မဏ္ဍိုင်၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၆။
နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဒိုင်ယာရီ ရေးမယ်လို့ တွေးမိခဲ့တာ အကြိမ်ကြိမ်။ လက်မရောက် တာရော ရေးဖို့ အခွင့်မသာတာရောကြောင့် မရေးဖြစ်ခဲ့ဘူး။ နောက်တစ်ခုက ပျင်းစရာကောင်းတဲ့ အစည်းအဝေး မှတ်တမ်းလို ဖြစ်နေမှာစိုးလေတော့ ဘယ်လိုရေးမလဲလို့ အတွေးမပေါ်တာ ကြောင့်လိုလည်း ပါပါတယ်။
အခုတော့ လူတစ်ယောက်က သူမှတ်တမ်းတင်ချင်တာတွေကို သူ့ဒိုင်ယာရီထဲမှာ ချရေးထားသလိုမျိုး မြန်မာ ပြည်ရဲ့ နွေဦးတော်လှန်ရေးအကြောင်း မှတ်တမ်းတင်စရာ၊ စာဖတ်ပရိသတ်ကို အသိပေးချင်တာကို သတင်း သမားတစ်ယောက်က လွတ်လွတ်လပ်လပ် မှတ်တမ်းတင်ထားတဲ့သဘောမျိုး ရေးသားဖို့ တွေးမိတယ်။
ဒါကြောင့် စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့် အခု ၂၀၂၆ ဖေဖော်ဝါရီမှာ နွေဦးဒိုင်ယာရီကို စရေးဖို့တွေးမိတယ်။ လယ်ကွင်းထဲမှာ ပြန့်ကျဲနေတဲ့ စပါးနှံတွေကို ကောက်သင်းလိုက်ကောက်ပြီး စပါးကျီထဲ ထည့်သလို ပြန့်ကျဲနေတဲ့ အကြောင်းအရာအချက်အလက်တချို့ကို တစ်နေရာတည်းမှာ စုစည်းသိမ်းထားပေးတဲ့ သဘောမျှ လောက်ပါပဲ။ သတင်းသမားတစ်ယောက်အနေနဲ့ သူဖြတ်သန်းနေရတဲ့ ကာလတစ်ခုကို ဒိုင်ယာရီရေးထားရုံမျှပါ။
သတင်းဌာနတချို့မှာ တစ်နှစ်ကုန်သွားတဲ့အခါ ဖော်ပြခဲ့တဲ့ သတင်းတွေကိုစုစည်းပြီး တစ်နှစ်စာ အနှစ်ချုပ်အဖြစ် ဖော်ပြတတ်ကြတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ထူးခြားဖြစ်စဉ်တွေနဲ့ တစ်နှစ်အတွင်း ထင်ရှား ကျော်ကြား သူတွေအကြောင်းစသဖြင့် ပြန်ရေးတတ်ကြတယ်။ ဒီအခါ သက်ဆိုင်ရာကဏ္ဍအလိုက် အချက် အလက်တွေကို ပြန်ရှာရတယ်။ အချိန်ပေးရတယ်၊ လူအင်အားသုံးရတယ်။ အချိန် မပေးနိုင်၊ လူအင်အား မသုံးနိုင်ရင်တော့ အချက်အလက်တွေကို စုဆောင်းဖို့က မလွယ်ကူဘူး။
ဒါကြောင့် တစ်စုတစည်းတည်း ပြန်ဖတ်လို့ရအောင်၊ ခေတ်ကာလတစ်ခုကို အချက်အလက်တွေအပြင် ခံစားမှုတွေကိုပါ လတ်လတ်ဆတ်ဆတ်မှတ်တမ်းတင်ရအောင် ဒီကဏ္ဍလေးတစ်ခုကို မဏ္ဍိုင်သတင်းဌာနမှာ ပုံမှန်လေး တင်ဆက်သွားပါ့မယ်။
စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့်
၂၀၂၆ ဖေဖော်ဝါရီ ၁ ရက်ဆိုရင် စစ်တပ်အာဏာသိမ်းခဲ့တာ ငါးနှစ်ပြည့်ပါပြီ။ ငါးနှစ်ကာလအတွင်းမှာ မြန်မာ ပြည်သူ သန်းပေါင်းများစွာဟာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဗြိတိန်၊ ဩစတြေးလျ နဲ့ ဥရောပ ၂၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂ (EU)အဖွဲ့က အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။
