ဒေါင်းမြီး ရေးသည်။
မဏ္ဍိုင်၊ ဧပြီ ၂၄၊ ၂၀၂၆။
“မင်းမိန်းမ စကဒ်အတိုတွေ ဝတ်နေပြီ” ဆိုလို့ ထောင်ဖောက်တဲ့ ပေါက်ကွဲတစ်ဦး
ထောင်ပိုင်ကြီးက “တင်ပြရင် -င်ချမယ်” လို့ ပြောလို့ “ထောင်ပိုင်ကြီး ခင်ဗျားမမိုက်ရိုင်း” လို့ ပြန်ပြောခဲ့တဲ့ တစ်ကိုယ်တော်ကြီး တိုက်ကထွက်လာတော့ တိုက်ထဲက ပေါက်ကွဲတွေပါ အဆောင်ရောက်လာခဲ့ပါတယ်။ (အဲဒီအကြောင်း ဖော်ပြပြီး) ရောက်လာတဲ့ ပေါက်ကွဲတွေက ၆ ဦးပါ။ အဲဒီ ၆ ဦးထဲမှာ ပြစ်ဒဏ်အများဆုံး တစ်ဦးရှိပြီး ထောင်ဒဏ် ၇၉ နှစ် ချမှတ်ခံထားရပါတယ်။ ထောင်တစ်ခုလုံးမှာ သူ့ထက် နှစ်များတာက အမျိူးသမီး ၃ ဦးပဲ ရှိပါတော့တယ်။ နိုင်/ကျဉ်းတွေပါပဲ။ သူတို့က ထောင်တစ်သက် လွတ်ရက်မရှိ ကျခံနေရ တာပါ။
ခုနပြောတဲ့ပေါက်ကွဲတွေက အသံဗုံးခွဲတဲ့သူတွေပါ။ ၂၀၂၁ ခုနှစ်၊ မတ်လ နဲ့ ဧပြီအစောပိုင်းလောက်မှာ ဖမ်းခံရသူတွေပါ။ သူတို့ဟာ ငွေကြေးတတ်နိုင်သူတွေဖြစ်ပါတယ်။ တိုက်ထဲမှာနေစဉ်က ဖုန်းတွေ သွင်းထားပါတယ်။ ထောင်အာဏာပိုင်က သတင်းရလို့ ဝင်ရှာတော့ ဖုန်းတွေထဲက တစ်လုံးက I Phone ပါ။ (၃)ဆောင်မှာ ဖုန်းရောက်လာတာက သူတို့ (၃)ဆောင်ရောက်မှ သူတို့ မြှောက်ပင့်ပေးမှုနဲ့ ဖုန်းသွင်းဖြစ်တာပါ။) သူတို့က တိုက်ထဲထားတယ်ဆိုတာက တိုက်ပိတ်တာ မဟုတ်ပါဘူး။ ခွဲထားတဲ့သဘောပါ။ ထောင်ဖွင့်ချိန်တွေ ဆိုရင် တိုက်ဝန်းထဲကနေ အခြားအဆောင်တွေကို သွားလည်ခွင့်ပြုထားပါတယ်။
ပြီးတော့ အဲဒီပေါက်ကွဲအဖွဲ့က အချို့ဟာ နိုင်ငံရေးစိတ်ရှိသူတွေမဟုတ်သလို ထောင်လူမိုက်လိုလို၊ ”ဇိုး”လိုလိုလည်း လုပ်ချင်ပါတယ်။ နိုင်/ကျဉ်းထဲမှာ ညီညွတ်လိုစိတ်၊ သည်းခံလိုစိတ် နည်းသူတွေလည်း ဖြစ်ပါတယ်။ စစ်အာဏာမသိမ်းခင်က မူးယစ်ဆေးဝါးတွေနဲ့မကင်းသူလည်း ပါနေပါတယ်။
အဲဒီပေါက်ကွဲအဖွဲ့ ထောင်ကို စရောက်တော့ တိုက်ထဲမှာ နေရပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို မခံရအောင် တိုက်ထဲက ရေကန်ပြင်တာက အစ၊ တိုက်ကြမ်းပြင် ကွန်ကရစ် ပြန်ခင်းတာအဆုံး အိမ်ကို ငွေပြန်မှာပြီး လုပ်ပေးကြပါတယ်။ ထောင်ကိုလည်း ဘောင်ချာကိုမှ အလုံးအရင်းနဲ့ ဆောင်ထားကြပါတယ်။ ထောင်က လူမိုက်တွေကိုလည်း ပေးကျွေးကပ်ရပ်ထားကြပါတယ်။
ထောင်ဆိုတာကလည်း သိတဲ့အတိုင်း။ အကျဉ်းသားတစ်ဦးဆီက ငွေထွက်ပြီဆို ဝန်ထမ်းတွေက လက်တစ်ဆုံးနှိုက်တာ။ အဲဒီမှာ အဆိုးဆုံးက ထောင်ပိုင်လေးနဲ့ ထောင်မှူးကြီးပါပဲ။ မိသားစု ဘုရားဖူးသွားတာက အစ ငွေထွက်တဲ့ အကျဉ်းသားတွေကို ဆီဖိုးစိုက်ခိုင်းတာ။ ကားဌားပေးခိုင်းတာ(ကားခက အကျဉ်းသားက ပေးရတာ)။တွေ လုပ်ခိုင်းတာပါ။ အဆောင်မှူးတွေကလည်း အဲဒီလိုပါပဲ။
ခုနက ပြောတဲ့ ပြစ်ဒဏ် နှစ်အများဆုံးသူကတော့ အဲဒီအဖွဲ့ထဲမှာမှ လူတွင်ကျယ်လုပ်ချင်သူပါ။ သူက အရမ်းကြီး တတ်နိုင်တဲ့သူတော့ မဟုတ်ပါဘူး။ သူအဆောင်ကိုရောက်တော့ ပါဆယ် မမှန်တော့ပါဘူး။
ခုနပြောခဲ့သလို ဘောင်ချာလုပ်တာ၊ ထောင်အာဏာပိုင်တွေကို “ခွံ့”တာ၊ ထောင်အဆောက်အဦတွေကို ပြင်တာတွေကြောင့် အပြင်က သူ့အမျိုးသမီးမှာ အခက်တွေ့ရပါတယ်။ သူတောင်းသမျှကို အပြင်ကနေ ချေးဌားပို့ပေးနေရတာပါ။ ကြားရသလောက် သိန်းရာဂဏန်းနီးပါးကို ရှိနေပြီလို့ ဆိုပါတယ်။
