ့နေဖြစ်ပြီး အသက်က ၃၀ ကျော်ပဲရှိပါသေးတယ်။ နိုင်ငံရေးမိသားစုက ဆင်းသက်လာတာဖြစ်လို့ နိုင်ငံရေးမှာ၊ လွှတ်တော်ထဲမှာ “စွာ” ပါတယ်။ ဒေသကောင်းကျိုး လုပ်ဆောင်ရာမှာ နာမည်ရှိပြီး ကိုယ်ကျိုးရှာ အဂတိပိုင်းမှာ နာမည်ပျက်လုံးဝ မရှိပါဘူး။
၂၀၂၂ ထဲမှာ ကျွန်တော်တို့ ၃ ဆောင်ကို ဥက္ကဌ ပြောင်းလာပါတယ်။ သူ့ကို ထောင်က ပြောင်းလိုက်တာပါ။ ထောင်ပိုင် တန်းစီမှာ ဘာတင်ပြစရာရှိသလဲဆိုတော့ သူက ထောင်ပိုင်ကြီးကို “ထောင်ပိုင်ကြီး ပြောတဲ့ ကြက်သားတုန်းမျိုး စားချင်တယ်” လို့ ပြောလိုက်လို့ပါ။ ဒါနဲ့ ထောင်ပိုင်ကြီးလည်း “အဲဒီကြက်သားမျိုး စားချင်ရင် ၃ ဆောင်ကိုသွား” ဆိုပြီး ပို့ လိုက်တာပါ။
ထောင်မှာက အကျဉ်သားတစ်ဦးကို သတ်မှတ်ပုံစံရှိပါတယ်။ တပတ်လုံးစာ နေ့အလိုက် ဘာကျွေးရမယ်၊ အသား ဘယ်နှစ်အာင်စ ကျွေးရမယ်။ ပဲ ဘယ်နှစ်ကီလို ကျွေးရမယ်စသဖြင့် သတ်မှတ်ထားပြီး ဖိုကြီးမှာကို ကပ်ထားတာပါ။ တကယ်ကျွေးတော့ သိတဲ့အတိုင်း။
အဲဒါကို ထောင်ပိုင်က တန်းစီမှာ သတ်မှတ်အရည်အတွက်အတိုင်း အတိုင်းအတာတွေ ရွတ်ပြပြီး တတ်နိုင်သမျှ အကောင်းဆုံး စီမံခန့်ခွဲပြီး ကျွေးမွေးနေပါတယ်လို့ ဩဝါဒချွေနေချိန်မှာ ဥက္ကဌက ပြောလိုက်တာပါ။
နိုင်/ကျဉ်းတွေကို သီးသန့်ထားတဲ့ ၃ ဆောင်ကတော့ သတ်မှတ်အလေးချိန် မရဘူးဆိုရင်တောင် အခြားအဆောင်တွေထက် တော့ ပိုရပါတယ်။ အကျဉ်းထောင်ထဲမှာ အခွင့်ထူးခံအဆောင်လို့ ပြောလို့ရတဲ့ ဆေးရုံဆောင်ထက်ကို ပိုပြီး ကြီးပါတယ်။ ဒါကြောင့် ထောင်ပိုင်က ပို့လိုက်တာပါ။
ထောင်မှာက ကိုဗစ်ကို အကြောင်းပြုပြီး ထောင်ဝင်စာ လူတွေ့ခွင့်ကို ပိတ်ထားပါတယ်။ ဒါပေမဲ့ ထောင်တွင်း တွေ့ခွင့်ကိုတော့ ခွင့်ပြုပေးပါတယ်။ နှစ်ပတ်တခါ(တနင်္ဂနွေလား ဖြစ်မယ်ထင်ပါတယ်)တရက်ကို လင်မယား၊ သားအဖ၊ မောင်နှမ စသဖြင့် နာရီဝက်ကြာအောင် တွေ့ခွင့်ရပါတယ်။
