အဖေ့ကို စိတ်ကောက်နေတဲ့သမီးတွေ

ခိုင်ရီ ရေးသည်။

မဏ္ဍိုင်၊ မေ ၂၇၊ ၂၀၂၅။

“မိဘကျေးဇူး”ဆိုတဲ့ စကားက ကျမတို့ မြန်မာ့လူမှုအဆောက်အအုံထဲမှာတော့ တန်ဖိုးအထားရဆုံး၊ အမွန်မြတ်ဆုံး စကားလုံးပါပဲ။

သက်ကြီးရွယ်အိုစောင့်ရှောက်မှုစနစ်တွေ ချွတ်ခြုံကျနေတဲ့တိုင်းပြည်မှာ “မိဘကျေးဇူး” ကို လူရော၊ စိတ်ရော၊ ငွေကြေး အားဖြင့်ရော ပြန်လည်သိတတ် ကြရခြင်းဟာ မိဘရှိသူတိုင်း မဖြစ်မနေလုပ်ကို လုပ်သင့်တဲ့ မြန်မာ့ယဉ်ကျေးမှုတခုလို့ ဆိုရမှာပါ။

ကလေးသူငယ်တွေရဲ့ အခြေခံရပိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့ ကျမတို့တိုင်းပြည်မှာ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေထိုင်ရေးအတွက် ဘဝနဲ့ အသက်နဲ့ ရင်းပြီး ခက်ခက်ခဲခဲ ရုန်းကန်ဖြည့်ဆည်း ပေးကြရတဲ့ မိဘတွေဟာ နိုင်ငံသား အခွင့်အရေးအပြည့်အဝရတဲ့ ကြွယ်ဝတဲ့ တိုင်းပြည်တွေက မိဘတွေ ထက် ပိုကျေးဇူးကြီးတယ်လို့တောင် တချို့လူတွေက ပြောကြတယ်။

”မိဘကျေးဇူး မြင့်မိုရ်ဦး”လို့ တင်စားလေ့ရှိကြပြီး၊ မြန်မာလူမျိုးတယောက်အတွက် မိဘကျေးဇူးဆပ် ခြင်းဟာ လူတယောက်ရဲ့ တန်ဖိုးအရှိဆုံး လုပ်ရပ်တခုလို့ တညီတညွတ်တည်း လက်ခံထားကြပါတယ်။

ကျမဖခင်ဖြစ်သူဟာ မြန်မာ့လူမှုဓလေ့ကြား အဲဒီအမွန်မြတ်ဆုံးနဲ့ တန်ဖိုးအရှိဆုံး အလုပ်ကို ကျမငယ်ဘဝ တလျှောက် ကျေကျေပွန်ပွန် လုပ်ခဲ့သူတဦးပါပဲ။

ပင်လယ်ကြီးကို စက်လှေတတန်၊ သင်္ဘောနဲ့ ၃၊ ၄ ရက်လောက်တန်၊ တနေ့ခရီး ကားစီးပြီး မှ ရောက်နိုင်တဲ့ ကျမတို့မြို့ကို အဖေဘက်က အဘိုးအဘွားတွေက လိုက်မလာနိုင်ခဲ့ကြဘူး။ ကျမ အသက် ၇နှစ်အရွယ်လောက်က သူတို့နေထိုင်တဲ့ အရပ်ကို မုန်တိုင်းနဲ့ ပင်လယ်ဖြတ်လို့ လိုက်သွားခဲ့တော့မှ ကျမတို့သားအမိကို အဘိုးအဘွားတွေက ပထမဆုံးမြင်ဖူးရှာတာ။

ကျမအဖေဟာ ကျမငယ်ဘဝတလျှောက်လုံး သူ့မိဘတွေရှိရာအရပ်မှာပဲ နေထိုင်ခဲ့ပြီး သူ့အတတ်ပညာနဲ့ သူ့မိဘတွေကို ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ခြေဆုပ်လက်နယ်ပြုပြီး မိဘကျေးဇူးကို ကိုယ်ထိလက်ရောက် အကောင်းဆုံး ပြန်ဆပ်ခဲ့ တယ်။

