“ အဓိကကတော့ ဒီမိုကရေစီ စံနှုန်းနဲ့တိုင်းမယ်၊ ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ ညွှန်းကိန်းတွေနဲ့ တိုင်းကြည့်မယ်ဆိုရင်တော့ ဘောင်ဝင်မနေဘူးဆိုတာကိုတော့ ကျွန်တော်တို့ပြောလို့ရတယ်။ ဘယ်လိုမှ လွတ်လပ် ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူး။”

ဒီဇင်ဘာလအတွင်း ကျင်းပမယ့် အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာ သုံးသပ်သူ စိုင်းကြည်ဇင်စိုးနှင့် အင်တာဗျူး

မဏ္ဍိုင် – ဒီဇင်ဘာ ၁၈၊ ၂၀၂၅။

မဏ္ဍိုင် – စကမလုပ်မယ့် ရွေးကောက်ပွဲကို ဆရာ့အနေနဲ့ ဘယ်လိုထင်မြင်မိပါသလဲ။ ပြီးတော့ လက်ရှိ သူတို့ လုပ်နေတဲ့ ရွေးကောက်ပွဲလုပ်နေတဲ့ လုပ်ငန်းစဉ်တွေအရရော တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား။ ဆရာ့ရဲ့ အမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ အခု စကစလုပ်မယ့် ရွေးကောက်ပွဲကတော့ အပြည်ပြည်ဆိုင်ရာတွေကလည်း ပြောနေကြတယ်။ အာဆီယံကလည်း ထုတ်ပြန်တာတွေရှိတယ်။ နောက်ပြည်တွင်းအဖွဲ့အစည်းတွေကလည်း တော်တော်များများ ပြောနေကြတယ်ဆိုတော့ အဓိကကတော့ ဒီမိုကရေစီ စံနှုန်းနဲ့တိုင်းမယ်၊ ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ ညွှန်းကိန်းတွေနဲ့တိုင်းကြည့်မယ်ဆိုရင်တော့ ဘောင်ဝင်မနေဘူးဆိုတာကိုတော့ ကျွန်တော်တို့ပြောလို့ရတယ်။ ဘယ်လိုမှ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူး။ ဖြစ်နိုင်တဲ့ အခြေအနေကလည်း ရှိမနေဘူး။ ပဋိပက္ခဖြစ်နေတဲ့ အချိန်၊ နောက်ပြီးတော့ အဓိက ပါဝင်ရွေးကောက်ခံနိုင်ဖို့အတွက်လည်း လွတ်လပ်ပြီး တရားမျှတတဲ့အခြေအနေမှာ ရှိမနေဘူး။ ရှိ မနေတဲ့အတွက် ဒီရွေးကောက်ပွဲရလာဒ်က လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူ့သဘောထားကို ထင်ဟပ်စေတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောလို့ရစရာ ရှိမနေဘူးလို့ ပြောလို့ရပါတယ်။

မဏ္ဍိုင် – ရွေးကောက်ပွဲပြီးသွားရင်ရော လက်ရှိ တော်လှန်ရေး အခင်းအကျင်းက ဘယ်လို အပြောင်းအလဲ ရှိလာ နိုင်ပါလဲ။ ကောင်းကျိုး၊ ဆိုးကျိုးတွေကရော ဘာတွေရှိလာနိုင်ပါမလဲ ဆရာ။

ဖြေ။ ။ ပိုပြီးတော့ ရှုပ်ထွေးသွားနိုင်ပါတယ်။ ကျွန်တော်တို့ လက်ရှိက ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေး အင်အားစု အစုအဖွဲ့တွေတော်တော်များများရဲ့ ရပ်တည်ချက်ရှိနေတယ်။ ရပ်တည်ချက်က အခုလက်ရှိ အခြေအနေမှာတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်မယ်ဆိုတဲ့ ရပ်တည်ချက်မျိုး၊ အသိအမှတ်မပြုဘူး။ နိုင်ငံတကာအနေနဲ့လည်း အသိ အမှတ်မပြုဖို့ ဝိုင်းဝန်းပြီးတောင်းဆိုနေကြတယ်၊ တိုက်တွန်းနေကြတာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါ တယ်။ အဲ့လိုအနေအထားတွေရှိနေတယ်ဆိုတော့ ရွေးကောက်ပွဲနဲ့ ပြေလည်နိုင်စရာကိစ္စကတော့ ထင်ထားသလို ဖြစ် မလာနိုင်ပါဘူး။

တစ်ဖက်မှာကျတော့ စစ်တပ်က သူ့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ တစိုက်မတ်မတ် ကြိုးစားလာတယ်။ အာဏာ သိမ်းတယ်။ အာဏာသိမ်းတဲ့ဟာကို ၂၀၀၈ ဘောင်ထဲကနေ သိမ်းပါတယ်ဆိုပြီးတော့ သူတို့တောက်လျှောက် ပြော နေတယ်။ ပြီးတော့ ၂၀၀၈ ဘောင်ထဲကပဲ အဆက်ဆက် သက်တမ်းတိုးတဲ့ဟာတွေ လုပ်လာတယ်။ အခုနောက်ဆုံး ရွေးကောက်ပွဲလုပ်ဖို့ဟာတွေ ဖြစ်လာတယ်။ ဖြစ်ပြီးတော့ ရွေးကောက်ပွဲဆိုတဲ့ ဇာတ်လမ်းတစ်ခုကို ဖော်ကျူးဖို့ ကြိုးစားတယ်။

အဲအခြေအနေက ဘာလဲဆိုတော့ စစ်တပ်အနေနဲ့ အာဏာသိမ်းယူလိုက်ကတည်းက နိုင်ငံတကာအနေနဲ့ ထိတွေ့ရ ခက်ခဲသွားတယ်။ ဆက်ဆံမှုတွေ ကျဲသွားတဲ့ပုံစံမျိုးကို တွေ့လိုက်ရတယ်။ အသိအမှတ်အပြုမခံရဘူး။ အထူးသဖြင့် ဒီနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလို့မရတဲ့အနေအထားမျိုးမှာ ဖြစ်နေတဲ့အတွက် နိုင်ငံတော်တော်များရဲ့ ဆက်ဆံမှုက တန့်နေတယ်။ အဲလိုတန့်နေတဲ့ဟာကနေ အခုလို ရွေးကောက်ပွဲအခင်းအကျင်းနဲ့ သူ့ရဲ့မျှော်မှန်း ချက်ကတော့ ရွေးကောက်ပွဲအားဖြင့် အနိုင်ရလာတယ်။ ပြီးသွားရင် ရွေးကောက်ပွဲအားဖြင့် အစိုးရတစ်ရပ်ကို ပေါ်ပေါက်လာအောင် သူလုပ်နိုင်မယ်။ ပေါ်လာမယ့် အစိုးရ ရှိလာမယ်။ အဲရှိမယ့်အစိုးရအားဖြင့် တကယ်လို့ ကမ္ဘာပေါ်မှာရှိတဲ့ အင်အားကြီးမဟုတ်တဲ့ နိုင်ငံတွေ အထူးသဖြင့်ပေါ့။ အဲလိုအနေနဲ့ သူတို့နဲ့ တိုက်ရိုက် ဆက်ဆံမယ်ဆိုရင် ဆက်ဆံလို့ရမယ့် အခြေအနေတစ်ရပ်ကို ဒီရွေးကောက်ပွဲအားဖြင့် ဖော်ဆောင်လို့ရမယ်လို့ သူတို့ယူဆထားပုံရတယ်။ အဲအတွက်ကြောင့်မို့လို့ သူတို့မဖြစ်ဖြစ်တဲ့နည်းလမ်းနဲ့ သူတို့ကြိုးစားနေတယ်ဆိုတာကို တွေ့ရတယ်။