အရပ်သားပြည်သူတွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေမှုတွေကို ရပ်တန့်ဖို့၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးမှုတွေကို ခွင့်ပြုပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ံရေးအကျဉ်းသားတွေအားလုံးကို လွတ်ပေးဖို့နဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအပြောင်းအလဲကိုဖြစ်ပေါ်စေမယ့် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ကိုလည်း အထက်ပါနိုင်ငံ တွေက အသီးသီးထုတ်ပြန်တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်အကြာမှ ကျင်းပနိုင်ခဲ့တဲ့ စစ်တပ်ဦးစီးတဲ့ရွေးကောက်ပွဲဟာလည်း တရားမျှမှု၊ လွတ်လပ်မှု စတဲ့အခြေခံအချက်အလက်တွေနဲ့ မကိုက်ညီ၊ စံမမီတဲ့အကြောင်းကိုလည်း ထည့်သွင်း ထောက်ပြသွားကြပါ သေးတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ သူတို့ဦးစီးကျင်းပတဲ့ရွေးကောက်ပွဲကို နိုင်ငံတကာက အသိ အမှတ်ပြုခြင်း မပြုခြင်းဟာ အရေးမကြီးဘဲ ပြည်တွင်းက ကိုယ့်ပြည်သူတွေ အသိအမှတ်ပြုမဲပေးဖို့သာ အဓိက အရေးကြီးကြောင်း မဲရုံတွေကို လိုက်လံကြည်ရှုချိန်မှာ မင်းအောင်လှိုင်က သတင်းမီဒီယာတွေကို ပြောခဲ့ပါ သေးတယ်။ ဒါပေမဲ့လည်း အပိုင်းသုံးပိုင်းခွဲကာ ကျင်းပခဲ့တဲ့ စစ်ကောင်စီရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ ပြည်သူအများစုက မဲမပေးခဲ့ကြပါဘူး။
စစ်ကောင်စီအတွက်တော့ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးခြင်း၊ မပေးခြင်း၊ တရားမျှတခြင်း၊ မမျှတခြင်းဟာ အရေးမကြီးဘဲ သူတို့လူတွေဟာ ရွေးကောက်ပွဲကနေတဆင့်တက်လာတဲ့ အစိုးရအဖွဲ့ဖြစ်တယ်ဆိုတဲ့ ဟန်ပြ သဘောလုပ် ဖို့သာ အဓိကပါ။ စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကို တရုတ်နဲ့ ရုရှားလောက်သာ ထောက်ခံတာပါ၊ အာဆီယံအပါအဝင် ဒီမိုကရေစီနိုင်ငံကြီးတွေကတော့ အသိအမှတ်မပြုကြပါဘူး။
စစ်တပ်အာဏာသိမ်း ငါးနှစ်ပြည့်တဲ့နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါ သေးတယ်။ စစ်တပ်ဟာ ရက်စက်မှုတွေကို အရှိန်မလျော့သေးဘဲ ပိုလို့တောင် စနစ်တကျ ရက်စက်လာတယ်လို့ NUG က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကစလို့ ဒီနေ့အထိ ခြေရာပြန်ကောက်ကြည့်မယ်ဆိုရင် စစ်တပ်ဟာ အာဏာသိမ်းစက သူတို့ကို ဆန့်ကျင်တော်လှန်သူတွေကို ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်တာ၊ ထောင်သွင်း အကျဉ်းချတာတွေ လုပ်ခဲ့တယ်။ စစ်တပ်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေဟာ စစ်တပ်ရဲ့ ဒီလိုရက်စက်တဲ့အပြုအမှုတွေကို မခံရပ်နိုင်တော့တဲ့အခါ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။