နိုင်/ကျဉ်းထဲမှာ သားအဖ(အဖေနဲ့ သား)နှစ်တွဲ၊ သားအဖ(အဖေနဲ့ သားနှစ်ယောက်)တစ်တွဲ၊ သားအမိ (သားနှင့်အမေ) တစ်တွဲ၊ သားအမိ(သမီးနှင့်အမေ)တစ်တွဲ၊ မိသားစု(အဖေနှင့် သမီးနှစ်ယောက်)တစ်တွဲ၊ မိသားစု (အဖေ၊ အမေနှင့် သား) တစ်တွဲ၊ မိသားစု(လင်မယား)သုံးတွဲရှိပါတယ်။ ထောင်ဥပဒေမှာတော့ သားအဖ၊ ညီအစ်ကို တစ်ခန်းတည်းအတူ မထားဖို့ တားမြစ်ထားပေမယ့် ထားပေးပါတယ်။
သူတို့ ၁၀ တွဲမှာ သားအဖခြင်းတွေ၊ သားအမိခြင်းတွေက တဆောင်ထဲအတူနေရတာဖြစ်လို့ နေ့တိုင်းတွေ့ရပေမယ့် ဇနီးဖြစ်သူတွေ၊ သားသမီးဖြစ်သူတွေရှိနေတဲ့သူတွေကတော့ အမျိုးသမီးဆောင်ဘက်ကို နှစ်ပတ်တခါ သွားတွေ့ရပါတယ်။
ဥက္ကဌက အဲဒီနေ့တွေဆို တရက်မှ မပျက်ပါဘူး။ သူ့ရှိတာလေးကို ထုတ်ထား၊ အထုတ်လေးဆွဲပြီး သမီးဆီကို သွားတွေ့ပါတယ်။ ပြန်လာရင်လည်း သူ့သမီးကပေးလိုက်တဲ့အထုတ်လေးဆွဲပြီး ပြန်လာပါတယ်။ အရီအပြုံးရှားတဲ့ သူ့မျက်နှာမှာ အပြုံးရိပ်လေးတွေ မြင်ရလေ့ရှိပါတယ်။ အဲဒီအချိန် သူ့ကိုစရင်လည်း ပြုံးပြုံးပါပဲ။
၂၀၂၂ ဩဂုတ်လထဲမှာ Facebook ပေါ်မှာ သွေးထိုးလှုံ့ဆော်တယ်ဆိုပြီး ဥက္ကဌရဲ့ သမီးအကြီးကို စစ်တပ်က ဖမ်းပြီး ၅၀၅-ကနဲ့ ထောင် ၂ နှစ်ချလိုက်ပါတယ်။ အဲဒီသတင်းကြားတော့ ဥက္ကဌက သိပ်ပြီး တုန်လှုပ်ပုံတော့ မရပါဘူး။ ဒီလိုတွေ ကြုံရမယ်ဆိုတာ သူထင်မှတ်ထားပုံပါပဲ။
သူနဲ့ ကျွန်တော်နဲ့က ထောင်ထဲကျမှ သိတာဆိုပေမယ့် အရမ်းရမ်းနှီးသွားပါတယ်။ သမီးဖြစ်သူနဲ့ကတော့ အရင်တည်းက ခင်မင်တာပါ။ ထောင်ဖွင့်ချိန်ဆို ကျွန်တော်ကြားရတဲ့သတင်းတွေပြန်ပြောပြတယ်။ သူက သူတို့ခေတ်က နိုင်ငံရေး အကြောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း ပြောပြတယ်။ သူ့မှာရှိတဲ့ ခေါက်ဆွဲခြောက်ထုတ်တွေ၊ မုန့်တွေလည်း ပေးတယ်။ ကျွန်တော်က အိမ်ကပို့တဲ့ ဟင်းစိုလေးတွေ ပြန်ပေးတယ်။
၂၀၂၂ နိုဝင်ဘာလထဲမှာ ဥက္ကဌတို့သားအဖ လွတ်ရက်ပြည့်ပါတယ်။ တစ်ရက်တည်းဖမ်းခံရပြီး တစ်ရက်တည်း အမိန့်ချတာ ဖြစ်လို့ လွတ်တော့လည်း အတူတူပါပဲ။
