ထိုင်းကိုရောက်တော့ အဆင်ပြေပြီလား

ရဲထွန်းဦး ရေးသည်။

မဏ္ဍိုင်၊ မတ် ၄၊ ၂၀၂၆။

“သူ့ဟာသူ ဘယ်လို အဆင့်မြင့်ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ ကျွန်တော့် အမျိုးသမီးမှာ လုပ်ငန်းမရှိလို့ သူဌေး အမည်ခံပေးရရင်တော့ သူ့ကို အိမ်အကူပဲ ထည့်လို့ရမယ်”

ဒါကတော့ ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျနေသူ မိတ်ဆွေတစ်ဦးက ပြောခဲ့တဲ့ စကားပါ။ NUG အစိုးရအဖွဲ့မှာ လုပ်ကိုင်နေသူတစ်ဦးက ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ရေးအတွက် ပန်းရောင်ကဒ် လုပ်ဖို့ မိတ်ဆွေရဲ့ အမျိုးသမီးကို သူဌေးအမည်ခံဖို့အကူအညီတောင်းတဲ့အပေါ် ပြောခဲ့တဲ့ စကားပါ။

ဒါက အမှန်ပါပဲ။ ထိုင်းနိုင်ငံကို ရောက်လာပြီးတဲ့နောက်ပိုင်း တရားဝင်နေထိုင်ဖို့ဆိုရင် ပန်းရောင်ကဒ် လို့ခေါ်တဲ့ တရားမဝင်အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးတဲ့ သက်သေခံလက်မှတ် ပန်းရောင်ကဒ်ကို ရိုက်ထားမှ ဖြစ်မှာပါ။ ဒါကို ဘတ်ရိုက်တယ် ခေါ်ကြပါတယ်။

အဲဒီဘတ်ဟာ ထိုင်းနိုင်ငံမှာ အောက်ခြေအကျဆုံးအလုပ်တွေကို လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ ပန်းရံ၊ သန့်ရှင်းရေး၊ အိမ်အကူ၊ စိုက်ပျိုးရေး… စသဖြင့်။ ဒါကြောင့် ပန်းရောင်ကဒ်ကိုင်ထားသူတစ်ဦးဟာ အလုပ်လုပ်သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ ဘယ်လို ပရော်ဖက်ရှင်နယ် ပညာရှင်ပဲ ဖြစ်ပါစေ။ ပန်းရောင်ကဒ်ထဲက အလုပ်အကိုင်မှာတော့ အောက်ခြေအဆင့် အလုပ်ကြမ်းသမားတစ်ဦးပါပဲ။

၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်သူ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ လာရောက်တိမ်းရှောင်ပြီး အခြေစိုက်နေထိုင်ခဲ့ကြပါတယ်။ ပြည်တွင်းမှာ မလုံခြုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်တိမ်းရှောင်ခဲ့ကြတာပါ။

ဒါပေမဲ့ “ထိုင်းနိုင်ငံရောက်တော့ရော လုံခြုံပြီလား” ဆိုတဲ့ မေးခွန်းက မဖြစ်မနေ ဖြေဆိုရမယ့် မေးခွန်း တစ်ခုပါပဲ။

မလိမ်မညာတမ်း ဝန်ခံရမယ်ဆိုရင်တော့ “ထိုင်းမှာလည်း မလုံခြုံပါဘူး”။

မြန်မာနိုင်ငံမှာ မလုံခြုံလို့ဆိုတဲ့ ထိုင်းရောက် မြန်မာနိုင်ငံသား အားလုံးလိုလိုဟာ အောက်လမ်းကလို့ ပြောတဲ့ တရားမဝင်လမ်းကြောင်းကနေ လာတဲ့ သူက အများစုဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက်မှသာ ထိုင်းနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်အရ အစိုးရအဖွဲ့ဆုံးဖြတ်ချက်နဲ့ ဖွင့်ပေးတဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ကို လျှောက်ထားပြီး တရားဝင်နေထိုင်ဖို့ ပြင်ဆင်ရတာ ဖြစ်ပါတယ်။

