မဏ္ဍိုင်၊ ဩဂုတ် ၁၃၊ ၂၀၂၅။
မဲဆိုင်ကိုသွားတာ အခုနဲ့ဆိုရင် သုံးခေါက်မြောက်ပါ။ ပထမနှစ်ခေါက်ကတော့ အလည်အပတ်ပုံစံမျိုး ဧည့်သွား ဧည့် လာဆိုတော့ ရေးချင်စိတ်လည်းမဖြစ်သလို ရေးစရာလည်း သိပ်တွေ့တယ်မထင်ခဲ့ဘူး။
ဒီတစ်ခေါက်မှာတော့ မဲဆိုင်ကို တစ်ယောက်တည်း ဘတ်စ်ကားနဲ့သွားရဖို့ဖြစ်လာတယ်။ မဲဆိုင်အပြင် မဲဆိုင်ကနေ နာရီဝက်လောက်သွားရင် ရောက်တဲ့နာမည်ကျော် ရွှေတြိဂံကိုလည်း သွားရမယ်။ အလုပ်ကိစ္စလည်းပါသလို ရက် ကြာကြာလည်းနေခဲ့ရတော့ မဲဆိုင်နဲ့ ရွှေတြိဂံကို ရေးချင်စိတ်ပေါက်လာတယ်။
အလုပ်ကိစ္စနဲ့ဆိုတော့ အပေါ်ယံလည်ပတ်တာထက် ပိုပြီး သတင်းအချက်အလက်လည်း အစုံရတယ်။ လူအမျိုးမျိုး အထွေထွေနဲ့လည်းဆုံရ စကားတွေပြောခဲ့ရတယ်။ တွေ့ခဲ့ဆုံခဲ့တဲ့ သူတွေအကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းလှတယ်။ ဒါကြောင့် မဲဆိုင်နဲ့ရွှေတြိဂံကို သွားရောက်ခဲ့တာတွေကို ခရီးသွားဆောင်းပါးအဖြစ်ရေးဖို့ ဆုံး ဖြတ်လိုက်တယ်။
ကျွန်တော်နေတဲ့ ချင်းမိုင်မြို့ကဆိုရင် မဲဆိုင်ကို တောက်လျောက်မောင်းရင် ကားနဲ့လေးနာရီလောက်ပဲ မောင်းရတယ်။ လိုင်းကားနဲ့ဆိုတော့ ၅ နာရီလောက် စီးရတယ်။ လမ်းမှာ လူတင် လူချတာ၊ ချင်းရိုင်ဂိတ်ကို ဝင်တာ စသဖြင့် တစ်နာရီလောက်အချိန်ကြာသွားတော့ ၅ နာရီပေါ့။
ချင်းမိုင်ကနေ မဲဆိုင်သွားတဲ့လမ်းမှာ ချင်းရိုင်ဆိုတဲ့ မြို့လေးရှိတယ်။ ချင်းမိုင်ကနေဆိုရင် ၃ နာရီပဲ သွားရတယ်။ ချင်းရိုင်က မဲဆိုင်နဲ့ ပိုနီးတယ်။ တစ်နာရီခရီးပဲ။ မဲဆိုင်ဆိုတာက ထိုင်းနိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံးမြို့ပဲ။ ဟို ဘက်မှာ မြန်မာနိုင်ငံ၊ ရှမ်းပြည်အရှေ့ခြမ်းနဲ့ ထိစပ်နေတယ်။ မဲဆိုင်ဟိုဘက်က တာချီလိတ်မြို့။ ပြောရရင် မဲဆောက်လို နယ်စပ် မြို့ပေါ့ ။

ထိုင်းနိုင်ငံကို ဒေသအလိုက် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊တောင်ပိုင်းဆိုပြီးခွဲထားပါတယ်။ မြောက်ပိုင်းမှာ ခရိုင်တွေဖြစ်တဲ့ Chiang Mai, Chiang Rai, Lampang, Phayao, Nan ပါပါတယ်။ မဲဆိုင်က ချင်းရိုင်ခရိုင်ထဲမှာပါ။အလယ်ပိုင်းနဲ့တောင်ပိုင်းကတော့ ဘန်ကောက်တို့ ဖူးခက်တို့လို ပင်လယ်ကမ်းခြေတွေများစွာရှိတဲ့ စီးပွါးရေးအချက်အချာကျတဲ့ မြို့ကြီးတွေပါ။
ချင်းမိုင် ကားကြီးဝင်းကနေ ညနေ ၃ နာရီလက်မှတ်ဖြတ်လိုက်တယ်။ ချင်းမိုင်မဲဆိုင်က တစ်နာရီတစ်ခါ လိုင်းကား တွေရှိတော့ လက်မှတ်ကြိုဝယ်စရာ မလိုဘူး။ ကိုယ်ကားဂိတ်ကိုရောက်တဲ့အချိန် အဆင်သင့်တဲ့ ကားကို လက်မှတ် ဖြတ်ဝယ်စီးရုံပဲ။