ဖခင်အိုကြီးလည်းရှိ၊ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်နေထိုင်မှုကို ရွေးချယ်တဲ့ ကျမမိခင်ဟာလည်း ခင်ပွန်းဖြစ်သူဆီကို လိုက်မသွားခဲ့ဘဲ သူ့မိဘ၊ မောင်နှမသားချင်းတွေနဲ့အတူ နေထိုင်ခဲ့တယ်။ ကျမက အမေနဲ့အတူတူ မြို့တမြို့မှာ။ ကျမအဖေက သူ့မိဘတွေရှိတဲ့ တခြားမြို့တမြို့ မှာပေါ့။

ကျမတို့သားအမိတွေရှိတဲ့မြို့ကို တခါတရံ အလည်လာတတ်ပါတယ်။ တခါတလေမှာ လနဲ့ချီပြီးနေတယ်၊ တချို့နှစ်တွေမှာ နှစ်ဝက်လောက်နေတယ်။ ပြီးတော့ သူ့မိဘတွေ ရှိရာအရပ်ကို ပြန်နေထိုင်ခဲ့ပါတယ်။ ကျမတို့သားအမိတွေ အလည်လိုက်သွား ပြီး ကိုယ့်မြို့ကို ကိုယ်ပြန်လာတိုင်း ဖေဖေက သင်္ဘောဆိပ်ကို ပြန်လိုက်လိုက်ပို့တာ မှတ်မိတယ်။ သင်္ဘောကြီးထွက်သွားချိန်မှာ ဖေဖေက ဆိပ်ခံတံတားပေါ်မှာ လက်ပြပြီးကျန်ရစ်ခဲ့ပေါ့။ ဖေဖေ နောက်က လိုက်လာမယ် ဆိုတဲ့အသိနဲ့ ကျမအဖေကို ထားရစ်ခဲ့ရတာချည်းပါပဲ။

ကျမရဲ့ ငယ်ဘဝတလျှောက်ဟာ အဖေလာမယ့်ရက်ကိုမျှော်ရရင်း အားငယ်မှု အစုစုကို ကြိမ်ဖန်များစွာ ခံစားခဲ့ရဖူးတဲ့ မှတ်ဉာဏ်တွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုရမှာပါ။ ကျမအဖေက သူ့မိဘတွေကို အနီးကပ်လုပ်ကျွေးပြုစု ကျေးဇူးဆပ်နေ ချိန်မှာ ကျမကတော့ အဖေတခြမ်းပဲ့နေ့ရက်ပေါင်းများစွာနဲ့ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်။ အဖေလွမ်းတဲ့စိတ်နဲ့ အားငယ်နေခဲ့ရတဲ့ ရက်တွေဟာ မူလတန်း၊ အလယ်တန်းအရွယ် ကလေးတယောက် အတွက်တော့ အင်မတန် နက်ရှိုင်းတဲ့ ဒဏ်ရာပါ။ “မိဘကျေးဇူး”ဆိုတဲ့ မြင့်မြတ်တဲ့အရာကြီးကြောင့် ကျမက အဖေနဲ့ ခွဲခွာနေခဲ့ရတာဆိုတဲ့စိတ်က ဆင်ခြင်တုံတရားရှိတဲ့ လူလတ်ပိုင်းအရွယ် ရောက်နေတဲ့တိုင်အောင် ပျောက်မသွားဘူး။