အဲအခြေအနေကဘာလဲဆိုတော့ တစ်ဖက်မှာလည်း တရုတ်ပါဝင်ပက်သက်မှုကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရတယ်။ အထူးသဖြင့် TNLA နဲ့ ပက်သက်တဲ့ဟာတွေပေါ့။ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်ပေးလိုက်တာ၊ ပြီးရင် အပစ်အခတ် ရပ်စဲလိုက်တာ။ ဒီလိုမျိုးအနေအထားတွေ ရှိနေတဲ့အချိန်ပေါ့။ နောက်တစ်ခါ ပြည်တွင်းမှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အားလုံးတူညီတဲ့ မဟာမိတ်ပူးပေါင်းမှုက ခိုင်ခိုင်မာမာ မတွေ့ရဘူး။

အထူးသဖြင့် ၁၀၂၇ တုန်းက မြောက်ပိုင်း ညီနောင်သုံးဖော်ရဲ့ ပူးပေါင်းမှုကို ကျွန်တော်တို့ ကျယ်ကျယ် ပြန့်ပြန့် တွေ့လိုက်ရပြီးတော့ အဲ့ ၁၀၂၇ operation ပြီးသွားတဲ့နောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်တွေကြားမှာ ချိတ်ဆက်မှု အားဖြင့် နည်းနည်းကျဲသွားတယ်လို့ ပြောလို့ရတယ်။ ထပ်ပြီးတော့ ပူးပေါင်းစစ်ဆင်ရေးဆိုတဲ့ဟာမျိုးက နောက်ထပ် မြင်ရတဲ့ကာလ၊ စဉ်းစားလို့ရတဲ့ကာလအတွင်းမှာ ထပ်ပြီးပေါ်ပေါက်လာနိုင်စရာ သိပ်ပြီးမရှိတော့တဲ့ အခြေ အနေမျိုး ဖြစ်သွားတယ်ဆိုတာကို တွေ့ရတယ်။ အဲ့တော့ တစ်ဖက်နဲ့တစ်ဖက် စစ်ရေးအားဖြင့်က သူမသာ၊ ကိုယ် မသာနဲ့ အပြန်အလှန်ကြားမှာ အနိုင်အရှုံး ပြတ်ပြတ်သားသားပေါ်ဖို့ မရှိတော့တဲ့ အနေအထားမျိုးဖြစ်တယ်။

တစ်ဖက်မှာလည်း ဒီရွေးကောက်ပွဲဆိုတာ ပေါ်လာတဲ့ အချိန်၊ တစ်ဖက်ကလည်း ဒီတရုတ်ရဲ့ဖိအားနဲ့ ဒီရွေးကောက်ပွဲကို ထောက်ခံပါတယ်ဆိုတာကို ပေါ်ပေါ်ထင်ထင် ပြောနေဆိုနေတဲ့အချိန်၊ ပြီးတော့ တကယ်လည်း ထောက်ပံ့မှုတွေကို လက်တွေ့မှာမြင်နေရတဲ့အချိန်မျိုးပေါ့။ တရုတ်ရဲ့ထောက်ခံမှုအားဖြင့် ဒီတော်လှန်ရေးအုပ်စုတွေကြားထဲမှာ ရွေးကောက်ပွဲအပေါ် ရပ်တည်မှုအခြေအနေ တစ်ခုခုပြောင်းသွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့။

အထူးသဖြင့် တရုတ်ရဲ့လွှမ်းမိုးမှုအားဖြင့်သော်လည်းကောင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်၊ ထိုင်း စသဖြင့် နယ်စပ်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုအားဖြင့် ဒီရွေးကောက်ပွဲပေါ်မှာ ရပ်တည်မှုပုံစံ ဒါမှမဟုတ် စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီးတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တစ်ခုခုအပေါ်မှာ ရပ်တည်ချက် တစ်မျိုးမျိုး ပြောင်းသွားနိုင်စရာ အခင်းအကျင်း ဖြစ်သွားနိုင်တယ်။

အဲအတွက်ကြောင့် ဖြစ်လာနိုင်တာကတော့ အခုပဋိပက္ခကတော့ ဘယ်လိုမှပြေလည်နိုင်မှာ မဟုတ်ဘူး၊ ရွေးကောက်ပွဲ အားဖြင့် ပြေလည်နိုင်မယ့် နည်းလမ်းလည်း မဟုတ်ဘူး။ ဒါပေမဲ့ ပဋိပက္ခက ပိုပြီးတော့စုစည်းပြီးတော့ အနိုင်အရှုံး အဖြေ ပေါ်တဲ့အနေအထားထက် ကိုယ့်ရဲ့အစုအဖွဲ့အသီးသီးတွေနဲ့ ကိုယ့်ရဲ့ဒေသတွေမှာ ခပ်စိပ်စိပ်ပေါ့။ ပိုပြီးတော့ ပဋိပက္ခဖြစ်လာနိုင်တဲ့ဟာတွေ ပိုများနိုင်တယ်။ ပြည်သူလူထုအပေါ်မှာ ဒီရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်စီးမှု ပုဒ်မနဲ့ ဖမ်းဆီး အရေးယူမှုတွေ ပိုတွေ့ရလာနိုင်တယ်။

ပြီးတော့ နိုင်ငံတကာဖိအား၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ဖိအားကြောင့်မို့လို့ နိုင်ငံရေးအရ၊ ကိုယ့်ရဲ့အစုအဖွဲ့ရပ်တည်မှုအရ ရွေးချယ်ရတဲ့နည်းလမ်းတွေအပေါ်မှာ မူတည်ပြီးတော့ အချင်းချင်းကြားထဲမှာ သံသယတွေ ပိုပြီးဖြစ်လာစရာ ရှိလာနိုင်တယ်။ သံသယထက်ပိုပြီးတော့ ပဋိပက္ခပေါ့။ နယ်မြေအားဖြင့် အပွန်းအတိုက်တွေ ရှိလာနိုင်တယ်။ နိုင်ငံရေး ရပ်တည်ချက်အားဖြင့် အပွန်းအတိုက်တွေ ရှိလာနိုင်တယ်။ အဲအတွက်ကြောင့် အချင်းချင်းကြားထဲမှာ ပဋိပက္ခတွေ ပိုဖြစ်လာနိုင်စရာ အခြေအနေ၊ ပိုရှုပ်ထွေးလာနိုင်တဲ့ အခြေအနေမျိုး ရှိလာနိုင်တယ်လို့ ကျွန်တော်တို့ မှန်းလို့ရတယ်။

မဏ္ဍိုင် – စစ်ကောင်စီရဲ့ယူဆချက်အရ နိုင်ငံငယ်လေးတွေရှိတယ်။ ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် သူတို့က မြင်နေတယ်။ ဒီရွေးကောက်ပွဲကို လုပ်ရင်ရော အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကရော၊ နိုင်ငံငယ်လေးတွေ ကရော စစ်အုပ်စုကို ဘယ်လို သဘောထားလာနိုင်ပါသလဲ။ တရားဝင် အစိုးရဆိုပြီး ဖြစ်လာမလား သို့မဟုတ် စစ်အုပ်စုအနေနဲ့ အသိအမှတ် မပြုတာကိုပဲ ဆက်ခံသွားရဖို့ရှိပါသလား။

