မဏ္ဍိုင်၊ စက်တင်ဘာ ၂၈၊ ၂၀၂၅။
မန္တလေးလို့ပြောလိုက်ရင် လူတချို့က မဟာမြတ်မုနိ၊ နန်းမြို့ရိုး၊ ကျုံး၊ မန္တလေးတောင်၊ တောင်သမန်အင်းနဲ့ ဦးပိန်တံတား စတဲ့ မန္တလေးဖြစ်ကြောင်း ပြနေတဲ့ သင်္ကေတတွေကို မြင်ယောင်ကြလိမ့်မယ်။
ကျမအတွက်ကတော့ အဲလိုမဟုတ်ဘူး။ မန္တလေးဆိုတဲ့ နာမည်ကိုကြားလိုက်ရင်၊ မန္တလေးလို့ ပြောလိုက်ရင် ကျမစိတ်ထဲ မြင်ယောင်မိတာ မန္တလေးမှာ ကျမရင်းနှီးဖူးတဲ့ လူတချို့နဲ့ သူတို့အသံ၊ သူတို့ဟန်ပန်တွေပါ။ မန္တလေးကို ပထမဆုံးအကြိမ်ရောက်ဖူးတော့ ကျမပထမဆုံး သွားကြည့်ချင်တဲ့ နေရာ၊ မြင်ဖူး ချင်တဲ့အရာက လူထုတိုက်ပါ။
ကျမနဲ့ ရင်းနှီးခင်မင်သိကျွမ်းဖူးတဲ့ မန္တလေးသား၊ မန္တလေးသူ သိပ်များများစားစားတော့ မရှိလှဘူး။ ဂျာနယ်လစ် တစ်ယောက်အနေနဲ့ရော၊ စာပေမြတ်နိုးသူတယောက်အနေနဲ့ရော ကျမတွေ့ကြုံ ခင်မင်ဖူးသူ တချို့ဟာ စာပေ သမားနဲ့ ဂျာနယ်လစ်တွေအများစုပါပဲ။ ပြောရရင် ရင်ဘတ်တူ၊ ကျင်လည်ရာ ရပ်ဝန်းတူသူ တွေနဲ့ချည်း ခင်မင် သိကျွမ်းခဲ့ဖူးတာပါပဲ။ တချို့က သိရုံပဲသိတယ်၊ မကျွမ်းခဲ့ဘူး။ တချို့က ခင်မင်ရုံပဲ ခင်မင်ခဲ့တယ်၊ မရင်းနှီးခဲ့ဘူး။
ဘယ်လိုပဲ သိကျွမ်းကြုံတွေ့ရသူဖြစ်ပါစေ ကျမစိတ်နှလုံးထဲ အမြဲစွဲနေတဲ့ သညာတခုကတော့ မန္တလေးသား တွေဟာ အင်မတန် ယဉ်ကျေးကြတယ်၊ ဇာတိချစ်စိတ်၊ မြို့ချစ်စိတ်၊ သူတို့မန္တလေးက လွဲရင် ကျန်တဲ့မြို့ကို မြို့မထင်တတ်တဲ့အစွဲနဲ့ အတုယူစရာကောင်းတဲ့ ကိုယ်အမူအယာ၊ နှုတ်အမူအယာရှိသူတွေဆိုတဲ့ အသိ တရားတစ်ခုပဲ။
ဒီနေရာမှာ မန္တလေးသားလို့ ဘာကြောင့်ပြောရသလဲဆိုရင် မန္တလေးက အမျိုးသားမိတ်ဆွေတွေရဲ့ ယဉ်ကျေးတဲ့ အပြောအဆို၊ လေသံ၊ ဟန်ပန်က ကျမအတွက် တကယ်ကို ထူးခြားလို့ပဲဖြစ်ပါတယ်။ ကျမခင်မင်ရင်းနှီးဖူးတဲ့ အမျိုးသားမိတ်ဆွေတွေဆီမှာ မကြုံရ၊ မကြားရဖူးတဲ့ ယဉ်ကျေးပုံ၊ သိမ်မွေ့ ပုံနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့ ဟန်ပန် အမူအယာတွေကို မန္တလေးက အမျိုးသား မိတ်ဆွေတွေနဲ့ ခင်မင်ဖူးမှ ကွဲပြားခြားနားချက်ကို သတိမူမိတယ်လို့ ဆိုရမယ်။