သူငယ်ချင်းတွေနဲ့ ဆော့နေတုန်း တနေရာရာကများ ကျမအဖေ ဘွားကနဲ ထွက်လာပြီး ကျမလိုချင်နေတဲ့ BMX စက်ဘီးလေး၊ ကျမလိုချင်နေတဲ့ လေဒီရှူး အဖြူရောင်ကလေး၊ အမေဝယ်မပေးလို့ ကျမလိုချင်နေတဲ့ အရုပ်လေးတွေ ကို အဖေက ဝယ်လာပေးမလား ဆိုတဲ့ ကလေးအတွေးတွေက ငယ်ဘဝနေ့စွဲတွေမှာ အချိန်နဲ့အမျှ ခေါင်းထဲမှာ ရှိနေခဲ့တယ်။ ရွယ်တူ သူငယ်ချင်းတွေကြားမှာ ဒါငါ့အဖေဆိုတဲ့ မော်ကြွားချင်စိတ်ဟာ စိတ်နှလုံးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကိန်းအောင်းနေခဲ့တယ်။

လမ်းသွားရင်းနဲ့ ယောကျ်ားကြီးတယောက်ရဲ့ “သမီးရေ”လို့ခေါ်သံမျိုးလိုလို ကြားလိုက်ရရင် ကျမအဖေလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ လိုက်ရှာပြီး ကြည့်မိတယ်။ ကျောင်းဆင်းချိန်မှာ ကျောင်းပေါက်ဝမှာ သူများအဖေတွေ လာကြိုတာ လှမ်းမြင်ရရင် အဲဒီအဖေလူအုပ်ထဲ ကျမအဖေတယောက်များ ပါလေမလားဆိုတဲ့အတွေးက ကျမငယ်ဘဝကို အတော်စိုးမိုးခဲ့ပါတယ်။

တခါတလေ ကျမတို့ဆီကို ပြန်လာတဲ့ကာလတွေဟာ အကြည်နူးရဆုံးကာလတွေပဲ။ ဖေဖေ့လက်မောင်းကို ချိတ်ဆွဲပြီး လူစည်ကားတဲ့ ဈေးခင်းထဲ လျှောက်သွားပစ်တာ။ သိတဲ့လူတွေက “အမယ်….အဖေရောက်နေတာပေါ့လေ”လို့ လှမ်းနှုတ်ဆက်ကြရင် ကျမ အပျော်ရဆုံးပဲ။ သမီးမိန်းကလေးတယောက်အတွက် အဖေ့လက်မောင်း ကြွက်သား မာမာကြီးတွေကို ချိတ်ရတဲ့ အထိအတွေ့ဟာ “ငါ့ကိုကာကွယ်နိုင်မယ့် ခွန်အားရှိသူ”လို့ ခံစားရစေတယ်။ သူ့စည်းကမ်းတွေအတိုင်းမလိုက်နာလို့ဆိုပြီး ဆူပူကြိမ်းမောင်းခံရချိန်ကလွဲရင် အဖေ့အသံဩဩကြီးတွေက ဩဇာပြည့်ဝနေတဲ့ သန်မာသူကြီးလိုပဲ။

ကျမဖခင်ဟာ မိဘတယောက်ရဲ့ အခက်အခဲဆုံးကျော်ဖြတ်ရချိန်ဖြစ်တဲ့ မွေးကင်းစကလေး ပြုစုစောင့်ရှောက်ရတဲ့ အိပ်ရေးပျက်မှု၊ စိတ်ဖိစီးပင်ပန်းမှုတွေက အစ ကလေးတယောက်ရဲ့ အမျိုးမျိုး ဂျီကျမှု၊ ရေချိုး၊ အဝတ်အစားလှယ်၊ ထမင်းကျွေးမွေးရတာ စတဲ့ ဝေယျာဝစ္စ ကရိကထကို တာဝန်မယူခဲ့ရဖူးဘူး။ ကျမငယ်ဘဝမှာ သူကဧည့်သည်တယောက်လိုပဲ။ မှတ်မှတ်ရရပြောရရင် မူလတန်းအရွယ်လောက်မှာ အချီပိုးခံရပြီး အဖေ့ပုခုံးပေါ်မှာ မှီအိပ်ခဲ့ရတဲ့ ၊ အဖေ့ဆီမှာ မွှေးမွှေး ပေးခံရဖူးတဲ့ နွေးထွေးမှု၊ သားအဖကြား ရင်းနှီးချစ်ခင်မှုဆိုတဲ့ မှတ်ဉာဏ်တချို့က မှုန်ဝါးဝါးလောက်သာ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ကျမအဖေက ကျမကိုချစ်တယ်ဆိုတာ ကျမ သေချာပေါက်သိပါတယ်။