၂၀၂၂၊ ၂၀၂၃ ကာလတွေမှာ စစ်တပ်ဟာ မြန်မာပြည်အနှံ့စစ်ကြောင်းထိုး၊ ကျေးရွာမီးရှို့တာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ စစ်ကြောင်း ထိုးတဲ့အခါ လမ်းတွေ့ပြည်သူတွေ၊ ကျေးရွာနေ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ စစ်ကြောင်းထိုးရာမှာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် အားအကောင်းဆုံးဖြစ်ခဲ့တဲ့ ညီနောင်မဟာ မိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့အချိန်မှာတော့ စစ်ကောင်စီဟာ စစ်ဆင်ရေးတွေမှာ အကြီးအကျယ် အရေးနိမ့်ခဲ့ပြီး တပ်သား ပြုန်းတီးမှုတွေ များစွာဖြစ်ခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေ သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေ ဖြစ်ခဲ့ပါတယ်။ စစ်တပ်ဟာ ပြုန်းတီးသွားတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်းဥပဒေပြဌာန်းရတဲ့အထိ ဖြစ်ခဲ့ပါ တယ်။ ဒီအခါ စစ်ကောင်စီဟာ ၂၀၂၄၊ ၂၀၂၅ ကာလတွေမှာ ခြေလျင်စစ်ကြောင်းထိုး တိုက်ခိုက်တာထက် လက်နက်ကြီးပစ်ခတ်အသုံးပြုတာ၊ လေကြောင်း တိုက်ခိုက်တာတွေကို နိုင်ငံအနှံ့အားစိုက်ပြုလုပ်ခဲ့ ပါတော့တယ်။
စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ဖို့ တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအပြင် ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ အသေခံဒရုန်းတွေပါ အသုံးပြုလာခဲ့တာပါ။
စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ ရပ်ရွာနေအိမ်တွေအပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦနဲ့ ဆေးရုံတွေပြန် မချန် အကုန်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတော့တယ်။
ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်တဲ့ ငါးနှစ်တာကာလ စစ်ခေါင်းဆောင် မင်းအောင် လှိုင် ဦးဆောင်တဲ့စစ်တပ်က အစုလိုက်အပြုံလိုက်သတ် ဖြတ်မှုဖြစ်စဉ်ပေါင်း ၅၀၁ မှုရှိခဲ့ပြီး အရပ်သားပြည်သူ ၅,၁၈၈ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ တစ်နှစ်ထက် တစ်နှစ်ပိုမို ဆိုးရွားလာပြီး ၂၀၂၅ ခုနှစ်ဟာ အဆိုးရွားဆုံးအဖြစ် ၁၅၉ မှုအထိကျူးလွန်ခဲ့တယ်လို့ NUG ထုတ်ပြန်ချက်မှတ်တမ်းမှာ ဖော်ပြ ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို ကြည့်မယ်ဆိုရင်လည်း တိုက်ခိုက်မှုပေါင်း ၄,၇၅၀ အထိရှိပြီး လူနေအိမ်မပါ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ ၁,၂၇၂ အထိ ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ စစ်တပ်ဟာ မြန်မာပြည်သူ တွေ ငလျင်ဒဏ်သင့်ပြီး ဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာတောင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို မပျက်မကွက်ကျူးလွန်ခဲ့တာပါ။
