လင်းဇေ ရေးသည်။
မဏ္ဍိုင်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆။
NUG အဖြစ်က ဖွတ်မရ ဓားမဆုံးဆိုတာမျိုး။ ဖွတ်ကို ဖမ်းဖို့ကြိုးစားခဲ့တာလား၊ တောခြောက်ခဲ့လေသလား မသေချာပေမယ့် ဖွတ်ကတော့ ကြောက်လန့်တကြား မင်းအောင်လှိုင်အပါကို အသာအယာခိုလှုံသွားလေ သည်ပေါ့။ ခက်တာက တကယ့်ဖွတ်ဆို ပြဿနာမရှိ၊ အခုက ဗိုလ်နဂါး။ အညာဒေသ ပုလဲနယ်မှာ လက်နက်ကိုင် တော်လှန်ရေး ငါးနှစ်မျှ ဦးဆောင်ခဲ့သူ။ လက်နက်ကိုင်တော်လှန်ရေး ငါးနှစ်တာမျှအချက်အလက်တွေကို ပိုက်ထွေးထားသူ။
ဒီလူဟာ စစ်တပ်နဲ့ အဆက်အဆံရှိနေတယ်ဆိုတာ အရင်ကတည်းက သိသားပဲ၊ ဒီလူဟာ ဒီလိုလုပ်မယ်ဆိုတာ ငါတို့က ကြိုသိပြီးသားဆိုတဲ့သူတွေ မင်းအောင်လှိုင်လက်ထဲ ဒီလူ ရောက်သွားဖို့အရေး တွေးမပူကြလားလို့ တွေးမိတယ်။ ဒီလူဟာ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေ ကျူးလွန်ထားတယ်ဆိုတာ သိပြီးသာလို့ဆိုတဲ့သူတွေ ဘာလို့များ အစောကတည်းက မပြောခဲ့လေသလဲလို့ တွေးမိတယ်။
သူခိုးပြေးမှ ထိုးကွင်းထ ဆိုသလို ဗိုလ်နဂါး ရန်သူ့လက်ထဲရောက်သွားတော့မှ ဗိုလ်နဂါးရဲ့ ကျူးလွန်ထားတဲ့ မကောင်းမှုများစွာကို တန်းစီကာ ထုတ်ပြတယ်။ ဒါပေမဲ့ အခြေအနေက မိုးလွန်မှ ထွန်ချသလိုဖြစ်နေပြီ။ ဘယ်သတင်းမီဒီယာမှလည်း ဗိုလ်နဂါးကို မေးလို့ မရတော့ဘူး၊ နီးစပ်ရာတွေကို စုံစမ်းလို့ မဖြစ်နိုင်တော့ဘူး။ ဗိုလ်နဂါးလည်း ပြန်လည်ချေပခွင့်၊ ရှင်းပြခွင့် မရှိတော့ဘူး။
အဲတော့ NUG ရဲ့ ထုတ်ပြန်မှုဟာ မကျိုးမရှိ အချည်းအနှီး။ အပုပ်ချရုံ၊ ဆဲရုံမျှထက် ဘာမှ မပိုဘူး။ ဗိုလ်နဂါးနဲ့ ဆက်ဆံရေး အဆင်မချောခဲ့တဲ့ NUG ရဲ့ လိုရင်းကလည်း သန္ဓေမမှန်တဲ့ ဗိုလ်နဂါးကို အပုပ်ချရုံ၊ ဝိုင်းဆဲရုံမျှ လောက်နဲ့ ကျေနပ်သွားပုံရတယ်။
NUG ဟာ ဗိုလ်နဂါးရဲ့အမှုပေါင်းများစွာကို ထုတ်ပြန်ရုံနဲ့ မပြီးသေးဘူး၊ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကပါ အပူပိုင်းဒေသမှာ ပေါက်ဖွားတတ်တဲ့ သံကောင် သံသရာကို သရုပ်ဖော်ပုံနဲ့ ထုတ်ပြလိုက်သေးတယ်။ သံကောင် က နဂါးမျက်နှာနဲ့။ လှောင်းစရာလိုလို ရယ်စရာလိုလို လုပ်လိုက်သေးတယ်။
ဒါပေမဲ့ နဂါးဖြစ်စဉ်က လှောင်စရာ၊ ရယ်စရာမဟုတ်ဘူး၊ အပုပ်ချရုံ၊ အတင်းအဖျင်းပြောရုံ၊ ဝိုင်းဆဲရုံလောက်နဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်ဘူးဆိုတာ စစ်တပ်လက်ထဲ ဗိုလ်နဂါးရောက်သွားတာနဲ့ ပုလဲနယ်မှာ စစ်ရေးသတိရှိကြဖို့ စာထုတ်ရတာ၊ မြေပြင်တပ်တွေ အရွေ့အပြောင်းလုပ်ရတာ၊ စစ်တပ်ရဲ့ လေကြောင်းဗုံးလာကြဲတာတွေက သက်သေပဲ။