အလည်သဘောလာတဲ့အချိန်မျိုးတွေမှာ အဖေက ဂရုစိုက်လို့ပျော်ရွှင်ရသလို တဖက်မှာလည်း တသွေးတသံတမိန့်နဲ့ ထိန်းကျောင်းပြုပြင်ချင်တဲ့ သူ့သဘော၊ ရေဘူးပေါက်တာမလိုချင်၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ သူ့စိတ်ဓာတ်ကြောင့် မပျော်ရွှင်ရတာတွေလည်း ရှိခဲ့တယ်။ ကျမပတ်ဝန်းကျင်က လူကြီးတွေဟာ ကလေးတယောက် အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေအရ ပြုမူလုပ်ကိုင်မှုတွေကို “အိုးကောင်းစေချင် နာနာရိုက်” ဆိုတဲ့ မိရိုးဖလာ မြန်မာ့နည်းမြန်မာ့ဟန် အတိုင်း တုန့်ပြန်ဖို့ကြိုးစားကြတယ်။

စိတ်တိုင်းမကျတာမျိုးတွေဆိုရင် ဓနိခေါင်မိုးအချပ်အချပ်တွေ ကြားမှာထိုးထားတဲ့ တုတ်လေးတချောင်းက ကလေးတယောက် ကို ထိန်းကျောင်းမဲ့ နှင်တံလိုပဲ။ ကလေးစိတ်ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေအကြောင်း ပြောကျင့်၊ ဆိုကျင့်၊ ကြားကျင့်မရှိတဲ့ အဝန်းအဝိုင်းမှာ ကြီးပြင်းလာခဲ့ရတယ်။ တယောက်ယောက်ဆီမှာ အဆူအမာန်ခံနေရတုန်း ဘေးကာကြားတဲ့ အိမ်ရှိလူကုန်အကုန်လုံးက တယောက်တပေါက်နဲ့ ဝိုင်းဝန်းဆူပူမာန်မဲ ကြတာတွေကြားမှာ ကျမ ကြီးပြင်းလာခဲ့တယ်။

ကလေးဘဝမှာ လူကြီးတွေစကားနားထောင်ဖို့ တုတ်ပြခြိမ်းခြောက်တာ၊ လက်ပါတာ၊ နေ့စဉ်နဲ့အမျှလိုလို ပြစ်တင် ကြိမ်းမောင်း ခံရတာတွေက ကျမအတွက် အိပ်မက်ဆိုးတွေပါပဲ။ ငယ်ဘဝကနေ ဘွဲ့ရပြီးတဲ့အထိ အိပ်မက်ထဲမှာ အရိုက်ခံရလို့ အော်ဟစ် ငိုယိုရင်း မျက်ရည်လည်ရွဲနဲ့ ရှိုက်ကြီးတငင် ငိုကြွေးနိုးထခဲ့ရတဲ့နေ့တွေက မရေတွက်နိုင်အောင်ပါပဲ။ ဒီလိုအချိန်တိုင်း နင့်အဖေဆီလိုက်သွားဆိုတဲ့ စကားလုံးတွေကြားနေကျ။ ငါ့အဖေရှိရင် ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုတဲ့အတွေးကို တွေးနေကျ။

ကလေးတယောက်အနေနဲ့ ကျမလုပ်နိုင်တာလေးတွေကို အဖေ့ကို အသံစာစာလေးနဲ့ ပြောပြပြီးကြွားချင်တာတွေ၊ ကိုယ့်မကျေနပ်ချက်တွေကို အဖေ့ကို တိုင်တောချင်တာတွေ၊ ကိုယ်ဆွဲထားတဲ့ အရုပ်လေးလှသလား အဖေ့ကို ဆုံးဖြတ်ခိုင်း ချင်တာတွေ စတဲ့အရွယ်ဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာခဲ့တယ်။