၃ နာရီမှာ ကားစထွက်တယ်။ ကျွန်တော်တို့ကားမှာ လူချောင်တယ်။ ကားက Central ကုန်တိုက်ဘေးကနေ မြို့ရဲ့ အရှေ့ဘက်တည့်တည့် Doi Saket လမ်းမကြီးအတိုင်း တည့်တည့်မောင်းနေတယ်။ ထိုင်းနိုင်ငံရဲ့ လမ်းမတွေဟာ တော့ ပြောစရာမလိုအောင် ကောင်းမွန်၊ ကျယ်ပြန့်၊ ညက်ညောနေတယ်။ လမ်းတွေဟာ ဘယ်နေရာကြည့်ကြည့် သန့်ရှင်း သပ်ရပ်နေတယ်။
ထိုင်းမှာ တစ်ခုထူးခြားတာက ယာဉ်မောင်းတွေက အင်မတန်စိတ်ရှည်ကြတာပဲ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကို လိုက်နာကြတယ်။ အချက်ပြ မီးတွေကိုလည်း မမေ့မလျော့ လူတိုင်း အသုံးပြုကြတယ်။ ဒါကြောင့်ထိုင်းမှာ ယာဉ်မောင်းရတာဟာ လုံခြုံတယ်လို့ ခံစားရပြီး စိတ်ချမ်းသာဖို့ကောင်းပါတယ်။ စနစ်ကောင်းတစ်ခုအောက်မှာ လူတွေက စနစ်တကျပဲ လူပ်ရှားနေထိုင်ကြတော့ လမ်းပေါ်မှာ ပူလောင်ပြီး ဟွန်းတီးတာကိုလည်း မတွေ့ရဘူး။

နာရီဝက်လောက် မောင်းပြီးတော့ တောင်တက်လမ်းကို စတက်ရတယ်။ ထူးခြားတာက တောင်တက်လမ်း တစ် လျောက်လမ်းတွေနဲ့ တောင်သားနံရံတွေကို အသေအချာထိန်းသိမ်းထားတာပါ။ တချို့နေရာတွေဆို အင်္ဂတေနဲ့ မံ ထားသလို ကျောက်ခဲတွေကို စီ၊ သံဇကာကွက်တွေနဲ့ အုပ်ထားတာလည်း တွေ့ရတယ်။
မြန်မာမှာဆို အဲဒီလို ထိန်းသိမ်းစီမံထားတဲ့နေရာ သိပ်မတွေ့မိဘူး။ ဒါကြောင့်လည်း မိုးတွင်းရောက်တိုင်း တောင် တက် ကားလမ်းတွေမှာ မြေပြိုကျလို့ ကားလမ်းတွေပိတ်နေတာတွေ ခဏခဏ တွေ့နေရတယ်။ လက်ရှိ စစ်ကောင်စီ မကျမခြင်း တိုင်းပြည်က နလံထူဖို့ မလွယ်တော့ဘူး။ ကျန်တဲ့ကဏ္ဍတွေ အသာထား သဘာ၀ပတ်ဝန်း ကျင် ပြဿနာတွေတင် ဖြေရှင်းရမှာ ၁၀ စုနှစ်နဲ့ချီနိုင်တယ်။
သစ်တောပြုန်းတာတွေ၊ ပင်လယ်ရေမြင့်တက်လာတာတွေ ၊ မိုးခေါင်ရေရှား ၊ မုန်တိုင်းနဲ့ ရေကြီးတဲ့ဒဏ်တွေဟာ နှစ်စဉ် ခံနေရဆဲပဲ။ ကာကွယ်ဖို့အသာထား ဖြစ်လာရင်တောင် ကူရာကယ်ရာမဲ့နေရတဲ့ဘ၀တွေ။ အခုဒီနိုင်ငံမှာ တော့ လမ်းဘေးတစ်လျောက် သစ်ပင်သစ်တောတွေကို ထိန်းသိမ်းထားတာ မြင်ရတာ အားကျစရာပါ။ လမ်းဘေးဝဲ ယာမှာလည်း သစ်ပင်သစ်တောတွေက စိမ်းစိုနေတာပဲ။ နေရာတိုင်းမှာ အပင်တွေ စိမ်းစိမ်းစိုစိုနဲ့ မြင်ရတာ စိတ်အေးချမ်းစေပါတယ်။
အိမ်တိုင်းနီးပါး အပင်တွေ စိုက်ကြသလို တောင်တွေတောတွေ သစ်ပင်တွေကိုလည်း ဥပဒေနဲ့ တင်းတင်း ကျပ်ကျပ် အကာအကွယ်ပေးထားတယ်။ ဘေးမဲ့တောတွေ၊ သဘာ၀ဥယျာဉ်တွေဆိုတာ ချင်းမိုင်မြို့တစ်ခု တည်းမှာတင် အများကြီးရှိတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အပန်းဖြေစရာလုံခြုံတဲ့နေရာအဖြစ် ခရီးသွားလုပ်ငန်း အကြီးအကျယ်ဖွံ့ဖြိုးနေတာပါ။
ဒါတွေကိုမြင်ရတွေ့ရတာဟာ ကိုယ်လက်ရှိနေထိုင်တဲ့နိုင်ငံအတွက် မုဒိတာပွားရသလို ကိုယ့်နိုင်ငံအတွက်လည်း သက်ပြင်းသာအခါခါ ချမိပါတော့တယ်။ သဘာ၀ပတ်ဝန်းကျင်သတင်းတွေရေးတိုင်း ကြားရတဲ့ သတင်းမှန် သမျှဟာ အဘက်ဘက်မှာ အောက်ကို ထိုးကျနေတာကြောင့်ပါ။