နဂါးအဖမ်းခံရပြီး အချည်းအနှီးအဖြစ်ဆုံးကိစ္စက NUG ထောက်ခံသူ၊ နဂါးထောက်ခံသူဆိုပြီး တော်လှန်ရေး အင်အားစုကြား အချင်းချင်း အငြင်းပွားကြတာ။ အားရဝမ်းသာအချင်းချင်း ဘလိန်းကြတာပဲ။ ဗိုလ်နဂါးဟာ မန္တလေးနန်းတွင်းထဲရောက်တဲ့အထိ စစ်တပ်နဲ့ဆက်ဆံရေးရှိတဲ့ဆိုတဲ့အချက်ဟာ အမေရိကားရောက် ပန်ဆယ်လိုဆီက မထွက်ဘဲ သတင်းမီဒီယာကသာ ရခဲ့မယ်ဆိုရင် အတင်းအဖျင်းလောက်နဲ့ ပြီးသွားမယ် မထင်ဘူး။ အခုလည်း တကယ့်သတင်းလား၊ အတင်းအဖျင်းလာတော့ မသဲကွဲဘူး။ စစ်တပ်ဟာ သူ့အပင်သူ ပြန်နှုတ်သွားတယ်တို့၊ နဂါးဟာ စစ်တပ်ထည့်ထားတဲ့လူဆိုတာတို့တော့ သည်းသည်းမဲမဲဝေဖန်နေကြတာ။
ဘယ်လောက်အထိ ဝေဖန်မှုက မြင့်တက်လာသလဲဆိုရင် ဗိုလ်နဂါးကို ထောက်ခံနေသူတွေ၊ ထောက်ခံဖူး၊ ဆက်ဆံဖူးသူတွေကိုတောင်မှ စစ်တပ်ရဲ့ သူလျှိုလိုလို၊ စစ်တပ်ကို ထောက်ခံနေသလိုလို၊ စစ်တပ်လူလိုလို ဝေဖန်ပြီး ရန်သူတွေထပ် မွေးဖွားနေလိုက်ကြတာများ မြင်မကောင်းဘူး။ ရန်ငါစည်းတွေ ပြတ်နေလိုက် ကြတာ များ သူတို့ကိုယ်သူတို့ ခြောက်ပစ်ကင်း သဲလဲစင်တွေ အတိုင်းပဲ။ ဖွတ်မရ ဓားမ ဆုံးတဲ့ကိစ္စက အဲဒီက စတာ။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး လုပ်လာတဲ့ကာလတစ်လျှောက် ၂၀၂၆ ခုနှစ်မှသာ ထူးထူးခြားခြား အပြောတွေလျော့ပြီး လက်တွေ့မြင်ပြင်ဆင်း အလုပ်လုပ်လာတာလို့ ယူဆမိတယ်။ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ မြေပြင်ဆင်းမယ်၊ အပြောင်းအလဲတွေလုပ်မယ်ဆို ပြီး ပြောခဲ့တာတွေဟာ အခုနှစ်ဆန်းပိုင်းမှာဖြစ်လာတာ မြင်ရတယ်။ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ လေမထွားဘူး၊ မကြွာဝါဘူး။ အလုပ်နဲ့ သက်သေပြတာတွေ မြင်တွေ့လာရတယ်။ စစ်ရေးအရ၊ နိုင်ငံရေးအရ တိုင်းရင်းသား အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေဟာ အားရစရာပါ။
ဒီလိုအခြေအနေမှာ NLD လွှတ်တော်ကိုယ်စားလှယ်၊ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ အမှုဟာ နွားနို့ခွက်ထဲ မစင်ကျသလိုအဖြစ်ပါ။ အခုခေတ်ကာလအခြေအနေအရ ဒီကိစ္စဟာ အနံ့ထွက်လာတာ၊ တိုင်ကြားခံရတဲ့အထိဖြစ်လာတာဟာ ပြေးကြည့်စရာ မလိုဘူး၊ တွေးကြည်ရုံနဲ့ သိနိုင်တာမျိုး။ ဒီကိစ္စကို ကိုင်တွယ်တတ်ရင် ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ NUG အတွက် သားရွှေအိုးထမ်းမယ့်အဖြစ်။ လူထု ထောက်ခံမှုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဝန်းရံမှုကို ပိုရမယ့်ကိစ္စ။