၂၀၂၅ နှစ်ကုန်ပိုင်း ၎င်းတို့ကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာတဲ့အချိန်မှာလည်း စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှု တွေကို အားစိုက်လုပ်ဆောင်ခဲ့ကြပါတယ်။ NUG အစိုးရရဲ့ စာရင်းပြုစုထားမှုအရ ရွေးကောက်ပွဲ ကျင်းပတဲ့ ၂၀၂၅ ဒီဇင်ဘာတစ်လတည်းမှာတင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်းဟာ ၂၈၉ မှုရှိတယ်လို့ ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ပြည့်စာရင်း ထုတ်ပြန်မှုကို ကြည့်မယ်ဆိုရင်လည်း စစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူအပေါင်းဟာ ၇,၇၃၈ ဦး အထိရှိတာကိုတွေ့ရပါတယ်။ စစ်တပ်ဟာ ငါးနှစ်အတွင်း လူပေါင်း ၃၀,၃၅၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ AAPP က ဆိုပါတယ်။
ဒီအထဲမှာ လူပေါင်းတစ်သောင်းနီးပါးပြန်လည်လွတ်မြောက်လာပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၂,၇၆၇ ဦးဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ဒီလိုရက်စက်မှုတွေကို နိုင်ငံအနှံ့အကြိမ်အကြိမ်အခါခါကျူးလွန်နေတာကြောင့်လည်း စစ်တပ်ကျူး လွန်တာ တွေကို တရားစွဲဖို့ကြိုးပမ်းနေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ တရားစွဲမှုကို အရှေ့တီမောတရားရုံးက လက်ခံခဲ့တဲ့အကြောင်း ဖေဖော်ဝါရီ ၂ ရက်မှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခုလို မြန်မာစစ်တပ်အပေါ် လူ့အခွင့်အရေးအဖွဲ့တစ်ခုရဲ့ တရားစွဲဆိုမှုကို အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ)အဖွဲ့ဝင်နိုင်ငံတစ်ခုက လက်ခံပေးတာဟာ ဒါဟာ ပထမဆုံးပါ။
တရားစွဲဆိုမှုရဲ့ အဓိက အချက်တွေအဖြစ် ၂၀၂၂ တုန်းက ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲမှာ ကလေး တစ်ဦး၊ သတင်းသမား တစ်ဦးအပါအဝင် စုစုပေါင်း လူ ၈ ဦးကို စစ်တပ်က လည်ပင်းလှီးသတ်ဖြတ်ခဲ့တာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို စစ်တပ်က မုဒိမ်းကျင့်ခဲ့တာ၊ ခရစ်ယာဉ်သင်းအုပ်ဆရာ ၄ ဦး သတ်ဖြတ်ခံရတာ၊ မင်းတပ်မြို့နယ်ဆေးရုံနဲ့ ဘာသာရေး အဆောက်အအုံတွေအပါအဝင် အရပ်ဘက် ပစ်မှတ်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ် ပါတယ်။
ဆင်းရဲတွင်းနက်လာတဲ့ ငါးနှစ်တာ