ဖြေ။ ။ အသိအမှတ် ပြုတယ်/ မပြုဘူးဆိုတဲ့ဟာက ပေါ်ပေါ်ထင်ထင် ရပ်တည်လို့ရတဲ့ နိုင်ငံတွေရှိတယ်။ ဥပမာ အာဆီယံအတွင်းဆိုရင် စစ်အုပ်စုကို မပက်သက်ဖို့နဲ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ ပေါ်ပေါ်ထင် ထင် ပြောနိုင်ဆိုနိုင်တဲ့အခြေအနေမျိုးရှိတဲ့ နိုင်ငံတွေရှိတယ်။ အထူးသဖြင့် ထင်ရှားတာက မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ထင်ရှားတယ်။ သူတို့က ပြောနိုင်တယ်။ ကျန်တဲ့နိုင်ငံတွေက အဲ့လောက်ပေါ်ပေါ်ထင်ထင် မပြောကြဘူးဆိုတာကို တွေ့ရလိမ့်မယ်။ နောက် ဖိလစ်ပိုင်ဆိုရင်လည်း သူရဲ့လက်ရှိ နိုင်ငံရေးအခြေအနေအရ သော်လည်ကောင်း၊ တောင်တရုတ် ပင်လယ်အရေးအခင်းဖြစ်နေတဲ့ အနေအထားအရသော်လည်ကောင်း တရုတ်နဲ့ထိတွေ့မယ့် ကိစ္စ၊ နောက်အမေရိကန်နဲ့ နဂိုရှိပြီးသား ချိတ်ဆက်ပက်သက်မှုကိစ္စ (Diplomatic relation) တွေမှာ မူတည်ပြီးတော့ သူတို့အနေနဲ့ ချိန်ဆရတာတွေ ရှိနေတဲ့အတွက် တစ်ဖက်ဖက်ပေါ်မှာ သူတို့မားမားမတ်မတ် ရပ်လိုက်ဖို့ဆိုတာက ခက်တဲ့အနေအထားမျိုးဖြစ်ပါတယ်။

အဲဒါမျိုးက ကျွန်တော်တို့အနေနဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ တွေ့ရတယ်။ ထိုင်းနိုင်ငံဆိုရင်လည်း လက်ရှိ အနေအထားထိက စစ်ကောင်စီနဲ့ တရားဝင်ထိတွေ့မှု ရှိတယ်။ ပြီးတော့ ဒီဘက်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထိ တွေ့မှုရှိ တယ်။ ဒါပေမဲ့ တရားတော့ မဝင်ဘူး။ အဲလို အနေအထားမျိုးရှိနေတဲ့အချိန်မှာ တစ်ဖက်က တရုတ်ရဲ့ ဖိအားနဲ့ လွှမ်းမိုးမှု ကလည်း အခုအမေရိကန် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းမှာ အာဆီယံဒေသ သို့မဟုတ် အာရှဒေသ အတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှုက ပိုပြီးတော့ ကျယ်ပြန့်လာတာကို ကျွန်တော်တို့တွေ့ရတယ်။

ပြီးတော့ တရုတ်ရဲ့ချိတ်ဆက်မှုနဲ့ လှုပ်ရှားမှုပေါ့၊ အထူးသဖြင့် ဘရာဇီး၊ အိန္ဒိယနဲ့ China နဲ့ ရုရှား၊ သူတို့ရဲ့ ပူးပေါင်းမှု ပေါ့။ အဲဟာကလည်း ကျယ်ပြန့်လာတဲ့ဟာမျိုး၊ တွန်းတွန်းတိုက်တိုက်လုပ်လာတဲ့ဟာမျိုး တွေ့ရတယ်။ အဲလိုအနေ အထားမျိုးမှာ တရုတ်နဲ့ပက်သက်နေရတဲ့ နိုင်ငံတော်တော်များများရှိနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ငြင်းလို့ မရဘူး။ အထူးသဖြင့် သူတို့ရဲ့ BRI အရ ကုန်သွယ်ရေးအရ၊ ငွေရေးကြေးရေး ချိတ်ဆက်မှုတွေအရ ချိတ်ဆက် ပက်သက်နေရတယ်။

အဲတော့ တရုတ်နဲ့ မျက်နှာ မပျက်ဖို့ လိုအပ်တယ်ဆိုတဲ့ Diplomatic Relation ကို အပျက်စီးခံလို့ မဖြစ်ဘူးဆိုတဲ့ နိုင်ငံတွေလည်း ရှိနေတယ်။ အဲလိုအနေအထားမျိုးမှာ ကျွန်တော်တို့ အခုလိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ရလဒ်တစ်ခု ထွက်လာရင် အဲအချိန်မှာ ဒီမိုကရေစီအရ တရားဝင်တာတွေ မဝင်တာတွေထက် လက်ရှိ ရှိနေတဲ့ အစိုးရက ၂၀၀၈ အောက်က ရွေးကောက်ပွဲနဲ့သူတို့ဟာ သူတို့တင်မြောက်လိုက်တဲ့ စစ်တပ်မဟုတ်တဲ့ အစိုးရဖြစ်တယ်ဆိုတဲ့ အနေအထားကို ရောက်သွားရင် တော်ရုံတန်ရုံ ဆက်ဆံဖို့ မဝံ့မရဲဖြစ်နေတဲ့နိုင်ငံတွေအနေနဲ့ ဆက်ဆံလို့ရသွားစရာ အခြေအနေတစ်ခုတော့ စစ်တပ်ဘက်မှာ ရှိသွားတယ်။ အဲ့အနေအထားမျိုးတော့ မြင်လာစရာတွေ အကြောင်းရှိတယ်။

နိုင်ငံက ကျယ်ကျယ်ပြန့်ပြန့်ကိုကြည့်လိုက်မယ်ဆိုရင် စစ်တပ်ကိုထောက်ခံတဲ့ဟာက ရုရှနဲ့ တရုတ်နဲ့ အခုအိန္ဒိယနဲ့ ထိုင်းနိုင်ငံနဲ့၊ သူတို့က ထောက်ခံတယ်လို့ ပြောထားပြီးသားဖြစ်ပါတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲအပေါ်မှာလည်း သူတို့ပါဝင်ပူး ပေါင်းဖို့အတွက် ကမ်းလှမ်းထားပြီးသား၊ အဲ့ဟာတွေက ပေါ်ပေါ်ထင်ထင် လုပ်ထားတဲ့ဟာတွေဖြစ်တယ်။

ပြီးတော့ ဒီဘက်က ဒီမိုကရေစီနိုင်ငံတွေပေါ့၊အထူးသဖြင့် ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ပြည်သူလူထုနဲ့တသားတည်းရှိ ပါတယ်ဆိုတဲ့ ပြောနေဆိုနေကြတဲ့ နိုင်ငံတွေက ထောက်ခံတယ်၊ ထောက်ပံ့တယ်ဆိုတာက တရုတ်က စစ်ကောင်စီနဲ့ဆက်ဆံ နေသလိုမျိုး ထောက်ပံ့နေတာမျိုးတော့ ဟုတ်မနေဘူး။ သူတို့ရဲ့ထောက်ခံတယ်ဆိုတဲ့ဟာက Humanitarian assistance သို့မဟုတ် Aid and Development ခေါင်းစဉ်အောက်ကနေပြီး INGO တွေအောက်ကနေ တဆင့် ကူညီတာမျိုးလောက်ပဲ ရှိထားတာ။ အဲ့လိုအနေအထားမျိုးမှာ ပေါ်ပေါ်ထင်ထင် ဆက်ဆံပြီးတော့ စီးပွားရေးအရ၊ ကုန်သွယ်မှုအရ တခြားချိတ်ဆက်မှုတွေအရ အကျိုးအမြတ်ရှိလာမယ်၊ တဖက်က တရုတ်ရဲ့တိုက်တွန်းမှုလည်း ပါနေမယ်ဆိုရင်တော့ လွယ် လွယ်ကူကူဆက်ဆံလို့ရတဲ့ အခင်းအကျင်းတစ်ခု ရသွားနိုင်စရာ၊ ရှာတွေ့သွားနိုင်စရာ ရှိတယ်လို့ပြောလို့ရပါတယ်။

မဏ္ဍိုင် – စစ်တပ်အနေနဲ့ ဒီအချိန်မှာ နယ်မြေတွေလည်း လက်လွှတ်ထားရတာတွေ ရှိတယ်။ ပြီးတော့ လုံခြုံရေး အရလည်း မဲဆန္ဒနယ်တွေက နည်းတာရှိတယ်။ ဒီအချိန်မှာ ဘာ့ကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲလုပ်တယ်လို့ ထင်ပါသလဲ။ နောက်ဆုံးအနေနဲ့ မဖြစ်မနေဆုံမှတ်ရောက်နေလို့ လုပ်ရတဲ့သဘောထားပါလား။

