...

မိတ်ဖက်ပဋိက္ခတွေနဲ့ အက်ကြောင်းတွေ

မဏ္ဍိုင်၊ မတ် ၁၊ ၂၀၂၆။

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲအလွန် အာဏာကို လက်မလွှတ်တမ်း ဆုတ်ကိုင်ထားနိုင်ဖို့၊ သူ့အလိုကျ အစိုးရဖွဲ့နိုင်ဖို့တွေကို ကြိုးစားလုံးပမ်းနေတဲ့အချိန်မှာ စစ်အာဏာရှင်တော်လှန် အင်အားစုတွေကြားမှာတော့ မိတ်ဖက်ပဋိပက္ခတွေနဲ့ အက်ကြောင်းရာတွေ ‘ထ’ ခဲ့တဲ့ ရက်သတ္တပတ်လို့ဆိုရ မှာပါ။

မြန်မာပြည်ရဲ့အခြေအနေက ဒီနေ့ရွှေ၊ ဒီနေ့ ငွေဆိုသလိုပါပဲ။ တော်လှန်ရေးအင်အားစုတွေကြားထဲက အချိုးအကွေ့အပြောင်းအလဲတွေကလည်း အတက်အကျတအားမြန်တယ်။ အပြောင်းအလဲတွေဟာ တရွေ့ရွေ့ပြောင်းလဲတာမျိုး မဟုတ်ဘဲ တစ်ဆစ်ချိုးအကွေ့တွေ၊ ‘ဒုန်း၊ ဒိုင်း’ ဆိုတဲ့အပြောင်းအလဲတွေ၊ ဒီနေ့ ဖြူပေမယ့် နောက်နေ့ မည်းရင် မည်းသွားတာမျိုးပါ။ အန္တရာယ်ကြီးတဲ့ အပြောင်းအလဲနဲ့ အရွေ့တွေလို့ ဆိုရမှာပါ။

လက်နက်ကိုင်တော်လှန်ရေးကာလတစ်လျှောက် အညာဒေသမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးရေးဂိတ်တွေဟာ နေရာအနှံ့မှာပါ။ နယ်မြေစိုးမိုးမှုရလာတယ်ဆိုတဲ့ တော်လှန်ရေးအင်အားစုအဖွဲ့ပေါင်းစုံကလည်း အကြောင်းပြချက်မျိုးစုံနဲ့ စစ်ဆေးရေးဂိတ်တွေချတယ်။ PDF၊ LPDF နဲ့ ပသုံးလုံး(ပကဖ၊ ပလဖ၊ ပအဖ) အဖွဲ့တွေရဲ့ ဂိတ်တွေပါ။ လိုအပ်ချက်အရ အမှန်တကယ်စစ်ဆေးရေးလုပ်တဲ့ဂိတ်တွေလည်းရှိသလို အဖွဲ့ရပ်တည်ရေးအရ ငွေကြေး ကောက်ခံဖို့ ဖွင့်ထားတဲ့ဂိတ်တွေလည်း များစွာရှိပါတယ်။

ပသုံးလုံးအဖွဲ့တွေဟာ ကျေးရွာအလိုက် ဖွဲ့ထားတာမျိုးအထိရှိလေတော့ ကျေးရွာတစ်ခုမှာ သက်ဆိုင်ရာအဖွဲ့ရဲ့ ဂိတ်တစ်ခု ဆိုတာမျိုးအထိရှိလာတဲ့အတွက် ပြည်သူတွေရဲ့တိုင်တန်းမှုအရ သက်ဆိုင်ရာ PDF အဖွဲ့တွေက သွားရောက်အရေးယူပြီး ဂိတ်ဖျက်ပစ်လိုက်ရတာမျိုးတွေလည်း ရှိခဲ့တယ်။ အဲဒီအခါ ကျေးရွာခံပြည်သူတွေက သူတို့ရဲ့ဂိတ်ကို ဖျက်ရကောင်း လားဆိုပြီး PDF တပ်ဖွဲ့တွေကို ဆန္ဒပြတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အညာဒေသမှာ ဒီလိုမိတ်ဖက်အချင်းချင်း ဖြစ်ကြတဲ့ ပဋိပက္ခတွေက အဆန်းမဟုတ်တော့ပါဘူး။ ဆန်းနေတာက ဒီလိုပဋိပက္ခတွေဟာ အဲဒီကာလကြီးတစ်လျှောက်လုံး လှစ်လျူရှုထားခံထားရတာပါ။ NUG ကိုယ်တိုင်က ဒီကိစ္စတွေကို သူတို့တဖွဖွပြောနေကြ COC ဆိုတာမျိုးနဲ့ မလုပ်နိုင်ဘဲ ရေများ ရေနိုင်၊ မီးများ မီးနိုင်၊ မျက်နှာကြီးရာ ဟင်းဖက်ပါဆိုတဲ့ သဘောမျိုးနဲ့သာ ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