ဒါပေမဲ့ ကာလရှည်ကြာ ဆုံးဖြတ်ချက်မထုတ်ပြန်တဲ့ ဒေါ်ကြည်ပြာအမှုဟာ ဗိုလ်နဂါးစစ်တပ်ထံမှာ လက်နက်ချ အဖမ်းခံတဲ့အကြောင်း မြဝတီသတင်းမှာ ကြေညာသွားတာနဲ့ မရှေးမနှောင်းခင်မှာပဲ ထွက်လာတယ်။
ဒေါ်ကြည်ပြာရဲ့အမှုကို စုံစမ်စစ်ဆေးချက်အရ ရာထူးတာဝန်မှာ အနားပေးလိုက်ပြီဆိုတဲ့ ဆုံးဖြတ်ချက်သာထွက် လာရင် လူထုတုန့်ပြန်မှု ဘယ်လိုရှိမယ်ဆိုတာ စာဖတ်သူ ခံစားကြည့်။
ဒါပေမဲ့လည်း ဒေါ်ကြည်ပြာရဲ့အမှုဟာ ရောင်တော်ပြန်နဲ့ ရောလွှတ်တယ်ဆိုတာမျိုး။ အချိန်အခါ မသင့်ဘူး။ နေထွက်အောင်တောင် မစောင့်နိုင်ဘူး။ ချိုသာစွာပြောဆို ဆက်ဆံဖို့ ပြင်းထန်စွာသတိပေးတယ်တဲ့။ ရိုက်တော့ ရိုက်တယ် ဖော့ရိုးနဲ့ဆိုတာမျိုး။
နောက်ဆုံးအကြိမ် ရက်ရက်စက်စက်ပြင်းပြင်းထန်ထန် သတိပေးတယ်ပဲဆိုဆို ထွက်လာတဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ့်လူကိုယ်ကာကွယ်သွားတာ၊ တော်လှန်ရေးကြီးတစ်ခုလုံးကို မျက်ကွယ်ပြုပြီး NLD အချင်းချင်းညီညွတ် သွားတာ၊ ဝန်းရံသွားကြတာလို့ပဲ အများမြင်သွားတယ်။ အညာဒေသမှာ NUG ဖမ်းထားတဲ့ လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်တဲ့ ပသုံးလုံးတရားခံတချို့ အချုပ် ဖောက်၊ ထောင်ဖောက် ထွက်ပြေးသွားတဲ့အဖြစ်သာ မြင်ယောင် မိတယ်။
တဖက်မှာတွေးစရာဖြစ်တာက ဗိုလ်နဂါးတပ်ဖွဲ့ကို PDF တွေ အသက်ပေးတိုက်ခဲ့တာဟာ ဒေါ်ကြည်ပြာအမှု ထုတ်ပြန်ဖို့အတွက် လုပ်ခဲ့လေသလားဆိုတာမျိုးအထိ သေးသိမ်သွားတယ်။
မြေပြင်မှာ အသက်၊ သွေး၊ ချွေးတွေနဲ့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့အချိန် ဝန်ထမ်းတစ်ဦးရဲ့ မလျော်ဩဇာ သုံးတာ၊ အနေအထိုင်မတတ်တာ၊ အကျင့်ပျက်ခြစားတာတွေကို NUG က အရေးမယူနိုင်တာဟာ အံ့ဩစရာ။ ဒါ့အပြင် NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကိုယ်တိုင်ကလည်း ကိုယ့်အဖွဲ့အစည်း သိက္ခာကျမယ့် ကိစ္စ၊ အဝေဖန်ခံရမယ့်ကိစ္စ၊ လူသိရှင်ကြား အပုပ်နံ့ထွက်၊ အမျိုးမျိုးဝေဖန်နေတဲ့ကိစ္စမှာ ကိုယ့်အကျိုးသာ ကိုယ်ကြည့်ပြီး အဖွဲ့အစည်းအတွက် ကာကွယ်မပေးနိုင်တာ၊ လက်ရှိ ရာထူးတာဝန်တွေကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားပြီး နှုတ်ထွက်မပေးချင်တာ၊ အဲဒီ စိတ်ဓာတ်အခြေခံနဲ့ အတွေးအခေါ်ကိုတော့ ဩချလောက်တယ်။ အံ့ဩရတယ်။ (အခုတော့ ကျန်းမာရေးကြောင့် နူတ်ထွက်စာတင်တယ်ဆိုတဲ့သတင်းတွေ ထွက်လာတယ်၊ ဒါပေမဲ့ အချိန်လွန်ကုန်ပြီ)