ဖြေ။ ။ သူတို့(စစ်တပ်) အာဏာစသိမ်းလိုက်ကတည်းကတော့ သူတို့ပြောနေတာပေါ့နော်။ ဒါက အာဏာကို ထိန်းတာဖြစ်တယ်၊ ရွေးကောက်ပွဲကို ပြန်လုပ်မယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သူတို့တက်လာတယ်။ ဒီစွပ်စွဲချက်နဲ့တက်လာပြီးတော့ စစ်အုပ်ချုပ်ရေးဆိုတဲ့ဟာက ၂၁ ရာစုမှာ ရေရှည် မဖြစ်နိုင် ဘူးဆိုတာ သူတို့ကြိုတွက်ထားပုံရပါတယ်။ အထူးသဖြင့် အာဆီယံထဲမှာရှိနေတဲ့ အခင်းအကျင်း၊ နိုင်ငံတကာ အခင်းအကျင်းအရ ဒီပုံစံက ရေရှည်သွားလို့ မရဘူး။ အဲ့တော့ ရွေးကောက်ပွဲကို လုပ်ကိုလုပ်မယ်ဆိုတဲ့ဟာ။ ဒါပေမယ့် သူတို့မှန်းထားတဲ့ဟာနဲ့ မကိုက်တာ ကျိန်းသေတယ်။ ပြည်သူလူထုရဲ့တုံ့ပြန်မှုက သူတို့မှန်းထားသလောက် ထိန်းလို့ရ မယ်ထင်သလောက် လွယ်ကူ မနေဘူးဆိုတာက အခု ၂၀၂၅ ကိုရောက်သွားတော့ သူတို့တော်တော် နားလည်ပုံရတယ်။

အဲကြားထဲကနေမှ သူတို့ရည်ရွယ်တဲ့အတိုင်းပေါ့ ၂၀၀၈ ဖွဲ့စည်းပုံကလည်း အာဏာသိမ်းချင်ရင်သိမ်းလို့ရအောင် ဖွဲ့စည်း ထားတဲ့အခင်းအကျင်း ဖြစ်အောင် ဖွဲ့စည်းထားတာတွေ့ရလိမ့်မယ်။ အဲအခင်းအကျင်းထဲကနေပဲ တိုင်းပြည်ရဲ့ အချုပ်အခြာပေါ့နော်၊ ဒို့တာဝန် အရေး သုံးပါးကို ထိန်းသိမ်းနိုင်ဖို့အတွက် သူတို့တစိုက်မတ်မတ် လုပ်နေ တယ်ဆိုတဲ့ရည်ရွယ်ချက်ခေါင်းစဉ်အောက်ကနေ လုပ်နေကြတယ်ဆိုတဲ့ ပုံစံမျိုးတော့ မြင်ရတယ်။

တစ်ဖက်မှာက ကောင်းတာ၊ ဆိုးတာ၊ မှန်တာ၊ မှားတာတွေက အများကြီး ငြင်းစရာရှိတယ်။ ဒါပေမဲ့ သူတို့စတက် လာကတည်းကတော့ ရွေးကောက်ပွဲလုပ်ပြီးတော့ အချုပ်အခြာအာဏာကို သူတို့ပိုင်ပိုင်နိုင်နိုင် ထိန်းနိုင်အောင်၊ နောက်ပြည်ထောင်စု မပြိုကွဲအောင် သူတို့ ၂၀၀၈ ခြေဥအားဖြင့် ထိန်းချုပ်လို့ရအောင် သူတို့ကြိုးစားမယ် ဆိုတဲ့ဟာကတော့ သူတို့စတက်လာကတည်းက ပြောနေကျစကားလို့ ကျွန်တော်တို့ နားလည်လို့ရတယ်ဗျ။

မဏ္ဍိုင် – သူတို့(စစ်ကော်မရှင်) ပြောနေသလိုမျိုး ရွေးကောက်ပွဲက လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ် အတည်းတွေကို ပြေလည်စေမယ့်အဖြစ်မျိုးရော ဖြစ်နိုင်ပါ့မလား။ အဖြေက ဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ မဖြစ်နိုင်ပါဘူး။ ဒီရွေးကောက်ပွဲက နိုင်ငံတကာစံနှုန်းအရရော ဒီမိုကရေစီစံနှုန်းအရရော ဘယ်လိုမှ ဘောင်ဝင်မနေဘူး။ နောက်တစ်ခါ အဓိကက ရွေးကောက်ပွဲက နိုင်ငံရေးရဲ့အဖြေ ဟုတ်မနေဘူး။ ဒီမိုကရေစီသွားရ မယ့်လမ်းစဉ်အရ လုပ်ရမယ့်လုပ်ငန်းစဉ် တစ်ခုတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒီဟာကနေထွက်လာမယ့်အဖြေက နိုင်ငံရေးရဲ့အဖြေ ဖြစ်လာမှာ မဟုတ်ဘူး။ လက်ရှိဖြစ်နေတဲ့ အနေအထားကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် တစ်ဖက်မှာက တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွေရှိတယ်၊ တော်လှန်ရေးအစုအဖွဲ့တွေရှိတယ်။ သူတို့က သူတို့ရဲ့ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်၊ ပြဌာန်းပိုင်ခွင့်ကို သူတို့တောင်းခံနေရတဲ့သဘောကို၊ ၁၉၄၇-၄၈ ကတည်းက ပင်လုံ ကတိကဝတ်ကို ပြန်ပြီးအသက်သွင်းဖို့ ကြိုး စားနေကြတဲ့ဟာတွေ၊ တောင်းဆိုနေကြတဲ့ဟာတွေ။ အဲ့တော့ ဖက်ဒရယ်ဆိုတဲ့ဟာကို သူတို့တောင်းဆိုနေကြတာတွေ ရှိတယ်။

တစ်ဖက်မှာကလည်း ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုတဲ့အတွက် အသိအမှတ်ပြုစေလိုတဲ့ ဆန္ဒတွေ နဲ့စုဖွဲ့ထားတဲ့ အစုအဖွဲ့တွေလည်း ရှိတယ်။ အဲလိုမျိုးအနေအထားမျိုးနဲ့ရှိနေတဲ့အချိန်မှာ ဒီဘက်က နိုင်ငံရေး အင်အားစု တွေ နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့တောင်းဆိုမှုတွေက ဒီရွေးကောက်ပွဲဆိုတာက အဖြေတော့ ဟုတ်မနေဘူး။

ဒါပေမဲ့ ရွေးကောက်ပွဲအားဖြင့် စစ်ကောင်စီက တဖြည်းဖြည်းနဲ့ ကျွဲကူးရေပါပေါ့၊ ရွေးကောက်ပွဲက အရင်တုန်းက FTPT ပုံစံမျိုးနဲ့ နိုင်သူ အကုန်ရစတမ်းစနစ်ကနေ အခုက PR စနစ်နဲ့ ရောပြွန်းပြီးတော့ လုပ်လာတယ်။ အရင်က ဖက်ဒရယ်ဆို တဲ့ဟာက ခက်ခက်ခဲခဲဆွေးနွေးရတဲ့ကိစ္စက အခုအချိန်မှာ ရွေးကောက်ပွဲအားဖြင့် ပေါ်လာမယ့်လွှတ်တော်ကြီးထဲမှာ ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို လွှတ်တော်အတွင်းကနေ တောင်းယူကြမှာဆိုတာဟာနဲ့ NCA ၁၀ နှစ်ပြည့်ပွဲတုန်းက သူတို့ ပွင့်ပွင့်လင်းလင်းပြောထားကြတယ်။ ဒါက သူတို့အနေနဲ့ကြည့်မယ်ဆိုရင် တစ်ဖက်ကနေ ဒီမိုကရေစီလမ်းကြောင်းကို လမ်းဖွင့်ထားတယ်။ လမ်းကြောင်းကနေ လာပြီးတော့ နိုင်ငံရဲ့ပြောင်းလဲမှုကို ဖော်ဆောင်လို့ရအောင် သူတို့အနေနဲ့ပြင်ဆင်ထားတာကို သူတို့လုပ်ပြနေတဲ့ အနေအထားမျိုးလို့ နားလည်လို့ရတယ်။

