မဏ္ဍိုင်၊ မတ် ၃၀ ၊ ၂၀၂၅။
မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ် ဖြစ်လာတာနဲ့ အသက် ၂၀ တစ်ပတ်လည်ရှိတဲ့ လူငယ်တစ်သိုက်ဟာ လူမှုကွန်ရက် စာမျက်နှာပေါ်နဲ့ လူစည်ကားရာနေရာတွေမှာ သိုက်သိုက်ဝန်းဝန်း ပေါ်လာတတ်ပါတယ်။ အဓိကကတော့ ငွေကြေး ပစ္စည်းအလှူခံတာနဲ့ ရရှိလာတဲ့ အလှူခံပစ္စည်းတွေကို သွားရောက်လှူဒါန်းတာတွေအတွက် စုစုရုံးရုံးပေါ်လာကြတာပါပဲ။ အဲ့ဒီလို အစုလိုက်ပေါ်လာတာကို စသတိထားမိတာကတော့ ၂၀၁၅ ဇွန်လကနေ သြဂုတ်လအထိ ကြုံခဲ့ရတဲ့ ရေဘေးမှာပါ။
အဲဒီအချိန်က လူငယ်တွေဟာ သူငယ်ချင်းအစုအဖွဲ့လိုက် လူစည်ကားရာ ရန်ကုန်မြို့ လှည်းတန်းလို နေရာတွေမှာ အလှူခံကြ တယ်။ နီးစပ်ရာ မိတ်ဆွေတွေထံ ဆော်သြအကူအညီတောင်းခံကြတယ်။ အဲ့ဒီနောက် လိုအပ်တာတွေဝယ်ခြမ်းပြီး ကားအသီး သီးပေါ်တင် အကူအညီလိုတဲ့နေရာကို အရောက်သွားကူညီကြတယ်။
အဲဒီမှာ တချို့နေရာတွေ အလှူပစ္စည်းစုပုံပြီး အချို့နေရာတွေ အလှူပစ္စည်း ရောက်သင့်သလောက်မရောက်တဲ့ ဖြစ်ရပ်မျိုး တွေရှိခဲ့ပေမယ့်လည်း လူငယ်တွေက သတင်းအချက်အလက်ကို အချင်းချင်းမျှဝေပြီး အဆင်ပြေအောင်ဆောင်ရွက်နိုင်ခဲ့ကြ တယ်။ အဲဒီအရွယ်လေးတွေက လူကြီးမိဘတွေကလည်း ညအိပ်ညနေ အပြင်ထွက်ဖို့ ယုံကြည်ချက်ပေးပြီးခွင့်ပြုပေးတဲ့ အရွယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားတဲ့အရွယ်၊ ကျောင်းအပြီး လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေကြတဲ့အရွယ်ပေါ့။
သူတို့ကို မြင်တာနဲ့တင်၊ သူတို့ရဲ့လုပ်ရပ်တွေ ကြားရတာနဲ့တင် စိတ်ဓာတ်ခွန်အားတွေရလာတာကိုလည်း အမှတ်ရမိပါသေး တယ်။ ဒီလိုဆိုရင်တော့ ငါတို့နိုင်ငံကြီး တိုးတက်တော့မှာပါလားလို့လည်း အကောင်းမြင်စိတ်တွေ စတင်တိုးပွားခဲ့အချိန်ပေါ့။
မြန်မာနိုင်ငံရဲ့ ဘေးဒုက္ခအသီးသီးမှာ တက်တက်ကြွကြွရှိနေတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေကို စုစုရုံးရုံးတွေ့ရတယ်လို့ ရည်ညွှန်းတာက အသက် ၃၀ အရွယ် လူလတ်ပိုင်းတွေနဲ့ လူကြီးတွေဟာ လုပ်အားထက် အကြံဉာဏ်ပိုင်း၊ စီမံခန့်ခွဲမှုအပိုင်းနဲ့ ငွေကြေးပိုင်းတွေမှာ ပိုမိုကူညီကြတယ်လို့ ကျွန်မအနေနဲ့ ယူဆလို့ပါ။
