လူထုဆန္ဒကို လှစ်ဟပြခဲ့သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ

(အယ်ဒီတာ့ အာဘော်)

မဏ္ဍိုင်၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆။

အပိုင်းပိုင်းခွဲကာ ရှုပ်ရှုပ်ထွေးထွေးကျင်းပခဲ့သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ပြီးဆုံးသွားခဲ့လေပြီ။ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နှင့် ၂၅ ရက်တွင် ကျင်းပခဲ့သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသို့ သွားရောက် မဲမပေးကြသည့် ပြည်သူ အများအပြားရှိသည်ကို တွေ့ရသည်။

ပြည်သူလူထုသည် မဲမပေးခြင်းဖြင့် စစ်တပ်ကို အလိုမရှိကြောင်း၊ စစ်တပ်ကျင်းပသည့် ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း တဖက်လှည့်ဖြင့် အသံတိတ် ဆန္ဒပြဖော်ထုတ်လိုက်ခြင်းပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနက မှတ်ယူပါသည်။

၂၀၂၁ တိုင်းပြည်အာဏာသိမ်းပြီးနောက် နိုင်ငံရေးထွက်ပေါက်မဲ့နေသော စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပပေးမည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့ရာက ၂၀၂၆ နှစ်ဆန်းပိုင်းတွင် ၎င်းတို့စိတ်ကြိုက်ရွေးကောက်ပွဲတစ်ခုကို ကျင်းပနိုင်ခဲ့သည်။

လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်သည်ဟု ၎င်းတို့က အာပေါင်အာရင်းဖြင့် ပြောနေသည့်တိုင် ရွေးကောက်ပွဲကျင်းပသည့်အချိန် မဆိုထားနှင့် ရွေးကောက်ပွဲမကျင်းပမီအချိန်ကတည်းကပင် ရွေးကောက်ပွဲကို ဝေဖန်သည့်အတွက်ဟုဆိုကာ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းများရှိခြင်းကြောင့် ယခုရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိသည်ဆိုခြင်းအပေါ် မေးခွန်းထုတ်စရာပင် မလိုတော့ပေ။

ယခုရွေးကောက်ပွဲသည် အာဏာသိမ်းစစ်တပ်၏ နိုင်ငံရေးထွက်ပေါက်တစ်ခုဖြစ်သကဲ့သို့ မင်းအောင်လှိုင်သမ္မတ ဖြစ်ချင်သည့် နိုင်ငံရေးထောင်ချောက်တစ်ခုလည်းဖြစ်သည်။

နှစ်ရှည်လများစွာ အမြစ်တွယ်နေသည့် နိုင်ငံရေး ပြဿနာကိုပင် မဆိုထားနှင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးကိစ္စအဝဝ၏ အဖြေလည်း မဟုတ်ပေ။ ရွေးကောက်ပွဲကျင်းပပြီး အစိုးရဖွဲ့နိုင်သည်ဟုဆိုသည့်တိုင် အဆိုပါ အစိုးရသည် လက်ရှိ တိုင်းပြည်အာဏာသိမ်း ထားသည့် စစ်ကောင်စီကို အသွင်းပြောင်းလိုက်ခြင်းသာဖြစ်ပြီး ဘာမျှထူးခြားလာလိမ့်မည်မဟုတ်။

ထို့ကြောင့် စစ်ကောင်စီက ကျင်းပသည့် ရွေးကောက်ပွဲကို အာဆီယံအပါအဝင် နိုင်ငံတကာက အသိအမှတ် မပြုခဲ့ပေ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ နိုင်ငံတကာက အသိအမှတ်ပြုခြင်း၊ မပြုခြင်းက အရေးမကြီးဘဲ ကိုယ့်ပြည်တွင်းက ကိုယ့်ပြည်သူများ မဲပေးခြင်း ကိုသာ အသိအမှတ်ပြုသည်ဟုဆိုသည့်တိုင် လက်တွေ့၌ မဲဆန္ဒရှင်ပြည်သူအများစုကလည်း မဲမပေးခဲ့ကြပေ။

စစ်ကောင်စီ၏အဖြစ်က တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့်အပြင် မဲရုံထောင်ပေးပြီး ရွေးကောက်ပွဲကျင်းပသည့်တိုင် ပြည်သူများ မဲလာမပေးကြသည့်အဖြစ်နှင့် ရင်ဆိုင်နေရသည်။

ဤနေရာတွင် ဖြည့်စွက်ပြောလိုသည်မှာ မဏ္ဍိုင်သတင်းဌာနအနေဖြင့် ဒီမိုကရေစီနည်းစနစ်တစ်ခုဖြစ်သော လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပခြင်းကို အပြည့်အဝထောက်ခံသည်။ သို့သော် စစ်တပ် ကျင်းပသည့် ရွေးကောက်ပွဲကိုတော့ တရားမျှတပြီး လွတ်လပ်သည့်ရွေးကောက်ပွဲမဟုတ်ဟု ယုံကြည့်ထား သဖြင့် လုံးဝထောက်ခံမှု မရှိကြောင်း အထူးပြုပြောလိုပါသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲကို မဖြစ် ဖြစ်သည့်နည်းဖြင့် ကျင်းပခဲ့ပြီး ၎င်းတို့ကို ထောက်ခံကြသည့် လူတစ်စု၏ ထောက်ခံမှုဖြင့် လွှတ်တော်ခေါ်ကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးများကို အကောင်အထည်ဖော်တော့မည်ဖြစ်သည်။

သို့သော် လူထုထောက်ခံမှု မရသည့် စစ်ကောင်စီသည် ရှေ့ဆက်၍ အကျပ်အတည်းများသာ ရင်ဆိုင်လာရမည် သာဖြစ်သည်။

၎င်းတို့အတွက် လုပ်ကွက်က သိပ်မကျန်တော့ပေ။ လှုပ်လေ မြုပ်လေဖြစ်လာနေသည်။ ယင်းသို့ဖြစ်နေခြင်းမှာ ပြည်သူလူထု၏ ထောက်ခံမှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု မရခြင်းကြောင့်သာ ဖြစ်သည်။

ထို့ကြောင့် စစ်တပ်ကို အစဉ်တစိုက် နည်းမျိုးစုံဖြင့် ကန့်ကွက်ခဲ့ကြသည့် ပြည်သူများ၊ စစ်တပ်ကျင်းပသည့် ရွေးကောက်ပွဲ၌ ပူးပေါင်းပါဝင်ခြင်း၊ မဲပေးခြင်းမပြုလုပ်ခဲ့ကြသည့် ပြည်သူများ၏ ရပ်တည်ချက်ကို ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနက ဂုဏ်ပြုမှတ်တမ်းထိုးအပ်ပါသည်။

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။