အညာဒေသရဲ့ အဲဒီလိုမိတ်ဖက်ပဋိပက္ခတွေထဲမှာ NUG နဲ့ ဗိုလ်နဂါးက အထင်ရှားဆုံးဆိုတာ အားလုံးအသိပါ။ အညာဒေသရဲ့ လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးလုပ်ခဲ့ကြတဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဗိုလ်နဂါးဟာ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကို ထူတောင်တယ်။ သူ့တပ်ရင်းတချို့ဟာ NUG လက်အောက်ကို ဝင်ခဲ့တာမျိုးရှိပေမယ့် NUG နဲ့ မသင့်မမြတ်ဖြစ်ပြီး ပြန်ခွဲထွက်တယ်။ ပြီးတော့ သူ့တပ်ကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကနေ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)လို့ အမည်ပြောင်းလိုက်တယ်။

ဗိုလ်နဂါးဟာ သူ့တပ်ကို စနစ်တကျထူထောင်ဖို့ လုပ်တယ်။ ပုလဲနယ်မြေမှာ စိုးမိုးနိုင်ဖို့၊ တန်ခိုးထွားဖို့ ကြိုးပမ်းတယ်။ တဖက်မှာလည်း ပုလဲနယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံ ကိုဇော်ထက်ကလည်း ရှိနေတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဗိုလ်နဂါးနဲ့ ပလဖ တာဝန်ခံကိုဇော်ထက်ဟာ မကြာခဏ ပြဿနာတက်ကြတယ်။ တချို့ထိပ်တိုက်တွေ့မှုတွေဟာ ပုဂ္ဂိုလ်ရေးဆန်ဆန် ဖြစ်ကြတယ်။ သူတို့နှစ်ဦးကြား မကြာခဏ ထိပ်တိုက်ပြဿနာ ဖြစ်တတ်သလို သူတို့ရဲ့ လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့ဝင်တွေကြားထဲမှာလည်း ပြသာနာဖြစ်ပြီး သေဆုံးတဲ့အထိ ဖြစ်ရတဲ့ကိစ္စရပ်တွေလည်းဖြစ်ခဲ့တယ်။

ထင်ရှားတဲ့အမှုတစ်ခုဆိုရင် ပုလဲမြို့နယ်ပလဖပြန်ကြားရေးတာဝန်ခံ ပုလဲမောင်သေဆုံးခဲ့တဲ့အမှုပါ။ ပုလဲမောင်ရဲ့ အလောင်းကို ပုလဲမြို့နယ်၊ ပလဖတာဝန်ခံ ကိုဇော်ထက်ရဲ့ အိမ်အောက် မြေအောက်ခန်းထဲမှာ ပြန်တွေ့ခဲ့ရတာပါ။ ပုလဲမောင်ဟာ သရက်သီးအစားများပြီး သွေးတိုးသေဆုံးခဲ့တာလို့ဆိုပေမယ့် ခန္ဓာကိုယ်က ဒဏ်ရာတွေနဲ့ အမှုမှန်ကိုတော့ ဒီနေ့အထိ မဖော်နိုင်သေးပါဘူး။