သူပြန်တော့ ကျွန်တော့်ကို ရှာပြီး နှုတ်ဆက်သွားပါတယ်။ သူက အပေါ်ထပ်၊ ကျွန်တော်က အောက်ထပ် ဆိုတော့လေ။ သူ့ခင်ဗျာ အိမ်ပြန်ရတယ်ဆိုပေမယ့် သမီးတစ်ယောက် ကျန်ခဲ့တယ်ဆိုတော့လည်း ဘယ်စိတ်ကောင်းပါ့မလဲ။ ပြန်သာ ပြန်သွားရပေမယ့် သူလည်း မျက်နှာမကောင်းပါဘူး။
အဲဒီနေ့ကို ကျနော် ကောင်းကောင်းမှတ်မိပါသေးတယ်။ ရှပ်အကျီလက်ရှည်အဖြူကွက်ကြဲကြီးကို လက်ခေါက်ဝတ်ကာ တုန်ချိချိနဲ့ ပြန်သွားတဲ့ သူ့နောက်ကျောကို ငေးကြည့်ရင်း ရင်ထဲမှာ အတော့်ကို စိတ်မကောင်းဖြစ်နေမိခဲ့တယ်။
ညီညွတ်မှုကြောင့် မျက်ရည်ကျခဲ့ရတဲ့ လူမိုက်ကြီး
တစ်ရက်မှာ ကျွန်တော်တို့အဆောင်ကို အကြမ်းဖက်မှုနဲ့ ပြောင်းလာတယ် သူတစ်ဦးရှိတယ်။ သူက မူးယစ်မှုလည်း ကပ်ထားပြီး အချုပ်နဲ့ ရောက်လာတာ။ သူက အရင်က အခြားအမှုဘက်တွေထားတဲ့ အဆောင်ဘက်ကို ရောက်နေတာ။ နောက်မှ အကဖမှုကြောင့် ကျွန်တော်တို့အဆောင်ကို ရွေ့လိုက်တာ။ သူ ရောက်လာတော့ ကျွန်တော်တို့အဆောင်မှာ အခြားအမှုတွေ မရှိတော့ပါဘူး။
သူ့နယ်မှာလည်း ထောင်ရှိပါတယ်။ ဒါပေမဲ့ အကဖအမှုက ခရိုင်တရားရုံးက ကိုင်တာဆိုတော့ ခရိုင်အဆင့်ထောင်လို့ ဆိုရမယ့်(က)ထောင်အဆင့် ထောင်ကို ရောက်လာတာ။
သူက သူ့နယ်မှာတော့ နာမည်ကြီး လူမိုက်။ နေတဲ့နယ်ကလည်း နာမည်ကြီး လူမိုက်တွေ ပေါတဲ့နယ်။ ဆန္ဒပြပွဲတွေတုန်းက ဆိုလည်း သူဦးဆောင်ပြီး သူ့ရွာက လူတွေနဲ့ ဓားလွယ်ပြီး ဆန္ဒပြခဲ့တာ။ လူကောင်ကလည်း ခပ်ထွားထွား၊ ခပ်ကြီးကြီး။ သူက “မိုက်ဂုဏ်ရှိ” တဲ့သူပေါ့။
သူ့ ပင်ကိုယ်စရိုက်ကတော့ ခပ်အေးအေးနေတတ်တယ်။ မဟုတ်မခံ။ ရန်မရှာတတ်ဘူး။ ဒါပေမဲ့ သူက “ဘောင်ချာ” ဖွင့်ထားတယ်။ သူ ဘောင်ချာဖွင့်ထားသူက “ထောက်” ဌာနက တာဝန်ခံ တစ်ပွင့်။ အဲဒီ တစ်ပွင့်က WY သုံးတယ်။ သူ့ကြည့်လိုက်ရင် အမြဲတမ်း ဆေးကွဲနေတာ။
အဆောင်ကိုရောက်လာတော့လည်း ခပ်အေးအေးပဲ နေတယ်။ ဒါပေမဲ့ ထောင်ဖွင့်ချိန်တွေဆို အခြားအမှုတွေဆီမှာပဲ သွားနေတယ်။ အဆောင်မှာ သိပ်မနေတော့ သူနဲ့ သိပ်မရင်းနှီးကြ။