ကျွန်တော်စီးတဲ့ကားဟာ ချင်းရိုင်ထဲကို ဝင်လာပါပြီ။ ချင်းရိုင်ဆိုတာကလည်း မြန်မာတွေ ၊ ရှမ်းတွေ၊ လားဟူနဲ့ အာခါ တိုင်းရင်းသားတချို့လည်း နေထိုင်ကြပါတယ်။ ဒါ့အပြင် ချင်းရိုင်က တက္ကသိုလ်တွေမှာလည်း မြန်မာကျောင်း သားတွေ တက်နေကြတာ မနည်းပါဘူး။ ထိုင်းနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မြန်မာတွေက ရှိနေတာပါ။
ကိုယ့်ရဲ့တိုင်းပြည်မှာ နေထိုင်ဖို့တောင် လုံခြုံမှုမရှိတဲ့ အခြေအနေမှာ လူငယ်၊ လူလတ်နဲ့ လူကြီးတွေပါမကျန် နိုင်ငံ ကနေ အသီးသီးထွက်ခွာလာကြရတာပါ။ ပြောရမယ်ဆိုရင် ထိုင်းတင်မကပါဘူး။ ကမ္ဘာအရပ်ရပ်မှာ မြန်မာတွေ ရေကြည်ရာ မြက်နုရာအလိုက် ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။
ချင်းရိုင်ကားဂိတ်တွေမှာ လူတင်/လူချ ပစ္စည်းချတာတွေလုပ်ပြီး ပြန်ထွက်လာခဲ့ပါတယ်။ မဲဆိုင်ကိုတော့ ည ၈ နာရီလောက်မှာ ရောက်ပါတယ်။ ကျွန်တော့်သူငယ်ချင်းက ဆိုင်ကယ်နဲ့လာကြိုတယ်။ ပြီးရင် ကျွန်တော်တို့ကို ရွှေတြိဂံလိုက်ပို့ပေးမယ့် မဲဆိုင်မှာနေတာကြာပြီဖြစ်တဲ့ သူတစ်ဦးနဲ့ မိတ်ဆက်ပေး၊ တွေ့ပေးမယ်လို့ဆိုတာကြောင့် သူ့ဆီတန်းထွက်လာခဲ့တယ်။

မဲဆိုင်ကားဂိတ်နဲ့ သွားမယ့်နေရာက ၁၀ မိနစ်သာသာပဲဝေးပါတယ်။ မဲဆိုင်မြို့က သိပ်မကျယ်လှဘူး။ မဲဆိုင်နဲ့ တာချီလိတ်ကို တိုးလျှိုပေါက်တဲ့ မိန်းလမ်းမကြီး တစ်ခုပဲ။ သူ့တစ်ဖက် တစ်ချက်မှာ လူနေရပ်ကွက်တွေပေါ့။ ပြီးရင် တောင်တန်းတွေက ၀ိုင်းရံထားတယ်။ မဲဆိုင်ကနေ လှမ်းကြည့်လိုက်ရင် ရှမ်းရိုးမတောင်တန်းကြီးကို လှမ်းတွေ့နေရပါတယ်။ ဒါကြောင့် ရှမ်းရိုးမနဲ့ ဆက်စပ်နေတဲ့ မဲဆိုင်ဟာ မိုးကာလမှာတောင် အအေးပိုပါတယ်။
ကျွန်တော် ဆောင်းတွင်းဘက် တစ်ခါရောက်တုန်းကဆို အနွေးထည်တောင် မချွတ်ရပါဘူး။ မဲဆိုင်မှာ ခရီးသွားတွေ အရမ်းလာကြတဲ့နေရာတစ်ခုလည်းရှိပါတယ်။ မဲဆိုင်နဲ့ တာချီလိတ် နယ်စပ်နားက တောင်ပေါ်မှာ ဆောက်လုပ်ထားတဲ့ မှန်တံတားတစ်ခုပါ။ အဲဒီနေရာကနေ တာချီလိတ်တစ်မြို့လုံးနဲ့ ရှမ်းရိုးမတောင်တန်းတွေကို မြင်ရပါတယ်။ ပြောရရင် ထိုင်းက မြန်မာဘက်က မြင်ကွင်းကိုပြပြီး ဝင်ကြေးကောက် စီးပွားရှာနေတဲ့သဘောပါ။
အခုကျွန်တော်ရောက်တော့ မဲဆိုင်ညဟာ ခပ်အေးအေးပါပဲ။ လူသွားလူလာလည်း မရှုပ်လှဘူး။ လမ်းမတွေဟာ စိုစွတ်နေတယ်။ ကျွန်တော် မလာခင်တစ်ရက်က ထိုင်းတစ်နိုင်ငံလုံး မိုးတွေရွာနေတာ။ မဲဆိုင်လည်းပါတယ်။ မဲဆိုင်က မိုးကာလဆိုရင် ချောင်းရေက အမြဲတက်တယ်။ အိမ်တွေ ရေမြုပ်တဲ့အထိဖြစ်တယ်။