ကျွန်တော်တို့အဆောင်မှာ ဒု-လက်ထောက်ကြီးကြပ်ရေးမှူး(ဒု-အဆောင်မှူး)အဖြစ်နဲ့ အချိန်အတော်ကြာကြာ တာဝန်ကျသွားတဲ့ တပ်ကြပ်ကြီး(ထောင်ကြပ်ကြီး)တစ်ဦး ရှိပါတယ်။ သူက မိန်းမနှစ်ယောက်ကို တစ်ပြိုင်နက် ပေါင်းနေတာပါ။ အကျဉ်းသားတွေရဲ့ အမျိုးသမီးတွေနဲ့လည်း လေပေးဖြောင့်သူ ဖြစ်ပါတယ်။
သူက ထောင်ထဲမှာ ကွမ်းလည်း ရောင်းပါတယ်။ စာအဝင်အထွက်လည်း လုပ်ပါတယ်။ လိုချင်တဲ့ပစ္စည်းရှိရင် အပြင်ကလည်း မှာပေးပါတယ်။ ဘောင်ချာလည်း ကိုင်ပါတယ်။
တနေ့မှာ သူနဲ့ ခုနကပြောတဲ့ နှစ်အကြီးဆုံး ပေါက်ကွဲမှု နိုင်/ကျဉ်းနဲ့တွေ့တော့ “ဟေ့ကောင်၊ မင်းမိန်းမ စကဒ်အတိုလေးနဲ့ မြို့ထဲမှာတွေ့ခဲ့တယ်” လို့ ပြောပါတယ်။ ဒီတော့ ပေါက်ကွဲမှု နိုင်/ကျဉ်းက နေမထိ ထိုင်မသာတွေ ဖြစ်ကုန်ပါတယ်။ အဲဒီလို ပြောတာ တခါတင် မဟုတ်ပါဘူး။ ”မင်းမိန်းမကို ယောက်ျားတစ်ဦးနဲ့ ဘယ်ဆိုင်မှာ တွေ့ခဲ့တယ်။” ”မင်းမိန်းမကို ယောက်ျားတဦးရဲ့ ဆိုင်ကယ်နောက်မှာ တွေ့လိုက်တယ်” ဆိုပြီး တွေ့တိုင်း ပြောပါတယ်။
ဒီတော့ သူတို့လင်မယားနှစ်ယောက် ထောင်ထဲနဲ့ ထောင်ပြင် ဖုန်းထဲကနေ တိုက်ပွဲတွေဖြစ်ကြ၊ စာနဲ့ တိုက်ပွဲတွေဖြစ်ကြ၊ ဖြစ်ကုန်ပါတယ်။ ပြောသံကြားတာတော့ ထောင်ကြပ်ကြီးပြောတာ မှန်ပါတယ်။ အပြင်က အမျိုးသမီးအနေနဲ့လည်း ယောက်ျားက ထောင်ထဲမှာ၊ အပြင်မှာ ကလေးနဲ့။ လုပ်ငန်းက မရှိတော့ လုပ်ကိုင် စားသောက်ရတာ မလွယ်။ ဒီကြားထဲ အကြွေး သိန်းရာဂဏန်းက တပူပူ၊ တဂျီဂျီဖြစ်နေတော့ သူ့ခင်ဗျာ ကြံရဖန်ရတာပေါ့။ မကောင်းတဲ့ မိန်းမ ဖြစ်နေတာမျိုးတော့ မဟုတ်။ နောက်အိမ်ထောင်ပြုဖို့ စဉ်းစားကောင်း စဉ်းစားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
အဲဒီနောက်ပိုင်း သူ့ဆီက ထောင်ဖောက်ဖို့ စကားတွေ ကြားလာရတယ်။ ထောင်ဖွင့်ချိန်ဆို ကိုယ်ကာယ လေ့ကျင့်ခန်းတွေ ပိုလုပ်လာတယ်။ ညဆိုရင် အိမ်သာခန်းထဲ ဝင်တာများလာတယ်။ အိမ်သာခန်းထဲ ဘာဝင်လုပ်တာလဲဆိုတော့ ထောင်ပုံစံပုဆိုးကို ဖြဲပြီး၊ ဆက်ပြီး ကြိုးကျစ်နေတာ။ ဒီတော့ သူတခုခုတော့ လုပ်နေတယ်ဆိုတာတော့ ရိပ်မိနေတယ်။ ဒါပေမဲ့ ထောင်ဖောက်မယ်လို့တော့ မထင်။
တနေ့ ကျွန်တော် အဆောင်ထဲဝင်လာတော့ ကျွန်တော့်အမှုတွဲရှိတဲ့ အခန်းနောက်ဆုံးက စာအိုးတွဲအဖွဲ့ထဲက တစ်ယောက် ပြတင်းပေါက်က သံတိုင်ကို လွှနဲ့ တိုက်နေတာကို တွေ့လိုက်တယ်။
“ေ-စာက်ပြဿနာတော့ စပြီ” ဆိုပြီး စိတ်လည်း တော်တော်ညစ်သွားတယ်။
အခုလို သံတိုင်ကို လွှနဲ့ဖြတ်တာက ထောင်ဖောက်တာ ဖြစ်သွားပါပြီ။ ထောင်ဖောက်ရင် တစ်ခန်းလုံးခံရမှာ။ နောက်မှု ထပ်တပ်ခံရမယ်။ ထောင် ၅ နှစ်ကနေ ၁၅ နှစ်အထိ နှစ်ထပ်တိုးတာ ခံရမယ်။ ထောင်ပြောင်းရွှေ့ ခံရမယ်။ တစ်ခုမှ မကောင်း။ နောက် အဲဒီစားအိုးတွဲအဖွဲ့အပါအဝင် အခန်းထဲက လူ ၄ ပုံ ၃ ပုံလောက်က ၅၀၅-က တွေ။ လွတ်ဖို့က ၆ လလောက်ကနေ ၁ နှစ်လောက်သာ ကျန်တဲ့သူတွေ။ ကျန်တဲ့ လေးပုံ တစ်ပုံသာ ပေါက်ကွဲ၊ အကဖမှုတွေနဲ့ ၅ နှစ်အထက်ကနေ အနှစ် ၇၀ကျော်။ ဒီတော့ ထောင်ဖောက်တာနဲ့ပတ်သက်ပြီး ၅၀၅-ကတွေနဲ့ ပြဿနာဖြစ်မှာ စိုးရိမ်ရတယ်။