ဒီနေရာမှာ စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း ကုန်ဈေးနူန်းတွေ အဆမတန်တိုးတက်ခဲ့ တာကို လည်း မှတ်သားစရာအဖြစ် ဖော်ပြပေးချင်ပါတယ်။ လူထုနွေဦး(People Spring)သတင်းဌာနက ပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ မှ ၂၀၂၆ ငါးနှစ်တာကာလအတွင်း ကန်စွန်းရွက်တစ်စည်းဟာ ၁၀၀ ကျပ်ကနေ ၁,၀၀၀-၁,၅၀၀ ကျပ်ကြား၊ ကြက်ဥတစ်လုံးဟာ ၁၀၀ ကျပ်ကနေ ၅၂၀ ကျပ်၊ စားအုန်းဆီ ၁ ပိသာ ၂,၃၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ ဆန်ကြမ်းတစ်ပြည် ၈၉၆ ကျပ်ကနေ ၄,၈၀၀ ကျပ်အထိ၊ ဆန်ချောတစ်ပြည် ၁,၅၀၀ ကျပ်ကနေ ၇,၄၀၀ ကျပ်အထိ၊ ဘိလပ်မြေတစ်အိတ်ဟာ ၆,၀၀၀ ကျပ်ကနေ ၂၁,၀၀၀ ကျပ်အထိ၊ ဒီဇယ် ၁ လီတာ ကျပ် ၆၉၅ ကနေ ၂,၂၆၀ ကျပ် အထိ၊ အောက်တိန်း ၉၂ တစ်လီတာ ၆၅၅ ကျပ်ကနေ ၂,၃၆၀ ကျပ်၊ အမေရိကန် တစ်ဒေါ်လာ ကျပ် ၁,၃၃၇ ကနေ ၄,၀၀၀ ကျော်အထိ၊ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်း ကနေ ကျပ်သိန်း ၁၀၀ ကျော်အထိဈေးတွေ ခုန်တက်သွားခဲ့ပါတယ်။
လက်ဖက်ရည်တစ်ခွက်ဈေးနူန်းဟာလည်း ၂၀၀-၃၀၀ ကျပ်ကနေ ၂,၀၀၀-၂,၅၀၀ ကျပ်အထိ ဈေးတွေ မြင့်တက်သွားခဲ့ ပါတယ်။
ရွှေဈေးတွေ ကျပ်သိန်းတစ်ကျော်အထိမြင့်တက်သွားတဲ့အတွက် စစ်တပ်ဟာ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း ဖေဖော်ဝါရီလ ပထမပတ်ထဲမှာပဲ ရန်ကုန်ရွှေအသင်းဥက္ကဌနဲ့ ရွှေလုပ်ငန်းရှင် နှစ်ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ကာလ တွေမှာ ဆန်ဈေးနူန်း၊ စားအုန်းဆီဈေးနူန်း၊ စက်သုံးဆီဈေးနူန်းနဲ့ ရွှေဈေးနူန်းတွေ တက်လာပြီဆိုရင် စစ်တပ်ဟာ အဲဒီဈေးနူန်း တွေကျဆင်းစေဖို့ ဘယ်စီးပွားရေးနည်းလမ်းကိုမှ မသုံးဘဲ လူဖမ်းတဲ့နည်းလမ်းတစ်ခုတည်းကိုသာ သုံးပါတယ်။ ဒါပေမဲ့ လည်း လုပ်နည်းလုပ်ဟန်လွဲမှာလေတော့ ဘယ်သောအခါမှလည်း ကုန်ဈေးနူန်းတွေကျ၊ ပြဿနာတွေပြေလည်သွားစေ တယ်ဆိုတာမျိုးမရှိဘဲ ပြည်သူသာဒုက္ခခံပြီး စစ်တပ်ကတော့ ကောင်းကြိုးစံသွားတာချည်းပါပဲ။
စစ်ခေါင်းဆောင်သန်းရွှေအုပ်ချုပ်ခဲ့တဲ့ကာလတွေမှာလည်း ဆန်ဈေးနူန်း၊ ဆီဈေးနူန်းတက်ပြီဆိုရင် ဆန်ကုန်သည်၊ ဆီကုန် သည်တွေကို ဖမ်းတယ်၊ ပြီးရင် မြို့နယ်တွေ၊ ရပ်ကွက်တွေထဲမှာ သက်သာဆန်ဆိုင်တွေဖွင့်ပြီး အကန့် အသတ်နဲ့ ရောင်းခိုင်းတယ်။ အခွန်လွတ်ဈေးတွေ၊ ဝင်းသူဇာဆိုင်တွေဖွင့်ပြီး သက်ဆိုင်ရာ အစိုးရဝန်ထမ်းတွေကို ဌာနအလိုက် အပတ်စဉ် ဈေးရောင်းခိုင်းတယ်။ ပြီးရင် အဲဒီဈေးရောင်းနေတာတွေကို ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ ဝါဒဖြန့်တယ်။