ဒီလိုမကြာခဏပြဿနာတက်ရာကနေ ဗိုလ်နဂါးက NUG ကို တိုက်ရိုက်ဝေဖန်တာမျိုးရှိပေမယ့် NUG ကတော့ ဗိုလ်နဂါးကို တိုက်ရိုက်ဝေဖန်ထောက်ပြဖြေရှင်းတာမျိုး မလုပ်ဘဲ၊ အဖွဲ့အစည်းသဘောဆန်ဆန် လိုအပ်တဲ့အခါ စာထုတ်တာလောက် လုပ်တယ်။ ဒါပေမဲ့ NUG ကို ဝေဖန်တိုက်ခိုက်တဲ့ ဗိုလ်နဂါးကို အမေရိကားရောက်နေတဲ့ ပန်ဆယ်လိုက တိုက်ရိုက်ဝေဖန်တယ်။ ပန်ဆယ်လိုရဲ့ ပါးစပ်မှာ ဗိုလ်နဂါးဟာ ရစရာ မရှိဖြစ်သွားတယ်။ ဒါ့အပြင် ဗိုလ်နဂါးကို ထောက်ခံဝန်းရံသူတွေ၊ NUG ကို ထောက်ပြဝေဖန်သူတချို့ကိုပါ ပန်ဆယ်လိုက တန်ပြန်ဝေဖန်တယ်။

ဆိုရှယ်မီဒီယာပေါ်မှာ NLD ထောက်ခံသူတွေ၊ NUG ထောက်ခံသူတွေရဲ့ အားကိုရထားတဲ့၊ အဆဲမျိုးစုံနဲ့ တန်ပြန်နိုင်တဲ့ ပန်ဆယ်လိုကို တော်ရုံလူတွေ မလှန်နိုင်ပါ။ ပန်ဆယ်လိုရဲ့ ပါးစပ်မှာ တော်ရုံအဆဲမခံချင်သူတွေဟာ NLD၊ NUG ကို ဝေဖန်ဖို့ လက်ရှောင်ကြတယ်။ အဲဒီကာလတွေမှာ ပန်ဆယ်လိုဟာ NUG အတွက် ဆိုရှယ်မီဒီယာပေါ်က ကာကွယ်ရေးဦးစီးချုပ်ပါ။

ဒီဖြစ်စဉ်တွေဟာ ၂၀၂၃၊ ၂၀၂၄ ကာလတွေမှာ ဖြစ်ခဲ့တာပါ။ ၂၀၂၄ အောက်တိုဘာ ၂၇ မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ (AA၊ MMDA၊ TNLA )ရဲ့ ၁၀၂၇ စစ်ဆင်ရေးဆက်တိုက် ဖော်ဆောင်နိုင်ခဲ့ပေမယ့် အညာဒေသမှာတော့ ထင်သလောက်ခရီး မပေါက်ခဲ့ပါဘူး။ အဓိက က တိုက်ခိုက်လိုစိတ်ရှိတဲ့ တော်လှန်ရေးရဲဘော်တွေရှိနေသည့်တိုင် လက်နက်ခဲယမ်း မလုံလောက်တာ၊ မထောက်ပံ့ပေးနိုင်တာတွေကြောင့်ပါ။ လက်နက်မပြည့်စုံတဲ့အပြင် တပ်ရင်း၊ တပ်ဖွဲ့တွေ ရပ်တည်ရေးအတွက်ပါ အကျပ်အတည်းဖြစ်ခဲ့တာပါ။