တဖက်မှာကလည်း ထောင်ကို သတင်းသွားပေးရင် တစ်သက်လုံး နာမည်သေသွားနိုင်တဲ့ ပြဿနာကလည်း ရှိသေးတာကို။ သူ့ဟာသူ စစ်တပ်ကို တော်လှန်ဖို့၊ နိုင်/ကျဉ်းတွေကို ကယ်တင်ဖို့ ထောင်ဖောက်တာ မဟုတ်ဘဲ မိန်းမနောက်ယောက်ျား ယူမှာစိုးလို့ ထောင်ဖောက်တာ ဆိုပေမယ့်လည်း ထောင်အာဏာပိုင်ကိုတော့ သတင်းမပေးသင့်ဘူးလို့လည်း ယုံကြည်တယ်။ ခက်တာက သူထောင်ဖောက်ရင် ၅၀၅-က တွေ တိုက်ထားတဲ့ အခွင့်အရေးတွေ အကုန်ဆုံးရှုံးမှာ။ နောက် နိုင်/ကျဉ်း အကုန်လုံး ထောင် ၅ နှစ်ကနေ ၁၅ နှစ်အထိ ပြစ်ဒဏ်ထပ်တိုးခံရမယ်။ အခြားထောင်တွေကို ရွေ့ပြောင်းခံရမယ်။ တကယ့်ကို အကျဉ်းအကြပ်။
ထောင်မှာက အခွင့်အရေးတောင်းဆိုရင်သာ “ကိုယ့်အကြောင်း ကိုယ်ပြော” ပါ။ အခြားသူအတွက် ကိုယ်စားအခွင့်အရေးတောင်းပေးလို့ မရပါဘူး။ အပြစ်တခုခုဖြစ်လာရင်တော့ “All in One” ပါပဲ။ တစ်ယောက်လုပ်ရပ်အတွက် အကုန်ခံကြရပါတယ်။ ဒီထက်ရှင်းအောင်ပြောရရင် “တစ်ယောက် လုပ်တဲ့ကောင်းကျိုးကို အများက မခံစားရပါဘူး”။ ”တစ်ယောက်လုပ်တဲ့ ဆိုးကျိုးကိုတော့ အများက ခံစားရပါတယ်”။
နောက်တနေ့မနက်မှာ ကျွန်တော့်အမှုတွဲနဲ့ အဲဒီကိစ္စစကားအေးဆေးပြောလိုက်တယ်။ သူတို့စားအိုးတွဲအုပ်စု ၁၂ ဦး ကလည်း ထောင်ဖောက်တာကို အားမပေးဘူး။ အခြား ၅၀၅တွေ သိကုန်ရင် ပြဿနာတွေဖြစ်မှာစိုးလို့ အသိမပေးရဲသေးဘူး။ အဲဒီကိစ္စ အဖြေရှာနေကြတယ်။ သူကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်၊ ဆန့်ကျင်လို့ ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုကို ခံယူရမယ်လို့ အတွေးအခေါ်ရှိတဲ့သူ။ နောက်တစ်ခုက စစ်တပ်ကို တော်လှန်ဖို့၊ နိုင်/ကျဉ်းတွေကိုကယ်တင်ဖို့ ထောင်ဖောက်တယ်ဆိုရင် လက်ခံပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ထောင်ဖောက်တာကို လူ ၂၀၀ နီးပါးက ခံရမယ်ဆိုတာ မဖြစ်သင့်ဘူးလို့ သဘောထားရှိတယ်။
ထောင်ဖောက်မယ့်သူကို သူတို့လည်း တားကြည့်ပြီးပြီ။ တားမရဘူး။ နောက်ဆုံး ထောင်ထဲက နိုင်/ကျဉ်းတွေ။ အပြင်က လူတွေဆီကိုပါ အလှူခံပြီး သူ့မိန်းမအကြွေးကိစ္စကို တတ်နိုင်သလောက် ဖြေရှင်းပေးမယ်လို့ ဆိုတာတောင် မရဘူးလို့ ဆိုတယ်။
နောက်ပြဿနာတစ်ခုက သံချောင်းကိုဖြတ်နေတဲ့ ပြတင်းပေါက်က သူတို့အုပ်စုနေတဲ့နေရာမှာ။ ဖြစ်လာရင် သူတို့က ပိုခံရမှာ။ အဲဒီမှာ ဖြစ်ချင်တော့ တည်းတည်းလေးလုပ်ထားပြီး လိုချင်တဲ့အချိန် အားနဲ့တွန်းလိုက်ရင် ပြတ်အောင်လုပ်ထားရမှာကို သံချောင်းက လုံးဝပြတ်သွားပြီ။ ဒီတော့ ထောင်မဖောက်ဖြစ်ရင်တောင် ထောင်ဖောက်မှုက ဖြစ်နေပြီ။
ဒီမှာ ကယ်တင်ရှင်က ပေါ်လာတယ်။ မျှော်စင်က ဝန်ထမ်း သေနတ်ပစ်တဲ့ညက မီးစက်ပြင်နေတဲ့ တစ်ယောက်။ သူက အဆောင်မှူးနဲ့လည်း အရမ်းရင်းနှီးပြီး ထောင်က စက်ပစ္စည်းတွေလည်း ပြင်ပေးနေကြဆိုတော့ ထောင်ပိုင်ကကို မျက်နှာသာပေးတယ်။ သူကလည်း ထောင်ဖောက်မယ့်ကိစ္စကို လုံးဝလက်မခံ။
သူက အဆောင်မှူးကို ပြောမယ်။ ပြီးရင် အဆောင်မှူးနဲ့အတူ ထောင်ပိုင်ကြီးကိုပြောမယ်။ အဲဒီလိုပြောတဲ့အတွက် ထောင်က နိုင်/ကျဉ်းတွေကို လက်ရှိထားသလိုပဲ ထားပေးရမယ်။ ကန့်သတ်ချုပ်ချယ်တာတွေ မလုပ်ဖို့။ ကာယကံရှင်ကိုလည်း ရိုက်နှက်နှိပ်စက်တာတွေ မလုပ်ဖို့ တောင်းဆိုမယ်လို့လည်း ပြောတယ်။