ကျမ ခင်မင်ခဲ့ဖူးတဲ့ မန္တလေးနယ်ခံစာပေသမားတွေထဲ သင့်နော်(ဥတ္တရလွင်ပြင်)က မှတ်မှတ်သားသား ပါဝင်ခဲ့ပါ တယ်။ ခင်မင်ရုံပဲခင်မင်ခဲ့ပြီး အရမ်းကြီးမရင်းနှီးခဲ့တဲ့ မန္တလေးကမိတ်ဆွေလို့ ဆိုရမှာပါ။ ဖေ့စ်ဘုတ်ပေါ်မှာ မိတ်ဆွေ ဖြစ်တော့မှ နာမည်ရင်း က ဦးသန်းဌေးဆိုတာ သိရတဲ့ ဆရာသင့်နော်(ဥတ္တရလွင်ပြင်)နဲ့ မိတ်ဆက်ပေးတာက (ကျမ အမှတ် မမှားဘူးဆိုရင်) မန္တလေးသား စာရေးဆရာ၊ သတင်းစာဆရာ ကိုသန်းနိုင်ဦးပါ။
ကျမအတွက် ပထမဆုံးခင်မင်ဖူးတဲ့ မန္တလေးသားတယောက်ကို ပြပါဆိုရင် လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က ရန်ကုန်က သတင်းစာပညာအခြေပြုဆောင်းပါးရေးနည်းသင်တန်းတခုမှာ စဆုံဖူးတဲ့ ကိုသန်းနိုင်ဦးကို လက်ညှိုးထိုး ပြရမယ်။
သူဟာ ကျမ စာတွေသိပ်မရေးဖြစ်ဘဲ ကာလကြာနေရင် “ငါ့နှမ ညည်းစာတွေ မတွေ့ရတာကြာနေပြီ၊ စာတွေ ရေးနော်၊ အဆက်မပြတ်စေနဲ့” ဆိုတာမျိုး၊ စာရေးဖြစ်လို့ စာမျက်နှာပေါ်မှာ မြင်ရရင်လည်း “ငါ့နှမ၊ ညည်းရေး ထားတာ ဘယ်အပိုဒ်မှာ ဘယ်လို” စသဖြင့် တခုတ်တရလာလာပြောပြီး စာရေးဖြစ်အောင် ကျောကို ကြိမ်လာ လာ တို့တဲ့ ဆရာလို မိတ်ဆွေမျိုးပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ကျော်က သတင်းအလုပ်ကိစ္စတခုနဲ့ မန္တလေးကိုရောက်တော့ ကိုသန်းနိုင်ဦးက ကျမကို သိသင့်၊ ခင်မင်သင့်သူတွေနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး သူ့ဆိုင်ကယ် နောက်ကနေတင်ပြီး ဥတ္တရ လွင်ပြင်ကို ခေါ်သွားတာ။ ဥတ္တရလွင်ပြင်ကို ကျမ မွေးပြီး ၃ နှစ်လောက်မှာ တည်ထောင်သူ ၂ ဦးက စတင်ဖွင့်လှစ်ခဲ့ကြတယ်။ အဲဒီ ၂ ဦးထဲက တစ်ဦးက ဆရာသင့်နော်ပါပဲ။
အင်မတန်အနုပညာဆန်ပြီး စိတ်ရောကိုယ်ပါ လွတ်လပ်သွားသလို ခံစားရစေတဲ့ နာမည်လို့ ကျမအမြဲမှတ်မိနေတဲ့ “ဥတ္တရလွင်ပြင်”ကိုရောက်တော့ စာအုပ်တွေကြားထဲ အလုပ်ရှုပ်နေတဲ့ ဆရာသင့်နော်ကို တွေ့ရတယ်။
ကိုသန်းနိုင်ဦးက ကျမကို ရန်ကုန်ကလာတဲ့ သတင်းထောက်ဆိုပြီး မိတ်ဆက်ပေး၊ ဆရာကလည်း ဆိုင်ဖွင့်ရင်း၊ သူ့စာအုပ်တွေကို နေရာချရင်း ကျမတို့ကို ဧည့်ခံစကားပြောတယ်။ သူ့ထက် အသက်ထက်ဝက်နီးပါးငယ်တဲ့ ကျမကို နာမည်ရှေ့မှာ “မ” တပ်ပြီးခေါ် ရင်း ခင်မင် နှစ်လိုစရာကောင်းတဲ့ အပြုံးချိုချိုနဲ့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး စကားပြောတဲ့ ဆရာသင့်နော်ရဲ့ ဟန်ပန်ကို ကျမအမြဲမှတ်မိနေခဲ့တယ်။
မန္တလေးသားမဟုတ်ပေမယ့် မန္တလေးသားတွေမှာတွေ့ရတတ်တဲ့ ဟန်နဲ့အတူ၊ စကားပြောရင်းနဲ့ တခါတလေ ဂျစ်တစ်တစ်၊ ကြွပ်ဆတ်ဆတ် အမူအယာလေးတွေကို ဆရာသင့်နော်ဆီမှာ တွေ့ရတတ်တယ်။