အညာဒေဿက ရဲဘောတွေဟာ လက်နက်ရဖို့အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင် ဆင်နွှဲရင်း စစ်ရေးအတွေ့အကြုံ ယူခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ လက်နက်နဲ့ အသက်လဲခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ များစွာပါ။ ဒီလို အခြေအနေမှာ ပုလဲနယ်က ဗိုလ်နဂါးရဲ့ BNRA ဟာ စစ်ရေးဖော်ဆောင်ဖို့ထက် ဆိုရှယ်မီဒီယာမှာ သင်္ကြန်သီချင်းတွေ သီဆိုပြတယ်၊ သင်္ကြန်အကတွေ က ပြတယ်။ ဗိုလ်နဂါးရဲ့ BNRA ဟာ စစ်ရေးဖော်ဆောင်မှုတွေ မလုပ်နိုင်တာ သိသိသာသာမြင်လာရတယ်။

ဒီလိုနောက်ကြောင်းရာဇဝင် ကောက်ကြောင်းအကျဉ်းကို ပြန်ပြောရခြင်းဟာ လက်ရှိဖြစ်လာတဲ့ အကျိုးဆက်တွေကို ဆင်ခြင်သုံးသပ်နိုင်ဖို့ပါ။ တချို့ကိစ္စတွေဟာ အဖြူ၊ အမဲ မသဲကွဲနေပါဘူး။ ဘယ်သူမှားတယ်၊ ဘယ်သူက မှန်တယ်လို့ ကောက်ချက်ချဖို့က ထင်ထင်ရှားရှား ဖြစ်မနေဘူး။ နိုင်သူရေးစတမ်း ရာဇဝင်ကျမ်း၊ မှတ်တမ်းတွေဟာ သံသယဖြစ်စရာ၊ ချင့်ချိန်သုံးသပ်စရာ များစွာရှိနေတယ်ဆိုတာ ထောက်ရှုဖွယ်ရာဖြစ်လို့ အခုလို ပြန်ပြောရခြင်းပါ။

NUG ဟာ ပြုပြင်ပြောင်းလဲမှုတချို့ကို ၂၀၂၆ နှစ်ဆန်းမှာကတည်းက လက်တွေ့လုပ်ခဲ့တယ်။ စစ်ဆင်ရေးတွေကို NUG၊ MoD ရယ်လို့ ပိုင်ပိုင်နိုင်နိုင် ဖော်ဆောင်လာတာမျိုးတွေ တွေ့လာရတယ်။ ပုလဲနယ်ထဲမှာ NUG ကို ပြဿနာရှာပြီး ခလုတ်ကသင်းလိုဖြစ်နေတဲ့ ဗိုလ်နဂါးရဲ့ BNRA ကို ဖေဖော်ဝါရီလ တတိယပတ်ထဲမှာတော့ NUG က ပိုင်ပိုင်နိုင်နိုင်နဲ့ အပြတ်ရှင်းဖို့ ထိုးစစ်ဆင်ပါတယ်။ ဗိုလ်နဂါးရဲ့ စစ်ဆေးရေးဂိတ်တွေကို ဒရုန်းတွေနဲ့ ဝင်တိုက်တယ်။

ပြေးစရာမြေမရှိ၊ ထွက်ပေါက်ပိတ်နေတဲ့ ဗိုလ်နဂါးကို ဖေဖော်ဝါရီလ ၁၈ ရက်မှာ စစ်တပ်က ရဟက်ယာဉ်နဲ့ ခေါ်ထုတ် သွားပါတော့တယ်။ အဲဒီလိုခေါ်ထုတ် မခံလိုက်ရခင် နာရီပိုင်းအလိုမှာ ဘီဘီစီက ဗိုလ်နဂါးနဲ့ အင်တာဗျူးခဲ့ရာမှာ NUG ဘက်က တိုက်ခိုက်မှုတွေကို ကျော်လွှားဖို့ ခက်လိမ့်မယ်လို့ ဆိုခဲ့ပါသေးတယ်။

“ဘယ်လိုသဘောနဲ့ လုပ်လဲ မသိပါဘူး။ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ ယုံကြည်ဖို့လည်း ခက်သွားသလို စစ်မှန်တဲ့ တော်လှန်ရေး အနာဂတ်ပျောက်တယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်” လို့ ပြောသွားတဲ့အကြောင်း ဘီဘီစီမှာ ဖော်ပြခဲ့ပါတယ်။

ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချလိုက်တဲ့နောက်မှာတော့ NUG က အရေးပေါ်သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပြီး ဗိုလ်နဂါးကို လူသတ်အလောင်းဖျောက်မှု၊ သက်ငယ်မုဒိမ်းမှုအပါအဝင် အမှု ၇ မှုရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

BNRA က တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကလည်း တော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်သွားဖို့ NUG ထံ လက်နက်ချ ပူးပေါင်းခဲ့ပါတယ်။

စစ်ကောင်စီလက်ထဲ ဗိုလ်နဂါးရောက်သွားပြီးနောက်ပိုင်း ပုလဲမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်ကြုံခဲ့ရကာ စစ်ရေးသတိရှိကြဖို့ကိုလည်း တပ်ဖွဲ့တွေကြား အပြန်အလှန်သတိပေးပြီး နေရာရွေ့ပြောင်းတာတွေ လုပ်ခဲ့ရပါတယ်။

စစ်ကောင်စီလက်ထဲ ဗိုလ်နဂါးရောက်သွားတဲ့အတွက် သူ့ကိုထောက်ခံသူတွေနဲ့ NUG ထောက်ခံသူတွေကြား အပြန်အလှန် ပြစ်တင်ဝေဖန်သံတွေ ညံခဲ့တယ်။ အကျိုးမရှိတဲ့ သူ မှားတယ်၊ ကိုယ် မှန်တယ်ဆိုတာတွေ သက်သေပြကြရင်း မိတ်ဖက်အချင်းချင်း ပဋိပက္ခဖြစ်ကြတယ်။ ဒီဝေဖန်သံတွေကို အချိန်ပိုင်းအတွင်း ဖုံးလွှမ်းသွားတဲ့သတင်းတစ်ခုကတော့ NUG ဝန်ကြီးချုပ်ရုံး၊ အမြဲတမ်း အတွင်းဝင် ဒေါ်ကြည်ပြာ တိုင်ကြားခံထားရတဲ့အမှုကို ရုတ်တရက်ထုတ်ပြန်တဲ့ သတင်းပါ။ တိုင်ကြားခံရမှုမှာ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ကြည်ပြာဟာ အပြစ်မရှိကြောင်းနဲ့ ချိုချိုသာသာပြောဆိုဆက်ဆံဖို့ ပြင်းထန်စွာ သတိပေးဆိုပြီး ထုတ်ပြန်ပါတယ်။

လူတွေအားလုံးရဲ့ အာရုံက ဗိုလ်နဂါးဆီရောက်နေတဲ့အချိန်မှာ NUG က အဲဒီထုတ်ပြန်ချက်ကို ရုတ်တရက် ထုတ်ပြန်လိုက်တာပါ။ NUG ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ကြတဲ့ တိုင်တန်းသူတွေ၊ CDM တွေဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေးလုပ်ငန်းတွေကို ရပ်နားမယ့်အကြောင်း အသီးသီးစာထုတ်ပြန်ခဲ့ကြပါတယ်။