ဒီလိုနဲ့ ထောင်ဖောက်မယ့်နေ့ကို ရောက်လာပါတယ်။ သူက အဲဒီည ထောင်ဖောက်မှာပါ။ ထောင်ဖောက်မယ့် သူကလည်း ထောင်စဖွင့်တည်းက ဂဏှာမငြိမ်။ ပြောမယ်ဆိုတဲ့တစ်ယောက်ကတော့ ထောင်စဖွင့်တည်းက အဆောင်မှူးရုံးခန်းထဲ ဝင်သွားတယ်။ ၉နာရီလောက်ကျတော့ အဆောင်မှူးနဲ့ ထောင်ပိုင်ရုံးခန်းဘက် ထွက်သွား ကြတယ်။
တစ်မနက်လုံး ဘာဖြစ်မလဲဆိုပြီး ကျွန်တော်တို့လည်း စိတ်တပူပူနဲ့ပေါ့။ ဒါပေမဲ့ အဆောင်ပိတ်တဲ့အထိ အခြေအနေက ပုံမှန်ပါပဲ။ ထောင်ဖောက်မယ့်ကိစ္စ ထောင်ပိုင်ကြီးကို ပြောပြီးကြောင်းနဲ့ သူတောင်းဆိုတဲ့ အချက်တွေကို ထောင်ပိုင်ကြီးက သဘောတူကြောင်း ကာယကံရှင်က ပြောထားလို့လည်း ကျွန်တော်တို့ သိနေကြပါပြီ။ ဒါပေမဲ့ အဆောင်မှူးကလည်း ဘာမှ မဖြစ်သလို။ ဝန်ထမ်းတွေကလည်း ဘာမှ မဖြစ်သလို။
နေ့လယ် ထောင်ပိတ်လို့ စားသောက်ပြီး အိပ်ဖို့ လှဲချိန် ၁၂ နာရီခွဲလောက်မှာ ထောင်ပိုင်ကြီးကိုယ်တိုင်ဦးစီးပြီး ဝန်ထမ်း ၁၀ ဦးလောက် ဝင်လာကြပါတယ်။ ဘာမှမသိတဲ့သူတွေကတော့ ထောင်ပိုင်ကြီး ဦးစီးပြီး ရှာဖွေရေးလုပ်မယ်ဆိုတော့ “လန့်” နေကြပါတယ်။
အောက်ထပ်က နိုင်/ကျဉ်း ၄ ခန်းကို တစ်ခန်းခြင်းဆီ အပြင်ထွက်စေပြီး အခန်းထဲမှာရှာပါတယ်။ ကျွန်တော်တို့အခန်းကို နောက်ဆုံးမှ ရှာပါတယ်။ ကွပ်ပျစ်တွေကို လှန်လှောပြီးတော့ကို ရှာတာပါ။ တခါမှ အဲဒီလို မရှာဖူးတော့ လန့်တဲ့သူတွေလည်း လန့်နေကြပါတယ်။ ရှာပြီးတော့ ဝန်ထမ်းတွေက သံတိုင်တွေကို နံပါတ်တုတ်နဲ့ ဒေါင်လိုက် ကလန့်(ခြစ်)ပြီး ဆွဲပါတယ်။ ဒီတော့ သံတိုင်တွေမှာ အသံမြည်ပါတယ်။ ဖြတ်ထားတဲ့ သံတိုင်ဆီ ရောက်တော့ “ဘတ်”ဆိုပြီး ရပ်သွားပါတယ်။ သွားကိုင်ကြည့်တော့ လက်ထဲ ပြုတ်ပါလာပါတယ်။
နောက်ပြီး ကျွန်တော်တို့အခန်းက ကွက်ပျစ်အောက်မှာ ထက်ပိုင်းချိုးထားတဲ့ ၆ လက်မခန့် အရှည်ရှိ သံဖြတ်လွှ ၃ချောင်း၊ ပေ ၂၀ နီးနီးရှည်တဲ့ ပုံစံပုဆိုးနဲ့ ကျစ်ထားတဲ့ ကြိုးလည်း တွေ့သွားပါတယ်။
“မင်းတို့ကို ကောင်းကောင်းမွန်မွန်ထားရက်နဲ့ လုပ်ရက်တယ်ကွာ။ ဘယ်ထောင်မှ ငါ့ထောင်လောက် မချောင်ပါဘူး။ ငါလည်း ပင်စင်ယူတော့မှာပါ။ ငါ့ကို အသက်ကြီးမှ ထောင်ထဲရောက်အောင် မင်းတို့ လုပ်ရက်တယ်ကွာ” လို့ ထောင်ပိုင်ကြီးက စိတ်မကောင်းစွာ ပြောပါတယ်။
ခဏနေတော့ ကျွန်တော်တို့အခန်းထဲ ပြန်ဝင်ခိုင်းပါတယ်။ ထောင်ဖောက်တဲ့ ကာယကံရှင်ကို ခေါ်ထုတ် မသွားပါဘူး။ ဒါပေမဲ့ ဘယ်သူ့လက်ချက်ဆိုတာ ရိပ်မိကြောင်း ရိပ်ဖမ်းသံဖမ်းနဲ့ ထောင်ပိုင်ကြီးက ပြောသွားပါတယ်။ အဲဒီလို ပြောတာမှာလည်း သူ ဘုရား၊ တရားလုပ်လို့ နတ်ကောင်းနတ်မြတ်တွေက အသိပေးသလိုလို ပြောသွားတာပါ။ ကျန်တဲ့သူတွေကတော့ သံတိုင် ဖြတ်သူကို ပဟေဠိတွေ ဖြစ်နေပါတယ်။
ချက်ခြင်းပဲ ဝန်ထမ်းတွေက ဂဟေဆော်တဲ့စက်တွေယူလာပြီး ဖြတ်ထားတဲ့ သံတိုင်နေရာမှာ သံပြားကြီးတခုနဲ့ ဂဟေဆော်ပြီး ပိတ်လိုက်ပါတယ်။
ထောင်ဖောက်တဲ့ ကာယကံရှင်ကတော့ ထောင်ဖောက်တာ သူမှန်း ထောင်က သိသွားရင် အဆောင်မှာ ရှိတဲ့ ဖုန်းတွေ အကုန်လုံးကို ဖော်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။