ဒီဖက်တစ်ဖက်မှာကျတော့ ခုနက ကျွန်တော်တို့ပြောတဲ့ မတူညီတဲ့တောင်းဆိုမှုနဲ့ မတူညီတဲ့ ဦးတည်ချက်တွေ၊ ရည်ရွယ်ချက်တွေ ရှိနေတယ်။ အဲဟာက ရွေးကောက်ပွဲက ဆုံမှတ်တော့ ဟုတ်မနေဘူးဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။

မဏ္ဍိုင် – ဒီတော့ ဆရာပြောသလိုပဲ စစ်ကောင်စီရဲ့ရွေးကောက်ပွဲက နိုင်ငံရေး လက်ရှိအကျပ်အတည်းကြီးကို ပြေလည်ဖို့အတွက်လည်း အဖြေဟုတ်မနေဘူးဆိုတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ ရွေးကောက်ပွဲကို ဒီမိုကရေစီ နည်းလမ်းကျဖြစ်လာဖို့ ဘယ်အဆင့်တွေကို ကြိုတင်ပြင်ဆင်ပြီး ဖြတ်သန်းဖို့လိုပါမလဲ။

ဖြေ။ ။ အဓိကကတော့ ကျွန်တော်တို့ တိုက်နေခိုက်နေတဲ့ဟာတွေပေါ့။ တစ်ကမ္ဘာလုံးကလည်း ဝိုင်းပြောတယ်။ UN ကလည်း ကျွန်တော်တို့ကို ပြောထားတယ်။ နောက် လက်ရှိအနေအထားအရကလည်း ကြည့်လိုက်ရင် စစ်ကောင်စီရဲ့စစ် ရေးပိုင်းက နိုင်ငံတကာကလည်း ပိတ်ဆို့အရေးယူတာ မထိရောက်ဖူးဆိုတာ ကျွန်တော်တို့မြင်နေရပြီ။ အထူးသဖြင့် ၂၀၂၅ ခုနှစ် နှစ်စပိုင်းလောက်မှာ စစ်ကောင်စီက ပိုပြီးတော့ ခေတ်မီပြီးတော့ ထိရောက်တဲ့ ဒရုန်းစနစ်တွေကို သူတို့ပိုင် ပိုင်နိုင်နိုင် သုံးလာနိုင်တယ်။ အဲအတွက်ကြောင့်မို့လို့ ကျွန်တော်တို့က နယ်မြေအားဖြင့် ထိန်းချုပ်တယ်လို့ ပြောနေသော် လည်း ထိန်းချုပ်တယ်ပေါ့။ ဒီနေ့ စစ်စခန်းတစ်ခုကို သိမ်းလိုက်တယ်ဆိုရင် အဲသိမ်းလိုက်တဲ့ စစ်စခန်းနဲ့ပက်သက်ရာ နေရာမှာ ကျွန်တော်တို့ လူတွေနေလို့မရအောင် သူတို့အနေနဲ့ ပြန်ပြီးတော့ တန်ပြန်တိုက်ခိုက်မှုတွေ တောက်လျှောက် ရှိနေတယ်။

အဲတော့ ဒီနယ်မြေတွေ ဘယ်လောက်ထိန်းထားနိုင်ပါတယ်ဆိုတဲ့ဥစ္စာက မေးခွန်းအကြီးကြီးရှိပါတယ်။ နယ်မြေသိမ်း လိုက်နိုင်တာတော့ ဟုတ်တယ်။ တကယ်ထိန်းပြီးတော့ လူတွေတကယ်နေလို့ရလားဆိုတာကတော့ အခုအချိန်ထိ နေလို့ မရတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတာကတော့ အညာဒေသမှာလည်း တွေ့ရတယ်၊ ရခိုင်ဘက်မှာလည်း တွေ့ရ တယ်။ ကချင်ဘက်မှာလည်း တွေ့ရတယ်။ ကရင်နီနဲ့ ကရင်ဘက်တွေမှာလည်း တွေ့ရပါတယ်။ သိမ်းသာသိမ်း နေကြတာ၊ သိမ်းတဲ့နေရာမှာ တကယ့်ပြန်လည်ထူထောင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ၊ နောက်ပြည်သူ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ တကယ်ထိထိရောက်ရောက် လည်ပတ်လို့ရလားဆိုတဲ့မေးခွန်းကြီးက ဘယ်သူမှ ဖြေလို့ရတဲ့ မေးခွန်းကြီး ဟုတ် မနေပါဘူး။

အဲ့လိုမျိုးအနေအထားမျိုးဆိုတော့ သူ့ဘက်က တရုတ်နဲ့ ထောက်ပံ့တယ်၊ ထောက်ခံပေးနေတယ်ဆိုတဲ့ဟာက ဒီဘက်က တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ပါတယ်၊ ထောက်ခံပါတယ်ဆိုတဲ့ဟာထက် အဆအများကြီးသာနေတယ်။ ပိုပြီးတော့ ထိထိရောက်ရောက် ထောက်ခံတာ ထောက်ပံ့တာကို ကျွန်တော်တို့တွေ့ရတယ်။ အဲအနေအထားက တစ်ဖက်နဲ့တစ်ဖက် စစ်ရေးနဲ့ဘယ်လိုမှ အဖြေပေါ်တဲ့အနေအထား ဟုတ်မနေဘူး။ နေပြည်တော်ကြီးကို မနက်ဖြန်မှာ တက်သိမ်းမယ်ဆိုတာက အိမ်မက်သာသာပဲဖြစ်လိမ့်မယ်။ လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့သိနေရပြီ။

အထူးသဖြင့် ဝကလည်း ကြေညာထားတယ်။ သူတို့အနေနဲ့ လက်နက်ခဲယမ်းထောက်ပံ့တဲ့ကိစ္စကို သူတို့လုံးဝ မလုပ်တော့ပါဘူးဆိုတာ ကြေညာထားတယ်။ ပြီးရင် ဝအနေနဲ့က တရုတ်နဲ့ပက်သက်မှုက ကုန်သွယ်ရေးတွေ အဆက်အစပ်ရှိထားတဲ့အတွက်ကြောင့်မို့လို့ တရုတ်နဲ့ဆက်ဆံရေးကို ဘယ်လောက်ထိ အထိခိုက်ခံနိုင်လဲဆိုတာ သူတို့သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ မေးခွန်းတွေ ကိုယ်စီရှိကြတယ်။ အဲအတွက်ကြောင့် သူတို့ရဲ့နိုင်ငံရေး ရပ်တည်ချက်၊ စစ်ရေးရပ်တည်ချက်တွေက သူတို့အတွက် အများကြီးသတိထားပြီးလုပ်ရတဲ့ အခင်း အကျင်းမျိုးဖြစ်နေတယ်။ ဆိုတော့ စစ်ရေးက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒါ့ကြောင့် တကယ့်ကို ဒီမိုကရေစီပြောင်းလဲချင်တယ်ဆိုရင် အခုသူတို့အနေနဲ့ အာဆီယံကလည်း တိုက်တွန်းနေတဲ့၊ UN နဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း တိုက်တွန်းနေတဲ့ဟာ၊ စစ်တပ်အာဏာသိမ်းလို့ဖြစ်တာလို့ ကျွန်တော်တို့လူတိုင်းက ပြောကြတယ်။ အဲဒါကတော့ လူတိုင်းသိတယ်။ စစ်တပ်အာဏာသိမ်းလို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မသိမ်းပါဘူး၊ ဘွာတေးပါဆိုပြီး ပြန်ပေးမယ့်အနေအထားလည်း ဟုတ်မနေတော့ဘူး။ ဒီအချိန်ထိ ရောက်လာပြီ။ ဒီဟာကို ကျော်လွန်ပြီးတော့ ဘယ်လိုပြောင်းလဲမှုနဲ့ အားလုံးအတွက်ပြေလည်နိုင်မယ့်အဖြေကို ဘယ်လိုရှာလို့ရမလဲဆိုတဲ့ နည်းလမ်းကတော့ ဘယ်သူမဆို စဉ်းစားရမယ့် အနေအထားဖြစ်လာပြီ။