မှတ်မှတ်ရရ ကျမ ၆တန်းနှစ်မှာ အဖေ့မိဘဆွေမျိုးသားချင်းတွေရှိရာမြို့မှာ ကျောင်းလိုက်နေခဲ့ဖူးတယ်။ အဖေ့တူ၊ တူမတွေနဲ့ ထမင်းဝိုင်းမှာ အတူထိုင်စားနေတုန်း ချဉ်ရည်ဟင်းခွက်ထဲက ချဉ်ရည်တစွန်းကို ခပ်ယူလိုက်တယ်။ အဲ့အချိန်မှာ ကျမဘေးမှာ ထိုင်နေတဲ့ ကျမအစ်ကိုဝမ်းကွဲရဲ့ လက်နဲ့ထိမိပြီး လမ်းတဝက်မှာတင် ဟင်းရည်က ဖိတ်စင်သွားတယ်။ နမော်နမဲ့နိုင်လို့ ဆိုပြီး ဆူခံခဲ့ရတဲ့အချိန်မှာ အကျိုးအကြောင်း ရှင်းပြခွင့်မပေးဘဲ ဆင်ခြေတက်တယ်လို့ စွပ်စွဲတဲ့ စကားသံတွေကို အခုထိ ကြားယောင်နေတုန်းပဲ။ အဲဒီ တဒင်္ဂမှာ ဖေဖေရှိတဲ့အရပ်ဟာ ကျမ မပျော်တော့တဲ့အရပ် ဖြစ်ခဲ့ဖူးတယ်။ မိဘတယောက် အနေနဲ့ ကောင်းစေချင်လို့ ဆိုဆုံးမတာတွေရှိပေမယ့် ကျမ ပြန်ပြောခဲ့တာတွေက “အိမ်ပြန်ချင်တယ်၊ မေမေ့ဆီပြန်ပို့ပေး” ဆိုတာပါပဲ။

အထက်တန်းကျောင်းသူအရွယ်ကိုရောက်လာတဲ့အခါ ကျမက ခပ်ငယ်ငယ်ကလို အဖေနဲ့အတူ မိသားစုစုံစုံလင်လင် နေထိုင်ခွင့်ဆိုတာကို သိပ်မျှော်တဲ့ ကလေးတယောက်မဟုတ်တော့ဘူး။ ဒါပေမယ့် သူ့မိဘတွေဆုံးပါးသွားချိန်မှာ အဖေဟာ ကျမတို့သားအမိနဲ့ ခပ်ကြာကြာနေဖို့ ရောက်လာခဲ့တယ်။ ဂျစ်တိဂျစ်ကန်ဆယ်ကျော်သက်အရွယ်နဲ့ အဖေ့ကြားက ဆက်ဆံရေးဟာ ငယ်ငယ်က “အဖေပြန်လာရင် ပျော်ရမယ်” ဆိုတဲ့အတွေးလို စိတ်ကူးယဉ်မဆန်တော့ပါဘူး။ ဆယ်ကျော်သက်တယောက်ရဲ့ကလန်ကဆန်အပြုအမူတွေကြောင့် အဖေနဲ့ အဖုအထစ်ဆက်ဆံရေးတွေ စတင်တဲ့ လက်တွေ့ကျကျနေ့ရက်တွေ ဖြစ်လာပါပြီ။ အဖေဟာ သူစိမ်းကို အားနာပြီး ကိုယ့်သားသမီးကို ဆူပူမာန်မဲ လက်ပါတတ်ခဲ့ တယ်။ သမီးအပေါ် အလိုလိုက်ချစ်ခင် ဂရုစိုက်ပေးခဲ့တာတွေအများကြီးလည်း ရှိခဲ့ပါတယ်။ ငယ်သူငယ်ချင်းမတယောက်ကဆို “နင့်အဖေက နင့်ကို တော်တော်ချစ်တာပဲ”လို့ တဖွဖွပြောဖူးတယ်။