အဲဒီတုန်းက ဆရာသင့်နော်က ကျမကို ပန်သစ္စာဂျာနယ်အပြာရောင်လိုဂိုလေးနဲ့ တီရှပ်လေး တထည်ရယ်၊ ဂျာနယ်တစောင်ရယ် လက်ဆောင်ပေးခဲ့ပြီး၊ အဲ့အင်္ကျီလေးကို ကာလအတော် ကြာကြာ တန်ဖိုးထားပြီး ဝတ်ခဲ့ဖူးတယ်။ အဝတ်ပုံထဲက အဲ့အင်္ကျီလေး ဆွဲထုတ်လိုက်တိုင်း ဥတ္တရလွင်ပြင် ဆိုတဲ့ နာမည်လေးကို တတွဲတည်း မှတ်မှတ်ရရ ဖြစ်ခဲ့တယ်။
နောက်နှစ်အတန်ကြာတော့ မန္တလေးကို ထပ်ရောက်တဲ့အခါ ဥတ္တရလွင်ပြင်ကို ချီတက်တော့ ဆရာသင့်နော်က ဆိုင်မဖွင့်ဘူး။ မန္တလေးတက္ကသိုလ်ဝင်းထဲမှာ လုပ်မယ့် အခမ်းအနားတခုအတွက် ကြိုတင်အစည်းအဝေးရှိလို့ သွားမယ်ဆိုတော့ ကျမတို့လည်း နောက်ကနေ လိုက်သွားကြတာ။ အဲဒီတုန်းက ဆရာညီပုလေးနဲ့ဆုံခွင့်ရခဲ့တယ်။ အလုပ်ရှုပ်နေမှာ စိုးလို့ ကြာကြာမနေဘဲ ဆရာတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။ အဲဒါ ဆရာသင့်နော်နဲ့ လူချင်း ဆုံခဲ့တာ ဒုတိယအကြိမ်နဲ့ နောက်ဆုံးပါပဲ။
နောက်တော့ လူမှုကွန်ရက်မှာ “ဆရာ ပိန်သွားတယ်”၊ “ဝလာတယ်” ၊ “အော်… အသက်လေး ရလာတော့ အရင်ထက်စာရင် အဘိုးအိုပုံလေး ပေါက်လာပြီ” စသဖြင့် မြင်နေတွေ့နေရတယ်။ ကျန်းမာနေတာ၊ လုပ်စရာရှိတာတွေ လုပ်နေတာကို မြင်နေရတယ်။ တခါတရံ မှတ်ချက် ဝင်ရေးတာလောက်နဲ့ သတိတရ ရှိခြင်းတွေကို ပြဖြစ်တာပဲရှိခဲ့တယ်။
အဲဒီနောက် ကျမလည်း မန္တလေးကို ပြန်မရောက်ဖြစ်တော့ဘူး။ တိုင်းပြည်အေးချမ်းလို့ ခရီးသွားနိုင်တဲ့တနေ့ ရောက်ရင် မန္တလေးကိုတော့ တခေါက်တကျင်းပြန်ရောက်အောင် သွားမယ်၊ ရောက်ဖြစ်ခဲ့တဲ့အချိန်ကျ ကျမမှတ်မှတ်ရရ သွားတွေ့မယ်လို့ စာရင်းချထားတဲ့သူတွေ၊ နေရာတွေရှိတယ်။ အဲဒီလူတွေ၊ နေရာတွေထဲ ဥတ္တရလွင်ပြင်စာပေနဲ့ အဲဒီစာအုပ်ဆိုင်ထဲ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ ဆရာသင့်နော်လည်း အပါအဝင်ပဲ။
အခုကတော့ မန္တလေးကိုရောက်အောင်သွားမယ့် စိတ်ကူးကို အကောင်အထည်မဖော်နိုင်ခင်မှာ ဆရာသင့်နော်က သူ့ကိုချစ်ခင်သူတွေကို ထားခဲ့ပြီး သံသရာခရီးရှည်ကြီးကို နှင်သွားခဲ့ပြီ။ မကျန်းမာဖြစ်နေတယ်လို့လည်းအရင်က မကြားဖူး၊ နေထိုင်မကောင်းနာတာရှည်ဖြစ်နေတယ်လို့လည်း အရင်က မသိဖူးဘဲ ရုတ်တရက်မြန်မြန်ဆန်ဆန်ကြီး လောကကြီးထဲက ထွက်ခွာသွားတဲ့ ဆရာသင့်နော်က သူ့မိတ်ဆွေတွေကိုရော၊ သေခြင်းတရားကိုရော သန်သန် မာမာနဲ့ အနိုင်ပိုင်းသွားသလိုပါပဲ။