ပြီးခဲ့တဲ့ရေကြီးတဲ့ ကာလကဆို တာချီလိတ်-မဲဆိုင်မှာ အိမ်တွေရေမြုပ်လို့ လူတွေကိုကယ်ထုတ်ရ၊ စားစရာတွေ တောင် ထိုင်းစစ်တပ်က ဟက်စကီးတွေနဲ့ လိုက်ချပေးခဲ့တဲ့ပုံတွေ၊ သတင်းတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့တယ်။ မြန်မာလူမျိုးတွေက ထိုင်းအဖွားအိုတစ်ယောက်ကို ကယ်ဆယ်နေတဲ့ ဓာတ်ပုံသတင်းတစ်ခုကြောင့်လည်း မြန်မာတွေ ဂုဏ်တက်ခဲ့ရသလို ထိုင်းနိုင်ငံသားတွေကလည်း ချီးကျူးခဲ့ကြတယ်။
အခုကျွန်တော် ရောက်တော့ မဲဆိုင်မှာ မိုးက တိတ်နေပါပြီ။ ရေက တက်ခါနီးဖြစ်နေတာပါ။ မဲဆိုင်နဲ့တာချီလိတ်ကို ပိုင်းခြားထားတဲ့ ရောက် (Ruak) မြစ်ကလည်း ရေပြန်တန့်သွားတယ်လို့ သူငယ်ချင်းက ပြောပြတယ်။ စကားတပြောပြောနဲ့ ဆိုင်ကယ်မောင်းလာရင်း တွေ့မယ့်နေရာကို ရောက်လာတယ်။ ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်းတစ်ခုပဲ။

တွေ့ရမယ့်သူက ကက်သလစ်ခရစ်ယာန်ဘုန်းကြီး(ဖာသာရ်)တစ်ပါးပါ။ ဖာသာရ်က အာခါလူမျိုး။ လာအိုကို ခဏခဏ ရောက်ဖူးတယ်။ ဧည့်သည်တွေ လာတိုင်းလိုက်ပို့နေကြ။ ဖာသာရ် ပုံစံက အရပ်မနိမ့်မမြင့် ၅ ပေ ၅ လောက်ရှိမယ်။ အသားဖြူဖြူ။ ခန္ဓာကိုယ်က အားကစားလုပ်ထားတဲ့ ပုံ ခပ်တောင့်တောင်။ ရုပ်ရည်ကလည်း ပြေပြစ်တယ်။
အဲ့ဒီ့ဖာသာရ်က မဲဆိုင်မှာ နေတာ ၄ နှစ်လောက်ကြာပြီ။ ၂၀၂၁ ကတည်းက မြန်မာပြည်က ထွက်လာတာပါ။ မဲဆိုင်က ကတ်သလစ်ဘုရားကျောင်းမှာ လက်ထောက်ဘုန်းကြီးအနေနဲ့ နေထိုင်နေတာပါ။ ဖာသာရ်က မတရားမှုကို မကြိုက်ဘူး။ ဒါကြောင့်လည်း နိုင်ငံရေးကို သိပ်နားမလည်ပေမယ့် မတရားအာဏာသိမ်းတာကို မထောက်ခံခဲ့ဘူး။
ဒီလိုမထောက်ခံတာကိုလည်း သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ မကြာခဏရေးတင်လေ့ရှိတယ်။ မတရားဘူးဆိုရင် စစ်ကောင်စီမှ မဟုတ်ဘူး။ NUG ကိုလည်း အမြဲဝေဖန်နေတဲ့သူပါ။ ဒါကြောင့်လည်း အာဏာသိမ်းပြီးနောက် ဒီမဲဆိုင်ဘက်ကို ပြောင်းလာရတာပါ။
ဖာသာရ်ဆီရောက်တော့ မပြီးသေးဘူး။ ဖာသာရ်က သူ့မိတ်ဆွေတစ်ဦးဖြစ်တဲ့ မဲဆိုင်က လမ်းဘေးမှာ တွန်းလှည်း လေးနဲ့ ဈေး(အစားအစာတစ်ခု)ရောင်းနေတဲ့ ဝန်ကြီးဆိုတဲ့သူ တစ်ယောက်နဲ့ ထပ်တွေ့ပေးမယ် မိတ်ဆက်ပေးမယ် ပြောသေးတယ်။ ဝန်ကြီးလို့ဆိုတာကြောင့် ကျွန်တော်လည်း စိတ်ဝင်စားသွားတယ်။ ကျွန်တော်က စိတ်ဝင်စားစရာသူတွေရဲ့ ဘ၀ဇာတ်လမ်းတွေကို Profile ရေးနေတဲ့သူဆိုတော့ Profile တစ်ခုတော့ရပြီဆိုပြီး ဝမ်းသာသွားတယ်။
ဖာသာရ်ကားနဲ့ပဲ အဲဒီဆိုင်ကို သွားကြတယ်။ ဆိုင်က လမ်းဘေးတွန်းလှည်းလေးနဲ့ပါ။ အဲ့ဒီနားမှာ လမ်းဘေးတွန်းလှည်းတွေ သုံးလေးခုတန်းပြီး ငါးကင်၊ ခေါက်ဆွဲသုပ်၊ ဝက်သားတုတ်တိုး ကြာဇံကြော်စသဖြင့် အစားအသောက်တွေ ရောင်းချနေကြတယ်။
