လင်းဇေ ရေးသည်။
မဏ္ဍိုင်၊ ဇန်နဝါရီ ၂၃၊ ၂၀၂၆။
အခုလထဲ သတင်းမီဒီယာအမည်ခံ၊ သတင်းသမားအမည်ခံတချို့ကြောင့် “မင်းတို့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေ” ဆိုပြီး ဝါးလုံး မစင်သုပ်အရမ်းခံရတဲ့အဖြစ် ဆက်တိုက်ကြုံနေရတယ်။ ဒီလိုရမ်းကားခံရရင် ဂျာနယ်လစ်အလုပ်၊ သတင်းစာ၊ သတင်းသမားအလုပ်ကို ပရော်ဖက်ရှင်နယ်လုပ်နေကြသူတွေ ဘယ်လောက်နာတယ်ဆိုတာ ခံစားရသူအသိဆုံး။
ပြီးခဲ့တဲ့ရက်က ထိုင်းမှာ ဧရာဝတီလင်းပိုင်တွေ တွေ့တဲ့ကိစ္စမှာ တတ်ကျွမ်းနားလည်သူတစ်ဦးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ သေချာရှင်းပြပေးသွားရင်း တစ်နေရာအရောက်မှာ သတင်းတစ်ပုဒ်ကို ဥပမာပြပြီး “ ဒီလို သတင်းရေးမယ်ဆိုရင်လည်း နည်းနည်းလေး အရင်လေ့လာပြီးမှ လုပ်စေချင်တယ်။” လို့ ပြောသွားတာကြားလိုက်ရတော့ စိတ်ထဲ ကျွဲမြီးတို မိတယ်။
သူကတော့ သတင်းမီဒီယာ၊ သတင်းထောက်ရယ်လို့ ပြောသွားတာမဟုတ်ပေမယ့် သတင်းရေးခြင်းဆိုတာ ကြားလိုက်ရတော့ သတင်းအလုပ်လုပ်တဲ့ ကိုယ်တွေကိုပြောသလို ခံစားမိလိုက်ရတယ်။ နေ့စဉ်ဝင်ကြည့်ဖြစ်တဲ့ သတင်းဌာနတွေမှာ လင်းပိုင်နဲ့ပတ်သက်ပြီး ဘယ်လိုဖော်ပြကြသလဲဆိုတာ လိုက်ကြည့်မိတယ်။
သူပြသွားတဲ့ပုံစံမျိုးဖော်ပြတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုတွေ့တယ်။ သတင်းဌာနမဟုတ်ဘူး။ လူကြိုက်မယ်ထင်တဲ့အကြောင်းအရာတွေကို စုစည်းပြီး သတင်းပုံစံမျိုးတင်ဆက်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု။ သတင်းတွေကို ရေးသားတင်ဆက်ထားတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အထက်ပါပုဂ္ဂိုလ်ပြောသွားတဲ့အထဲမှာ “ဒီလို သတင်းရေးမယ်ဆိုရင်လည်း နည်းနည်းလေး အရင်လေ့လာပြီးမှ လုပ်စေချင်တယ်” ဆိုတာကို ကြားလိုက်ရတဲ့အခါ သတင်းသမားတွေ ကြုံသလိုရေးနေကြတယ်၊ သတင်းသမားတွေ အလကားပဲဆိုတာမျိုး ပရိသတ်ကဘာသာပြန်သွားမှာ အတော်စိတ်ပူသွားတယ်။
အဲဒါနဲ့ မရှေးမနှောင်းပဲ မြို့တစ်မြို့မှာဖြစ်နေတဲ့ ယာဉ်တိုက်မှု၊ ဖမ်းဆီးမှုတွေကို ဓာတ်ပုံရိုက်၊ ရုပ်သံရိုက်၊ ဝါကျ လေးငါးကြောင်းလောက်ရေးပြီး နေ့စဉ်ပို့စ်တင်နေသူတစ်ဦးက သူ့ကိုယ်သူ “အလွတ်တန်းသတင်းထောက်” လို့ ခပ်တည်တည်နဲ့ အမည်ခံလိုက်တာကို မြင်လိုက်ရတဲ့အခါ မျက်လုံးပြူးသွားရတယ်။
၂၀၁၅ ဝန်းကျင်လောက်က Citizen Journalist (CJ) နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ဟောပြောသူကို မေးခွန်းတစ်ခုမေးဖူးတယ်။ သတင်းအရင်းအမြစ်၊ သတင်းပေးသူနဲ့ CJ ဘာကွာလဲ၊ ဘယ်အချိန်မှာ CJ ဖြစ်ပြီး ဘယ်အချိန်မှာဂျာနယ်လစ်ဖြစ်လဲလို့ မေးဖူးတယ်။ အဖြေမရခဲ့ဘူး။