ညနေ တန်းဖွင့်ဖို့ ဒု-အဆောင်မှုး လာတော့ အဆောင်မှုးနဲ့အတူ ဝန်ထမ်းနှစ်ဦးလည်းလိုက်လာပါတယ်။ ကျွန်တော်တို့အခန်းကို လူစစ်ပြီးတော့ ထောင်ဖောက်တဲ့ ကာယကံရှင်ကို လူချည်းပဲ အဆောင်မှူးနဲ့အတူ ဝန်ထမ်းနှစ်ဦးက ခေါ်ထုတ်သွားပါတယ်။ သူတို့သွားပြီး ခဏနေတော့ တန်းဖွင့်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ၅၀၅ တွေနဲ့ ထောင်ဖောက်တဲ့ကာယကံရှင်ရဲ့အမှုတွဲတွေ ပြဿနာတက်ကြမယ်လို့ ထင်ထားတာလည်း ဖြစ်မလာပါဘူး။ အဲဒီပေါက်ကွဲတွေကအစ ထောင်ဖောက်တာကို အားမပေးကြပါဘူး။ သူတို့လည်း တားကြည့်ပြီးပါပြီ။ တားမရလို့သာ လွှတ်ပေးလိုက်ကြတာပါ။ (သူတို့တားတုန်းက အဲဒီကိစ္စကိုဖော်ရင် သတ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်လို့ ကြားရပါတယ်။)
ထောင်ပိုင်ကြီးက ထောင်ဖောက်တဲ့ ကာယကံရှင်ကို ချက်ခြင်းခေါ်မထုတ်တာက သူ့ကိုလာသတင်းပေးတဲ့သူကို ကာကွယ်တာပါ။ ဒါ့ကြောင့် ထောင်ဖောက်တဲ့ကိစ္စကို အာရုံရနေသလိုလို၊ CCTV ကြည့်ပြီး ကာယကံရှင်ကို ရှာသလိုလို လုပ်နေတာပါ။
တကယ်တော့ ထောင်ဖောက်တဲ့ ကာယကံရှင်အနေနဲ့လည်း သူဖြတ်ထားတဲ့ သံတိုင်က အခန်းထဲက ထွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခန်းထဲက ထွက်ပြီးရင် အဆောင်တစ်ခုလုံးကို ကာထားတဲ့ သံတိုင်ကို ဖြတ်ရဦးမှာပါ။ အဆောင်က ထွက်နိုင်ရင် ပေ ၃၀ လောက်ကျယ်တဲ့ ကွင်းပြင်ကို ဖြတ်ရမှာပါ။ ကွင်းပြင်ကိုဖြတ်ပြီးရင် ပေ ၂၀ မြင့်တဲ့ အုတ်ရိုးကို မျှော်စင်ကင်းနှစ်ခုကြားကနေ ကျော်ရမှာပါ။ အဲဒီအုတ်ရိုးအပေါ်မှာ ဘရိတ်ဒါး သံဆူးကြိုးတွေ ရှိနေပါတယ်။ အုတ်ရိုးကို ကျော်ဖို့ ပြစ်လိုက်တဲ့ ကြိုးက ဘရိတ်ဒါး သံဆူးကြိုးတွေမှာ ညှိနေမယ်ဆိုရင်တောင် လူတစ်ကိုယ်စာ ဆွဲတက်နိုင်အောင် ခိုင်ခန့်တယ်လို့ မထင်ပါဘူး။ အုတ်ရိုးကို ကျော်ပြီးရင် ပြန်ဆင်းရမှာပါ။ အုတ်ရိုးရဲ့အပြင်ဘက် အောက်ခြေမှာ ညှောင့်တွေ ထောင်ထားတာလည်း ရှိပါတယ်။
ထောင်ဖောက်တဲ့ကိစ္စပြီးတော့ ထောင်ပိုင်ကြီးက ဂတိပေးထားသလိုပါပဲ။ နိုင်/ကျဉ်းတွေကို “ကြပ်” တာတွေတော့ မလုပ်ပါဘူး။ တစ်ခုရှိတာက အဆောင်ဝရန်တာမှာ အဝတ်လှမ်းတာတွေကိုတော့ ခွင့်မပြုတော့ပါဘူး။ မြင်ကွင်းပိတ်ဆို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။ (တကယ်တော့ ထောင်ဥပဒေအရ အဝတ်လှမ်းလို့ မရပါဘူး) ဒီတောာ့ အဝတ်လှမ်းရတာ အခက်တွေ့ကုန်ပါတယ်။
နောက်မှ ကြားရတာကတော့ ထောင်ပိုင်က ထောင်ဖောက်တဲ့ကိစ္စကို သတင်းရရခြင်း ညွှန်/ချုပ်ကို ဖုန်းဆက် ပြောတယ်လို့ သိရပါတယ်။ ညွှန်/ချုပ်ကလည်း ထောင်မဖောက်ခင် ကြိုသိရတယ်ဆိုတော့ အထက် အဆင့်ဆင့်ကို တင်ပြပြီး ထောင်ပိုင်က အုပ်ချုပ်ရေး၊ စည်းရုံးရေးကောင်းတယ်ဆိုကာ ထောင်ပိုင်ကြီးကို စုံ/ခုံံဖွဲ့စစ်တာတွေ၊ အရေးယူတာတွေတော့ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ သံတိုင်ကတော့ ပြတ်သွားတဲ့အတွက် ထောင်ပိုင်ကြီးက ထုချေလွာတော့ တင်ရတယ်လို့ ကြားရတယ်။ ဟုတ်/မဟုတ်တော့ မသိပါဘူး။ ထောင်ပိုင်ကို အရေးယူတာမျိုး လုံးဝ မကြားရပါဘူး။
ထောင်ဖောက်တဲ့ ကာယကံရှင်ကိုလည်း ရိုက်နှက်တာတွေ မလုပ်ပါဘူး။ ခြေကျင်းခတ်တာတွေ၊ ဒေါက်ထည့်တာတွေလည်း မလုပ်ပါဘူး။ တိုက်ထဲမှာထားပြီး တိုက်တော့ ပိတ်လိုက်ပါတယ်။ အဆောင်ကလူတွေ သူ့အဝတ်အစားထုတ်ကို သွားပို့တော့ ထောင်က ယူထားပြီး အဝတ်အစားနှစ်စုံနဲ့စောင်တစ်ထည်ပဲ ထားခွင့်ပေးပါတယ်။ ပြီးတော့ ထောင်တွင်း၊ ထောင်ပြင် ပါဆယ်ပို့ခွင့် ပိတ်လိုက်ပါတယ်။