ဒေါ်ကြည်ပြာအမှုကို ဝေဖန်မှုတွေ မြင့်တက်လာတဲ့အခါ ဒေါက်တာဇော်ဝေစိုးအပါအဝင် NUG ဝန်ကြီးတချို့ဟာ ဒေါ်ကြည်ပြာအမှုစုံစမ်းစစ်ဆေးခဲ့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေက မျိုးစုံသောမေးခွန်းတွေ မေးမြန်းခဲ့ပေမယ့် NUG တာဝန်ရှိသူတွေထံက မေးခွန်းနဲ့ တိုက်ရိုက် ဆိုင်တဲ့အဖြေတော့ ရမသွားကြပါဘူး။ NUG ဟာ စုံစမ်းစစ်ဆေးမှုတွေကို ချပြဖို့ထက် သူတို့ပေးချင်တဲ့သတင်းစကားကို ပေးရုံမျှလောက်ပေးဖို့ စဉ်းစားပြီး ပေါ့တန်တန်လုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမျှသာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီးမှာ အတိုင်ကြားခံရတဲ့ ဒေါ်ကြည်ပြာဟာ ရာထူးကနေ နှုတ်ထွက်သွားပါတယ်။ အဲဒီနောက် အမှုမှန်ပေါ်ပေါက်စေလိုတဲ့အတွက် သပိတ်မှောက်ထားတဲ့ CDM အဖွဲ့တွေကလည်း သပိတ်ပြန်လှန်တာတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကိစ္စက ဒီမှာ မပြီးသွားပါဘူး။ ဒေါ်ကြည်ပြာအမှုနဲ့ပတ်သက်လို့ တိုင်ကြားသူတွေရဲ့ အချက်အလက်တွေဟာ အမေရိကားမှာရှိနေတဲ့ ဦးမျိုးရန်နောင်သိမ်းဆီက ဆက်တိုက်ထွက်လာပါတယ်။ ဒေါ်ကြည်ပြာတို့လင်မယားနှစ်ယောက် ဘက်နေက ကာကွယ်သလို တိုင်ကြားသူတွေကိုလည်း အပြင်းအထန် ဝေဖန်ထိုးနှက်ပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူရဲ့ ဓာတ်ပုံကိုပါ ဆိုရှယ်မီဒီယာမှာ ဖော်ပြပြီး အတိုင်ခံရတဲ့ ဒေါ်ကြည်ပြာအမျိုးသားဘက်ကနေ ရပ်တည်ပါတယ်။

ဒီအဖြစ်က ဘာကို အမှတ်ရစေသလဲဆိုရင် ဗိုလ်နဂါးနဲ့ ပန်ဆယ်လိုကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန်စွပ်စွဲဆဲဆိုကြတဲ့ အဖြစ်ကို အမှတ်ရစေပါတယ်။ ပြဿနာတစ်ခုကို တရားဝင်အဖွဲ့အစည်းတစ်ခုအနေနဲ့ ဂုဏ်သိက္ခာရှိရှိ ပြေလည်အောင် ဖြေရှင်းကြတာမျိုး မဟုတ်ဘဲ၊ ‘အများညီ ဤ ကျွဲဖတ်’ ဆိုတာမျိုး၊ မှားတာ၊ မှန်တာထက် ရေများရေနိုင်၊ မီးများမီးနိုင်၊ အဆဲသန်သူသာ အနိုင်ဆိုတဲ့ နိမ့်ကျတဲ့အလေ့တစ်ခုနဲ့ ဖြေရှင်းကြတယ်။

ဒီလိုဂုဏ်သိက္ခာမဲ့တဲ့ဖြေရှင်းမှုမျိုးကို နိုင်ငံရေး ဦးဆောင်မှုပေး နေသူတွေ၊ လူထုထောက်ခံမှုရနေပါတယ်ဆိုတဲ့ သူတွေက ရှေ့ဆောင်လမ်းပြလုပ်နေကြတာဟာ ကောင်းမွန်တဲ့အလေ့အထ မဟုတ်ဘူးဆိုတာ သတိကပ်သင့်တယ်။ ဒါက အလေ့အထ တစ်ခုလိုဖြစ်လာရင် နိုင်ငံ့အနာဂတ်အတွက် ရင်လေးစရာဆိုတာ နားလည်သင့်တယ်။

မိတ်ဖက်ပဋိပက္ခတွေနဲ့ပတ်သက်လို့ တဆက်တည်းထပ်ပြောရရင် လက်ရှိမှာ ဖေဖော်ဝါရီ ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက်တဲ့ ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့ – People’s Revolution Armed Force (PRAF) ရဲ့ ခေါင်းဆောင် ဘိုးတော်နီ(ခ)ဗထူးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ယင်းမာပင်ခရိုင် စစ်ဒေသကွက်ကဲရေးက ဖမ်းဆီးသွားပါတယ်။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် ဗိုလ်နဂါးနဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ဖမ်းဆီးသွားတာလို့ သိရပါတယ်။

