ကောင်းဖို့ ရွယ်သောခေတ်

မီးခိုးမြူ ရေးသည်။

မဏ္ဍိုင်၊ ဧပြီ ၂၈၊ ၂၀၂၆။

တချိန် အတိတ်ကာလတုံးက ကျွန်တော်တို့ ဦးကြီးတွေ ဦးလေးတွေ မကြာခဏ ရေရွတ်လေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်။ “ခေတ်ကောင်းတုံးကပေါ့ကွာ” တဲ့။ သူတို့ အဲသည်လို ပြောနေချိန်က အကြော်တစ်ခု တစ်မတ် (၂၅ ပြား)။ မုန့်ဟင်းခါးတစ်ပွဲ ၂ ကျပ်ဖြစ်နေချိန်မှာ ပြောခဲ့ကြတာပါ။

သူတို့ရည်ညွှန်းလေ့ရှိတဲ့ ခေတ်ကောင်းချိန်ဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ရဲ့ ရှေ့ပိုင်းကာလတွေကို ဆိုလိုတာဖြစ်ပါတယ်။ ‎ ‎ယခုတစ်ပတ်ထဲမှာ အပျော်ရွှင်ဆုံးနိုင်ငံများ စာရင်း(၂၀၂၆) ထွက်ပေါ်လာပါတယ်။ ဖင်လန်နိုင်ငံက ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၄၇ နိုင်ငံကို စာရင်းကောက်ယူခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက အဆင့် ၁၂၉ နဲ့ ဒေသတွင်းနိုင်ငံတွေမှာ အောက်ဆုံးက ဖြစ်ပါတယ်။

မနှစ်က ထုတ်ပြန်တဲ့ ပျော်ရွှင်မှု အညွန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၁၈ ဖြစ်ခဲ့ပါတယ်။ ‎အပျော်ရွှင်ဆုံးအဖြစ် သက်မှတ်ကြရာမှာ လူတစ်ဦးချင်းဝင်ငွေ။ နိုင်ငံသားတွေရဲ့ ပညာရေး ကျန်းမာရေး အသုံးစရိတ်။ လူမှုဖူလုံရေး။ စတဲ့အချက်တွေပေါ်မူတည်ပြီး အဆင့်သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ ‎ ‎

ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာအရ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုရေချိန်က အတော်လေးနိမ့်နေတာကို တွေ့ရတယ်။ အစီရင်ခံစာအရ မြန်မာတွေဟာ မပျော်တတ်တဲ့ လူမျိုးလို့ ကောက်ချက်ချချင်စရာ။ တကယ်တော့ မြန်မာတွေဟာ ဆယ့်နှစ်လရာသီ ပွဲတော်တွေနဲ့ ပြည့်နေသူတွေ ဖြစ်တယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ အရလည်း ပျော်ချင်ပါးချင်ကြတယ်။ တစ်ခုခု အောင်မြင်ပြီဆိုရင်လည်း ပွဲခံချင်ကြတယ်။ မင်္ဂလာအောင်ပွဲ။ အလှူအောင်ပွဲ။ ကျောင်းအပ်ပွဲ ထီးတင်ပွဲ ကအစ ဘုရားပွဲ သိကြားပွဲ နတ်ပွဲ အဆုံး ပျော်ပွဲရွှင်ပွဲတွေ ထည့်သွင်းကျင်းပကြတဲ့ အစဉ်အလာလည်း ရှိပါတယ်။

လူရွှင်တော်ကြီး တစ်ယောက်က ” ရွာဦးဘုန်းကြီး ပျံလွန်ရင်တောင် စံကျောင်းချတို့ ဧယင်ကျုးတို့နဲ့ ပွဲခံကြသူတွေ။ တချို့ရွာတွေမှာ သင်္ဂြိုဟ်ပြီးတာတောင် ပွဲကြည့်တာ အားမရသေးတော့ အရိုးကောက်ပွဲဆိုပြီး ပွဲထည့်ကြသေးတာ” လို့ သူ့စာထဲမှာ ထည့်ရေးထားတယ်။