ဒါပေမဲ့ ဒါကလည်း ခဏပါပဲ။ အဲဒီကိစ္စတွေ ဖြစ်ပြီး တစ်လလောက်ကြာတော့ ညနေတန်းပိတ်ချိန်မှာ အဆောင် ဝရန်တာမှာ လှမ်းထားတဲ့ အဝတ်အချို့ကို ဝန်ထမ်းက လွှင့်ပစ်ပြီး အဝတ်လှမ်းကြိုးတွေကိုလည်း ဖြတ်ပစ် ပါတယ်။ အဝတ်လှမ်းခွင့်ကို ထောင်ပိုင်က ပိတ်ထားလို့ ဝန်ထမ်းက လုပ်ရဲတာပါ။ ဒါပေမဲ့ နိုင်/ကျဉ်းတွေက အဝတ်တွေကို မလှမ်းစေချင်ရင် ဘေးမှာ ချထားတာကို လက်ခံနိုင်ကြောင်း၊ အခုလို လွှင့်ပစ်တာကိုတော့ လက်မခံကြောင်း ဝိုင်းပြောတော့ ဝန်ထမ်းနဲ့ ပြဿနာတွေ ဖြစ်ကြပါတယ်။ အဲဒီပြဿနာ ပြီးတော့ အဝတ်လှမ်း တာကို ထောင်က ဘာမှ မပြောတော့ပါဘူး။
အဲဒီအဖြစ်အပျက်နဲ့ မတိမ်းမယိမ်းလောက်မှာပါပဲ။ တိုက်ပိတ်၊ ပါဆယ်ပိတ်ခံထားရတဲ့ ထောင်ဖောက်သူကို အဆောင်က ပါဆယ်သွားပို့တာမှာ ထောင်က ဘာမှ မပြောပါဘူး။ အပို့ခံပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ ထောင်တွင်း ထောင်ပြင် ပါဆယ်ပို့တာ ပိတ်ထားတုန်းပါပဲ။ ဒီတော့လည်း သိသာသိ၊ မမြင်စေနဲ့ ဆိုသလိုပေါ့။
သူ့ကို ပါဆယ်ပို့တာက အခန်းထဲက နိုင်/ကျဉ်းတွေက ကိုယ့်ဆီလာတဲ့ပါဆယ်ကို တစ်ယောက်နည်းနည်းစီ ခွဲပေးပြီး ပို့တာပါ။ သူက ဖုန်းတွေအကုန်ဖော်မယ်ဆိုပြီး ကြိမ်းဝါးသွားတော့ ဘယ်သူမှ သူ့ကို စေတနာ မရှိတော့ပါဘူး။ ဒါ့ကြောင့် အဆောင်ကလူတွေကို မနည်းဖျောင့်ဖျပြီး ပါဆယ်စုကာ ပို့ရပါတယ်။ သူကလည်း ဖုန်းတွေကိုဖေါ်ရင် အဆောင်က ပါဆယ်မရနိုင်ဘူးဆိုတာ ရိပ်မိတော့ မဖော်ပါဘူး။
ပါဆယ်ပို့ရပြီး ရက်အနည်းငယ်ကြာတော့ သူ့အမှုတွဲတွေဆီကို စာတစ်စောင်ရောက်လာပါတယ်။ တိုက်ထဲကို ဝင်ထွက်ခွင့်ရတဲ့ အခြားအမှုတစ်ယောက်က လာပေးတာပါ။ စာပေးလိုက်တာက သူပါ။ စာထဲမှာ ရေးထား တာက သူတိုက်ထဲမှာ မနေချင်ကြောင်း၊ ဒါ့ကြောင့် သူ့ကို အဆောင်မှာ ပြန်ထားပေးဖို့ အဆောင်က လူတွေကို စည်းရုံးပြီး ထောင်ပိုင်ကြီးကို တောင်းဆိုပေးဖို့။ မရရင် အဆောင်တစ်ခုလုံး သပိတ်မှောက်ပေးဖို့ ရေးထားတာပါ။
သူ့အမှုတွဲတွေကလည်း စာကိုရော၊ စာပါ အကြောင်းအရာကိုရော မေ့လိုက်ပါတယ်။
အဲဒီစာဟာ အဆောင်ကို မရောက်ခင် မိန်းဂျေးကထောင်မှူးကြီး လက်ကို ရောက်ပြီးပါပြီ။ စာယူလာတဲ့ အခြားအမှုက ထောင်မှူးကြီးကို အရင်ပြလိုက်တာပါ။ ထောင်မှူးကြီးက (၃)ဆောင်ကို ပေးလိုက်ဆိုလို့ အဆောင်ကို ရောက်လာတာပါ။
တကယ်တော့ ထောင်မှူးကြီးကလည်း အကြံနဲ့ ပို့လိုက်တာပါ။ သူက ၅၀၅ တွေက အဆင်မှ မပြေပဲ။ ထောင်ဖောက်လို့ တိုက်ထဲထည့်ထားသူကို အဆောင်ကို ပြန်ပို့ဖို့ တောင်းဆိုရင် ထောင်ဘက်က မှန်နေတဲ့အတွက် တစ်ဆုံးကြိတ်ဖို့ အစထုတ်လိုက်တာပါ။ (၃)ဆောင်က မလှုပ်တော့ သူ့မှာ ခဲလေသမျှ သဲရေကျသွားရှာပါတော့တယ်။
နေပူပူထဲမှာ ရေပူပူ ချိုးရသော နေ့ရက်များ
ထောင်မှာ နွေရာသီကတော့ တကယ့်ကို ငရဲတစ်ခုပါပဲ။ လူတစ်ဦးအတွက် ထောင်မှာ အိပ်စရာနေရာ အကျယ်အဝန်း သတ်မှတ်ပေးထားတာက တစ်ပေခွဲပါပဲ။ အဲဒီလို တစ်ပေခွဲပိုင်တဲ့ လူတစ်ယောက်နဲ့တစ်ယောက် ကြားမှာ နေရာခြားထားတာ မရှိပါဘူး။ ဆက်လျှက် ထားတာပါ။ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေရ တာကြောင့် နွေရာသီမှာ ပိုပြီးတော့ကို ပူတယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အဆောင်မှာကျ လူနည်းတော့ အဲဒီလောက် ပူတယ်လို့ မခံစားရပါဘူး။ ထောင်အာဏာပိုင်နဲ့လည်း တစ်ခန်းကို ၃၄ ဦးထက် ပိုမထားဖို့ ညှိထားတာလည်း ပါပါတယ်။