ပြီးတော့ ပိုဆိုးတာက ဒီဘက်တော်လှန်ရေး အင်အားစုကြားထဲမှာက လုံးစည်း(စည်းလုံးမှု)က ၁၀၂၇ နောက်ပိုင်းမှာ ပြေ(လျော့)သွားပြီလို့ ကျွန်တော်တို့မြင်ရတယ်။ ကိုယ်စီကိုယ်စီ မတူညီတဲ့နိုင်ငံရေးရပ်တည်ချက်တွေနဲ့ ရပ်တည် လာကြတယ်။ ကိုယ့်ရဲ့အစုအဖွဲ ရှင်သန်ဖို့နဲ့ရပ်တည်နိုင်ဖို့အတွက်က ပိုပြီးတော့ အချိန်ကာလက အရေးကြီးလာလေလေ မြင်ရလာလေလေ ဖြစ်လာတယ်။ အဲ့ရပ်တည်ချက်နဲ့ဆိုရင် ကြာလာလေ ဒီဘက်တော်လှန်ရေးအင်အားစုထဲမှာ အားလုံးလက်ခံနိုင်တဲ့ ဘုံသဘောတူညီတဲ့ နိုင်ငံရေးသဘောတူညီချက်မျိုး ရနိုင်ဖို့ ခက်လာလိမ့်မယ်။

အဲဟာကို ကျွန်တော်တို့အဖြေရှာဖို့ လိုလိမ့်မယ်။ ရှာပြီးတော့မှ အခုရွေးကောက်ပွဲလို့ပြောတဲ့ဟာက အမှန် အတိုင်းပြောရင် ဒီမိုကရေစီတောင်းဆိုနေတဲ့အင်အားစုတွေကြားမှာ ရွေးကောက်ပွဲကို လက်မခံနိုင်ပါဘူး ဆိုတဲ့ဟာက ပြဿနာတော့ရှိတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီရဲ့ အင်္ဂါရပ်တစ်ခုဖြစ်တယ်။ အဲလိုပဲ ငြိမ်းချမ်းရေးဆိုတဲ့ဟာကလည်း ဒီမိုကရေစီရဲ့ အင်္ဂါရပ်ဖြစ်တယ်။ ပြီးရင် လူ့အခွင့်အရေးရဲ့အခြေခံလိုအပ်ချက် တစ်ခုလည်းဖြစ်တယ်။ အဲ့လိုမျိုး အချိန်မျိုးမှာ ငြိမ်းချမ်းရေးကိစ္စနဲ့ပက်သက်ပြီး လက်မခံနိုင်ဘူး၊ ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ဟာ လက်မခံနိုင်ဘူးဆိုတာက တော်လှန်ရေးရဲ့ အဖြေတော့ ဟုတ်မနေဘူး။

အဲတော့ လက်မခံနိုင်ရင် ကျွန်တော်တို့ဘာလုပ်မလဲဆိုတဲ့ဟာက အဖြေရှိနေဖို့လိုတယ်။ ဒီငြိမ်းချမ်းရေးကို လက်မခံ နိုင်လို့ ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ခုနကပြောသလို စစ်ပဲဆက်တိုက်နေရင် ပြည်သူလူထု ထိခိုက်နစ်နာမှုတွေက ကြာလေ ပိုဆိုးလေ ဖြစ်လာမယ်။ ဒါကိုကုစားနိုင်ဖို့အတွက် အခြားဘာအဖြေရှိလဲဆိုတာ ကျွန်တော်တို့ ရှာကြဖို့လိုပါမယ်။ စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကို မကြိုက်ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ဒေသတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ ဒီမိုကရေစီကို စနစ်တကျနဲ့ လူထုက အခြေပြုပြီးတော့ အပ်နှင်းတဲ့ ဒေသန္တရအစိုးရနေပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရ Territory အစိုးရဖြစ်လာနိုင်ဖို့အတွက် ဘယ်လိုပုံစံမျိုးတွေနဲ့ပြဌာန်းကြမလဲပေါ့။

စစ်တပ်ကိုဖယ်ပြီးတော့ ကိုယ့်ရဲ့သက်ဆိုင်ရာဒေသ တွေမှာ စစ်အုပ်ချုပ်ရေးအရဖြစ်တည်ဖို့အတွက် လုပ်နေကြ မယ်ဆိုရင်တော့ နိုင်ငံတကာဆက်ဆံရေးအရ နိုင်ငံတကာကနေကြည့်လာတဲ့အခါကျရင် ဒါက ဒီမိုကရေစီ အသွင် ကူးပြောင်းဖို့ ကြိုးပမ်းတာထက် စစ်ကောင်စီနေရာမှာ ကိုယ့်ရဲ့ကိုယ် ပါဝင်တဲ့ အာဏာရှင်စနစ်ကို ကိုယ့်ဖာသာကို တည်ထောင်ဖို့ကြိုးစားနေတာ၊ replace လုပ်ဖို့ ကြိုးစားနေတာထက် ပိုမနေဘူးဆိုတာကို ကျွန်တော်တို့မြင်တတ်ဖို့ လိုတယ်။ အဲတော့ တကယ့် solution က နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့၊ ဘုံတူညီ တဲ့ သဘောတူချက် ခိုင်ခိုင်မာမာရနိုင်ဖို့၊ ပြီးသွားရင် ကျွန်တော်တို့က အဲ့သဘောတူညီချက်နဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေရဲ့ လိုလားချက်ကို အခြေခံဥပဒေ ဘောင်ထဲကနေ အကာအကွယ်ပေးနိုင်တဲ့ တရားဥပဒေစိုးမိုးနိုင်တဲ့စနစ်တစ်ရပ်ပေါ် လာနိုင်ဖို့အတွက် ကြိုးစားကြဖို့ လိုလိမ့်မယ်လို့တော့ ပြောလို့ရမယ် ခင်ဗျ။

မဏ္ဍိုင် – နောက်တစ်ခုကတော့ အများစုမှန်းဆနေတာ တစ်ခုက စစ်တပ်က ရွေးကောက်ပွဲပြီးရင် ရွေးကောက်ခံ တရားဝင်အစိုးရအနေနဲ့ပေါ်လာပြီးတော့ ဝါးအစည်းပြေသလိုဖြစ်သွားတဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ EAO တွေကို စစ်ရေးအရ ပြင်းပြင်းထန်ထန် နှိပ်ကွက်တာတွေရော ဖြစ်လာနိုင်ပါသလားဆိုတာ သိပါရစေ။

ဖြေ။ ။ အခုလက်ရှိ သူ့အနေနဲ့လုပ်တဲ့ ရွေးကောက်ပွဲကလည်း phase နဲ့လုပ်မှာကိုး။ ပထမက ၁၀၂ နယ်(မြေ)မှာ လုပ်မယ်။ ပြီးရင် နောက်နှစ်ဆန်းမှာ နောက်ထပ် (မြို့နယ်) ၁၀၀ မှာ ထပ်လုပ်မယ်။ နောက် ကျန်တဲ့မြို့နယ်တွေကို ဆက်လုပ်မှာ။ အဲဒီ့ ရည် ရွယ်ချက်ကိုက သူက ပထမ phase မှာ သူလုပ်လို့ရတဲ့နေရာတွေမှာ လုပ်သွားမယ်။ နောက်တစ်ဆင့်ကိုက စစ်ရေးအရ သူ့ရဲ့ Propaganda တွေကိုကြည့်လိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ပုံ သွင်းနေတဲ့ဥစ္စာက တော်လှန်နေကြတဲ့သူတွေက အကြမ်းဖက်သမားတွေဖြစ်နေတယ်ဆိုတာကို ပြောရေးဆိုခွင့်ရှိသူက သူပြောတဲ့အင်တာဗျူးတွေမှာ အဲလိုပုံဖော်နေတာကို တွေ့ရတယ်။ NUG အပါအဝင် ဒီဘက်က လက်နက် ကိုင်အဖွဲ့ တွေက အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်ပါတယ်လို့ အတင်းကြီးကို ပုံဖော်နေတယ်။ အဲဒီလို ပုံဖော်တဲ့အထဲမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ ငြိမ်းချမ်းရေးကိုလည်း ဆန့်ကျင်တယ်၊ ဒီမိုကရေစီခေါင်းစဉ် အောက်မှာရှိတဲ့ ဒီမိုကရေစီအင်္ဂါရပ်နဲ့ပက်သက်တဲ့ဟာတွေမှန်သမျှရဲ့ ဆန့်ကျင်ဘက် က သူတို့(NUG အပါအဝင် ဒီဘက်က လက်နက်ကိုင်အဖွဲ့တွေ)ဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးကို ရောက်အောင်လုပ်မှာ။ ကျိန်းသေတယ်။ စစ်တပ်က တောက်လျှောက် ၈၈ ပြီးတုန်းကလည်း အဲ့လိုမျိုး Propaganda တွေနဲ့ တောက်လျှောက်လုပ်ခဲ့တယ်။ အခုလည်း လုပ်နေသေးတယ်။ နောင်လည်း လုပ်အုံးမယ်။