သားသမီးငယ်ဘဝမှာ အတူမနေခဲ့ပေးတဲ့အတွက် သမီးရဲ့ အထာကို သူမသိဘူး။ စိတ်ခံစားချက်ကို သူနားမလည်ဘူး။ ကျမကလည်း အဖေ့အထာကို မသိဘူး။ အဖေ့ရဲ့ မိုးပေါ်ကကျလာသလို စည်းမျဉ်းစည်းကမ်းတွေကို နာခံဖို့ခက်တယ်။ ဆယ်ကျော်သက်သဘာဝ ကလန်ကဆန်လုပ်ချင်လာတယ်။ သူနဲ့ကျမက တဖြည်းဖြည်းနဲ့ စိတ်ပိုင်းဆိုင်ရာတထပ်တည်း မကျတော့တဲ့ သားအဖတွေဖြစ်လာခဲ့တယ်။ မိသားစုစုံစုံလင်လင်နေခွင့်ရတော့မယ့်အချိန်မှာပဲ ကျမက အိမ်ကနေ ထွက်သွား ချင်တဲ့စိတ်ခံစားချက်ကို စတင်ခံစားနေရပြီ။

ဒီလိုနဲ့ ကျမဟာ ပညာရေးအတွက် အိမ်ကနေစထွက်ရတဲ့ အရွယ်ကို မြန်မြန်ဆန်ဆန်ရောက်လာခဲ့တယ်။ အိမ်ကနေစထွက်ခွာပြီဆိုကတည်းက အိမ်ကိုပြန်ရောက်ဖို့ မလွယ်တော့ဘူးဆိုတာ အဲ့တုန်းက မတွေးမိခဲ့ဘူး။

အဲဒီနောက် ကျမဟာ မိဝေးဖဝေး အိမ်ရဲ့ အဝေးမှာပဲ ဘွဲ့ရတယ်၊ အလုပ်ရတယ်၊ အိမ်ထောင်ရက်သားကျတယ်။ ကျမအဖေအလှည့်မှာ သူ့မိဘတွေနဲ့ အနီးဆုံးမှာနေပြီး လုပ်ကျွေးပြုစုစောင့်ရှောက် ကျေးဇူးဆပ်ခဲ့ပေမယ့် ကျမလှည့်မှာတော့ အဝေးက တတ်နိုင်သလောက်ထောက်ပံ့တာကလွဲရင် အိမ်ဆိုတာ အလည်ပြန်စရာ အဆောက်အအုံတခုပဲ ဖြစ်လာတော့တယ်။

အိမ်ကနေ ကျောင်းတက်ဖို့ထွက်သွားတဲ့ကျမဟာ အိမ်ရဲ့အဝေးမှာ ၁၆နှစ် ကြာသွား ပြီးတဲ့နောက် အိမ်ပြန်ဖို့ဆုံးဖြတ်ချက် ချထားခဲ့တယ်။ အိမ်ပြန်မယ့် ကာလ အပိုင်းအခြားကို စိတ်မှာ သတ်မှတ်ထားခဲ့တယ်။ ဒါပေမယ့် ကျမတို့ အိမ်ပြန် ကြမယ့်ကာလ မရောက်ခင်မှာပဲ ကျမအဖေက ရာသက်ပန် သင်္ကန်းဝတ်သွားခဲ့တယ်။

ကျမတို့ဇနီးမောင်နှံဟာ တယောက်တည်းကျန်နေမယ့် မိခင်ကို စောင့်ရှောက်ဖို့ဆိုပြီး မျှော်မှန်းထားတာထက် အိမ်ကို စောစောပြန်ခဲ့ကြတယ်။ အဖေမရှိတော့တဲ့ အိမ်မှာ နေထိုင်ရင်း ကျမက မိခင်တယောက်ဖြစ်လာခဲ့တယ်။