နေရာက မဲဆိုင်က ရပ်ကွက်တစ်ခုထဲမှာပဲ။ အဲဒီနေရာက ဘီယာဆိုင်၊ ကာရာအိုကေတွေနဲ့ လူစည်ကားတဲ့ ရပ်ကွက်တစ်ခုပေါ့။ ကျွန်တော်တို့ရောက်တော့ အဲဒီဆိုင်တန်းထဲက တွန်းလှည်းဆိုင်တစ်ခုရဲ့နောက်မှာ အသားဖြူဖြူ မျက်နှာက နည်းနည်း နီစပ်စပ်ဖြစ်နေပြီး အစားအသောက်ချက်ပြုတ်ရင်ဝတ်ရတဲ့ အေပရွန်ဝတ်ထားတဲ့ ခပ်ပြည့်ပြည့် ထောင်ထောင်မောင်းမောင်းနဲ့ သူတစ်ဦးကိုတွေ့တယ်။

သူက လှီးဖြတ်စရာတွေကို ဖြတ်နေတယ်။ ဖာသာရ်ကိုတွေ့တော့ ဝမ်းသာအားရနူတ်ဆက် မိတ်ဆွေတွေ စကားပြောကြတယ်။ ကျွန်တော်တို့ကိုလည်း မိတ်ဆက်ပေးတယ်။ ဂျာနယ်လစ်တွေပါဆိုတော့ ခပ်ရှိန်ရှိန်ဖြစ်သွားသေးတယ်။ ဖာသာရ်ကတော့ ငါ့ဆီကို ဂျာနယ်လစ်တွေ ခေါ်ချလာပြီဆိုတဲ့ သဘောနဲ့ မျက်နှာကတွန့်ကနဲ ဖြစ်သွားတာ မြင်လိုက်ရတယ်။
တွန့်ကနဲဖြစ်သွားပေမယ့် စကားပြောရင်း စိတ်ရင်းကောင်းတဲ့သူဖြစ်တာကို သတိထားမိတယ်။ Profile လည်း ကောင်းကောင်း ရပြီဆိုတာလည်း သိလိုက်ရတယ်။ နောက် ရွှေတြိဂံသွားရင်း ရင်းနှီးသွားတော့မှ သူ့အကြောင်းတွေ ပြောပြတာ စိတ်ဝင်စားဖို့ကောင်းလှတယ်။ ဘာလို့ သူဒီမှာ ဇာတ်မြှုပ်နေရတာလည်း ဆိုတာတွေလည်းပါတယ်။
သူဖြတ်သန်းခဲ့တဲ့ အကြောင်းတွေ ကျွန်တော်တို့ စားသောက်ရင်းပဲ မိတ်ဆက်အနေနဲ့ ပြောဖြစ်ခဲ့ကြတယ်။ စကားပြောရင်းလည်း တစ်ယောက်နဲ့ တစ်ယောက် ဒုက္ခပေးမယ့်သူတွေ မဟုတ်ဘူးဆိုတာသိပြီး ပိုရင်းနှီးလာခဲ့တယ်။
သူကဝန်ကြီးတော့ မဟုတ်ဘူး။ ၂၀၂၀ မှာ အနိုင်ရခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ။ အမည်ရင်းကတော့ လုံခြုံရေးအရ ဖော်ပြလို့မရတဲ့အတွက် ဦးဇော်လို့ပဲထားလိုက်ပါတော့။ သူတို့ ၂၀၂၀ အနိုင်ရ ကိုယ်စားလှယ်တွေက လွှတ်တော်တက်ခွင့်မရခဲ့ဘဲ ထောင်ထဲပဲဝင်ခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ။

သူဆို ပြည်သူကြားကနေ တစ်ကယ်ပေါက်ဖွားလာတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်။ ဆရာဝန်လည်း မဟုတ်သလို အင်ဂျင်နီယာလည်း မဟုတ်ဘူး။ စျေးရောင်းစျေးဝယ်လုပ်နေရင်း ရပ်ရေးရွာရေးကို အင်မတန် ဝါသနာပါလို့ ပရဟိတတွေလုပ်ခဲ့ရာကနေ NLD ပါတီထဲဝင် ကိုယ်စားလှယ်လောင်းလျှောက် လွှတ်တော်အမတ်ဝင်ပြိုင်ရင်း မဲအသာနဲ့ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာ။
သူ့နယ်မှာ မဲသုံးသောင်းဆို စစ်တပ်မဲက တစ်ဝက်ရှိနေပြီးသား။ ဒီလိုအနေအထားကနေ မဲနိုင်အောင် အခက်အခဲတွေကြားက ကိုယ်တိုင် တောင်တွေတက် တောတွင်ဆင်းပြီး မဲဆွယ်စည်းရုံး အနိုင်ရခဲ့သူပါ။ ဒါပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှုအောက်မှာ သူ့ကြိုးစားမှုတွေဟာ သဲထဲရေသွန်သလိုဖြစ်ခဲ့ရတယ်။