သတင်းဌာနတစ်ခုကထုတ်တဲ့ CJ လက်စွဲဆိုတဲ့စာအုပ်ကို ဖတ်ဖူးတယ်။ စကားလုံးကို မြန်မာလို ဘာသာပြန်ထားတဲ့ အဓိပ္ပါယ်အပေါ်မှာ လိုရာဆွဲရေးထားတဲ့အလွဲတွေ တော်တော်များတယ်။ အဲဒီစာအုပ်ဖတ်ကြည့်တော့ CJ တွေသာ တကယ့်ပြည်သူ့ သတင်းသမားတွေဖြစ်ပြီး ရုံးခန်းထဲမှာ သတင်းတွေရေးသား/တည်းဖြတ်နေသူတွေဟာ ဘာမှသုံးမရတော့တဲ့ သတင်းသမားဘဝ ရောက်သွားတယ်။
CJ ကို သတင်းသမား၊ သတင်းစာဆရာ၊ ဂျာနယ်လစ်လို့ သတင်းသမားတချို့နဲ့ သတင်းဌာနတချို့က ယူဆနေမှတော့ နေ့စဉ်မြင်သမျှ ဖြစ်ရပ်တွေကို ဓာတ်ပုံရိုက်၊ ပို့စ်တင်နေသူ သာမန်ပြည်သူက သူ့ဘာသာ အလွတ်တန်းသတင်းထောက်လို့ အထင်ရှိသွားတာလည်း မလွန်ဘူးလို့ ဆိုရမှာပဲ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံနှိပ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ ပျောက်ကုန်ကြတယ်။ အွန်လိုင်း သတင်းဌာနတွေ အပြိုင်းအရိုင်းပေါ်လာကြတယ်။ တချို့ပုံနှိပ်သတင်းမီဒီယာတချို့ဟာ အွန်လိုင်းသတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်ကြသလို တချို့ကလည်း ပျောက်သွားကြတယ်။ သတင်းသမားတွေဆိုရင်လည်း တချို့ က အလုပ်နားလိုက်ကြတယ်။ တချို့က သတင်းအလုပ်နဲ့ဆက်သွားကြတယ်။
အွန်လိုင်းသတင်းမီဒီယာတွေ အများအပြားပေါ်လာတဲ့အခါ သတင်းမီဒီယာစံနူန်းတွေနဲ့ တင်ဆက်ကြတဲ့ သတင်းဌာနတွေရှိသလို တချို့ကလည်း ပြောင်းလဲသွားတဲ့ခေတ်နဲ့အညီ သတင်းမီဒီယာစံနူန်းတွေထက် ကိုယ့်ရပ်တည်ရေးအတွက် ဦးစားပေးလုပ်ကြတာတွေ များလာကြတယ်။
ထို့နည်းတူပဲ သတင်းသမားအဖြစ် ခိုင်ခိုင်မာမာဆက်လက်ရပ်တည်နေကြတဲ့သူတွေရှိသလို စစ်တပ်အာဏာသိမ်းမှုအလွန်မှာ တော်လှန်ရေးထဲ၊ နိုင်ငံရေးထဲ ရောက်သွားကြတာတွေ ရှိတယ်။
ဒီအထဲမှာ တချို့ဟာ သတင်းသမားအလုပ်ကို စွန့်လွှတ်ပြီး ပြတ်ပြတ်သားသား သူပုန်လုပ်သွားကြတယ်။ တချို့ ကလည်း သတင်းသမားဘဝကိုစွန့်ပြီး ထောက်ပို့အလုပ်တွေလုပ်ရင်း တော်လှန်ရေးကို လက်တွေ့ကျကျ ဝိုင်းကူကြတယ်။
ဒါပေမဲ့ သတင်းသမားတချို့ကျတော့ နိုင်ငံရေးသမားလား၊ သူပုန်လား၊ သတင်းသမားလား၊ လူ့အခွင့်အရေး သမားလား၊ တက်ကြွလှုပ်ရှားသူလားဆိုတာ မသဲကွဲဘူး။ ဘာကြောင့်ဆို အဲဒီသူတွေဟာ အရင်က သတင်းသမားလုပ်ခဲ့လေတော့ သတင်းသမားအမည်ခံပြီး (အထင်ခံရတာရှိတယ်၊ တချို့က တမင်သတင်းသမားအရေခြုံပြီး) နိုင်ငံရေးလိုလို၊ လူ့အခွင့်ရေးလိုလို၊ ပရဟိတလိုလိုနဲ့ သတင်းလောကထဲကို ဝင်ချီထွက်ချီလုပ်နေတတ်လို့။