တညနေ ထောင်ပိတ်ပြီးလို့ ဘုရားတောာင် ရှိခိုး ပြီးနေပြီ။ ထောင်မှာက ညနေ ၄ နာရီ ၄၅ ဆို တန်း(ထောင်) ပိတ်ပြီ။ သံချောင်းခေါက်တယ်။ အဲဒီမှာ ပုံစံထိုင်ပြီး လူရည်တွက်ခံရတယ်။ ပြီးရင် “အကျဉ်းသားများ လိုက်နာရန် စည်းကမ်း ၁၈ ချက်” ကို ရွတ်ဆိုရတယ်။ တကယ်က အလွတ်ကျက်ထားရတာ။ အလွတ်မရရင် ကြည့်ဖို့ အခန်းတခန်းခြင်းဆီမှာ ဗီနိုင်းနဲ့ ကပ်ထားတယ်။ ရွတ်ပြီးရင် ထသွားလို့ မရသေးဘူး။ ပုံစံဆက်ထိုင်နေပြီး နောက်ထပ် သံချောင်းခေါက်တာနဲ့ ဘုရားရှိခိုးရတယ်။ ဘုရားရှိခိုးဖို့ ဆရာတော်ကြီးတစ်ပါးက တိုင်ပေးတာကို ဗဟိုကင်းက တစ်ထောင်လုံးကြားအောင် အသံချဲ့စက်နဲ့ ဖွင့်ပေးတယ်။ အဲဒါပြီးမှ ထမင်းစားကြရတာပါ။
ကျွန်တော်တို့ အဆောင်ကတော့ လူစစ်ပြီးတာနဲ့ ထမင်းစားသူက စား၊ စကားပြောသူက ပြောပေါ့။ တီဗွီဖွင့်ကြည့်ရင်တော့ အခြားအဆောင်က ဘုရားရှိခိုးနေတာကို “အထာ” ထားတဲ့အနေနဲ့ ခပ်တိုးတိုးပဲ ဖွင့်ပါတယ်။ စည်းကမ်းချက်ဆိုတာတွေ၊ ဘုရားရှိခိုးတာတွေကို မလုပ်ပါဘူး။ (ဘုရားရှိခိုးသူကလည်း ညအိပ်ခါနီးမှ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိခိုးကြတာပါ)
စကားဆက်ရရင် ဘုရားရှိခိုးပြီးချိန်လောက်မှာ အဲဒီမှာ ခုနလူမိုက်ဆိုသူရဲ့ဘောင်ချာ “ထောက်” က တပွင့်က သူ့ ”ထောက်” မှာ အလုပ်ကျနေတဲ့ အကျဉ်းသားနှစ်ယောက်နဲ့အတူ အဆောင်ရောက်လာပြီး သူနေတဲ့အခန်းရှေ့ကနေ ဆဲဆိုပါလေရော။ ဆေးကွဲနေပုံလည်း ရပါတယ်။ သူတို့ခြင်း ဘာတွေ ဖြစ်လာလဲတော့ မသိဘူးပေါ့။ သူကလည်း ရှေ့ထွက်လာပြီး ပုံစံ-၂နဲ့ မတ်တပ်ရပ်ကာ အဆဲခံနေပါတယ်။
“ဗိုလ်လေး၊ တော်တော့… ခင်ဗျား များနေပြီ။ လူတစ်ယောက်ကို ခင်ဗျား အဲဒီလောက် ဆဲစရာ မလိုဘူး”
ထပြောလိုက်သူက ၂-ခန်းက အခန်းလူကြီးပါ။ သူက ၅၀၅ နဲ့ ထောင်ကျနေတဲ့ အစ္စလာမ်ဘာသာဝင် တစ်ဦးလည်း ဖြစ်ပါတယ်။
“မင်းက ဘာကောင်လဲ။ ငါ ဘောင်ချာကို ငါပြောတာ ဘာဖြစ်လဲ၊ မအေ-၊ လူပါးမဝနဲ့..”