အဲဒါအပြင် မြန်မာနိုင်ငံရဲ့ထုံးစံအတိုင်း နွေရာသီဆို ရေရှားပါးတာ၊ မီးပြတ်တာတွေကြောင့် ရေချိုးရတာ အခက်အခဲ ရှိလာပါတယ်။ ဒါ့ကြောင့် အခြားအမှုဘက်တွေမှာ မနက်ပိုင်း ရေချိုးခွင့်ပိတ်လိုက်ပါတယ်။ ညနေ ရေချိုးတာကိုတော့ ခပ်/ချိုး စနစ် ဖြစ်လာပါတယ်။
ခပ်/ချိုး စနစ်ဆိုတာက ရေကန် ဘာယာက ရေချိုးမည့်သူတွေကို ခပ်လို့ အမိန့်ပေးမှ ရေခပ်ရပြီး ချိုး ဆိုမှ ရေချိုးရတာ ဖြစ်ပါတယ်။ ဆပ်ပြာတိုက်ဖို့၊ အဝတ်လျှော်ဖို့ကလည်း ရေကန်ဘာယာခွင့်ပြုမှ လုပ်ခွင့်ရတာပါ။ အများအားဖြင့် ရေ ၅ ခွက် ချိုးပြီး ဆပ်ပြာတိုက်ခိုင်းပါတယ်။ ဆပ်ပြာတိုက်ပြီးနောက် ၅ ခွက်ချိုးပြီးရင် ဆပ်ပြာ ပြောင်ပြောင် မပြောင်ပြောင် လူတစ်ယောက်အတွက် တစ်နေ့တာ ရေချိုးခွင့်ပြီးပါပြီ။
ထောင်ရဲ့ လုံခြုံရေးအရ ဗဟိုကင်း(ဒါမှ မဟုတ်)မျှော်စင်တွေပေါ်က ကြည့်ရင် တစ်ထောင်လုံးကို မြင်နေရ မယ်ဆိုတဲ့ လုံခြုံရေးသတ်မှတ်မှု ရှိပါတယ်။ ဒါကြောင့် တောင်ယာက အပင်တွေဆိုရင်လည်း ဒူးဆစ်အောက်ပဲ အကြီးခံပါတယ်။ ဒူးဆစ်ကျော်လာရင် ခုတ်ပြစ်ပါတယ်။ ထောင်မှာ အလှစိုက်ထားကြတဲ့ အပင်ကြီးမျိုးဆိုရင်လည်း ခါးအထက်ထက် အကြီးမခံပါဘူး။ ကြီးလာတာနဲ့ ခုတ်ပစ်ပါတယ်။
ဒါကြောင့် ရေကန်တွေမှာ အမိုး၊ အကာတွေ မရှိပါဘူး။ ရေပူကြဲကြဲထဲမှာပါပဲ။ ဒါပေမဲ့ (၃) ဆောင်ကလွဲရင် ကျန်တဲ့ အဆောင်တွေက နွေရာသီ ညနေပိုင်း နေ ကျရင် အဆောင်အရိပ်က ရေကန်ကို ကျတာကြောင့် ရေကန်က နေပူထဲပေမယ့် ပြဿနာ မရှိလှပါဘူး။
(၃)ဆောင်က ရေကန်ကတော့ အဲဒီလို မရှိပါဘူး။ တနေကုန် နေပူကြဲကြဲမှာပါ။ ရေချိုးချိန်က ညနေ ၃ နာရီ သတ်မှတ်ထားပါတယ်။ ဒါကြောင့် (၃)ဆောင်ကလူတွေဟာ နေပူကြဲကြဲမှာ ရေချိုးရပါတယ်။ ရေကလည်း တနေကုန် နေပူထားတာကြောင့် ရေနွေးလိုကို ဖြစ်နောတာပါ။ ပွက်ပွက် မဆူရုံ တမယ်ပါပဲ။ အဲဒီရေပူပူကို နေပူပူထဲမှာ ချိုးရတာပါ။ ဒါကြောင့် ရေချိုးရင်းနဲ့ကို ချွေးတွေ ထွက်လာပါတယ်။ ရေချိုးတာနဲ့ မချိုးတာ မထူးဘူးလို့ ပြောရမှာပါပဲ။
ဒီတော့ (၃)ဆောင်က လူတွေစုပြီး ထောင်ပိုင်ကို တင်ပြကြပါတယ်။ ရေကန်ကို အမိုးမိုးဖို့(ဒါမှမဟုတ်) အဖုံးဖုံးပေးဖို့ပါ။ ကုန်ကျစရိတ်ကို (၃)ဆောင်က လူတွေပဲ အကုန်အကျခံမယ်ပေါ့။ ဒါပေမဲ့ ထောင်ပိုင်က လုံခြုံရေးအရဆိုပြီး လုံးဝလက်မခံပါဘူး။ ဒါကြောင့် ရေပူပူကို နေပူပူထဲမှာပဲ ဆက်ချိုးနေရပါတယ်။
ဒါပေမဲ့တချို့ကတော့ ရေအေးအေးချိုးချင်တော့ ကြံကြဖန်ကြပါတယ်။ ရေစက်ကို သွားပြီး ပိုက်သွားရှာတော့ ၃ပေလောက်ရှည်တဲ့ ပိုက်တစ်ချောင်း ရလာပါတယ်။ အဲဒီရေပိုက်ကို အိမ်သာရေပိုက်ခေါင်းမှာ တပ်ပြီး ရေဖွင့်ချိုးကြပါတယ်။
မိုးရာသီဆိုရင်လည်း (၃) ဆောင်က ဒုက္ခအရမ်းများပါတယ်။ မိုးသည်းသည်းမည်းမည်းရွာလာပြီဆိုရင် သံတိုင်တွေကြားကနေ မိုးတွေ တအားပက်ပါတယ်။ အထူးသဖြင့် ပြတင်းပေါက်ရှိတဲ့အခြမ်းနေသူတွေ ခံရတဲ့ ဒုက္ခပါ။ မိုးပက်ရင် အဝတ်အစားတွေ၊ စားစရာတွေ၊ စောင်တွေ၊ အိပ်ယာခင်းတွေ အကုန်စိုကုန်တာကြောင့် အခက်အခဲတွေ ဖြစ်ကြပါတယ်။ ဒီတော့ မိုးရွာလာတာနဲ့ စောင်တွေနဲ့ ပြတင်းပေါက်တွေကို တက်ကာ ကြရပါတယ်။ ဒါပေမဲ့လည်း အစိုသက်သာတာပဲရှိပါတယ်။ စိုတာကတော့ စိုတုန်းပါပဲ။ နောက်ဒုက္ခပေးတာက ပုရွက်ဆိပ်ပါ။ တိုက်ထဲမှာတော့ ပိုးဟပ်ပျံပါ။ နှစ်မျိုးစလုံး လူတွေကို ကိုက်သလို ပုရွက်ဆိပ်က လူတွေကြားထဲကနေ အစားအသောက်တွေသွားပြီးတက်လို့ ဖြေရှင်းရတာလည်း ပြဿနာတစ်ခုပါပဲ။ ထောင်ထဲမှာ ပုရွက်ဆိပ်ဆေးမရှိတော့ အဝတ်လျှော် ဆပ်ပြာမှုန့်ကို ရေဖျော်ပြီး ဟန်းဂျယ်လ်(Hand Gel)ဘူးခွံတွေထဲထည့်ပြီး ပရွက်ဆိပ်လမ်းကြောင်းတွေကို လိုက်ဖြန်းရတာပါ။ အဲဒီနည်းက ပုရွက်ဆိပ်မသေပေမယ့် ခဏတဖြုတ် ပရွက်ဆိပ် မလာအောင်တော့ အလုပ်ဖြစ်ပါတယ်။
အဲဒီမှာ ပြဿနာတခုက ရေချိုးသွားရင်းထောင်ထဲရောက်လာတဲ့ ကြံ့ခိုင်ရေးပါတီက လူပါ။ (သူ့အကြောင်းကို ပြီးခဲ့တဲ့ အခန်းတွေမှာ ရေးပြီးသားပါ)သူ့ဘေးမှာ ပုရွက်ဆိတ် လမ်းကြောင်း ရှိပါတယ်။ အဲဒီလမ်းကြောင်းကို ရှင်းရင် မကြိုက်ပါဘူး။ ပုရွက်ဆိတ်တွေကို သူမွေးထားတာလို့ ဆိုပြီး အဲဒီပုရွက်ဆိတ်တွေကို ရှင်းလင်းတဲ့သူကို ရန်ရှာပါတယ်။ ဒီတော့ သူ့ဘေးနားက ပုရွက်ဆိတ်လမ်းကြောင်းကို ဘယ်သူမှ ရှင်းမပေးတော့ပါဘူး။
ထောင်သင်္ကြန်
၂၀၂၂၊ ဧပြီလ ၁၃ ရက်။
နံနက်မိုးလင်းလို့ အဆောင်စဖွင့်တည်းက အမျိုးသမီးဆောင်ဘက်က ဆောင်းဘောက်နဲ့ သင်္ကြန်သီချင်းတွေ ဖွင့်ပြီး အော်ဟစ်ဆူညံ့သံတွေကြားနေရတယ်။ အမျိုးသမီးဆောင်မှာ ပြဿနာတစ်ခုခုတက်လို့ “အင်းစိန်ထောင် စာဥတိုက်ပွဲ” လို သီချင်းတွေ ဖွင့်ပြီး ရိုက်နေတယ် ထင်ကြလို့ စုံစမ်းကြရပါတယ်။ အမျိုးသမီးဆောင် ထောင်မှူးမကြီးကလည်း အင်းစိန်ထောင်မှာတည်းက စည်းကမ်းကောင်းတယ်လို့ နာမည်ကြီးနေသူ ဖြစ်နေ တော့လေ။
တကယ်တော့ မဟုတ်ပါဘူး။ အမျိုးသမီးဆောင်မှာ သင်္ကြန်ကျနေကြတာပါ။ သီချင်းဖွင့်၊ မုန့်လုံးရေပေါ်လုံးပြီး ရေပက်နေကြတာပါ။ ဒီတော့မှ (၃)ဆောင်က လူတွေလည်း စိတ်အေးကြပါတယ်။
ဒီတော့မှ ကျွန်တော်တို့လည်း သီချင်းတွေဖွင့်ပြီး ရေပက်ကြတယ်။ အဆောင်မှူးက တခြားအဆောင်တွေ သွားမပက်ဖို့နဲ့ ကိုယ့်အဆောင်မှာပဲ ရေပက်ဖို့ သတိပေးတယ်။ တခြားအဆောင်မှာက ရေကို ချွေတာတဲ့အနေနဲ့ ရေမပက်ရပါဘူး။ အကျဉ်းသား အရာရှိတွေပဲ ရေပက်နိုင်တယ်။ ဒီတော့ ရေပက်ချင်တဲ့ အခြားအမှု အကျဉ်းသားတွေက ကျွန်တော်တို့အဆောင်ကို လာပြီး ရေပက်ကြတယ်။ လူများလာလို့ အဆောင်မှူးက အခြား အမှုတွေကို အလာမခံတော့ဘူး။
ရေပက်တာကလည်း အဆောင်က လူ ၂၀၀ နီးပါးပဲ ရှိတယ်ဆိုတော့ တစ်ရက်လောက်ပက်ပြီးရင် ပက်ချင်စရာ မကောင်းတော့ပါဘူး။ ဒီတော့ နောက်ရက်တွေမှာ ဘယ်သူမှ မပက်ကြတော့ပါဘူး။ အကျနေ့ကနေစပြီး အတက်နေ့အထိ ညနေတိုင်း ကျွန်တော်တို့အဆောင်က ပိုက်ဆံစုပြီး ပေါင်မုန့်သာကူဆမ်း ကျွေးတယ်။
နှစ်ဆန်းတစ်ရက်နေ့မှာတော့ လူကြီးတွေက ဦးစီးပြီး အခန်းတစ်ခုထဲမှာ အန္တရာယ်ကင်း ပရိတ်ရွတ်ကြပါတယ်။ နိုင်/ကျဉ်းထဲက ဘုရား၊ တရားလုပ်တဲ့သူတွေ သွားရွတ်ကျတာပါ။ ထောင်သင်္ကြန်က အဲဒီလောက်ပါပဲ။ ပျော်ဖို့မကောင်းခဲ့ပေမယ့် အမှတ်ရစရာတော့ ဖြစ်ခဲ့ပါတယ်။