အဖွဲ့အစည်းတစ်ခုရဲ့ ဝါဒဖြန့်ဆိုလည်း ဝါဒဖြန့်အနေနဲ့ ပြတ်ပြတ်သားသားလုပ်လိုက်သင့်တယ်။ ပရဟိတလုပ်မယ်၊ ငွေရှာမယ်ဆိုလည်း ပြတ်ပြတ်သားသား ရပ်တည်လိုက်တာကောင်းမယ်။ ဂျာနယ်လစ်လို့ အမည်ခံထားရင်လည်း သတင်းသမားစစ်စစ်အဖြစ်ရပ်တည်လိုက်တာ ပိုကောင်းတယ်။
နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆက်စပ်တယ်ဆိုပေမယ့် သတင်းသမားဟာ သတင်းစာအလုပ်၊ ဂျာနယ်လစ်ဇင်အလုပ်အပြင် နိုင်ငံရေးလုပ်တာ၊ တော်လှန်ရေးလုပ်တာ၊ လက်နက်ကိုင်တာမျိုးတော့ မသင့်တော်ဘူးလို့ မြင်တယ်။
အခုအချိန်မှာ ကျင့်ဝတ်တွေအရေးမကြီးဘူး၊ ငါတို့လုပ်ချင်တာလုပ်မယ်ဆိုရင် မြန်မာသတင်းမီဒီယာအပေါ်၊ မြန်မာသတင်းသမားတွေပေါ်မှာ စာဖတ်သူတွေက မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။ ပြည်သူယုံကြည်အားကိုးရတဲ့ သတင်းမီဒီယာဆိုတာ ပျောက်ဆုံးသွားလိမ့်မယ်။
အခုလိုပြောရင် သတင်းသမားတချို့က မင်းဘယ်လောက်သတင်းရေးဖူးလဲ၊ မင်းက သတင်းလုပ်သက် ဘယ်လောက်ရှိလို့လဲ၊ သတင်းစာဆရာကြီး ဘယ်သူ့ကိုသိလား ဆိုတာမျိုး တလွဲဆံပင်ကောက် ရန်ထောင်တတ်တယ်။ တကယ်က လုပ်သက်တွေ၊ အတွေ့အကြုံတွေထက် လက်ရှိလုပ်ရပ်နဲ့ ခံယူချက်ကသာ အရေးကြီးတယ်။
မျိုးစုံသော တော်လှန်ရေးအဖွဲ့အစည်းတွေမှာ သတင်းသမားတချို့ ဝိုင်းကူလုပ်ပေးကြတဲ့အခါ သတင်းခန်းတွေမှာ လုပ်နေကြတဲ့ သတင်းသမားတွေ ကြုံရတဲ့အဖြစ်တစ်ခုရှိတယ်။ အဲဒါက တော်လှန်ရေးသမားတချို့က သတင်းထောက်တွေကို မင်းတို့က တော်လှန်ရေးဘက်က မရပ်တည်ကြဘူးလား၊ တော်လှန်ရေးမလုပ်ကြဘူးလားလို့ မကြာခဏ မေးခွန်းထုတ်ခံရတယ်။
ဒီထက်ဆိုးတာက တော်လှန်ရေးအင်အားစုတွေကြားက မတရားမှုတွေကို ဖော်ထုတ်ရေးသားလိုက်ရင် မင်းတို့သတင်းမီဒီယာတွေက တော်လှန်ရေးကို အရှိန်ပျက်အောင်လုပ်တယ်၊ မင်းတို့တွေ အချင်းချင်းကြား သွေးခွဲတယ်၊ မင်းတို့တွေ တော်လှန်ရေးဘက်တော်သားတွေ မဟုတ်ဘူးလား၊ စစ်တပ်ရဲ့ ဒလန်တွေလားဆိုတဲ့အထိ မေးခွန်းထုတ် စွပ်စွဲခံရတယ်။
ဒီလိုမေးတဲ့သူတွေဟာ သတင်းမီဒီယာရဲ့သဘော၊ သဘာဝကို သေချာမသိလို့ ဆိုပြီး နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ တတ်သိနားလည်တဲ့ သတင်းသမားတွေက သတင်းသမားကျင့်ဝတ်တွေကို ချိုးဖောက်နေတာမျိုးကို ဆင်ခြင်ဖို့ ကောင်းတယ်။ သတင်းသမားတွေရဲ့ သဘောသဘာဝကို ကိုယ်တိုင်ကတောင် ဝေမျှပေးဖို့ကောင်းတယ်။
သတင်းဌာနလား၊ အဖွဲ့အစည်းတစ်ခုရဲ့ ဝါဒဖြန့်မီဒီယာလား၊ ကိုယ့်အကျိုးစီးပွားအတွက် ကြိုးပမ်းအားထုတ်နေတဲ့ မီဒီယာလားဆိုတာ ရောထွေးနေတဲ့ အခုလိုကာလမှာ သတင်းသမားတွေဟာ သတင်းသမားပီသဖို့ ပိုပြီးလိုအပ်လာတယ်။