အဲလိုလုပ်လို့ရတဲ့ ခေါင်းစဉ်အောက်မှာတော့ စစ်တပ် မလုပ်ဝံ့တဲ့ကိစ္စက ဘာမှ မရှိဘူးလို့ ကျွန်တော်တို့ မှတ်ယူလို့ရတယ်။ သမိုင်းအရ လူမျိုးရေးပဋိပက္ခတွေနဲ့လည်း အစိတ်အမွှာမွှာဖြစ်အောင် လုပ်ခဲ့ဖူးတယ်။ KNU တောင်မှ နှစ်အကြာကြီး စုစည်းခဲ့တာကို DKBA နဲ့ KNU ဆိုပြီး နှစ်ခြမ်းကွဲသွားတဲ့အထိ ဖြစ်စဉ်မျိုးဖြစ်ခဲ့ဖူးတယ်။

နောက် ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ကိစ္စ၊ နောက်ဘာသာရေးနဲ့ပက်သက်တဲ့ကိစ္စပေါ့နော်။ အမျိုး၊ ဘာသာ၊ သာသနာ ခွဲတဲ့ကိစ္စတွေပေါ့။ ပြီးတော့ လူမျိုးကြီးကိစ္စ၊ လူမျိုးလို့ ပြောလိုက်ရင် ဗမာက Majority ဖြစ်တယ်လို့ပြောနေပေမယ့် ရှိနေတဲ့ လူမျိုးစုအစုအဖွဲ့တွေကြားထဲမှာလည်း သက်ဆိုင်ရာ လူမျိုးစုအဖွဲ့တွေအောက်မှာ Minority တွေ ဆက်ရှိနေ သေးတာကိုး။ ဥပမာ ကရင်နီဆိုရင်လည်း ကရင်နီအောက်မှာ အခြား ကယန်းတို့ ပုံစံမျိုးစုံနဲ့ ကျွန်တော်တို့ရှိနေ ကြသေးတယ်။ ကချင်ဆိုလည်း အများကြီးရှိတယ်။ ရှမ်းဆိုလည်း အများကြီးရှိတယ်။

အဲ့လိုမျိုးကြားထဲမှာ သူတို့ရှာလို့တွေ့တဲ့ ဟနေတဲ့အဟတွေကို ထိုးခွဲမှာကတော့ ကျိန်းသေတယ်။ ဒါက သူတို့(စစ်တပ်)ရဲ့ လုပ်နည်းလုပ်ဟန်ပေါ့။ အချင်းချင်းကြားထဲမှာ ပြိုကွဲသွားလေ သူတို့အနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းလို့ တံဆိပ်ကပ်လို့ကောင်းလေလေ။ ပြီးရင် ပိုပြီးတော့ ပြင်းပြင်းထန်ထန် နှိပ်ကွပ်လို့ကောင်းလေလေ ဆိုတဲ့ပုံစံမျိုးပေါ့။

အဲဒီဟာက နှိပ်ကွပ်မယ့်ဟာက တောက်လျှောက်ရှိသွားနိုင်တယ်။ အထူးသဖြင့် သူတို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ရွေး ကောက်ပွဲပြည့်ပြည့်ဝဝပြီးဖို့ရယ်၊ သူတို့အစိုးရ တစ်ရပ်အနေနဲ့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ဖို့ပေါ့။ အထူးသဖြင့် ကျွန် တော်တို့ ဒေသန္တရ တည်ငြိမ်ရေးဆိုတာကို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လိုလားတယ်။ အာဆီယံ အနေနဲ့လည်း လိုလားတယ်။ တစ်ကမ္ဘာလုံးကလည်း တည်ငြိမ်ရေးကိုပဲ စောင်းပေးပြောနေတဲ့အချိန်မှာ အဲ့တည်ငြိမ်ရေး ဆိုတဲ့ခေါ င်းစဉ် အောက်ကနေပြီး အကြမ်းဖက်တွေကို နှိမ်နင်းရပါတယ်ဆိုတဲ့ဟာနဲ့ ဆက်လုပ်သွားဖို့ရည်ရွယ်ချက်ရှိတယ်လို့ မှန်းဆလို့ရတယ်။

မဏ္ဍိုင် – နောက်ဆုံးမေးခွန်းတစ်ခုပါပဲ ဆရာ။ ဆရာ့ရဲ့ထင်မြင်ချက်လေးပေါ့။ တော်တော်များများလည်း ပြည့်ပြည့်စုံစုံပြောသွားတယ်။ တစ်ချို့ကလည်း ငြိမ်းချမ်းရေးကို လက်မခံဘူး။ တစ်ချို့ကလည်း တွေ့ဆုံ ဆွေးနွေးရေးကို လက်မခံတဲ့အတွက် စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးမှု မလုပ်ရဘူးလို့ပြောတာတွေရှိတယ်။ အမြစ်ပြတ် ချေမှုန်းရေးကပဲ အဖြေမှန်ပေါ့။ နိုင်ငံရေး နည်းလမ်းအရ မဟုတ်ဘဲနဲ့ လက်နက်ကိုင်တဲ့ နည်းလမ်းအရပဲ ရှင်းကြမယ်ပေါ့။ ဒါပေမဲ့လည်း တကယ့်မြေပြင်မှာ ပြည် သူလူထုရဲ့ ဆင်းရဲဒုက္ခတွေက တဖြည်း ဖြည်းနဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ပိုများလာတယ်။ လက်နက်ကိုင်ဘက်မှာလည်း ဖရိုဖရဲတွေ ဖြစ်လာတဲ့အခါကျတော့ ဒီလိုအကျပ်အတည်းတွေ နှစ်ဘက်အစွန်းရောက်အဖွဲ့တွေကြားထဲက ကျွန်တော် တို့ပြည်သူတွေအနေနဲ့ ဘယ်လိုမျိုးသွားလာရမယ့် နည်းလမ်းတွေ ရှိနိုင်ပါသလဲ။