ဗီဒီယိုခေတ်ဦးကအထိ ဆယ်တန်းအောင်တဲ့အခါ အိမ်ရှေ့လမ်းပေါ် ဖျာခင်းပြီး ဗီဒီယို မိုးအလင်းပြလို့ ဧည့်ခံကြ သူတွေ ဖြစ်ပါတယ်။ ဒီအလေ့အထတွေကို ကြည့်ခြင်းအားဖြင့် မြန်မာတွေဟာ ခေတ်အခါကောင်းရင် ရှိတာ မရှိတာ အပထား၊ ပျော်ချင် ပါးချင်ကြတယ်။ ကိုယ်တိုင်လည်း ပျော်ချင်ကြသလို အခြားတစ်ပါးသော သူတွေကိုလည်း ကိုယ်နဲ့ထပ်တူ ပျော်စေချင်ကြတယ်။

တေးပြုစာဆို နန်းတော်ရှေ့ဆရာတင် (၁၈၉၄_၁၉၄၉) က အောင်ပင်လယ်ဆိုတဲ့ တေးသီချင်းမှာ အခုလို ရေးခဲ့တယ်။

တကယ်တော့ အစစ်ကဲ့သို့××× လယ်ကော ဖြစ်လို့မို့ ××× ကောင်းဖို့ ရွယ်သောခေတ်ကို ××× အထူးသဖြင့် ××× မျှော်မိတယ်×××

နန်းတော်ရှေ့ဆရာတင်ဟာ သူကြုံတွေ့ရတဲ့ ခေတ်ဆိုးစနစ်ဆိုးကို အမြန်ကျော်လွန်ပြီး ခေတ်ကောင်းကို မျှော်တွေးရေးဖွဲ့ခဲ့တာပါ။ ဆရာတင် ဒီသီချင်းကို ရေးစဉ်က အသက် ၃၀ လောက်သာရှိမယ်ဆိုရင် ခရစ်နှစ် ၁၉၂၅ ခုနှစ် ဝန်းကျင်မှာ ရေးဖွဲ့တယ်လို့ ယူဆနိုင်ပါတယ်။ နှစ်ပေါင်း တစ်ရာလွန်ချိန်မှာရော နန်းတော်ရှေ့ဆရာတင် မျှော်မှန်းခဲ့တဲ့ ခေတ်ကောင်း ရောက်ပြီလို့ ဆိုနိုင်ပြီလား။ ‎

‎၁၉၉၀ ပြည့်လွန်နှစ်တွေမှာ လူသုံးများတဲ့ ဘန်းစကားတစ်ခွန်းက ခေတ်မကောင်းလို့ ရူးချင်ယောင် ဆောင်နေရတယ်ဆိုတဲ့ စကားတစ်ခွန်းပါ။ ရူးချင်ယောင်ဆောင်တဲ့အကြောင်းကို လူရွှင်တော်တွေက ပျက်လုံးထုတ်ခဲ့ကြသလို ကာတွန်းဆရာအချို့ကလည်း စာနယ်ဇင်းတွေမှာ လက်စွမ်းပြခဲ့ကြပါတယ်။

မကြာခင်မှာပဲ ရော့ခ်ဂီတ အဆိုတော်တစ်ယောက်ရဲ့ ရူးချင်ယောင် ဆောင်မနေနဲ့သီချင်းက လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားလာပါတော့တယ်။ ‎ ‎လူတွေဟာ ဘယ်အခါမှာ ပျော်ရွှင်လေ့ရှိသလဲ။ ငွေကြေးပြည့်စုံ ကြွယ်ဝမှုက ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်သလား။ ပညာနဲ့ ပျော်ရွှင်မှု ဘယ်အတိုင်းအတာထိ ဆက်စပ်မှု ရှိသလဲ။ အောင်မြင်မှုနဲ့ ပျော်ရွှင်မှူ ဘယ်လို အချိုးကျသလဲ စတဲ့ မေးခွန်းတွေက တရစပ် ပေါ်လာပါတော့တယ်။