လူ့သက်တမ်းတွေ တိုသထက်တိုလာတဲ့ကာလမှာ အသက် ၈၀ နီးပါးအဘိုးအိုတယောက်အရွယ် အထိ သူလုပ် ချင်ရာတွေလုပ်၊ သူရေးချင်ရာတွေရေးပြီး သူတန်ဖိုးထားတဲ့စာပေသမားဘဝနဲ့ သူ့ဘဝကို ဖြတ်သန်းသွား လိုက်တာ၊ အားကျစရာကောင်းလိုက်လေခြင်းလို့ တွေးမိတဲ့အတွေးက တော်တော်နဲ့ မရပ်ဘူး။
ဥတ္တရလွင်ပြင်ကနေ သံသရာလွင်ပြင်ကျယ်ကြီးထဲ ခရီးဆက်သွားတဲ့ ဆရာသင့်နော် ငြိမ်းချမ်း ပါစေလို့ မငြိမ်းချမ်းတဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ကျန်နေခဲ့ရတဲ့ မိတ်ဆွေတယောက်အနေနဲ့ အလေးအနက် ဆုတောင်းပါတယ်။
တမြို့တည်းသားလည်းမဟုတ်၊ အမြဲရောက်နေကြ၊ အမြဲဆုံနေကြလည်း မဟုတ်၊ သက်တူရွယ်တူ လည်းမဟုတ်၊ လုပ်ငန်းခွင်တူတာလည်းမဟုတ်တဲ့အတွက် ဆရာသင့်နော်နဲ့ ဆုံတွေ့ခဲ့ရဖူးခြင်းက ဖျတ်ကနဲကြုံဆုံ ခဲ့ရခြင်းလို့ နာမည်တပ်ရမယ်။
ဒါပေမယ့် အဲဒီဖျတ်ကနဲဟာ ဘယ်တော့မှ မမေ့မယ့် ဖျတ်ကနဲပါပဲ။
8 comments
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://accounts.binance.com/en-ZA/register-person?ref=B4EPR6J0
betaobetbr… Give it a try if you are feeling lucky. Nothing beats just winging it and trying out random gambling apps on the internet! This one might be worth a shot. Give it a try –> betaobetbr
98jili https://www.98jilig.com
phtaya11 https://www.phtaya11y.com
gojackpot https://www.nugojackpot.org
H555gamelogin makes getting into the action pretty simple. I had no issues logging in and the site looks decent too. Give it a whirl people h555gamelogin.
Golo789game knows how to keep things interesting. There’s always something fresh and exciting to try out. Go now and visit golo789game.
I just discovered Plataformanovabet and I must say, it’s user-friendly and offers a great selection of games! A fantastic choice for those seeking an immersive gaming journey. Check it out at plataformanovabet.