သူက အခုတော့ စျေးရောင်းရင်းပဲ ဇာတ်မြှုပ် နေနေတော့တယ်။ ဒီအကြောင်းတွေကို သူက ကျွန်တော်တို့ကို ယုံကြည်လာတော့မှ ဖွင့်ဟခဲ့တာပါ။ Profile ရေးမယ်ဆိုတာလည်း ခွင့်ပြုခဲ့သလို အင်တာဗျူးလည်း သူကဖြေပေးခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာ မထုတ်ဖို့ သူကမေတ္တာရပ်တယ်။ ဘာလို့ဆို သူက အာဏာသိမ်းစ အဖမ်းခံခဲ့ရသလို ဒီဘက်ရှောင်တိမ်းလာတော့လည်း အမြဲစောင့်ကြည့်ခံနေရတယ်လို့ပြောပါတယ်။
သူတို့က တကယ်စိတ်စေတနာအမှန်နဲ့ ကိုယ့်ဒေသအတွက် ပေးဆပ်ဖို့ ဆုံးဖြတ်ထားကြတာ။ ဒေသအတွက် အကျိုးရှိမယ်ဆိုရင်လည်း ဘယ်သူ့မှ မထောက်မထား ပြောတတ်လုပ်ကိုင်ခဲ့သူပါ။ အခွင့်အရေးသမားတွေလိုလည်း ငွေရဖို့လုပ်တာမဟုတ်တဲ့အတွက် သူ့နယ်မှာတော့ တရားမဝင် စီးပွားရေးသမား၊ စစ်ကောင်စီနဲ့ ပေါင်းစားသူတွေက သူ့ကို အမြဲကြည့်မရဖြစ်နေတတ်တာကြောင့်ပါ။

အဲဒီညက စကားတွေအတော်ပြောဖြစ်ခဲ့ကြတယ်။ မနက်ဖြန် လာအို ရွှေတြိဂံကိုသွားဖို့ အစီအစဉ်ရေးဆွဲ ချိန်းဆိုတာတွေလည်း ပြောဆိုဖြစ်တယ်။ ပထမတော့ ဖာသာရ်ရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်း သုံးယောက်ပဲ ရွှေတြိဂံကို သွားမယ် စီစဉ်ထားရာကနေ စကားပြောရင်း ရင်းနှီးသွားတော့ ဦးဇော်ပါ လိုက်မယ်ဖြစ်သွားတယ်။ ဒါကြောင့် မနက်ဖြန် ၇ နာရီ စုရပ်တစ်ခုမှာ ဆုံဖို့ ချိန်းဆိုလိုက်ပြီး ကျွန်တော်တို့ ဟိုတယ်ကို ပြန်လာခဲ့လိုက်တယ်။
နောက်နေ့မနက်ကျတော့ ချိန်းဆိုထားတဲ့ မဲဆိုင်မြို့ထဲ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဆုံကြတယ်။ ဖာသာရ်ကတော့ ဘောင်းဘီရှည်အနက်နဲ့ စပို့ရှပ်အပြာရောင်ဝတ်ထားတယ်။ လည်ပင်းမှာ ဖာသာရ် အဆောင်အယောင် အဖြူရောင် (Roman Stick Collar) လေးနဲ့ပါ။ ( အဲ့ဒီ Stick Collar လေးကို ထိုးထည့်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ ရှပ်အင်္ကျီကော်လံမှာ အပေါက်လေးပါပါတယ်။)။ ဦးဇော်ကို ကြည့်လိုက်တော့ လူတောင်မှားသွားတယ်။ ညကစျေးရောင်းနေတဲ့ ပုံနဲ့ တခြားဆီပဲ။ ပိုလို အင်္ကျီ အဖြူသန့်သန့်၊ စတိုင်လ်ဘောင်းဘီအနက်အရှည် ရှာထိုးဦးထုပ်၊ နေကာမျက်မှန်၊ လက်ပတ်နာရီနဲ့ တစ်ကယ့် အခန့်စားပါပဲ။
မဲဆိုင်ရဲ့မနက်ခင်းဟာ နယ်စပ်မြို့ပီပီ စျေးသွား စျေးလာ အရောင်းအဝယ်လုပ်သူတွေနဲ့ စည်ကားနေတယ်။ နယ်စပ်မြို့ဆိုတော့ အရောင်းအဝယ်လုပ်ငန်းတွေ လုပ်ကြတာများတယ်။ ဆိုင်တွေကလည်းအစုံပဲ။ အများအားဖြင့် သွားလာလှုပ်ရှားနေကြတာ မြန်မာတွေများတယ်။ မဲဆိုင်စျေးထဲ စျေးရောင်းနေတာလည်း မြန်မာတွေပဲ ။ မြန်မာလိုင်စင်နဲ့ ကားတွေကိုလည်း တွေ့ရတယ်။ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရောက်သွားသလိုပါပဲ။