တရားဝင်နေထိုင်ဖို့ မလျှောက်ထားရခင်မှာ တရားမဝင်အဖြစ်နဲ့ နေထိုင်ရတာပါ။ ဆိုခဲ့သလို တရားမဝင် ဝင်ရောက်လာချိန်မှာပဲ ဖြစ်ဖြစ်၊ တရားမဝင်နေထိုင်ချိန်မှာပဲဖြစ်ဖြစ် ဖမ်းဆီးခံရနိုင်ချေ ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်နေထိုင်တာဖြစ်လို့ ဥပဒေချိုးဖောက်ထားတဲ့အတွက်ပါ။

အဲဒီဖမ်းဆီးမှုဟာ လမ်းပေါ်မှာလည်း ဖြစ်နိုင်သလို နေအိမ်မှာ၊ မိတ်ဆွေအိမ်မှာ၊ စားသောက်ဆိုင် မှာလည်း ကြုံတွေ့နိုင်ပါတယ်။ ဖမ်းဆီးသူတွေအများစုဟာ ရဲဖြစ်ပြီး သူတို့ဟာ လမ်းပေါ်မှာ အမြဲတမ်းလှည့်လည်နေတာ ဖြစ်ပါတယ်။ နေအိမ်၊ မိတ်ဆွေအိမ်၊ စားသောက်ဆိုင်မှာကတော့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အလုပ်သမားဦးစီးဌာနအပါအဝင် အဖွဲ့စုံရဲ့ ဖမ်းဆီးခြင်း ခံရနိုင်တာပါ။

ဒါဟာ တရားမဝင် နေထိုင်ချိန်တင် မဟုတ်ပါဘူး။ တရားဝင်နေထိုင်ဖို့ ပန်းရောင်ကဒ်ရှိနေချိန်မှာတောင် ကြုံလာနိုင်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ဥပဒေနဲ့ တားမြစ်တားတဲ့အလုပ်အကိုင်တွေ လုပ်ကိုင်မိရင်ပဲ ဖြစ်ဖြစ်၊ ပန်းရောင်ကဒ်ထဲကလိပ်စာနဲ့ အပြင်မှာနေထိုင်တဲ့ လိပ်စာ မတူညီရင်ပဲဖြစ်ဖြစ်၊ ပန်းရောင်ကဒ်ထဲက အလုပ်နဲ့ အပြင်မှာ လုပ်နေတဲ့အလုပ် မတူရင်ပဲဖြစ်ဖြစ်၊ ပန်းရောင်ကဒ်မရှိတဲ့သူနဲ့ ယှဉ်တွဲသွားတာကို စစ်ဆေးတွေ့ရှိတဲ့အခါ (လူကုန်ကူးမှုဆိုတဲ့ စွပ်စွဲချက်) အချိန်မရွေး ဖမ်းဆီးခံရနိုင် ပါသေးတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ အပြင်ထွက်တဲ့အခါ ထိုင်းရဲတွေနဲ့တွေ့ရင် စစ်ဆေးမေးမြန်းပြီး အကြောင်းမရှိအကြောင်းပြကာ ဖမ်းဆီးငွေတောင်းခြင်းကို မကြာခဏ ခံနေရတာပါ။

ဒါက ထိုင်းတစ်နိုင်ငံလုံးမှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံသားတွေ အများဆုံး ဝင်ရောက်နေထိုင်နေကြတဲ့ မဲဆောက်မြို့မှာ နေ့စဉ်နဲ့အမျှဖြစ်နေကြအဖြစ်အပျက်တွေ ဖြစ်ပါတယ်။