ဝိသမလောဘသားစီးပွားရေးသမားတွေက မည်သို့ပင် အမြတ်တွေတင်ရောင်းနေပါစေ ဒီလိုမတရားတဲ့ လုပ်ရပ်ကို စစ်တပ်က ကြည့်မနေဘဲ ဖမ်းဆီးတယ်၊ ဈေးသက်သာအောင် ရောင်းပေးတဲ့အစီအစဉ် တွေလုပ် ပေးတယ်ဆိုပြီး သူတို့ပုံရိပ်ကောင်းအောင် ဝါဒဖြန့်တယ်။ နောက်ဆုံးတော့ ဝယ်စားရတဲ့သူတွေလည်း အကျိုးမခံစားရသလို ရောင်းချပေးရတဲ့ဌာနတွေကလည်း အလုပ်ရှုပ်၊ အကျိုးယုတ်တယ်ပြီး စစ်တပ်သာ အမြတ်ထွက်သွားတဲ့နည်းလမ်းတွေပါ။
ကုန်ဈေးနူန်းတွေ ထပ်တက်လာမယ်ဆိုရင် ပြင်ဦးလွင်စစ်တက္ကသိုလ်ထွက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်ဟာလည်း အရင်နည်းလမ်းဟောင်းတွေကိုပဲ မလွဲမသွေသုံး လာပါလိမ့်မယ်။ အခုတော့ ရွေးကောက်ပွဲတွေကျင်းပပြီးလို့ လာမယ့် မတ်လထဲမှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေ ဖွဲ့စည်းဖို့ လုံးပန်းနေကြပါပြီ။
ဖက်ဒရယ်ဦးဆောင်ကောင်စီ
အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့အပိုင်း ၃ ပိုင်းခွဲကျင်းပခဲ့တဲ့ရွေးကောက်ပွဲအပြီး၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ပေါ်မလာခင် ဖေဖော်ဝါရီ ၃ ရက်မှာပဲ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကိုပြဌာန်းပြီး ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းဖို့ ထုတ်ပြန်ခဲ့ပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အခြေခံပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတော် သာယာဝပြောရေး၊ စားရေရိက္ခာလုံလောက်ပေါများရေးဆိုတဲ့ ရည်ရွယ်ချက် ၄ ခု နဲ့ ဖွဲ့စည်းခဲ့တာပါ။
အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတွေကို မထိခိုက်စေဘဲ သမ္မတအား အကြံပေး၊ ညှိနှိုင်းလုပ်ဆောင်ရန် အဓိက ဖွဲ့စည်း တာလို့ဆိုပါတယ်။ ကောင်စီကို သမ္မတက ဖွဲ့စည်းပေးပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့အဝင် အနည်းဆုံး ၅ ဦးပါဝင် ရမယ်လို့ သတ်မှတ်ထားပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေပေါ်လာတာဟာ တပ်ချုပ်ရာထူးနဲ့ သမ္မတရာထူးကြား မျောက်သစ်ကိုင်းလွတ်မဖြစ်စေဘဲ ထိပ်တန်းရာထူးကြီးတွေကို ဆက်လက်ချုပ် ကိုင်ထား လိုတဲ့ မင်းအောင်လှိုင်ရဲ့ အာဏာရူးမှု၊ လည်ပင်းကြိုးကွင်းစွပ်ခံရမှာကို ကာကွယ်ထားလိုမှုတွေသာဖြစ်တယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။
အလားတူ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း ဖက်ဒရယ်ဦးဆောင်ကောင်စီအဖွဲ့နိုင်ဖို့ အတွက် NUG နဲ့ EROs တွေကလည်း အပြိုင်ကြိုးပမ်းနေကြတာလည်းရှိပါတယ်။