ဖြေ။ ။ အဓိကကတော့ ကျွန်တော်တို့ ဒီလိုမျိုးနာကျည်းမုန်းတီးမှုတွေက စစ်ရေးအရဖြစ်နေတဲ့အခါမှာ စာအရဆိုရင် စစ်ဘောင်ကျယ်လာတယ်လို့ ပြောကြတယ်။ စစ်ဘောင်ကျယ်လာတာက အမြဲတမ်း အန္တရာယ်များပါတယ်။ အဲအတွက် ကြောင့် ကျွန်တော်တို့ စစ်ဘောင်ကျယ်လာတာနဲ့အတူ ချိန်ခွင်ညှိနှိုင်းဖို့က ဒီဘက်က နိုင်ငံရေးဘောင် ဒါမှမဟုတ် ပြည်သူ လူထုရဲ့ပါဝင်မှုအခန်းကဏ္ဍက ထိန်းထားနိုင်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ထိန်းချုပ် နယ်မြေလို့ပဲပြောပြော သိမ်းယူလို့ရတဲ့နေရာတွေမှာ အုပ်ချုပ်ရေးအာဏာကို ပြန်တည်ဆောက်ကြ တဲ့အခါမှာ တကယ်စစ်ဘောင်နဲ့ပဲ အုပ်ချုပ်ရေးအာဏာကို ပြန်တည်ဆောက်မလား။ ဒါမှမဟုတ်ရင် ပြည်သူလူထုရဲ့သဘောဆန္ဒကို အခြေခံတဲ့ အချုပ်အခြာက ပြည်သူလက်ထဲမှာရှိပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီမယ့် အုပ်ချုပ်ရေးအာဏာ မျိုးအာဏာမျိုးကို သက်ဆိုင်ရာဒေသတွေမှာ တည်ဆောက်မလားပေါ့။ ဒါက ကြိုးစားရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ လွယ်လွယ်ကူကူဖြစ်မယ့်ကိစ္စတော့ မဟုတ်ဘူး။ များသောအားဖြင့် ဒီလိုစစ်ရေး ပဋိပက္ခဖြစ်နေတဲ့အချိန်မျိုးမှာ လုံခြုံရေးဆိုတဲ့ခေါင်းစဉ်က အမြဲတမ်းထိပ်တန်းမှာ ပါပါတယ်။ ကျွန်တော်တို့ အစည်းအဝေးလုပ်တယ်ပဲဖြစ်ဖြစ် စဉ်းစားမှုမှာ လုံခြုံရေးဆိုတဲ့ခေါင်း စဉ်က အသာစီးရတယ်။ လုံခြုံရေးဆိုတဲ့ခေါင်းစဉ် ရှိနေစဉ်တုန်းမှာ အမြဲ တမ်းလက်နက်ကိုင်ခေါင်းဆောင်က အုပ်ချုပ်တဲ့အာဏာရနေတဲ့အနေအထားမျိုးက ပုံမှန် ဖြစ်လေ့ဖြစ်ထရှိတယ်။ နောက် ခေတ်အဆက်ဆက်လည်း တောက်လျှောက် ဖြစ်ခဲ့တယ်။

အထူးသဖြင့် တော်လှန်ရေး အဖွဲ့အစည်းတွေကြည့်လိုက်ရင် သူတို့ရဲ့အာဏာဖွဲ့စည်းတဲ့ပုံစံက များသောအားဖြင့် လက်နက်ကိုင်ခေါင်းဆောင်ရဲ့သြဇာလွှမ်းမိုးမှုက ထိပ်ဆုံးမှာရှိနေတဲ့ပုံစံမျိုးစုံနဲ့ ကျွန်တော်တို့ဆင်တူရိုးမှားလေးတွေနဲ့ တွေ့ရ လေ့ရှိတယ်။ အဲ့ဒါကို ဘယ်လိုလျှော့ချမလဲဆိုတာ စဉ်းစားဖို့လိုလိမ့်မယ်။ နောက်တစ်ခါ ကျွန်တော်တို့က စစ်ဘောင်ကျယ်နေတဲ့ဥစ္စာကို တဖြည်းဖြည်းချင်း လျော့ချလာနိုင်ဖို့က ခုနက ပြည်သူလူထုရဲ့ပါဝင်မှုအခန်းကဏ္ဍက ကျယ်လာတယ်။ ပြီးသွားရင် သက်ဆိုင်ရာအစုအဖွဲ့တွေကြားထဲမှာ ချိတ်ဆက်မှုတွေ အားကောင်းလာတယ်။ အပြန်အလှန်နားလည်မှုတွေရလာတယ်။ ယုံကြည်မှုတွေ တည်ဆောက်လာနိုင်တယ်။ ပြီးသွားရင် ခုနလို နိုင်ငံရေး သဘောတူညီချက်၊ ဘုံသဘော တူညီချက်တွေပေါ့။

နိုင်ငံရေး သဘောတူညီချက်လို့ပြောရင် နိုင်ငံရေးအောက်မှာ အရင်းအမြစ်ခွဲဝေရေး ကဏ္ဍတွေပါလိမ့်မယ်။ နယ်မြေခွဲဝေရေး ကဏ္ဍတွေပါလာလိမ့်မယ်။ ပြီးရင် တစ်နယ်နဲ့တစ်နယ် ကူးသန်းရောင်းဝယ်ရေးနဲ့ ချိတ်ဆက်ရေး စသဖြင့်ပေါ့ အခွန်အတုပ်တွေကအစ အများကြီး သေးသေးနဲ့ စဉ်းစားရမယ့်ကိစ္စတွေ ပါလာလိမ့်မယ်။ အဲ့လိုကိစ္စမျိုးတွေမှာ ပြည်သူလူထုရဲ့အခန်းကဏ္ဍကို ပိုပြီးတော့ ချဲ့ထွင်လာနိုင်မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီးတော့ သဘောတူညီချက် တွေ၊ နားလည်မှုတွေက ပိုပြီးခိုင်မာလာနိုင်စရာရှိတယ်။ အဲ့လိုမျိုး နားလည်မှုခိုင်မာလာပြီဆိုရင် ခုနကပြောသလို ညှိတာနှိုင်းတာက ကြိုက်ကြိုက်/မကြိုက်ကြိုက် စစ်နိုင်လည်း ညှိနှိုင်းရတာ လုပ်ရမှာပဲ၊ စစ်ရှုံးလည်း ညှိနှိုင်းရမှာပဲ။ ဒါပေမယ့် ညှိနှိုင်းတဲ့ကိစ္စမှာ စစ်နိုင်လို့ဖြစ်ဖြစ်၊ စစ်ရှုံးလို့ပဲဖြစ်ဖြစ် ညှိကြနှိုင်းကြတဲ့အခါမှာ စစ်ဘောင်က ကျယ်နေတယ်၊ အရပ်ဘက်ဘောင်နဲ့နိုင်ငံရေးဘောင်က ဘာမှမရှိနေဘူးဆိုရင် ညှိလိုက်တဲ့ဥစ္စာက သူတို့စစ်ခေါင်းဆောင်အချင်းချင်း ညှိသွားပြီး သဘောတူသွားကြတဲ့ ကိစ္စတစ်ခုပဲဖြစ်မှာပဲ။ အဲဟာက Conflict (ပဋိပက္ခ)ကို ပြေပျောက်စေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အခုရှိနေတဲ့ပြသနာတွေရဲ့အဖြေကိုလည်း ရှာတွေ့မှာ မဟုတ်ဘူး။ စစ်ခေါင်းဆောင်အချင်းချင်းကြားထဲမှာ လက်ဝါး ချင်းရိုက်လိုက်တဲ့ကိစ္စမှာ ခရိုနီခေါင်းဆောင်တွေပဲ ထပ်ထွက်လာတဲ့အနေအထားမျိုးပဲ ဖြစ်မှာပဲ။ ဒါ့ကြောင့် အဲ့ဒါကို သတိထားဖို့လိုတယ်။ နိုင်ငံရေးဘောင်ချဲ့ဖို့လိုတယ်၊ ပြည်သူလူထုရဲ့ပါဝင်မှုအခန်းကဏ္ဍက ပိုပြီးတော့ကျယ်ပြန့်လာဖို့လိုပါ တယ်။ အဲ့ဒါတွေကို ကျွန်တော်တို့က အခြေခံကျကျနဲ့ လက်တွေ့ချဉ်းကပ်ကြဖို့လိုမယ်လို့တော့ ကျွန်တော်တို့မြင်လို့ရတယ် ခင်ဗျ။

မဏ္ဍိုင် – အခြားဖြည့်စွက်ပြောစရာရှိရင်လည်း ပြောပေးစေလိုပါတယ်။

ဖြေ။ ။ မရှိတော့ပါဘူး။ ကျွန်တော်လည်း အကုန်ပြောပစ်လိုက်ပြီ ထင်ပါတယ်။

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။