အောက်ထပ်က ၄ ခန်းလုံး သံတိုင်တွေနားကပ်လာပြီး အဲဒီတစ်ပွင့်ဗိုလ်ကို ဝိုင်းအော်ဟစ် ပြောပါတော့တယ်။ အခန်း ၄ ခန်း၊ လူပေါင်း ၁၀၀ ကျော်က ဝိုင်းပြောတော့ ဆူညံနေတာပေါ့။ တစ်ပွင့်ဗိုလ်ကလည်း ပြန်အော်တယ်။ ပြန်ဆဲပါတယ်။ တာဝန်ကျ ဝန်ထမ်းကလည်း စက်နဲ့ ပေါက်ပြီး မိန်းဂျေးကို လှမ်းပြောပါတယ်။
ဆူညံသံတွေထွက်လာတာရော၊ စက်နဲ့လှမ်းပြောထားတာကြောင့်ရော အဆောင်မှူးရော၊ ထောင်မှူးကြီးရော၊ ဦးစီးရော၊ ထောင်ပိုင်ကြီးပါ ဝန်ထမ်းတွေနဲ့အတူ အပြေးအလွှား ရောက်လာပါတယ်။ ဒါပေမဲ့ အဓိကရုဏ်းဖြိုခွဲတဲ့ ဒိုင်းတွေ၊ တုတ်တွေတော့ မပါပါဘူး။
ထောင်ပိုင်ကြီးက အကျိုးအကြောင်းမေးပြီး တစ်ပွင့်ဗိုလ်ကို ပြန်ခိုင်းလိုက်တယ်။ နောက် အဆဲခံရတဲ့ ကာယကံရှင်ကို မေးတယ်။ အဆောင်က လူတွေကိုလည်း တော်ကြဖို့၊ နောက် မကျေလည်တာရှိရင် အခုလိုအုပ်လိုက်ကြီး မဆူဖို့၊ မိန်းဂျေးကို သတင်းပို့ပြီး သူ့ကို အချိန်မရွေး လာတွေ့နိုင်ကြောင်းနဲ့ မကျေလည်တာမျိုးရှိရင် လာရောက် တိုင်ကြား နိုင်ကြောင်း ပြောသွားတယ်။
အဆောင်က လူတွေက အဲဒီတစ်ပွင့်ဗိုလ်ကို ၃ ဆောင်က အကျဉ်းသားတွေကို အခုလို မဆက်ဆံဖို့ သတိပေးပေးဖို့ ဝိုင်းတောင်းဆိုကြတယ်။ ဒီလိုနဲ့ ပြဿနာက ပြီးသွားတယ်။
ထောင်အာဏာပိုင်တွေ ပြန်သွားတော့ သူ့ခင်ဗျာ အခန်းထဲကနေ ကျန်တဲ့အခန်းကလူတွေကို ကျေးဇူးတင်ကြောင်း လှမ်းပြောလိုက်ပြောနေတယ်။ ကျန်တဲ့သူတွေကလည်း “အချင်းချင်းတွေပဲဗျာ၊ ရပါတယ်” ပေါ့။
ကျေးဇူးတင်ကြောင်း ပြောနေတုန်းကဆို သူမျက်ဝန်းမှာ မျက်ရည်တွေ ဝေ့နေတယ်။ သူလည်း ဘယ်ထင်မလဲပေါ့။ သူ့ကို တစ်ဆောင်လုံးက ဝိုင်းရပ်တည်ပေးမယ်ဆိုတာကို။ သူလည်း တော်တော်ခံစားသွားရပုံရပါတယ်။
၂၀၂၂ မိုးဦးစကာလမှာ စစ်ကောင်စီက ခရိုင်အသစ်တွေ ထပ်ဖွဲ့ပါတယ်။ သူနေတဲ့မြို့နယ်က အသစ်ပေါ်လာတဲ့ ခရိုင်ထဲပါ သွားတယ်။ ဒီတော့သူ အပါအဝင် ခရိုင်အသစ်ထဲ အကျုံးဝင်သွားတဲ့ မြို့နယ်က အချုပ်တွေ၊ ၁၀ နှစ်မကျော်တဲ့ အကျတွေ အကုန်လုံး သူမြို့နယ်က ထောင်ကို ပြောင်းရတယ်။