တကယ်တော့ ပျော်ရွှင်မှုက ခေတ်နဲ့ တိုက်ရိုက် အချိုးကျတယ်။ ခေတ်ကောင်းရင် လူတွေ ပျော်ရွှင်လေ့ ရှိကြပြီး ခေတ်ဆိုး ခေတ်ညံ့ကြုံကြိုက်ရင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်တတ်တယ်။ ဒီနေရာမှာ မေးစရာရှိတာက ခေတ်ကောင်းနဲ့ ခေတ်ဆိုးကို ဘယ်လို စံနှုန်းတွေနဲ့ သက်မှတ်ကြမလဲ။ ‎

‎ပြည်သူအများ ပညာသင်ယူဖို့ အခွင့်လမ်းကောင်းတွေ ရှိနေရင်။ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ရင်။ ဥပဒေနဲ့အညီ လွတ်လပ်စွာ စီးပွားရှာနိင်ရင်။ နှစ်ခြိုက်စွာအိပ်စက်ပြီး ကောင်းမွန်စွာ နိုးထနိုင်ခဲ့ရင်။ သန့်ရှင်းပြီး အာဟာရပြည့်တဲ့ အစားအသောက်တွေ စားသုံးခွင့်ရရင်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါရင်။ အိပ်ယာဝင်တိုင်း အနာဂတ်အတွက် တွေးမပူရဘဲ ခေါင်းပြားအောင် အိပ်နိုင်ရင် စတဲ့ အချက်တွေနဲ့ ပြည့်စုံရင် ခေတ်ကောင်းလို့ ဆိုနိုင်ပါမယ်။ အဲဒါတွေနဲ့ ဆန့်ကျင်ရင်တော့ ခေတ်ဆိုးပေါ့ ခင်ဗျာ။

ကျွန်တော်တို့ကိုယ်တိုင်လည်း ခေတ်ကောင်းကို ကောင်းကောင်း မကြုံဖူးခဲ့ပါဘူး။ အသင့်အတင့် ကောင်းတဲ့ခေတ်တော့ မီခဲ့ဖူးတယ်။ ကြာဆံလက်သုပ် မုန့်ဖက်ထုပ်ကို စက္ကူတစ်ကျပ် ငွေတစ်မတ်ခေတ် မမီခဲ့ပေမယ့် ကြာဇံလက်သုပ်တစ်ပွဲ နှစ်ကျပ်။ မုန့်ဖက်ထုပ် တစ်ထုပ် တစ်ကျပ်ခေတ်ကိုတော့ မီခဲ့ပါတယ်။

ခွဲတမ်း။ ဦးရာလူ။ ပါမစ်။ တန်းစီ တိုးစား။ တိုကင်ယူ။ မသိဘူး မရှိဘူး ကုန်ပြီ။ ဟောက်စား မြှောက်စား ခြောက်စား ရိုက်စား ပေါင်းစား။ အလုပ်ဆင်းပြန် မမေ့ရန် မီးနှင့်ပန်ကာပိတ်။ စက်မှု စွမ်းအား ခေတ်ကျော်လွှား။ ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြ။ လျှပ်စစ်ဖြင့် လောကနိဗ္ဗာန် တည်ဆောက်အံ့။ စီမံကိန်း စီးပွားရေးခေတ်မှသည် ဈေးကွက်စီးပွားရေး ခေတ်အထိစတဲ့ ခေတ်ပေါင်းများစွာကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြပြီး ပါပြီ။

‎ကျွန်တော်တို့ ရှေ့က လူကြီးတွေ ရည်ညွှန်းတဲ့ ခေတ်ကောင်းဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်။ လောဘနည်းနည်း မောဟနည်းနည်း သောကနည်းနည်း ဒေါသနည်းနည်း ဝင်ငွေနည်းနည်း ကုန်ဈေးနှုန်းနည်းနည်း ရောဂါနည်းနည်း အောင်မြင်မှုနည်းနည်းဆိုတဲ့ခေတ်။

အခုခေတ်လို ရွှေတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်။ ပြင်ပပေါက်ဈေး ဓာတ်ဆီတစ်လီတာ ကျပ် ၁၀,၀၀၀ ကျော် ဈေးပေါက်နေတဲ့ ဒီနေ့ခေတ်ကို ဘယ်လိုများ သက်မှတ်ကြမလဲ။ သိချင်စမ်းပါ့။

Leave a Comment