ရာဇဝတ်မှု ကျူးလွန်ထားတာ မဟုတ်ဘဲ အပေါ်မှာ ဖော်ပြခဲ့တဲ့ ဥပဒေချိုးဖောက်မှုတွေကြောင့် ဖမ်းဆီးခံရတာဆိုရင် ဖမ်းဆီးတဲ့အဖွဲ့ကို ပိုက်ဆံပေးနိုင်ရင် လွတ်ပါတယ်။ ဒါပေမဲ့ နာရီပိုင်းအတွင်း ပေးနိုင်ဖို့တော့ လိုပါတယ်။

ပိုက်ဆံမပေးနိုင်ရင်တော့ တရားဥပဒေအရ အရေးယူခံရပြီးနောက် မြန်မာနိုင်ငံကို ပြန်ပို့တဲ့အထိ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ထိုင်းမှာလည်း မလုံခြုံဘူးလို့ ဆိုလိုချင်တာပါ။

စစ်အာဏာသိမ်းပြီး ထိုင်းနိုင်ငံကို တိမ်းရှောင်လာသူတွေထဲမှာ တက္ကသိုလ်တွေက ကထိကတွေ၊ အဆင့်မြင့်ပညာက ဆရာတွေနဲ့ အခြေခံပညာ ဆရာတွေ၊ ကျောင်းအုပ်တွေ၊ အင်ဂျင်နီယာတွေ၊ မီဒီယာ ပညာရှင်တွေ၊ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ညွှန်ကြားရေးမှူးတွေ၊ တရားသူကြီး တွေ၊ ရှေ့နေတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကစလို့ စာရေးစာချီတွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့ ဂုဏ်သိက္ခာရှိစွာ အသက်မွေးဝမ်းကြောင်း ပြုနေသူတွေ အများအပြား ပါဝင်နေပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံကို ရောက်ရှိသွားတဲ့အချိန်ကစပြီး ဂုဏ်သိက္ခာနဲ့လျော်ညီတဲ့ နေထိုင် ရှင်သန်ခွင့် တွေဟာ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားပါတော့တယ်။

အရင်က ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုကြောင့် မဟုတ်တဲ့ ဖမ်းဆီးခံရသူတွေကို ဖုန်းတွေ မစစ်ကြပါဘူး။ ထို့အတူ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်းတွေကိုလည်း မလုပ်ကြပါဘူး။ ဘာကြောင့်ဆို ဥပဒေအရ အကာအကွယ်ပေးထားလို့ပါ။ လက်ရှိမှာလည်း ဥပဒေအရ အကာအကွယ်ပေးထားဆဲပါပဲ။

ဒါပေမဲ့ ဖမ်းဆီးခံရချိန်မှာတော့ အာဏာပိုင်တွေဟာ ဖုန်းကို ယူငင်ပြီး Gallery ထဲက ဓါတ်ပုံတွေ၊ Contact ထဲက ဖုန်းနံပါတ်တွေ၊ Line၊ Messenger၊ Telegram၊ Signal တို့လို Chat App တွေကို စစ်ဆေးပါတယ်။

အဲဒီနောက် ဖမ်းဆီးခံရတဲ့အကြောင်းအရာနဲ့ ဖုန်းထဲက တွေ့ရှိမှုအပေါ်မူတည်ပြီး ငွေတောင်းပါတယ်။

ထို့အတူ တရားမဝင်အလုပ်လုပ်ကိုင်နေသူတွေ၊ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးတဲ့နေရာမှာဆိုရင် လည်း လာရောက်ဖမ်းဆီးသူတွေဟာ နေအိမ်တံခါးကို ခေါက်ပြီး ဖွင့်ခိုင်းကာ နေအိမ်ထဲ ဝင်ရောက် ရှာဖွေ ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်လာပါတယ်။