တချို့ကိစ္စတွေဟာ ညောင်မြစ်တူးမှ ပုတ်သင်ဥပေါ် တာမျိုးဖြစ်ရင်၊ တော်လှန်ရေးမိတ်ဖက်အချင်းချင်းပဋိပက္ခတွေ နက်သထက် နက်လာရင်၊ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်သလိုမျိုး ကြုံရမှာပါ။ စစ်အာဏာရှင်တော်လှန်ရေးအတွက် အားအင်မဖြစ်ဘူးဆိုတာ သတိချပ်သင့်စရာပါ။

စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်ရေးကို မကြိုးပမ်းကြတာမျိုတော့ မဟုတ်ပါဘူး။ ညီညွတ်ရေးထက် မညီညွတ်မှုတွေက ပိုမိုကျယ်လောင်နေတဲ့သဘောပါ။

အခု ဖေဖော်ဝါရီ ၂၇ ရက်ကဆိုရင် NUG နဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA)တို့ တွေ့ဆုံခဲ့တာရှိပါတယ်။ SRA အဖွဲ့ဟာ NUG ကွက်ကဲမှုအောက်မှာ မရှိတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်း ထားတာပါ။ ဒီလိုတွေ့ဆုံမှု၊ နားလည်မှုတွေယူပြီး စုစည်းနိုင်မှသာလျှင် စစ်အာဏာရှင် တော်လှန်ရေးခရီးဆုံးက အမြန်ဆုံးရောက်နိုင်မှာပါ။

တဖက်မှာလည်း ရွေးကောက်ပွဲကျင်းပထားတဲ့ မင်းအောင်လှိုင်ဟာ အစိုးရတစ်ရပ်ဖွဲ့နိုင်ဖို့ ကြိုးပမ်းနေသလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ အာဆီယံရဲ့ အသိအမှတ်ပြုမှုကို ရယူနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ အရှေ့တီမောနိုင်ငံက စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားမျိုးနွယ်ပေါ် ရာဇဝတ်ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ တိုင်တန်းမှုတွေကို လက်ခံခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီကလည်း အရှေ့တီမောနိုင်ငံရဲ့ သံအရာရှိကို မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာတော့ ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးဟာလည်း ဖေဖော်ဝါရီ ၂၈ ရက်မှာ ပိတ်သိမ်းတော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို ရုရှာ၊ ဘီလာရုစ် နဲ့ တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံတချို့သာ အစိုးရအဖြစ်အသိအမှတ်ပြုကြပြီး ကမ္ဘာ့နိုင်ငံအများစုကတော့ ဒီနေ့အထိ အသိအမှတ်မပြုသလို စစ်တပ်ကျင်းပတဲ့ရွေးကောက်ပွဲကိုလည်း အတုအယောင်အဖြစ်သာ သဘောထားပြီး အသိအမှတ်မပြုကြပါဘူး။ ၅ နှစ်တိုင်တိုင် အခုလို အစိုးရအဖြစ်အသိအမှတ်ပြု မခံရတာဟာ တနည်းအားဖြင့် နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုပါ။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နိုင်ငံတကာရဲ့ထောက်ခံမှုကို မရသလို ပြည်တွင်းထဲမှာလည်း ပြည်သူတွေရဲ့ ထောက်ခံမှုရနေတာ မဟုတ်ပါဘူး။ တိုင်းရင်းသားပြည်နယ်တွေနဲ့ တိုင်းဒေသကြီးအများစုမှာလည်း ဒီနေ့အထိ အုပ်ချုပ်ရေးယန္တယားကို သေချာစွာ လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေဆဲပါ။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုတွေဟာလည်း အဆက်မပြတ်ပါပဲ။ ဖေဖော်ဝါရီ ၂၄ ရက်မှာဆိုရင် ရခိုင်ပြည်၊ ပုဏ္ဏာကျွန်းမြို့နယ်၊ ယိုးငူရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ ၁၈ ဦးအထိ သေဆုံးသွားခဲ့ပါတယ်။ အာရက္ခတပ်တော်(AA) နဲ့ အပစ်အခက်ရပ်ဆဲဖို့ တရုတ်ကို အကူအညီတောင်းထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတဲ့တစ်ပြိုင်တည်း အခုလို လေကြောင်းဗုံးကြဲခြင်း ခံလိုက်ရတာပါ။ ဒါကြောင့် အခုလို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အာရက္ခတပ်တော်(AA) ကို ဖိအားပေးတာလား၊ AA နဲ့ ရခိုင်ပြည်သူကြား ရန်တိုက်ပေးတာလားဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ပြည်တွင်းစစ်မီးတောက်လောင်နေခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးကလည်း အများကြီး အာရုံမစိုက် နိုင်တော့ပါဘူး။ ဆီးရီးယားပြည်တွင်းစစ်၊ ယူကရိန်း-ရုရှားစစ်၊ အစ္စရေး-ဂါဇာစစ်နဲ့ အခု ပါကစ္စတန်-အာဖဂန်နစ္စတန်စစ်၊ အီရန်-အစ္စရေး-အမေရိကန်စစ်ပွဲတွေကြောင့် ကမ္ဘာကြီးကိုယ်တိုင်လည်း စစ်မီးတောက်လောင်နေတာပါ။ အီရန်နိုင်ငံကို နှစ်ပေါင်း ၄၀ နီးပါးအုပ်ချုပ်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီဟာ ဖေဖော်ဝါရီ ၂၈ ရက် အမေရိကန်-အစ္စရေးရဲ့ အီရန်အပေါ် ပူးတွဲဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးမှာ သေဆုံးခဲ့ပါတယ်။ စစ်ပွဲဟာ အခုမှ အစပိုင်းပဲရှိပါသေးတယ်။