အရင်နှစ်တွေက မျှော်လင့်ချက်တွေမျိုးစုံနဲ့ အသံထွက်လေ့ရှိတဲ့ NUG ဟာ ဒီနှစ်မှာတော့ အပြောထက် အလုပ်ကို သက်သေ ပြလာတာ မြင်တွေ့ရပါတယ်။ ၂၀၂၅ နှစ်ဆန်းပိုင်းက မြေပြင်ကိုဆင်းမယ်၊ ပြုပြင်ပြောင်းလဲမှုတွေ ကြီးကြီးမားမားလုပ် မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် အဲဒီပြောင်းလဲမှုတွေဟာ ၂၀၂၆ နှစ်ဆန်းပိုင်းမှာမှ မြင်တွေ့လာရပါတယ်။
အမေရိကန်၊ တက္ကဆက်ပြည်နယ်မှာ ကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ KIO/KIA ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က မိန့်ခွန်းပြောကြားရာမှာ ဖက်ဒရယ်ဦးဆောင်ကောင်စီနဲ့ပ တ်သက်ပြီး ပြောကြားခဲ့ ပါသေးတယ်။
အခုဖေဖော်ဝါရီလဆန်းပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း စတဲ့တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ငါးဖွဲ့တွေ့ဆုံပြီး တော်လှန်ရေးအောင်မြင် အောင်ဆင်နွှဲနိုင်ရေး ဦးစားပေးဆွေးနွေးခဲ့ တယ်လို့ဆိုပါတယ်။
၂၀၂၆ ဟာ အပြောင်းအလဲတွေ အများကြီးဖြစ်လာမယ့်နှစ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောခဲ့ပါသေးတယ်။
တော်လှန်ရေးအင်အားစုတွေကြား စစ်ရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေရှိလာတာ မြင်တွေ့ကြား သိလိုက်ရတာဟာ ပြည်သူတွေအတွက် တကယ့်ခွန်အားဖြစ်စေမှာပါ။
ခေါင်းဆောင်းပိုင်းတွေက အခုလိုတွေ့ဆုံဆွေးနွေးမှုတွေရှိသလို မြေပြင်မှာလည်း တပ်ဖွဲ့တွေကြား အတူအကွလက်တွဲပြီး စစ်ရေးဖော်ဆောင်မှုတွေရှိနေတဲ့အကြောင်းလည်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဥပမာပေးပြီး ပြောသွားပါသေးတယ်။
ဖေဖော်ဝါရိ ၁၂ ရက် ပြည်ထောင်စုနေ့မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ခပ်စိပ်စိပ်တွေ့ဆုံနေပြီး စစ်ရေးအရှိန်မြှင့်ဖို့ အားထုတ်နေတယ်လို့ ပြောခဲ့ပါသေးတယ်။
လက်ရှိမှာ ကချင်ပြည်၊ ချင်းပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ဒေသတွေမှာတော့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စစ်တပ်က လည်း သူ့ရဲ့စစ်ရေးဗျူဟာအတိုင်း လေကြောင်းဗုံးကြဲမှုတွေကို နေ့စဉ်ကျူးလွန်းနေဆဲပါ။ ပြည်သူတွေကလည်း နေ့စဉ်သေ နေရဆဲပါ။
ဖေဖော်ဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ၊ သိသင့်သိထိုက်တဲ့ အကြောင်းအရာ တွေထဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ကွယ်လွန် သွားတဲ့သတင်းလည်းရှိပါသေးတယ်။
သူဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်က လူထုရွေးချယ်တင်မြှောက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးပါ။ ဒေါက်တာစိန်ဝင်းဟာ အာဇာနည်ခေါင်းဆောင် ဦးဘဝင်းရဲ့သားဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မောင်နှမဝမ်းကွဲတော်စပ်သူဖြစ်ပါတယ်။