သင်္ကန်းဝတ်နဲ့ အိမ်ကို တခါတရံ ရောက်လာတတ်တဲ့ ကျမရဲ့ ဖခင်တော်စပ်ဖူးတဲ့ ဘုန်းတော်ကြီးက ကျမရဲ့ အသက် ၂နှစ်အရွယ်ကလေးရဲ့ ဂျီကျတာတွေ၊ သူ့အသက်အရွယ်အလိုက်ကလေးသဘာဝအရ တခွန်းပြောလို့ မရတာတွေအပေါ် သဘောမကျဘူး။ ကလေးကို ထိုင်ဆိုထိုင်၊ ထဆိုထ စည်းကမ်းတကျဖြစ်အောင် ဆုံးမသွန်သင်ဖို့၊ အလိုလိုက်မထားဖို့ စတဲ့စကားလုံးတွေနဲ့ ကျမကို ခပ်ထန်ထန် ပြောလိုက်တဲ့တနေ့မှာ သားအဖတွေ အကြီးအကျယ်စကားများပြီး စကားမပြော ဖြစ်တော့တာ ဒီနေ့အထိပါပဲ။ အဲ့အဖြစ်အပျက်ကို ကျမအဖေနဲ့ ကျမတို့ရဲ့ သားအဖဆက်ဆံရေးအဆုံးသပ်သွားသလို ခံစားလိုက်ရတဲ့အဖြစ်အပျက်ပါပဲ။

ကျမရဲ့ ဒုတိယမြောက်ကလေးကို ကိုယ်ဝန်ဆောင်ချိန်ကြီးမှာ ပထမကလေးနဲ့ပတ်သက်ပြီး စကားများကြတဲ့ သားအဖနှစ်ယောက် အပြန်အလှန်စကားမပြောဖြစ်တော့တာ အခုဆို ၃နှစ်တာကာလလောက်ရှိခဲ့ပါပြီ။ အသက် ၄၀ကျော်အရွယ်ကြီးနဲ့ အဖေ့ကို စိတ်ကောက်နေတဲ့ကျမလိုပဲ အကြောင်းအမျိုးမျိုးနဲ့ အဖေ့ကို စိတ်ကောက်နေတဲ့ သမီးတွေအများကြီးရှိဦးမှာပါ။

အခုအချိန်မှာ သားသမီးတွေအများကြီးရော၊ မိဘတွေအများကြီးကပါ အိမ်နဲ့ဝေးနေ ကြတယ်။ ရှင်ကွဲတွေခွဲနေကြရတယ်။ အဲဒီအထဲကမှ ကျမလိုပဲ အဖေ့ကို စိတ်ကောက်နေတဲ့သူငယ်ချင်းတယောက်ရှိတယ်။ ကျမလိုပဲ စစ်တပ်အာဏာ သိမ်းပြီး နောက်ပိုင်း အိမ်ကနေ ထွက်လာခဲ့တဲ့ သမီးတယောက်ပေါ့။ ပြီးခဲ့တဲ့လက ရန်ကုန်မှာကျန်နေခဲ့တဲ့ သူ့အဖေဆုံးတယ်။ အဖေနဲ့စကားမပြောဘဲ စိတ်ကောက်နေခဲ့တဲ့ ကာလတွေအတွက် သူဟာနောင်တတွေ တပွေ့ကြီးနဲ့ကျန်ခဲ့တယ်။ သူ့ကိုကြည့်ရတာ ကျမကိုယ်ကျမ ပြန်မြင်နေရသလိုပဲ။ မျက်ရည်မကျပေမယ့် စိတ်ထိခိုက်ကြေကွဲနေတဲ့ သူငယ်ချင်းရှေ့မှာ ကျမ သည်းသည်းထန်ထန် ငိုချပစ်လိုက်ချင်တယ်။ တနေ့မှာ ကျမလည်း အဲ့လို နောင်တတွေတပွေ့ကြီးနဲ့ ကျန်ခဲ့တဲ့ စိတ်ကောက်နေတဲ့သမီးတယောက် ဖြစ်လာနိုင်တယ်ဆိုတာ တွေးမိတယ်။