လက်ရှိမှာ ကမ္ဘာ့ရေနံဈေးခုန်တက်သွားတာ၊ မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို လေယာဉ်ဆီတွေ လျှိုဝှက်ထောက်ပံ့နေပါ တယ်ဆိုတဲ့ အီရန်အစိုးရကိုယ်တိုင် တိုက်ခိုက်ခံရတာတွေကြောင့် လေယာဉ်ဆီထောက်ပံ့မှုလျော့နည်းသွားမလားဆိုတဲ့ မှန်းဆချက်တော့ရှိပါတယ်။

ကျိန်းသေတာကတော့ မြန်မာ့အရေးဟာ ကမ္ဘာ့အလယ်မှာ ထင်သလောက် ခရီးမပေါက်နိုင်ဘူးဆိုတာပါပဲ။ နိုင်ငံတကာ အကူအညီဆိုတဲ့ ထင်သလောက် ခရီးမပေါက်နိုင်တဲ့ မျှော်လင့်ချက်တွေကို စွန့်ပြီး လက်တွေ့ကျတဲ့ ပြည်တွင်းက အင်အားစုတွေ၊ တော်လှန်ရေးမိတ်ဖက်တွေနဲ့ ညီညွတ်မှု၊ စုစည်းမှုတွေ တည်ဆောက်ကာ စစ်အာဏာရှင်ကို တော်လှန်ရဖို့သာ အခရာဖြစ်လာပါတယ်။

နွေဦးတော်လှန်ရေးကြီးဟာ ညီညွတ်မှုနဲ့ ရှေ့ဆက်နိုင်မလား၊ အာဏာရှင်မင်းအောင်လှိုင်ကပဲ အသာရသွားမလားဆိုတာ ရှေ့အပတ်တွေမှာ စောင့်ကြည့်ရမှာပါ။ စစ်အာဏာရှင်စနစ် အမြန်ဆုံးကျရှုံးပါစေ၊ ပြည်သူအားလုံး စစ်ကျွန်ဘဝက လွတ်မြောက်ပါစေ။

Leave a Comment