နောက်ပိုင်း တစ်တိုင်းပြည်လုံး ထိတ်လန့်ခြောက်ခြားခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ရပြန်တော့တယ်။ ၂၀၁၉ ခုနှစ်ကပေါ့။ မှတ်မှတ်ရရ ပိုးတွေ့လူနာအရေအတွက်ကို အထိတ်တလန့်စောင့်ကြည့်ခဲ့ရတယ်။ လူနာအရေအတွက်တိုး လာလေ ထိတ်လန့်ကြောက်ရွံ့ရလေပါပဲ။ အဲ့ဒီအချိန်မှာလည်း လူငယ်တွေက ရှေ့တန်းက တက်တက်ကြွကြွပါဝင်ခဲ့ကြပြန် တယ်။ အထပ်ထပ်ဝတ်ဆင်ရတဲ့ ပူလောင်လှတဲ့ ရောဂါကာကွယ်ရေးဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ ဗော်လန်တီယာ လူငယ် တွေက ကိုဗစ်စင်တာတွေမှာ အပြည့်ပေါ့။ လူငယ်တွေရဲ့ လုပ်အားတွေ၊ ခွန်အားတွေနဲ့ ကိုဗစ်စင်တာတွေဟာ အသက်ဝင်လှုပ်ရှားခဲ့ကြပါတယ်။
ကိုယ်ကျိုးစွန့် ကူညီခဲ့ကြတဲ့ လူငယ်တွေကြောင့်ပဲ ကိုဗစ်ကို မြန်မာနိုင်ငံက တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်နိုင်ခဲ့ကြပြန်တယ်။
နောက်ထပ် စိတ်လှုပ်ရှားခဲ့ရပြီး ငါတို့တော့ ညီညွတ်လိုက်တာ ဒီနိုင်ငံတော့ တိုးတက်တော့မှာပါပဲလို့ အတွေးရောက်စေတာက စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြစဉ်ကပေါ့။ ညီလိုက်ကြတာ၊ တက်ကြွလိုက်ကြတာ တကယ်ကို ချစ်မြတ်နိုးရတဲ့ မြန်မာ လူငယ်ထုပါပဲ။
စစ်ကောင်စီ လက်အောက်မှာ အလူးအလဲ ကျော်ဖြတ်ခဲ့ရတဲ့ ကိုဗစ်တတိယလှိုင်းအတွင်းမှာတော့ လက်မလည်ခဲ့ရတဲ့ နာရေး တွေမှာ လူငယ်တွေရဲ့ ပါဝင်ကူညီမှုကိုလည်း အများက မှတ်မိကြဦးမှာပါ။ အောက်စီဂျင်ကူညီမှုကအစ အလောင်းထမ်းရာ အဆုံး လူငယ်တွေ ပါဝင်ခဲ့ကြရတာပေါ့။
အခုလည်း မြန်မာတစ်နိုင်ငံလုံး စိတ်နှလုံးကို ချုံးချုံးကျစေတဲ့ နှစ် ၁၀၀ အတွင်း အပြင်းထန်ဆုံးငလျင်က မတ်လ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တယ်။ ဒီအချိန်မှာတော့ လူငယ်တွေဘယ်မှာပါလဲ။ အရင်ကလို ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေလိုကြတဲ့ လူငယ်တွေ ဘယ်ရောက်ကုန်ပြီလဲ။ ဘာလို့များအရင်လို အလျှိုလျှိုပေါ်မလာတော့တာလဲ။
“ငါတို့ရှိတယ် အားမငယ်နဲ့” ၊ “ ငါတို့လာပြီဟေ့” စသည်ဖြင့် လူမှုကွန်ရက်မှာ ကြွေးကြော်သံတွေနဲ့အတူ တက်ကြွစွာ ကူညီ ဆောင်ရွက်တတ်ကြတဲ့ လူငယ်တစ်သိုက်ကတော့ လက်ရှိမှာ ပျောက်လို့နေပါတယ်။
ငလျင်ဘေးသင့်ပြည်သူတွေကို ဘယ်လိုကူညီကြမလဲ၊ ဘယ်လို ပြန်လည်ထူထောင်ရေးတွေလုပ်ကြမလဲဆိုတဲ့ လူမှုကွန်ရက်က လူငယ်တွေရဲ့ ပို့စ်တွေ မတွေ့မြင်ရပါဘူး။ သူတို့ရဲ့ အားမာန်အပြည့်နဲ့ လှုပ်ရှားမှုတွေကို မမြင်ရတော့ပါဘူး။
ဘာကြောင့် ပေါ်မလာကြတော့တာလဲ။ ဒီလိုပြောလို့ လက်ရှိ ကြိုးစားကူညီနေကြတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို အသိအမှတ်မပြုတာ၊ မလေးစားတာကို ရည်ညွှန်းလိုတာ မဟုတ်ပါဘူး။ လူမှုကူညီရေးအဖွဲ့ဝင်တွေ မဟုတ်ပေမယ့်လည်း အရေးကြုံတိုင်း၊ လိုအပ်တိုင်းပေါ်လာတတ်တဲ့ လူငယ်တသိုက်ပျောက်နေတာကိုပဲ ရည်ညွှန်းလိုတာပါ။