၂၀၂၂ ဒီဇင်ဘာထဲမှာ ကျွန်တော်တို့ထောင်ကို သူပြန်ရောက်လာတယ်။ ဟိုဘက်ထောင်မှာ အမိန့်ချလိုက်တော့ ၁၀ နှစ်ကျော် ဖြစ်နေတာမလို့ သူတို့မြို့က (ခ) အဆင့်ထောင်မှာ ထားမရဘဲ (က) အဆင့်ထောင်ကို ပို့လိုက်တာပါ။ ဒီတခါတော့သူ အခြားအမှုဘက်မှာပဲ ထားဖို့တောင်းဆိုပြီး အခြားအမှုတွေဘက်မှာပဲ နေပါတယ်။
ကျွန်တော်ထောင်ကလွတ်ပြီးနောက် သူ ဗဟိုထောင်တစ်ခုကို ထပ်ပြောင်းရတယ်လို့တော့ သတင်းကြားရပါတယ်။ ဘာကြောင့်ရယ်တော့ မသိရဘူးပေါ့။ ပြီးတော့သူ အဲဒီဗဟိုထောင်မှာပဲ ဆုံးသွားတယ်လို့ ကြားပါတယ်။
နိုင်ငံရေးဖြစ်စဉ်ပေမယ့် နိုင်/ကျဉ်း မဖြစ်သူများ
ကျွန်တော် ၃ ဆောင်ကို ရောက်တော့ ၃ ဆောင်ကို လာလာလည်နေတဲ့ အခြားအမှုက ၄ ဦးကိုခဏခဏ တွေ့ရတယ်။ တစ်ဦးက အသားမည်းမည်း၊ ဒေါက်ကောင်းကောင်းနဲ့ လူမိုက်ပုံစံ။ ”ကျွဲကြီး” လို့ ခေါ်ကြတယ်။ ပထမတော့ ၃ ဆောင်က တချို့နဲ့သိလို့ လာလည်တာပဲ ထင်နေတာ။ နောက်မှ စိတ်ဝင်စားလို့ မေးကြည့်တော့ မီးရှို့မှုနဲ့ ထောင်ကျနေတာမှန်း သိရတယ်။ သူတို့ ၄ ဦးလုံးက အမှုတွဲ။
မီးရှို့ခံရတဲ့အိမ်က တခြားအိမ် မဟုတ်ဘူး။ ”ဒလံ” လို့ စွပ်စွဲခံရသူ နေအိမ်။ ကျွန်တော်တို့မြိုမှာ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ စ ပစ်တာက မတ်လ ၁၃ ရက်။ အဲဒီပစ်ခတ်မှုမှာ တရာဝင် သိရတာက ၂ ဦး။ အတည်မပြုနိုင်တာက ၁ ဦး ဆိုတော့ ၃ ဦး သေတယ်။ တရားဝင် သိရတဲ့အထဲမှာ ရေကြောင်းနည်းပညာတက္ကသိုလ်တက်နေတဲ့ ကျောင်းသားတစ်ဦးနဲ့ အခြားလူငယ်တစ်ဦး။ တစ်ဦးကတော့ ဘယ်သူမှန်း မသိရပါဘူး။
စစ်ဆေးရုံမှာ အလောင်းတွေ့တယ်လို့တော့ ပြောကြတာပါပဲ။ ဒဏ်ရာ ရသူတွေလည်း ရှိတယ်။ ပစ်တဲ့လက်နက်တွေက 7.62 ကျည် သုံးရတဲ့ BA-63(G-3) တွေနဲ့ပစ်တာ။ အရမ်းပြင်းလို့ မြို့ပြတွေမှာ ပစ်ခွင့်ပိတ်ထားတဲ့ သေနတ်အမျိုးအစားပါ။ အနီးကပ်ပစ်ရင် ပစ်ခံရတဲ့အရာကို ပေါက်ထွက်ပြီး မလိုအပ်တဲ့အရာတွေကို ထိခိုက်မှုဖြစ်တတ်လို့ ပိတ်ပင်ထားတဲ့ လက်နက်ပါ။ ဒဏ်ရာရသူတစ်ဦးဆိုရင် မေးရိုးပြုတ်ထွက်သွားတယ်။
အဲဒီပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိခဲ့တယ်။ ဆန္ဒပြပွဲ ဖြိုခွဲခံရတော့ ပြေးလွှားရင်း ဖမ်းဆီးခံရသူတွေလည်း ရှိသလို နေအိမ်တချို့ထဲဝင်ပုန်းရင်း ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။
အဲဒီလို ပစ်ခတ်ခံရမှု၊ ဖမ်းဆီးခံရမှုတွေဟာ အဲဒီရပ်ကွက်က အရန်မီးသတ်တပ်စုမှူးလက်ချက်လို့ ရပ်ကွက်နေသူတွေက ယုံကြည်ကြတယ်။ ဖြိုခွဲတဲ့စစ်တပ်ကို သူကိုယ်တိုင်လိုက်ပြနေတာကို မြင်တဲ့သူတွေကလည်း မြင်တယ်။ သူကိုယ်တိုင်ကလည်း စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်သလို သူ့သားကလည်း မြန်မာဘီယာရုံးခွဲမှာ အဆင့်မြင့်ရာထူးနဲ့ လုပ်နေတာဆိုတော့ စစ်တပ်ဒလံ ဖြစ်တယ်လို့ပဲ ရပ်ကွက်က ယုံကြည်ကြတာ မလွန်ပါဘူး။ အဲဒီညမှာ ရပ်ကွက်ထဲက လူငယ်တွေစုပြီး သူအိမ်ကို သွားပြီး တိုက်ခိုက်ကြတယ်။ မီးရှို့ကြတယ်။ လူငယ်တွေ ပူပူနွေးနွေး သေထားတာဆိုတော့ ဒေါသသူပုန်ထနေတဲ့ လူအုပ်ကြီးကလည်း အများကြီးပေါ့။ အခင်းဖြစ်ပွားနေချိန် စစ်တပ်လာတော့မှ လူစုကွဲသွားတာ။
နောက်ရက်ကျတော့ သူ သတင်းပေးမှုနဲ့ ရပ်ကွက်ထဲက လူငယ်တွေကို လိုက်ဖမ်းပါလေရော။ သူကလည်း မီးရှို့မှုမှာ ပါပါ မပါပါ သူနဲ့အဆင်မပြေတဲ့သူ မှန်သမျှ လိုက်ဖမ်းခိုင်းတာ။ ခုနပြောတဲ့ ကျွဲကြီးတို့ အမူတွဲက အဲဒီသူလက်ချက်နဲ့ ရောက်လာ သူတွေပေါ့။
သူတို့တွေက မီးရှို့မှုနဲ့ အရပ်ဘက်တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။ သူတို့ဖြစ်စဉ်ဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ မီးရှို့မှုဖြစ်ပေမယ့် အရေးကိစ္စအကျဉ်းသား (ကျွန်တော်တို့ အခေါ် နိုင်/ကျဉ်း)အဖြစ် သတ်မှတ် မခံရပါဘူး။ ဒါက ထောင်က သတ်မှတ်တာလား၊ စစ်တပ်က သတ်မှတ်တာလား၊ ရဲက သတ်မှတ်တာလားတော့ မသိပါဘူး။ နောက်ပိုင်းမှာတော့ သူတို့ ရဲဘက် ထုတ်ရာမှာ အမှုတွဲတစ်ခုလုံး ပါသွားရှာပါတယ်။ အရေးကိစ္စအကျဉ်းသားဆိုတာက နိုင်ငံရေးနဲ့ ပတ်သက်လို့ ထောင်ကျသူတွေကို ထောင်က တရားဝင် သုံးတဲ့ အသုံးအနှုန်းပါ။ အကျရုံးမှာလည်း အရေးကိစ္စ အကျဉ်းသားဆိုပြီး သီးခြားစာရင်းတစ်ခုထားရှိပါတယ်။ အခြားအမှုအကျဉ်းသားနဲ့ အရေးကိစ္စ အကျဉ်းသား အတူတူ ထား/မထားဆိုတာကတော့ ထောင်ရဲ့ စီမံခန့်ခွဲမှုနဲ့ပဲ ဆိုင်ပါတယ်။
အဲဒီလို နိုင်ငံရေးနဲ့ သက်ဆိုင်လို့ ဖမ်းဆီးချုပ်နှောင်ခံရသူတွေတချို့လည်း နိုင်ငံရေး အကျဉ်းသား/အရေးကိစ္စ အကျဉ်းသားအဖြစ် သတ်မှတ်ခံရတာ မတွေ့ရပါဘူး။ ကျွန်တော်တို့ထောင်မှာက အရေးကိစ္စအကျဉ်းသားဆိုရင် ကျွန်တော်တို့ အဆောင်ကို ပို့လိုက်ပါတယ်။ အခြားအမှုတွေနဲ့ အတူ မထားပါဘူး။ အကျရုံးမှာလည်း အရေးကိစ္စ အကျဉ်းသားဆိုပြီး သီးခြားထားတဲ့စာရင်းထဲ ထည့်ပါတယ်။
တွေ့ဖူးတာကတော့ စောင့်ကြည့်ဖို့လိုတယ်ဆိုပြီး ခြေချုပ်နဲ့ဖမ်းထားတဲ့ NLD ပါတီဝင်တစ်ဦးရယ်၊ လူငယ် ၂ ဦးရယ်ဟာ အရေးကိစ္စအကျဉ်းသားအဖြစ် သတ်မှတ်မခံရဘဲ အခြားအမှုတွေထားတဲ့ အချုပ်ဆောင်မှာပဲ ထားပါတယ်။ သူတို့ကိုလည်း အခြားအမှုလိုပဲ ဆက်ဆံခံရပါတယ်။ သူတို့အနေနဲ့တော့ နစ်နာတယ်ဆိုရမှာပေါ့။
နောက်တစ်ဦးကတော့ ပြီးခဲ့တဲ့အခန်းတွေမှာ ပြောခဲ့တဲ့ ဦးစိုးတို့ မြို့ကပါ။ သူက သဘာဝဘေးနဲ့ မတ်လအတွင်းမှာ ဖမ်းဆီးခံရတာပါ။ သူလည်း အရေးကိစ္စအကျဉ်းသားအဖြစ် သတ်မှတ်မခံရပါဘူး။ သူ့ကိုယ်သူကတော့ ဆန္ဒပြရာမှာ ပါလို့ ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။ တကယ်က ကိုဗစ်ဥပဒေ ချိုးဖောက်မှုပါ။ ဘာ ဆန္ဒပြလို့မှ မဟုတ်ပါဘူး။
အဲဒီတခုတော့ ဖြစ်စဉ်ကိုကြည့်ပြီး အရေးကိစ္စအကျဉ်းသားဟုတ်/မဟုတ် သတ်မှတ်တာ ကောင်းသလိုလိုပါပဲ။
ကျွန်တော့်အထင်တော့ အရေးကိစ္စအကျဉ်းသားအဖြစ် သတ်မှတ်ခြင်းက အမိန့်ချတဲ့ တရားသူကြီးက ထောင်ကိုပို့တဲ့ အမှုမှတ်တမ်းမှာ ထည့်သွင်းရေးသားချက်အပေါ် မူတည်တယ်လို့ ထင်တာပါပဲ။
-ဆက်လက်ဖော်ပြပါမည်။