ဒီလိုစိတ်အခြေခံ၊ အပြုအမှုတွေရှိနေသ၍ တိုင်းရင်းသားအဖွဲ့တွေနဲ့ လူထုကို ဘယ်လိုကိုယ်စားပြုမှာလဲ၊ တော်လှန်ရေးခရီးကို ဘယ်လို ခရီးဆက်မှာလဲလို့ တွေးမိတယ်။
ဘုရားပြီးလို့ ငြမ်းဖျက်ချင်တာတွေ၊ ဘုရားထီး ဖြစ်ချင်နေတာတွေကို ခဏဘေးချိတ်လို့ တစ်တိုင်းပြည်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ တော်လှန်ရေးဆက်လုပ်မှာလား၊ ကိုယ့်အစုအဖွဲ့၊ အဝန်းအဝိုင်း လေးအတွက် မြွေမသေတုတ်မကျိုးရုံဆက်အလုပ်လုပ်နေမှာလားဆိုတာ မှန်ထဲကြည့်ပြီး ပြန်မေးသင့်ပြီ။
အခုတော်လှန်ရေးလုပ်နေကြတဲ့ CDM တွေက သူတို့ရဲ့သက်ဆိုင်ရာအလုပ်တွေကို ရပ်နားမယ်လို့ ထုတ်ပြန်ချက် တွေ အသီးသီးထုတ်ပြန်နေကြပြီ။ စိတ်ပူစရာကောင်းတာ တစ်ခုက ဒီတော်လှန်ရေးအင်အားစုတွေကို စစ်တပ်နဲ့ ပေးစားမှာ၊ ဒလန်လိုလို သူလျှိုတွေလိုလို စွပ်စွဲမှာ၊ Third Party လို့ တံဆပ်ကပ်လိုက်မှာ တစ်ချက်ပဲ။ အဲဒီလို အတွေးပေါ်ရင်တော့ နွေဦးတော်လှန်ရေးအစပိုင်းမှာ ကိုယ်ကိုယ်တိုင် “ရုံးမတတ်နဲ့ ရုန်းထွက်”၊ “အိမ်မှာ နေပါ ဇိမ်နဲ့ ဇိမ်” လို့ အော်ဟစ် ကြွေကြော်ခဲ့တာတွေကို သတိပြန်ရပါ။
“ပေါ့စေလို့ ကြောက်ရုပ်ထိုးမှ ဆေးအတွက်လေး” ခဲ့ရတဲ့ သတင်းစာရှင်းလင်းပွဲကြီးဟာလည်း အမှားပေါ်၊ အမှားဆင့်တဲ့ လုပ်ရပ်တစ်ခုသာဖြစ်သွားရတယ်။
ဆရာကြီးဒေါက်တာဇော်ဝေစိုးဟာ နိုင်ငံရေးသမားပဲ ပီသသွားတာလား၊ တကယ်ပဲမသိရှာတာလား မပြောတတ် ဘူး၊ လဲစရာအဝတ်တောင် မဝယ်နိုင်ဘူး၊ ဖုန်းတွေ၊ ကွန်ပျူတာတွေတောင် ကွဲနေပြီဆိုတော့ NUG ဝန်ကြီးတွေရဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ကားတွေ၊ တိုက်တွေကို လိုက်ပြီး စုံစမ်းရတော့ မလိုမျိုး။ သူတို့သွားတတ်တဲ့ ကလပ်တွေ၊ သောက်တတ်တဲ့အရက်နာမည်တွေ စာရင်းပြုစုရတော့မလိုမျိုး။
မြန်မာစကားပုံထဲမှာ ဖွတ်မရ၊ ဓားမဆုံးခဲ့တဲ့ သူဟာ ဓားတစ်ချောင်းတည်း ဆုံးခဲ့တာ။ အခု NUG ကတော့ ဖွတ်လည်းဆုံး၊ ဓားမလည်းဆုံး၊ ဓားမဆုံးတာမှ တစ်လတ်တည်း မဟုတ်ဘူး၊ နှစ်လတ် နှစ်လတ်လို့ ဆိုရတော့မယ်။