ငယ်ဘဝမှာ အဖေနဲ့အတူနေခွင့်မရတဲ့ လစ်ဟာမှုကို ကျမဘဝတသက်တာမှာ ဘယ်တော့မှ ပြန်ဖြည့်မပေးနိုင်တော့ပါဘူး။ အဖေရှိနေစေချင်တဲ့ ခံစားချက်၊ အဖေမျှော်တဲ့ ခံစားချက်တွေဟာ အချိန်နဲ့အရွယ်အကန့်အသတ်ရှိပါတယ်။ အဖေ့ကိုလိုချင်တဲ့ ကာလတွေကလည်း အကန့်အသတ်ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သေကွဲရော၊ ရှင်ကွဲရော ခွဲနေကြရတဲ့ အခုလို ခေတ်ဆိုးစနစ်ဆိုးမှာ မိဘဖြစ်နေသူတွေကို “အခွင့်အရေးသာ ပေးတယ်ဆိုရင်” တခြားဘာဆင်ခြေတွေမှ မပေးဘဲ သားသမီးငယ်ဘဝမှာ မိစုံ၊ဖစုံ အတူတူ ပြုစုပျိုးထောင်ရင်း ကြီးပြင်းလာတဲ့ ကလေးတွေဖြစ်ခွင့်ပေးနိုင်ကြပါစေလို့ ဆုတောင်းမိတယ်။

အခုတော့ ကျမဟာ အဖေမျှော်တဲ့ သမီးတယောက် မဟုတ်တော့ပါဘူး။ ကိုယ်တိုင်မွေးထားတဲ့ သားသမီးတွေနဲ့အတူ နေထိုင်ရှင်သန်နေရင်း တဖက်မှာလည်း အဖေမျှော်တဲ့ မူလတန်း၊ အလယ်တန်းအရွယ်ကလေးလေး တယောက်ရဲ့ စိတ်ဝိဉာဉ်ဟာ ကျမကိုယ်ခန္ဓာထဲမှာ ပူးကပ်နေဆဲပဲ ဆိုတာ အခုကာလတွေမှာ တိတိပပ ခံစားရပြန်တယ်။

ဆင်ခြင်တုံတရားရှိတဲ့ အသက် ၄၀ကျော်အရွယ်ရောက်နေသည့်တိုင် “မိဘကျေးဇူးဆပ်ခြင်း” ဆိုတဲ့ စကားလုံးအပေါ်မှာ မကျေမနပ်ဖြစ်နေတုန်းပါပဲ။ ကျမလိုပဲ အဖေကို စိတ်ကောက်နေတဲ့သမီးတွေ ထပ်တိုးမလာစေချင်တော့တဲ့ ခံစားချက်က လည်း တိုးလာနေဆဲပါပဲ။ အခွင့်အရေးပေးရက်နဲ့ “မွန်မြတ်လှတဲ့အလုပ်တွေလုပ်နေပါတယ်”ဆိုတဲ့ စကားလုံးတွေကို ဆင်ခြေအဖြစ်သုံးပြီး သားသမီးငယ်ဘဝကို မထင်မှတ်ဘဲ စိတ်ဒဏ်ရာတွေပေးမိတဲ့ အဖေတွေထပ်တိုးမလာပါစေနဲ့လို့ ဆုတောင်းနေဆဲပါပဲ။

Leave a Comment

4 comments

xbetsmxcasino December 22, 2025 - 10:39 pm

Alright amigos, xbetsmxcasino is pretty slick! The games are fun and the site’s easy to navigate. Definitely worth checking out! xbetsmxcasino

Reply
binance sign up January 13, 2026 - 10:28 am

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://www.binance.com/register?ref=IHJUI7TF

Reply
Sign Up January 26, 2026 - 3:02 pm

Thanks for sharing. I read many of your blog posts, cool, your blog is very good.

Reply
binance January 28, 2026 - 7:54 pm

Thanks for sharing. I read many of your blog posts, cool, your blog is very good. https://accounts.binance.info/zh-TC/register?ref=DCKLL1YD

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing