...

သွေးပျက်သွားတဲ့တစ္ဆေ

အားပို ရေးသည်။

မဏ္ဍိုင်၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆။

ညမှောင်မှောင်မှာ တစ္ဆေတစ်ကောင် အူကြောင်ကြောင်နဲ့လမ်းလျှောက်ထွက်လာပါတယ်။ သန်းခေါင်ကျော်ပြီ။ ညဟာ မည်းမှောင် နေတယ်။ မှောင်တယ်‌ပြောကြသူတွေဟာ သူတို့ကိုယ်တိုင်ကကော လင်းနေလို့လားဆိုပြီး တစ္ဆေကမဲ့ပြုံး ပြုံးလိုက်မိသေးတယ်။

တစ္ဆေက ထွက်သာလာတာ ဘယ်ရယ်လို့ဦးတည်ရာ မရှိပါဘူး။ ဘယ်သွားရကောင်းမလဲတွေးနေတုန်းပဲ ရွှီးကနဲအသံတစ်ခုရုတ်တရက် ကြားလိုက်ရပြီးသူ့ရှေ့မှာပါးပျဥ်းထောင် နေတဲ့မြွေတစ်ကောင်ကိုတွေ့တယ်။ “လန့်ထှာကွာ၊ အသာလုပ်ပါမြွေရာ” လို့ တစ္ဆေကပြော

လိုက်တယ်။

“မင်းလမ်းလျှောက်တာကြည့်လျှောက်ပေါ့ကွ၊ ငါ့ကို တက်နင်းမိတော့မယ်” လို့ မြွေက ပြန်ပြောတယ်။ တစ္ဆေက “အမှောင်ထဲမှာ ငါလည်းဘယ်မြင်မလဲ” ဆိုပြီးဆင်ခြေပေးရင်း မြွေကို သေချာစူးစိုက်ပြူးပြဲကြည့်လိုက်တော့ တစ္ဆေသေချာမှတ်မိသွားပါတယ်။

တဆက်တည်းမှာပဲ မြွေကိုတစ္ဆေက မေးလိုက်တယ်။ “ဟ လက်စသတ်တော့ ဘယ်သူများလဲမှတ်တယ်၊ မင်းမဟုတ်လား၊ ညနေတုန်းက ငါ့ကိုကိုက်ခဲ့တာ။”

“မှတ်ပလား၊ ငါ နှစ်ခါထပ်မကိုက်ချင်လို့နော်၊ ညနေကလည်း ငါ့ဘာသာ ဖားနောက်လိုက်တာ၊ မင်းက ငါ့အမြှီးတက်နင်း” လို့ ဆိုပြီး မြွေက ပြန်ရှင်းပြတယ်။

အဲသလိုအပြန်အလှန်ပြောကြရင်း တစ္ဆေနဲ့မြွေဟာ စိတ်ပြေကြပြီး သူငယ်ချင်းဖြစ်သွားကြပါတယ်။ “ကောင်းတယ်ကွာ၊ ငါတစ်ကောင်တည်း လျှောက်နေရတာပျင်းစရာကြီး၊ အခုတော့ စကားပြောဖော်ရပြီ မြွေရေ” ဆိုပြီး တစ္ဆေ ကျေနပ်နေပါတယ်။

မြွေနဲ့တစ္ဆေ နှစ်ကောင်သား စကားတပြောပြောနဲ့ဆက်လျှောက်လာကြတယ်။ တစ္ဆေကပဲ ပြောတာများပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်အရေးစသဖြင့် လူတတ်ကြီးလုပ်ပြီးပြောနေတာ၊ တစ္ဆေက။ နားထောင်သမားက မြွေ။ တစ်ချက်တစ် ချက်မှ မြွေက ဝင်ပြောတာ။

“မင်းလည်းပြောဦးလေကွာ” ဆိုတော့ မြွေက အဆိုအမိန့်တစ်ခုနဲ့ထုချေတယ်။ “အများကြီးသိတဲ့သူက လိုသလောက်ပဲပြောတာကွ၊ မဆိုစလောက်သိတဲ့သူကျတော့ အများကြီးကို လျှောက်ပြောနေတာဟေ့။”

အဲသည့်စကားက တစ္ဆေအတွက်တော့ အဆင်ပြေမနေဘူးဆိုသလိုပဲ။ ပြန်ချေပစရာစကားစရှာမရဖြစ်သွားတဲ့တစ္ဆေဟာ အခိုက်အတန့်တော့ ဆွံ့အသွားတယ်။ နောက်တော့လည်း သူပဲဆက်ပြောတာပါပဲ။ ကမ္ဘာ့ရေးရာအဖြာဖြာ အသံစွာစွာ။ မြန်မာ့ရေးရာချာတာတာ အသံပြာပြာ။

“မြန်မာပြည်က မှောင်တယ်ကွ။”

“မြန်မာပြည်က မမှောင်ပါဘူး၊ မင်းတို့လူတွေက မလင်းတာပါ” လို့ မြွေကဝင်ထောက်တယ်။ ဘယ်လူတွေလဲလို့တစ္ဆေ ဆက်မမေးရဲဘူး။ ရာသီဥတုဖောက်ပြန်မှုအကြောင်းကို တစ္ဆေ ပြောင်းပြောပြန်ရော။ ကမ္ဘာကြီးပူနွေးလာတာ ဂလိုဘယ်ဝမ်းမင်းဖြစ်လာတာ ဘာညာဆိုပြီး ခပ်တည်တည် ဆက်ရွှီးနေပါတယ်။ အိုဇုန်းလွှာပေါက်ပြဲလာတာဟာ ကမ္ဘာ့ရာသီဥတုကို ဘယ်လိုထိခိုက်စေတယ်ဆိုတာပြောနေတုန်း ခပ်လှမ်းလှမ်း ကားလမ်းပေါ်က ကားတစ်စင်းဝေါကနဲ ဖြတ်မောင်းသွားတယ်။ လုံမငယ်တသိုက်ရဲ့ ဟားတိုက်ရယ်မောသံ တချို့လည်း ဆူညံလို့။ လေညှင်းတစ်ချက်အဝေ့ဟာ ချိုအီတဲ့ရေမွှေးနံ့စူးစူးကို ချန်ထားခဲ့ပါတယ်။ သည်အချိန်ကြီးသည်ကလေးမတွေ ကလပ်တို့ ဘားတို့ကပြန်လာကြတာပဲဖြစ်မှာလို့ တစ္ဆေသဘောပေါက်လိုက်တယ်။ ရေမွှေးနံ့ကလည်း မွှန်နေတာပဲဆိုပြီးတစ္ဆေပြောတော့ –

“အဲဒါမင်းခုနကပြောတဲ့ အိုဇုန်းလွှာပေါက်ပြဲရခြင်းရဲ့အကြောင်းရင်းတွေထဲမှာ အဲဒီရေမွှေးကလည်း တစ်ခုအပါအဝင်ပေါ့” လို့ မြွေကရှင်းပြတယ်။

“မင်းတို့လူတွေ ထွင်ကြတာပဲလေ၊ ရေမွှေးကို၊ မသေခင်ကတည်းက နံနေကြတဲ့လူတွေ။ သူတို့အနံ့ကို ဖုံးဖို့ထွင်ကြတာ။”

တစ္ဆေ ငြိမ်နေရပါတယ်။ ဘာမှပြန်မပြောနိုင်ဘူး။ ဟုတ်နေတာကိုး။ အဲသည့်အချိန်မှာပဲ မြွေက ဘေးနားက ဖားတစ်ကောင်ကို ဆတ်ကနဲလှမ်း ဟပ်မြိုလိုက်တယ်။ ဖားတစ်ကောင်လုံး ဗိုက်ထဲရောက်သွားမှ မြွေက ပြောတယ်။

“မင်းတို့လူတွေ တကယ်ကြောက်စရာပဲကွာ၊ ငါတို့အစာ ဖားတို့ ကြွက်တို့လည်း စားခွက်လိုက်လုနေကြတာ၊ အခုတစ်ကောင်တောင် သူတို့အရင် ငါ ဦးသွားပေလို့ပဲ။” မြွေစကားကြောင့် တစ္ဆေ နည်းနည်းမခံချင်ဖြစ်လာတယ်။

“လူတွေက တစ္ဆေတော့ကြောက်ကြပါတယ်၊ ငါ့ကိုတွေ့တာနဲ့ သွေးပျက်ချောက်ချားကြတာပဲ။”

“လူတွေတကယ်ကြောက်စရာကောင်းတာ မင်းသေချာမသိသေးလို့ပါ တစ္ဆေရာ၊ မင်း သိတဲ့အခါ သွေးမပျက်နဲ့ပေါ့ကွာ၊ ကဲ ငါ့အိမ်လည်း ရောက်ပြီ၊ ဒိုးတော့မယ်၊ ဂွတ်နိုက်ပါ တစ္ဆေ အူကြောင်ကြားရေ။”

အဲသည့်နောက် မြွေဟာ တွင်းထဲကို လျှောကနဲဝင်သွားပါတော့တယ်။ တစ္ဆေတစ်ကောင်ထဲအမှောင်ထဲမှာ ဆက်လျှောက်လာတယ်။ ပုစဥ်းရင်ကွဲတွေ စူးစူးရဲရဲအော်နေသံဟာ ဘာသာပြန်လို့လည်း မရပါဘူး။ အော်သာ အော်နေကြတာ။ ဘာကိုပြောချင်တာလည်း မသိရဘူး။ အော်တယ်ဆိုတာ သိအောင်၊ အများကြားရအောင်အော်နေကြတာပဲလို့ တစ္ဆေနားလည်လိုက်တယ်။ တဆက်တည်းတွေးမိသွားတာက လူအချို့လည်း ဘာထူးလို့လဲ၊ အများကောင်းဖို့၊ တိုင်းပြည်ကောင်းစားဖို့ ဘာညာဆိုပြီး လေသံအကျယ်ကြီးတွေနဲ့ အော်နေကြတာ။ အော်ရုံပဲရှိတာ။ အခုထိ ဘာသာပြန်လို့လည်း မရပါဘူး။ အဲသလိုလူတွေ အကြောင်းတွေးမိတော့ တစ္ဆေစိတ်ပျက်မိပြန်ရော။ အ‌ရှေ့မှာ မီးရောင်ပြပြတွေ့တယ်။

လူနေရပ်ကွက်တစ်ခုဖြစ်မယ်။ စပ်စုချင်စိတ်နဲ့ အဲသည့်ကိုဦးတည်လိုက်တယ်။ အနီးဆုံး အိမ်တစ်လုံးရဲ့ မီးလင်းနေတဲ့ အခန်းပြူတင်း ပေါက်နားကို အသာကပ်သွားတယ်။ မရောက်ခင်မှာ ခွေးတစ်ကောင်ရှိနေတာ တစ္ဆေမတွေ့ဘူး။ ခွေးက တစ္ဆေကို တွေ့တယ်။ ရုတ်တရက် ထ အူတယ်။ တစ္ဆေလန့်သွားပါတယ်။ ကြောက်တော့ မကြောက်ပါဘူး။ တကယ့်ခွေးအစစ်က ကြောက်ဖို့ မလိုဘူးဆိုတာ တစ္ဆေသိတာကိုး။ လူဘာသာစကားပြောတဲ့ခွေးတွေလိုမှ မဟုတ်တာ။ ခွေးကလည်း တစ္ဆေက သူ့ကို မကြောက်မှန်းသိလို့ လားမသိဘူး။ ထပ်ပြီး မအူတော့ပါဘူး။

ပြူတင်းပေါက်ကနေ အိမ်ထဲကို တစ္ဆေလှမ်းကြည့်လိုက်တယ်။ လူတစ်ယောက် ရုပ်ရှင်ထိုင်ကြည့်နေတာတွေ့ရတယ်။ တစ္ဆေကမျက်စိမှုန်တော့ အဲသည့်လူ ဘာဇာတ်လမ်းကြည့်နေသလဲသိရဖို့ ပြူတင်းမှန်ကနေပဲဖောက်ဝင်သွားလိုက်တယ်။ တီဗီရှေ့ရောက်မှ သရဲကားကြည့်နေမှန်းသိတယ်။ တစ္ဆေလည်း အဲသည့်သရဲကားကို ခဏထိုင်ကြည့်လိုက်သေးတယ်။ ကြောက်စရာလည်း မကောင်းပါဘူး။ ကြည့်နေတဲ့လူကတော့ ကြက်သီးတွေထနေတာ။ တစ္ဆေလည်းပျင်းလာတာနဲ့ အပြင်ပြန်ထွက်လာလိုက်ပါတယ်။

ဘယ်သွားရင်ကောင်းမလဲတစ္ဆေစဥ်းစားရင်း နေပြည်တော်ဘက်ရောက်လာတယ်။ အော်ပြန်ပြီ။ ပုစဥ်းရင်ကွဲတွေ။ ငါးတွေ ဥ ဥတာ ဘာအသံမှ မထွက်ဘူး၊ တစ်လုံးတည်း မဥပါဘူး၊ ဥပေါင်းသန်းနဲ့ချီ ဥ တာ။ ကြက်မ ဥ ရင် တစ်လုံးထဲ။ ဥ ဥပြီးတာနဲ့ တစ်ရပ်ကွက်လုံး ကြားအောင် ‘ကတော်ကတော်’ အော်တော့တာပဲ။ လူအချို့လည်း ကြက်မ ဥ ဥသလိုပါပဲလို့ တစ္ဆေ သဘောပေါက်လာတယ်။ အထူးသဖြင့် အခုလို တိုင်းရေးပြည်ရာ သာယာမနေတဲ့အချိန်ကာလမျိုးမှာပေါ့။

နေပြည်တော်အနားရောက်လာတာနဲ့ တစ္ဆေမျက်စိကျိန်းတော့တာပဲ။ လမ်းမကြီးပေါ်တောင် လင်းထိန်နေတာကိုး။ လူတွေနေတဲ့မြို့တွေမှာ တုန်းကလို မှောင်မဲမနေဘူး။ မီးတွေ အဲသလောက် လင်းနေအောင်ထွန်းထားပုံထောက်တော့ သူတို့ ကြောက်လို့ပဲဖြစ်မှာ။ တစ္ဆေတွေးမိတာပါ။ လက်နတ်ကိုင်တွေလည်း အများကြီးတွေ့တယ်။ တခြားမြို့တွေထက် ပိုများတယ်။ အဆောက်အဦတွေအ‌ရှေ့မှာ ကင်းစောင့်နေကြတာလည်းတွေ့ပါတယ်။

အဲသလိုတွေ မြင်တော့ စာရေးဆရာ၊ သတင်းစာဆရာ၊ ဆရာကျော်ရင်မြင့် ဘာသာပြန်ရေးတဲ့ နာဆာရူဒင်ဆိုတဲ့ပညာရှိအူကြောင်ကြား ပုံပြင်တွေထဲက တစ်ပုဒ်ကို တစ္ဆေ မှတ်မိသွားပြန်ရော။ ခေါင်းစဥ်က နန်းတော်အစောင့်နဲ့ သူခိုးများ။ ပုံပြင်အကျဥ်းက နာဆာရူဒင်ဟာ တနေ့မှာ မင်းနေပြည်‌တော်ကို ခဏရောက်ခိုက် လှည့်ပတ်ကြည့်ရှုရင်း နန်းတော်မြို့ရိုးအပြင်ဘက်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြတဲ့ လုံခြုံရေးအစောင့်တွေကိုတွေ့တယ်။ နာဆာရူဒင်က အစောင့်တွေကိုမေးပါတယ်။

“မြို့ရိုးတံတိုင်းဘေးမှာ ခေါက်တုံ့ပြန်လျှောက်နေကြတာ ဘာလို့လဲ၊ လူကြီးမင်းတို့ရဲ့တာဝန်အတိအကျက ဘာလဲ သိပါရစေ” ဆိုတော့ “သူခိုးတွေ နန်းတော်မြို့ရိုးကိုကျော်မတက်နိုင်အောင် စောင့်နေတာပါ” လို့ အစောင့်က ပြန်ဖြေတယ်။ ဒါနဲ့ပြီးမသွားဘူး။ ပညာရှိ အူကြောင်ကြား နာဆာရူဒင် ထပ်မေးလိုက်တာက “ဒါဆိုရင် ခင်ဗျားတို့က နန်းတော်ထဲကို ခိုးဝင်မယ့် အပြင်က သူခိုးတွေကို ပိုစိုးရိမ်တာလား၊ ဒါမှမဟုတ် နန်းတော်ထဲကသူခိုးတွေ အပြင်ကို မထွက်နိုင်အောင်စောင့်နေကြတာလား။”

ဒီပုံပြင်လေးကိုတစ္ဆေ ဆက်ပြီးတွေးမိတယ်။ တကယ်တော့ နန်းတော်ထဲက သူခိုးတွေက ပို ကြီးလို့ ဖြစ်မယ်။ အပြင်က သူခိုး‌တွေထက် ပိုစိုးရိမ်ရလို့ ဖြစ်မယ်။ အဲသည့်နန်းတော်ထဲက သူခိုးတွေ အပြင်ကိုလုံးဝထွက်မလာနိုင်တော့ရင်အကောင်းဆုံးဖြစ်မှာပဲဆိုပြီး တစ္ဆေ မေတ္တာပို့မိနေပါတယ်။

သူခိုးဆိုလို့ အခုလိုတိုင်းပြည်အခြေအနေမှာ သူခိုးပုံပြင်တစ်ပုဒ်ကို ဆက်စပ်သတိရသွားပြန်ရော။ နာဆာရူဒင်ပုံပြင်ထဲကပါပဲ။ သူခိုးက အမျိုးမို့လားတဲ့၊ ခေါင်းစဥ်က။ နစ်နာသူဘက်ကနေ စာနာခံစားမပေးဘဲ ခံရသူကိုပဲ အလွယ်တကူအပြစ်ဖို့ချင်ကြတဲ့ လူ့သဘာဝကို သရော် ထားတာပါ။

ပုံပြင်က နာဆာရူဒင်အိမ်ကို သူခိုးအခိုးခံရတယ်။ အိမ်နီးနားချင်းတွေက သတင်းမေးဖို့ရောက်လာကြတယ်။ တစ်ယောက်တစ်ပေါက် ထင်ရာမြင်ရာပြောကြတာပါ။ တစ်ယောက်က‌ပြောတာ ညမအိပ်ခင် ခင်ဗျားတို့ တံခါးပိတ်ဖို့ မေ့သွားလို့ဖြစ်မယ်။ နောက်တစ်ယောက် ကလည်း ပြူတင်းပေါက်တွေကို သံတိုင်တပ်ပါပြောတာ လုပ်မှမလုပ်ဘဲကိုးလို့ အပြစ်တင်တယ်။ အဒေါ်ကြီးတစ်ယောက်ကတော့ အိပ်လိုက်ရင် အသေကောင်လို အိပ်ကြတာကိုး၊ နိုးနိုးကြားကြားမှ မအိပ်တာ ဆိုပြီးဝေဖန်တယ်။ သနားကရုဏာ စကားမပြောကြဘဲ အပြစ်ပဲတင်နေကြတော့ စိတ်ညစ်နေတဲ့ နာဆာရူဒင်က ပြန်မေးလိုက်ပါတယ်။

“ခင်ဗျားတို့ထဲမှာ သူခိုးကို အပြစ်ပြောမယ့်သူ တစ်ယောက်မှ မရှိတော့ဘူးလား၊ သူခိုးက ခင်ဗျားတို့အမျိုးလား။”

သည်လို ပုံပြင်ထဲက လူတွေအပြင်မှာလည်း တကယ်ရှိကြပါတယ်။ တစ္ဆေလည်း လူတွေကို စိတ်ပျက်လာပါတယ်။ နေပြည်တော်ကနေ ပြန်လှည့်ထွက်လာတယ်။ စိုင်းထီးဆိုင်သီချင်းလိုပဲ လူတွေနဲ့ ဝေး ဝေး ဝေးတဲ့နေရာ၊ သဘာဝရဲ့ ရင်သွေးငယ်တွေ ရှိရာ တောတောင်တွေ ဘက်ကိုပြန်လျှောက်သွားတယ်။ မောတော့ မမောဘူး။ တစ္ဆေဆိုတော့ မမောဘူးပေါ့။ သည်လိုပဲ ဟိုလည် ဒီလည်။ တိုင်းပြည်တောင်မှ ချာလပတ်ရမ်းနေတာ၊ တစ္ဆေ အနာဂတ်ပျောက်တာတော့ ထူးခြားမနေပါဘူး။

တောထဲကို တစ္ဆေရောက်လာပြီ။ တွေ့ပြန်ပြီ၊ လက်နတ်ကိုင်တွေ။ ဒါပေမဲ့ မြို့ပြမှာတွေ့တဲ့လက်နတ်ကိုင်တွေနဲ့တော့ မတူဘူးဆိုတာ တစ္ဆေသတိပြုမိသွားတယ်။ ဟုတ်တယ်။ ယူနီဖောင်းချင်း လည်းမတူသလို တချို့ဆို ငယ်ငယ်ရွယ်ရွယ်လေးတွေ။ စိတ်နေစိတ်ထား ချင်းလည်းလုံးဝကွဲပြားခြားနားတယ်ဆိုတာကိုတော့ သူတို့မျက်နှာလေးတွေမြင်တာနဲ့ လူသားဆန်တဲ့ လက်နတ်ကိုင်တွေမှန်း တန်းသိတာပေါ့။ သူတို့ကိုတွေ့တာနဲ့ မိတ်ဖွဲ့ဖို့ တစ္ဆေကြိုးစားပါတယ်။ တစ္ဆေရဲ့စကားကို သူတို့မကြားပါဘူး။ တစ္ဆေကို သူတို့မြင်လည်း မမြင်ကြပါဘူး။

လက်ဆွဲနှုတ်ဆက်ဖို့လုပ်ပြီးမှ ကိုယ့်ကိုကိုယ် တစ္ဆေသတိရသွားတယ်။ အဲသလိုလုပ်လို့ ဘယ်ရမှာလဲ။ ကင်းစခန်းတစ်ခုအနားရောက်တော့ လက်နတ်ကိုင်ကောင်လေးတစ်ဦး အိပ်ချင်မူးတူးထိုင်နေတယ်။ မလှမ်းမကမ်းမှာ လမ်းလျှောက်နေတဲ့ ကင်းသမားတစ်ယောက်ကို တွေ့တယ်။ သူကတော့ တစ္ဆေကို မြင်ပါတယ်။ ထိုင်နေတဲ့ကောင်လေးကတော့ သူတို့ကို မမြင်ဘူး။ သူ အိပ်မနေပါဘူး။ မတွေ့တာပါ။ တစ္ဆေလည်း လမ်းလျှောက်နေတဲ့ကင်းသမားလေးနဲ့ သွားပြီး နှုတ်ဆက်စကားပြောနေလိုက်တယ်။ သူနဲ့ တစ္ဆေစကားပြောလို့ရတယ်။

“ဦးလေး ဒီတောထဲမှာ အန္တရာယ်များပါတယ်၊ မြို့ဘက်ကိုပဲ ပြန်ပါ၊ မြို့ကနေပဲနိုင်သလောက်လုပ်ပေးနေပေါ့” လို့ တစ္ဆေကို ပြောတယ်။

“ကျွန်တော်တော့ပြန်လို့ မရသေးဘူး၊ ဒီကောင်တွေလည်းပြန်လို့ မရကြသေးပါဘူး” ဆိုပြီး ထိုင်နေတဲ့ ကင်းသမားလေးဘက် မေးငေါ့ပြရင်း ညည်းပြောပြောပါတယ်။

“မိုက်မဲတဲ့၊ လူမဆန်တဲ့သူတစ်စုကို ကျွန်တော်တို့လုံးဝ အမြစ်ဖြတ်ချေမှုန်းသုတ်သင်ကြရမှာ။” တစ္ဆဟာ မြွေနဲ့တုန်းက သူပဲတောက်လျှောက်ဆိုသလိုစကားတွေပြောလာခဲ့ပေမယ့် အခုတော့ နားထောင်၊ ထောက်ခံသမားဖြစ်နေပါတယ်။ လမ်းလျှောက်ကင်းသမားလေးက ဆက်ပြောနေတယ်။ သူ့စကားတွေမှာ ယုံကြည်ချက်တွေ၊ မာန်တွေပါသလို တခါတခါ နာကျည်းမှု၊ လွမ်းဆွတ်မှုတွေလည်းပါတယ်။ မိုက်မဲတဲ့လူမဆန်တဲ့သူတစ်စုဆိုတဲ့အကြောင်းကို တစ္ဆေ စကားထောက် ဆက်မေးလိုက်တယ်။

သူက ပညာရှင်အဆိုအမိန့်တစ်ခုနဲ့ ဥပမာပေးတယ်။ “လူတစ်ယောက် သေသွားတဲ့အခါ သူသေသွားပြီဆိုတာ သူကိုယ်တိုင်မသိဘူး၊ တခြားသူတွေကပဲ သိရှိနာကျင်ခံစားကြရတာ၊ အဲသလိုပဲ မိုက်မဲခြင်းဆိုတာလည်း မိုက်မဲသူဟာ ကိုယ်မိုက်မဲမှန်းကိုယ်မသိဘူး။” သူက အင်္ဂလိပ်လိုပါအရင်ပြောသေးတာ။ တစ္ဆေက အင်္ဂလိပ်စာညံ့တော့ သေချာမမှတ်မိလိုက်ပါဘူး။ သူပြောတဲ့ဥပမာအရ တစ္ဆေလည်း ကိုယ့်ကိုကိုယ် သေပြီးသားလား၊ လူ လား၊ ဝေဝေဝါးဝါးဖြစ်သွားပြန်ရော။ တစ္ဆေ ပညာတွေလည်းရပါတယ်။ ဗဟုသုတလည်းတိုးပါတယ်၊ သူနဲ့စကားပြောရတာ။ လူအချို့ဟာ တကယ်ကြောက်စရာကောင်းတာလည်း တစ္ဆေ ပိုပိုသိလာရတယ်။

စကားတွေပြောကြရင်းနဲ့ပဲ လမ်းလျှောက်ကင်းသမားကောင်လေးဟာ တစ္ဆေရဲ့ မြင်ကွင်းကနေပျောက်သွားတယ်။ တခြားနေရာရောက်သွားတာဖြစ်မယ်။ တစ္ဆေလည်းရန်ကုန်ပြန်ဦးမှပဲဆိုပြီးသူ့အိမ်ကို ချက်ခြင်းပြန်ရောက်သွားပါတယ်။ အိမ်မှာ လူရှိ မနေဘူး။ သူ့မိသားစုတွေ ဘယ်သူမှလည်း မရှိကြဘူး။ အဲသည်တော့မှ တစ္ဆေ သတိရသွားတယ်။ ဆေးရုံ။ ဆေးရုံကို တစ္ဆေလိုက် သွားပါတယ်။

လူနာခန်းတွေမှာ လူနာစောင့်တွေ စကားပြောနေကြတယ်။ တစ္ဆေရောက်ခဲ့တဲ့တောတောင်တွေထဲက တိုက်ပွဲတွေအကြောင်း၊ လက်နတ်ကိုင်ပြီးတိုင်းပြည်အတွက်မဟုတ်ဘဲ ကိုယ်ကျိုးရှာသူတချို့အကြောင်း စသဖြင့် ဝေဖန်ပြောဆိုနေကြတာ။

လေသံကျယ်ကျယ်တော့မဟုတ်ပါဘူး။ အကျယ်ကြီးလည်း ပြောရဲကြပုံ မရပါဘူး။ အများစုက အွန်လိုင်းပေါ်က ဖေ့စ်ဘုတ်ပေါ်က စာတွေအတိုင်းသာပြောနေကြတာပါ။ တကယ့်မြေပြင်က ဖြစ်ရပ်အမှန်နဲ့တော့ မနီးစပ်ကြတာခပ်များများထင်ပါရဲ့။ အစိုးရအဖွဲ့အစည်း တာဝန်ရှိသူတချို့ အဂတိလိုက်စားမှု၊ တိုင်ကြားချက်၊ ဖြေရှင်းပုံ၊ ထုတ်ပြန်ချက်၊ မကျေနပ်တာတွေ၊သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာတွေ၊ ဝေဖန် လေကန်ကြသူတွေ၊ ကုန်းဆင်း ဘီးတပ် တွန်းချကြသူတွေရဲ့ အာဘော်တွေကိုပဲ အင်တာနက်မှာ ပါတဲ့အတိုင်း အတည်အဟုတ် မှတ်ထင်နေကြသူတွေလည်းတွေ့ရတယ်။

သတင်းစာပညာ မတောက်တခေါက်သိထားတဲ့ တစ္ဆေအဖို့ အဲသည်လိုလူတွေဟာ ကြောက်စရာပဲလို့ သိလာပါတယ်။ တချို့ကတော့ စကားမပြောကြဘဲ တယ်လီဖုန်းပွတ်နေကြတယ်။ သူတို့ ဘာတွေကြည့်နေကြသလဲ သိချင်တာနဲ့ တစ္ဆေလည်း သူတို့ဖုန်းတွေကို လိုက်ကြည့်မိပါတယ်။ တစ်တော့တွေ၊ ဖေ့စ်ဘုတ်တွေမှာ နယ်ဘက် မြို့နယ်တစ်ခုက ဘုန်းကြီးကျောင်းထဲမှာ မဖွယ်မရာပြုမူကြတဲ့ စုံတွဲကိစ္စ၊ လိုင်းပေါ်တင်လာတဲ့ ဗီဒီယိုအကြောင်း။ အခုထိကိုအပြစ်တင်လို့ ကောင်းနေကြတုန်းပါလား။ တစ္ဆေလည်း အဲဒါမျိုးတော့ ရှုတ်ချပါတယ်။ သူတို့လုပ်ရပ်ကို ရွံရှာပါတယ်။ ထိုက်သင့်တဲ့ပြစ်မှုပြစ်ဒဏ်ကျခံသင့်တာထောက်ခံပါတယ်။ နို့ပေမဲ့ အဲသည့်စုံတွဲကို အဲသည့်ကိစ္စအတွက် ဝိုင်းပြီးစီရင်ချက်ချနေကြသူတွေ၊ မပြီးနိုင်မစီးနိုင် ရွံရှာအော့အန်နေကြသူတွေ၊ လိုင်းပေါ်မှာ ထပ်ခါထပ်ခါ ရှယ်ပြီး အတန်ရှင်ရှာနေကြတာတွေကိုတော့ တစ္ဆေ မြင်ရတာ သိပ်အဆင်ပြေမနေဘူး။

အဲဒီလိုလူတွေကိုယ်တိုင်ကကော ခြောက်ပစ်တွေကင်းပြီး သဲလဲတွေ စင်နေကြလို့လား။ တဖြည်းဖြည်းနဲ့ လူတွေကို တစ္ဆေ ကြောက်လာတယ်။ သူတို့အနားကနေလှည့်ထွက်လာပြီးမှ တစ္ဆေ သတိရမိတယ်။ ဆေးရုံကိုသူလာတဲ့ကိစ္စ။

အထူးကြပ်မတ် ကုသဆောင်ဘက်ကို တစ္ဆေ အပြေးသွားတယ်။ အိုင်စီယူအခန်းတစ်ခုထဲကို ဝင်လိုက်တယ်။ အခန်းထဲက ပြေးထွက်လာတဲ့နာ့ပ်စ်မနဲ့တောင် တိုက်မိသွားတယ်။ နာ့ပ်စ်မက သူတိုက်မိတာကို မသိပါဘူး။ နာ့ပ်စ်မက ဆရာဝန်ကို ပြေးခေါ်တာ။ လူနာအခြေအနေ မကောင်းတော့ဘူးထင်ပါရဲ့။ ကုတင်ပေါ်က လူနာကိုကြည့်မိတော့ တစ္ဆေ လန့်သွားတယ်။ သူ့ခန္ဓာကိုယ်က ကုတင်ပေါ်မှာ ပက်လက်ကြီး။ ကုတင်ဘေးမှာသူ့မိသားစုဝင်တချို့ မျက်ရည်တွေစိုလို့။ မဟုတ်သေးဘူးထင်တယ်။ တစ္ဆေ အကျယ်ကြီး လှမ်းအော်ပါတယ်။ ဘယ်သူမှ မကြားကြဘူး။ ဘာဖြစ်တာလဲ၊ တစ္ဆေ ပြန်စဥ်းစားတယ်။ သိပြီ။ ညနေစောင်းက သူ ရေချိုးပြီး ရေလဲပုဆိုးကို ခြံထဲက ကြိုးတန်းမှာ လှန်းနေတုန်း မြွေကိုက်ခံလိုက်ရတာ။

ဆရာဝန်နဲ့ နာ့ပ်စ်မ ပြန်ဝင်လာတယ်။ သူ့ကုတင်ခေါင်းရင်းနားက ကွန်ပြူတာလိုဖန်သားပြင်မှာ တတီတီမြည်သံနဲ့အတူ မျဥ်းကြောင်းလေးတွေ လှုပ်နေတာတွေ့တယ်။

မျဥ်းကြောင်းလေးတွေက လှိုင်းတွန့်ပုံလေးတွေ ရွေ့နေရာကနေ တဖြည်းဖြည်း လှိုင်းတွန့်တွေ လျော့လာနေတယ်။ ပေါ်နေတဲ့နံပါတ်လေး တွေကလည်း များရာကနေ နည်းနည်းလာနေပြီ။ ဆရာဝန်က ဘာဆေးတွေ ဘယ်လိုဆက်ကုမယ်ဆိုတာ နာ့ပ်စ်မနဲ့ပြောနေကြပါတယ်။

“နိုး နိုး၊ နေပါစေတော့ဗျာ၊ တစ္ဆေ ဆန္ဒမပါဘဲ ဇွတ်မလုပ်ကြပါနဲ့။ တစ္ဆေ သူ့မိသားစုကိုတော့ သနားပါတယ်။ ဒါပေမဲ့ ကုတင်ပေါ်က သူ့ကိုယ်ခန္ဒာကြီးထဲကိုတော့ တစ္ဆေ ပြန်မဝင်ချင်တော့ဘူး။” တစ္ဆေအခွင့်အရေးကိုချိုးဖောက်ပြီးဇွတ်အတင်းတွေလုပ်နေကြတဲ့ ဆရာဝန်နဲ့ နာ့ပ်စ်မတွေကိုလည်း တစ္ဆေကြောက်လာပြီ။

ပြီးခဲ့တဲ့ သန်းခေါင်ကျော်အချိန်လေးကနေ အခုအထိ တစ္ဆေ ကြားသိ တွေ့ မြင် ကြုံလာရသမျှ လူတွေအကြောင်းမှာ လူအချို့ဟာ အတော်ကို ကြောက်ရွံ့ ရွံရှာဖွယ်ကောင်းတယ်။ တစ္ဆေ အသံကုန် ကြုံးအော်လိုက်တယ်။ အသံ ဝါကြီးလား၊ အသံပြာကြီးလား၊ အသံနက်ကြီးလား ကိုယ်တိုင်တောင်မခွဲခြားနိုင်အောင် အော်နေမိတာ။ ဘယ်သူမှ မသိပေမယ့် သေချာတာကတော့ ညမှောင်မှောင်မှာ ကြောင်တောင်တောင် တစ္ဆေတစ်ကောင် သွေးပျက်သွားတာပဲဖြစ်ပါတယ်။

Leave a Comment