ဒီလုပ်ရပ်ဟာ ဖမ်းဆီးသူတွေရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့တရားမဝင် ဝင်ရောက်နေထိုင်သူ။ တရားမဝင် အလုပ်လုပ်ကိုင်သူ မရှိဘူးဆိုရင်တောင် ထိုင်းနိုင်ငံထုတ်မဟုတ်တဲ့ ကော်ဖီမစ်နဲ့ အသင့်စား စားစရာထုတ်၊ စီးကရက်တဗူး၊ ဆေးပေါ့လိပ်တစ်ထုတ်၊ နှပ်ဆေးရည်တစ်ဗူး(ဒါမှ မဟုတ်) အပ်ချုပ် စက်တခု တွေ့ရုံနဲ့ ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတခုပါ။

ဒါဟာ ဂုဏ်သိက္ခာနဲ့ မလျော်ညီအောင် ဆက်ဆံခံရတာဖြစ်ပြီး အမှုမရှိ အမှုရှာခံနေရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေရင်းလည်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိရက်နဲ့ လုပ်ငန်းရှင် မတူတာကြောင့်၊ လုပ်ကိုင်တဲ့ အလုပ်အကိုင် ကွဲလွဲနေတာကြောင့်ဆိုပြီးလည်း ဖမ်းဆီးခံရနိုင်ပါတယ်။

ဒီလိုအဖြစ်မျိုးတွေကို ဥပဒေအရပေးထားတဲ့ အခွင့်အရေးအရ အကာအကွယ်ရယူနိုင်ပေမယ့် ဘာသာစကား အခက်အခဲ၊ ဘတ်ရိုက်စဉ်က ပွဲစားနဲ့ ရိုက်ခဲ့ရတာကြောင့် နေရပ်လိပ်စာ မတူညီမှု၊ အလုပ်ရှင် ဌားရမ်းရမှုတို့ကြောင့် ကိုယ်တိုင်က ဥပဒေဖောက်ဖျက်ရာ ရောက်နေတဲ့အတွက် အကာအကွယ်ရယူနိုင်ခြင်း မရှိပါဘူး။

ဆိုခဲ့ပါ အဖြစ်အပျက်တွေကို ကြုံတွေ့နေရသူတွေထဲမှာ အာဏာသိမ်းစစ်အာဏာရှင်ကြောင့် တိမ်းရှောင်လာတဲ့ ပညာရှင်တွေလည်း ပါဝင်နေပါတယ် ။သူတို့ဟာ တိုင်းတပါးမှာ အမှတ်အသားဝိသေ သရုပ်လက္ခဏာတွေ မှုန်ဝါးပျောက်ကွယ်လာပြီး အခြေခံအလုပ်သမားအဖြစ် ရပ်တည်နေကြပါတယ်။

သူတို့ဟာ တိုင်းပြည်တပြည်ရဲ့ တိုးတက်မှု ဆောင်ကျဉ်းပေးရာမှာ အဓိက ဦးဆောင်နိုင်သူတွေ ဖြစ်နေပေမယ့် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ခြိမ်းခြောက်သတ်ဖြတ်မှုတွေ ကြုံတွေ့ လာနိုင်တာကြောင့် တိုင်းတပါးမှာ ခိုလှုံနေရပြီးတော့ တိုင်းတပါးရဲ့ အာဏာပိုင်တွေရဲ့ အမြင်မှာ ကလေကချေတွေလို့ မြင်တွေ့ခံနေရတာပါ။

ဒါကြောင့်လည်း ဥပဒေမဲ့ ဖုန်းစစ်ဆေးမှုတွေ၊ နေအိမ်ကို ဝင်ရောက်ရှာဖွေတာတွေ၊လမ်းပေါ်တွေမှာ စစ်ဆေးမေးမြန်းခံနေရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အာဏာပိုင်တွေရဲ့ အဲဒီလို အပြုအမှုမျိုးတွေကို ဥပဒေကြောင်းအရ ကာကွယ် တားဆီး ပေးထားတယ်ဆိုပေမယ့် ဥပဒေကို ချိုးဖောက်ထားရာ ရောက်နေတဲ့အတွက် ဥပဒေ အကာအကွယ်ကို မခံစားရပါဘူး။ဘာကြောင့်ဆို တရားဝင်နေထိုင်ခွင့်ရဖို့ လုပ်ကိုင်ရာမှာ အခက်အခဲ အမျိုးမျိုးကြောင့် ပွဲစားကို အားကိုးရတာ၊အလုပ်ရှင်ဌားရတာတွေကိုက ထိုင်းဥပဒေကို ချိုးဖောက်ရာ ရောက်နေလို့ပါပဲ။

ဒါက ထိုင်းရောက် တိမ်းရှောင်ခိုလှုံနေသူ ကြုံတွေ့နေရတဲ့ အကျပ်အတည်းပါ။

ဖမ်းဆီးခံရမှုတွေ ဖြစ်လာတဲ့အခါမှာလည်း သက်ဆိုင်ရာ နိုင်ငံကို ပြန်မပို့အောင်(အရေးယူမခံရအောင်) ဖြေရှင်းရပါတော့တယ်။ အဲဒါကတော့ အောက်လမ်းနည်းနဲ့ ငွေပေးတာပါ။ ဖမ်းဆီးခံရသူနဲ့ ဖမ်းဆီးသူ အဖွဲ့အစည်းကြား ညှိနှိုင်းပြီးတော့ ဖမ်းဆီးသူအဖွဲ့အစည်း ကျေနပ်တဲ့ ပမာဏကို ပေးလိုက်တဲ့ နည်းလမ်းပါ။

ဒါကလည်း ဥပဒေပြင်ပကနေ ဖြေရှင်းရတာ ဖြစ်ပါတယ်။ ဘာကြောင့်ဆို တရားဥပဒေအတွင်းက ဖြေရှင်းလို့မှ မရနိုင်တဲ့အတွက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အမှတ်အသားဝိသေ သရုပ်လက္ခဏာတွေ ပျောက်ဆုံးသွားခဲ့ရတဲ့ သူတို့ဟာ အာဏာပိုင်တွေအမြင်မှာ ဘယ်အချိန်မဆို ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းမယ့်တဲ့ ငွေညစ်ခံစရာ လူတန်းစားတစ်ခု ဖြစ်သွားပါတော့တယ်။

အခြားဝင်ငွေလိုချင်တဲ့ အာဏာပိုင်တွေကလည်း အဲဒီသူတွေကို လုပ်ပိုင်ခွင့်ထဲကနေ ဥပဒေပြင်ပ စစ်ဆေးဖမ်းဆီးမှုတွေလုပ်တယ်။ နောက် ငွေတောင်းတယ်။ ဒါဟာ သံသရာတစ်ခုလို ဖြစ်နေပါတယ်။

လက်ရှိအချိန်မှာတော့ စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်လာသူ အများစုအနေနဲ့ ထိုင်းနိုင်ငံမှာ အချိန်တခုထိ ကြာမြင့်လာပြီဖြစ်ပြီး ရွေ့ပြောင်းနေထိုင်သူအဖြစ်လည်း သတ်မှတ်လို့ရတဲ့ အနေအထားတစ်ခုလည်း ဖြစ်နေပါပြီ။

ဝမ်းနည်းစရာကောင်းတယ်လို့ပဲ ဆိုရမလား၊ ရယ်စရာလို့ပဲ ဆိုရမလားတော့ မသိပါ။ အဲဒီလို အဖြစ်အပျက်တွေ အများစုဖြစ်ပွားနေတဲ့ မဲဆောက်မြို့မှာ မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင် အများစု ရှိနေပါတယ်။ အဲဒီအစိုးရအဖွဲ့ဟာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပုဂ္ဂိုလ်အများစုနဲ့ ဖွဲ့စည်းထားပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ ကမ္ဘာတဝှမ်းက မြန်မာနိုင်ငံသားတွေကို ဦးဆောင် ကိုယ်စားပြုနေတာပါ။ ထို့အတူ ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ကိုယ်စားပြု နေပါတယ်။