အသက် ၈၂ နှစ်အရွယ် ဒေါက်တာစိန်ဝင်းဟာ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ဖေဖော်ဝါရီ ၆ ရက်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ အထိ ကုလသမဂ္ဂကို အဖွဲ့ဝင်ကြေးပေးသွင်းနေရတဲ့သတင်းပါ။ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုး ထွန်းက မြန်မာနိုင်ငံကိုယ်စားပြုပြီး မဲပေးခွင့်ကို ဆက်လက်ထိန်းသိမ်းနိုင်စေရန် ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ ၂၉၀,၀၀၀၊ ၂၀၂၂ မှာ အမေရိကန်ဒေါ်လာ ၃၀၆, ၀၀၀၊ ၂၀၂၃ နဲ့ ၂၀၂၄ မှာ အမေရိကန်ဒေါ် လာ ၃၀၈,၀၀၀၊ ၂၀၂၅ မှာ အမေရိကန်ဒေါ်လာ ၃၄၀,၀၇၆ ပေးသွင်းခဲ့ရပါတယ်။ ဒါဟာ ကုလသမဂ္ဂကို ပေးသွင်းရတဲ့အနည်းဆုံးငွေ ပမာဏဖြစ်တယ်လို့သိရပါတယ်။
ဒီလိုငွေပေးသွင်းနေရတဲ့သတင်း ထွက်ပေါ်လာတဲ့အခါ ကုလသမဂ္ဂမှာ မဲပေးရဖို့ ဒီလောက်တောင်သုံးရသလားဆို တဲ့ ဝေဖန်မှုတွေရှိသလို နိုင်ငံတကာမှာ သံတမန်ရေးအရ အောင်မြင်ဖို့၊ မြန်မာ့အရေးကမ္ဘာမှာ အာရုံစိုက်ခံရဖို့ ဒီငွေပမာဏ အသုံးပြုတာဟာ ဘာမှ မဟုတ်တဲ့ပမဏဖြစ်တဲ့အကြောင်း အပြန်အလှန်ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေကို တန်ပြန်တိုက်ခိုက်ဖို့ မြေပြင်ရဲဘော်တွေမှာ လက်နက်ခဲယမ်းမလုံလောက်လို့ တပ်ရင်းတပ်ဖွဲ့တွေ မျိုးစုံအလှူခံနေရတာလည်း အမှန်ပါ။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ခါးစည်းခံနေရတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ ပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်နိုင်မယ့် လက်နက်တွေ လိုအပ်နေတာလည်း အမှန်ပါ။ ဒီလိုအခြေအနေ တစ်ခုမှာ အခုလို ဒေါ်လာသန်းချီ အသုံးပြုလိုက်တာကို ဝေဖန်တာကလည်း မဆန်းဘူးလို့ဆိုရမယ်။
တဖက်မှာလည်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကမ္ဘာသိအောင်လုပ်နိုင်ဖို့ကလည်း အလွန်အရေးကြီးပါ တယ်။ ဒီလိုလုပ်ဆောင်ရတဲ့သဘောတရားကိုတွေ အများသိအောင်ချပြရှင်းလင်းတာမျိုး၊ ကြိုတင်အသိပေးတာမျိုး လုပ်နိုင်ရင် ဝေဖန်မှုတွေ၊ သပ်လျှိုမှုတွေဟာ ကျယ်ကျယ်လောင်လောင် ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။ သဘောထား မှန်မှန်ကန်ကန်နဲ့ ပြည်သူလူထုကို ဖုံးကွယ်ထားတာမျိုး မလုပ်ဖို့သာ အရေးကြီးပါတယ်။
ဒီအပတ်အတွက် မှတ်တမ်းတင်လိုက်ရတဲ့အကြောင်းအရာတွေက ဒီလောက်ပါပဲ။ နောက်အပတ်တွေမှာလည်း သတင်းမြင်ကွင်းတွေကို မဏ္ဍိုင်သတင်းဌာနကတင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်စားဖတ်ရှုနိုင်ပါတယ်။