ဘာကြောင့်လည်းဆိုတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်မှုထမ်းစေတာ၊ အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှုကြောင့် ပြည်ပထွက်ခွာကုန်ကြတာနဲ့ စစ်ကောင်စီရဲ့မတရားမှုကို လက်နက်ကိုင်တိုက်ပွဲဝင်နေကြတာကြောင့် ပြည်တွင်းမှာ လူငယ်ဦးရေက သိသိသာသာ လျော့ပါးနေတာပါ။
ကျန်ရှိနေတဲ့ လူငယ်တွေကလည်း စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ၊ အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေတာတွေ စသဖြင့် ခံစားနေရတာပါ။ လူငယ်တွေသာ တိုင်းပြည်ထဲ သိုက်သိုက်ဝန်းဝန်းရှိနေဦးမယ်ဆိုရင် အနည်းဆုံးတော့ လူငယ်တွေရဲ့ ခွန်အား တွေ၊ တက်ကြွမှုတွေကြောင့် ငလျင်ဘေးဒဏ်ခံရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရာမှာ အခုထိပိုပြီး အများကြီးထိရောက် နိုင်မှာပါ။
အခုတော့ လူငယ်တွေနည်းပါးနေတဲ့ နိုင်ငံမှာ ကြုံရတဲ့ သဘာဝဘေးဒဏ်ကို လူလတ်ပိုင်းတွေ၊ လူကြီးတွေရဲ့ ခွန်အားအများစုနဲ့ သာရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ပြည်ပရောက်နေတဲ့ လူငယ်တွေရဲ့ ရင်ထဲမှာလည်း အားမလိုအားမရဖြစ်နေကြမှာ အမှန် ပါပဲ။ သူတို့တွေဟာ တောက်တခေါက်ခေါက် ဖြစ်နေကြလိမ့်မယ်။ ရင်ထုမနာဖြစ်နေကြလိမ့်မယ်၊ မချိတင်ကဲ ဖြစ်နေကြလိမ့် မယ်။ စစ်အာဏာရှင်ကို ကျိန်ဆဲနေလိမ့်မယ်။
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ လူငယ်တွေကလည်း သူတို့ရှိရာဒေသမှာ တက်စွမ်းသလောက် ငလျင်ဘေး သင့် ပြည်သူတွေကို ကူညီနေကြမှာအမှန်ပါပဲ။ ဒါပေမဲ့လည်း အရင်လို သိုက်သိုက်ဝန်းဝန်း တက်ကြွမှုတွေထက် ခံပြင်းဒေါသ ထွက်မှုတွေ သူတို့ ခံစားနေရမယ်လို့ ကျွန်မတော့ ယုံကြည်မိတာပါပဲ။
သဘာဝဘေးအန္တရာယ်ဆိုတာက အတိအကျခန့်မှန်းလို့မရသလို ရှောင်လွဲလို့မရတဲ့ ဖြစ်ရပ်မျိုးပါပဲ။ မြန်မာနိုင်ငံဟာလည်း တစ်ကွေ့မဟုတ် တစ်ကွေ့မှာတော့ သဘာဝဘေးအန္တရယ်ကို အနည်းနဲ့အများ ရင်ဆိုင်ရတဲ့ကာလ ထပ်ရှိလာဦးမှာပါပဲ။ အဲ့ဒီ အချိန်မှာတော့ လူငယ်တွေဟာ တောထဲမှာ၊ တိုင်းပြည်ပြင်ပမှာ မဟုတ်ဘဲ အရင်ကလိုပဲ လူငယ်တွေကို တက်တက်ကြွကြွ မြင်ရပါစေလို့ပဲ မျှော်လင့်ယုံကြည့်ရတော့တာပါပဲ။
စာဖတ်သူရော အခု ငလျင်ကပ်ဘေးမှာ လူငယ်တွေ အရင်ကလို မဟုတ်ဘဲ ပျောက်နေတာကို သတိထားမိကြပါရဲ့လား။