တစ်ဖက်မှာလည်း သတင်းသမားလုပ်ခဲ့ဖူးရုံ၊ သတင်းသမားအဖြစ်အမည်ခံထားရုံနဲ့ သတင်းသမား၊ သတင်း မီဒီယာမဟုတ်ဘူးဆိုတာ သူတို့ရဲ့လုပ်ရပ်တွေကို ကြည့်ပြီး စာဖတ်ပရိသတ်တွေအနေနဲ့ စစ်ဆေးအကဲဖြတ်နိုင်တယ်။ ဘယ်လိုပင် မေတ္တာရှင်လို့ ခံယူထားသော်လည်း စေတနာတစ်စက်မှ မရှိတဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းဖြင့် မေတ္တာရှင် မဟုတ်ဘူးဆိုတာ အလွယ်တကူသိနိုင်သလိုမျိုး။
သတင်းသမားတွေမှာ သတင်းရေးသားဖော်ပြပုံ၊ ဆောင်းပါးရေးသားတင်ဆက်ပုံ နည်းနာတွေရှိတယ်။ သတင်းလား၊ ဆောင်းပါးလား၊ အတွေးအမြင်လား၊ အင်တာဗျူးလားစသဖြင့် သူ့အင်္ဂါရပ်နဲ့သူ၊ သူ့တင်ဆက်မှုနဲ့သူ၊ ရေးသားရတာရှိတယ်၊ လိုက်နာရတာတွေရှိတယ်၊ တာဝန်ခံရတာတွေရှိတယ်။အချက်အလက် စိစစ်ရတာတွေရှိတယ်၊ ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို ထည့်သွင်းစဉ်းစားရတာရှိတယ်၊ ဆောင်ရန်၊ ရှောင်ရန် ကျင့်ဝတ်တွေရှိတယ်၊ ဘက်လိုက်မှုကင်းတယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာရှိတယ်၊ လိုအပ်လို့ ပြင်ဆင်ရမယ့် အမှားပြင်ဆင်မှုတွေအတွက် သူတို့မှာ မူဝါဒတွေရှိတယ်။ ပြင်ဆင်ချက်မပေးနိုင်ဘူးဆိုရင်လည်း သူတို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ်။
ဒီလိုစံနူန်းတွေနဲ့ မညီညွတ်ဘူးဆိုရင်တော့ သတင်းမီဒီယာလို့ ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ်၊ သတင်းသမားရယ်လို့ ဘယ်လိုပဲအမည်ခံခံ သတင်းမီဒီယာ၊ သတင်းသမားမဟုတ်ဘူးဆိုတာ ပြည်သူတွေအနေနဲ့ စစ်ဆေးကြည့်ရှု ချင့်ချိန် ယုံကြည်ကြပါ၊ ဝေဖန်ထောက်ပြကြပါ။
သတင်းသမားလို့ခံယူထားသူတွေကလည်း ကိုယ့်ကြောင့် တခြားသောသတင်းသမားတွေ ဝါးလုံးမစင်သုတ် အရမ်းခံရတာမျိုးမဖြစ်စေအောင် ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်ကို တန်ဖိုးထားပြီး သတင်းသမားစစ်စစ်ဖြစ်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
3 comments
Just a quick Nesine dot… Here’s the link to the site. Enjoy: nesine.
Anyone know how to get the Okbet app download? I keep hearing good things about it but not sure where to find it. Point me in the right direction, will ya? Try download okbet app download.
Want to download the Nesine app? Makes things easier to manage on the go. I recommend checking out the official site for the download link. Try it: nesine.com indir