အလုပ်သမားတွေရော စျေးဆိုင်တွေပါ မြန်မာတွေချည်းပါပဲ။ တာချီလိတ်ဘက်ကနေ ကူးလာပြီး စျေးရောင်း စျေးဝယ် လုပ်ကြတာပါ။ မဲဆိုင်မှာ မြန်မာနဲ့ အဓိကဆက်သွယ်ထားတဲ့ တံတားနှစ်ခုရှိပါတယ်။ တံတား (၁)က လူတွေ သီးသန့်ဖြတ်သန်းတာဖြစ်ပြီး တံတား (၂) ကတော့ ကုန်စည်တွေအတွက်ပါ။ မြို့ထဲက တံတား (၁) ပါ။ မဲဆိုင်စျေး၊ ဆေးရုံ၊ ဘဏ် ၊ ရဲစခန်း စသဖြင့် အဲဒီ တံတား (၁) နားမှာ အကုန်ရှိပါတယ်။
လက်ဖက်ရည်ဆိုင်ကနေ ကျွန်တော်တို့ ဖာသာရ်ရဲ့ 4 Wheel ကားနဲ့ပဲ ထွက်လာခဲ့ကြတယ်။ မဲဆိုင်လမ်းမကြီးကနေ အရှေ့ဘက်ကို တည့်တည့်တက်သွားရတယ်။ မဲခေါင်မြစ်ဘေးက ချင်းဆန်ဆိုတဲ့ ထိုင်းမြို့လေးကိုသွားရမှာပါ။ ချင်းဆန်မြို့နဲ့ ကပ်လျက်က လာအိုပါ။ အဲဒီမှာ နာမည်ကျော် ကာစီနိုတွေ အပန်းဖြေနေရာတွေ ရှိပါတယ်။
ရွှေတြိဂံဆိုတာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ထိုင်းနိုင်ငံ Chiang Rai ဒေသ၊ လာအို Bokeo ပြည်နယ်တို့ ထိစပ်နေရာပါ။ မဲခေါင်မြစ် (Mekong) နဲ့ ရွှေခမ်းမြစ် (Ruak) တို့ပေါင်းစည်းရာနေရာလည်းဖြစ်ပါတယ်။
၁၉၅၀–၁၉၈၀ ပြည့်နှစ်ကာလတွေမှာ အဲဒီ မြန်မာ၊ လာအို၊ ထိုင်းစတဲ့ နယ်မြေတစ်လျှောက် ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်း စျေးကွက်အကြီးအကျယ် ရှိခဲ့တာကြောင့် ရွှေတြိဂံဒေသဆိုပြီး နာမည်ပေးခဲ့တာပါ။ ရွှေတြိဂံမှာ ဘိန်းစစိုက်တာ ၁၉၄၉ ခုနှစ်လောက်ကလို့ သမိုင်းမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
အဲဒီအချိန်က တရုတ်တပ်ဖွဲ့တစ်ဖွဲ့က အဲဒီဒေသကိုရောက်လာပြီး အဖွဲ့ကို လက်နက်နဲ့ ရန်ပုံငွေခိုင်မာဖို့ ဘိန်းတွေ စစိုက်လာပါတယ်။ အဲဒီကာလတွေမှာ ရှမ်း၊ ကချင်၊ ဝ နဲ့ လာအို ထိုင်းဘက်တွေမှာလည်း နယ်မြေမတည်ငြိမ်မှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနဲ့ အခြားစိုက်ပျိုးသီးနှံတွေ စိုက်ပျိုးရခက်ခဲတာတွေကြောင့် ဘိန်းစိုက်ပျိုးမှုဟာ အဲဒီဒေသမှာ အကြီးအကျယ် ဖွံ့ဖြိုးခဲ့ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု နံပတ် ၁ ဒေသအဖြစ်ရောက်ခဲ့တာပါ။
ဘိန်းစိုက်ပျိုးမှုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် အဲဒီအချိန်က အားကောင်းတဲ့ ဝင်ငွေရင်းမြစ်တွေ ဖြစ်ခဲ့တာပါ။ တစ်ဖက်မှာလည်း ဆိုးကျိုးအဖြစ် လူငယ်တွေ မူးယစ်ဆေးသုံးတာတွေ မြင့်တက်လာပါတယ်။ ကျန်းမာရေးချို့တဲ့မှုတွေရှိလာတယ်။ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေ ဖြစ်လာကြတယ်။ မူလလယ်ယာမြေ စိုက်ပျိုးရေးလမ်းကြောင်းတွေ ပျက်စီးကုန်ပါတယ်။ တရားဥပဒေ စိုးမိုးမှုလည်း မရှိတဲ့အခါကျတော့ လက်နက်နဲ့ မူးယစ်ဆေးတွေသာ ကြီးစိုးနေတဲ့နေရာတစ်ခုဖြစ်ခဲ့တာပါ။
၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ထိုင်းဘက်မှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လာပါတယ်။ ထိုင်းဘုရင်ကြီး ဘူမိဘောက UN၊ USAID က အကူအညီတွေနဲ့ Royal Project ဆိုပြီး ထိုင်းပြည်သူတွေအတွက် စိုက်ပျိုးရေး သုတေသနလုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးအတွက် ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဘိန်းအစားထိုး သီးနှံတွေလည်း စိုက်ပျိုးခဲ့ပါတယ်။ တစ်ဖက်မှာလည်း ခရီးသွားလုပ်ငန်းကို စတင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းမှာ ဒီကနေ့ဆိုရင် ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ် ဖွံ့ဖြိုးတိုး တက်နေတာပါ။ ထိုင်းဘုရင်ရဲ့ ပညာတတ်မှု၊ ညဏ်အမျှော်အမြင်ရှိမှုတွေကို သူတို့နိုင်ငံသားတွေဟာ အခုထိ ခံစားနေကြရတုန်းပါပဲ။
မြန်မာဘက်မှာတော့ အဲဒီအချိန်ကတည်း ဘိန်းစိုက်ပျိုးမှုဟာ ကနေ့အထိ ကျန်ရှိနေဆဲပါပဲ။ စစ်အုပ်စုရဲ့ အာဏာအကြိမ်ကြိမ်သိမ်းမှုကြောင့် တိုင်းပြည်ဟာ အခုထိ နလံမထူနိုင်သေးပါဘူး။
၂၀၀၀ ခုနစ် အစောပိုင်းတွေမှာတော့ UNODC၊ မြန်မာအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ဘိန်းစိုက်ပျိုးမှု လျော့ကျဖို့ ဆွေးနွေးတာတွေ ရှိခဲ့ပြီး ဘိန်းစိုက်ပျိုး ဧရိယာ တဖြည်းဖြည်းလျော့လာပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ Methamphetamine -ယာဘ (စိတ်ကြွဆေးပြား)တွေ မှိုလိုပေါက်လာတော့တာ ကနေ့အချိန်ထိပဲလို့ UNODC ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
လာအိုဘက်မှာလည်း ဘိန်းစိုက်ပျိုးမှုတွေ ကျန်ရှိနေသေးပြီး ၂၀၀၇ မှာတော့ Kings Romans ဆိုတဲ့ ကာစီနိုကြီးကို တရုတ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ Zhao Wei (ကျောက်ဝေ) ဆိုသူက တည်ဆောက်ခဲ့ပါတယ်။ ကျွန်တော်တို့သွားမယ့်နေရာက အဲဒီကာစီနိုဆီကိုပါ။
အဲဒီနေရာမှာ မြန်မာလုပ်သားတွေများစွာရှိပြီး မြန်မာရွာရယ်လို့တောင် နာမည်ပေးထားကြတဲ့ နေရာတစ်ခုလည်းရှိပါတယ်။ ဒါ့အပြင် မြန်မာပစ္စည်းတွေချည်းပဲရောင်းချတဲ့ မြန်မာစျေး၊ လာအိုဘက်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေတွေ လေ့လာဖို့ပါ။
-အပိုင်း(၂) ကို ဆက်လက်ဖော်ပါမည်။
( အပိုင်း ၂ မှာတော့ ရွှေတြိဂံ၊ လာအိုဘက်မှာ လာရောက်အလုပ်လုပ်ကိုင် နေထိုင်ကြတဲ့ သောင်းဂဏန်းအထက်ရှိနေတဲ့မြန်မာတွေ ၊ လာအိုကို မဲခေါင်မြစ်ကနေ ဖြတ်ပြီး မှောင်ခိုကူးကာ အသက်စွန့်လာရပုံတွေနဲ့ လာအိုမှာ ပြန့်နှံ့နေထိုင် အလုပ်လုပ်နေကြတဲ့ မြန်မာတွေရဲ့အကြောင်း ၊ ထိုနေရာကို ပိုင်ဆိုင်တဲ့ ကျောက်ဝေရဲ့ အကြောင်းနှင့် သူတည်ဆောက်ထားပြီး လက်ရှိမှာ လူတွေတိတ်ဆိတ်နေတဲ့ ကာစီနိုကြီးနဲ့ တရုတ်ပုံစံ ခေတ်မီမြို့ကြီးအကြောင်းကို ဖတ်ရှုရမှာဖြစ်ပါတယ်။)