ဒါပေမဲ့ သူတို့ကိုယ်တိုင်မြင်တွေ့နေရတဲ့ ထိုင်းနိုင်ငံက မြန်မာတွေရဲ့ အကျပ်အတည်းတွေကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်နေတာမျိုး မတွေ့ရပါဘူး။

ထို့အတူ နယ်စပ်တစ်လျောက်မှာ ရွေ့ပြောင်းနေထိုင်သူအရေးတွေကို ကိုင်တွယ်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေအနေနဲ့လည်း ထိုင်းနိုင်ငံက မြန်မာတွေရဲ့ အကျပ်အတည်း တွေအတွက် ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး သက်ဆိုင်သူတွေနဲ့ တွေ့ဆုံတာ၊ ဆွေးနွေးပွဲတွေ ကျင်းပပြီး မှတ်တမ်းယူတာ၊ စစ်တမ်းတွေကောက်ယူတာ၊ ဖြေရှင်းဖို့ အကြံဉာဏ်တွေ တောင်းယူ တာတွေကို ၅ နှစ်တာအတွင်း အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးပေမယ့် လက်ရှိအချိန်အထိ ထူးခြားမှု တစုံတရာ ရှိလာတာကိုလည်း မမြင်ရသေးပါဘူး။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ တိမ်းရှောင်နေထိုင်ရင်း ထိုင်းနိုင်ငံမှာ ရာဇဝတ်မှု ကျူးလွန်ခြင်းမရှိသည့်တိုင် ကိုယ်ရေးအချက်အလက်တွေ စစ်ဆေးခံရတာ၊ နေအိမ်တွင်း ရှာဖွေခံရတာတွေ တွေ့ကြုံနေရပါပြီ။

ဒါတွေဟာ ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ရှင်သန်နိုင်ခြင်းမရှိအောင် လူဂုဏ်သိက္ခာ ချိုးဖောက်ခံနေရတာပါ။ ဒါဟာ လူ့အခွင့်အရေးကြေငြာစာတန်းပါ လူသားတစ်ဦးရဲ့ အခြေခံရပိုင်ခွင့်တွေ ချိုးဖောက်ခံနေရ တာလည်း ဖြစ်ပါတယ်။

ဒါတွေက လက်ရှိ အခြေအအနေပါ။ အရင်က ဖုန်းတွေ စစ်ဆေးတာ၊ နေအိမ်ထဲဝင်ရောက် ရှာဖွေတာတွေ မရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရှိလာပါပြီ။ ဒါ့ကြောင့် နောင်တချိန်မှာ ဒီထက်ဆိုးရွားတဲ့ ဘယ်လို အခြေအနေမျိုးတွေဖြစ်လာမယ်ဆိုတာ မပြောနိုင်သေးပါဘူး။

သက်ဆိုင်ရာအဖွဲအစည်းများအနေနဲ့ ဆိုခဲ့ပါ အကျပ်အတည်းကို အမြန်ဆုံး အဖြေရှာနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဘာကြောင့်ဆို ၅ နှစ်တာ ကာလအတွင်းမှာ သက်ဆိုင်သူတွေနဲ့ အဖွဲ့အစည်းတွေကြား တွေ့ဆုံမှုတွေမှာ မှတ်တမ်းတွေ ရှိထားပြီးသားဖြစ်လို့ပါပဲ။

ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဂုဏ်သိက္ခာနဲ့ ညီမျှတဲ့ ရှင်သန်နေထိုင်ရေးကို မျှော်လင့်မိပါ တယ်။ ဒါ့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်း အကောင်းဆုံး အဖြေရှာပေးနိုင်ဖို့လည်း စောင့်မျှော်မိပါတယ်။

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။