မဏ္ဍိုင်၊ မတ် ၂၀၊ ၂၀၂၆။
အိမ်ပြန်ချိန်တွေဟာ ပျော်ရွှင်ကြည်နူးမယ်လို့ မျှော်လင့်လို့ ရနိုင်ပါသလား။ ဒီနေ့ခေတ်မှာတော့ သိပ်မသေချာပါ။ အရင်ကတော့ အိမ်ပြန်ခရီးတွေဟာ သိပ်ကို ပျော်စရာကောင်းခဲ့မှာ အသေအချာပါပဲ။ ကိုယ့်ကို လိုအပ်စွာ စောင့်မျှော်နေကြသူတွေရှိတယ်။ သွားစရာ ပွဲလမ်းတွေနဲ့ လည်စရာ မိတ်ဆွေတွေ ရှိကြတယ်။ ဇာတိရပ်ရွာရဲ့ အသံတွေ၊ အရိပ်တွေ၊ အနံ့တွေ၊ အရောင်တွေသည်ပင် အိမ်လွမ်းစိတ် မဟုတ်ပါလော။
ဒီနေ့ကာလမှာ နေအိမ်တွေကို စွန့်ခွာနေကြရတယ်။ ဇာတိရပ်ရွာတွေကို ချန်ထားရစ်ပြီး နေရာသစ်မှာ နေထိုင်နေ ကြရတယ်။ လူဟာ အများအားဖြင့် ဇာတိနဲ့ အစဉ်အလာရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ဖို့ ခက်ခဲလှတယ်။
ဒါပေမဲ့ ပညာရေး ကျန်းမာရေး စီးပွားရေး စတဲ့ အရေးတွေကြောင့် နေရပ်စွန့်ခွာသွားကြရသူတွေ ရှိတယ်။ တချို့က စစ်ဘေးစစ်ဒဏ်ကြောင့် မွေးရပ်မြေကို ကျောခိုင်းစွန့်ခွာ ထွက်ပြေးကြရတာပါ။ ဘယ်လိုပဲ ဖြစ်စေ လူတိုင်းက အိမ်ပြန်ချိန်ကို မျှော်လင့်ခွင့် ရှိတယ် မဟုတ်လား။
ဒီနေ့ကာလမှာ နိုင်ငံလူဦးရေရဲ့ ၅ သန်းကျော်ဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ၃ သန်းကျော် လုပ်ကိုင်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီကိန်းဂဏန်းက နိုင်ငံလူဦးရေရဲ့ ဆယ်ပုံတစ်ပုံ ဖြစ်ပါတယ်။
ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်္ကာပူ၊ ကိုရီးယား၊ တရုတ်၊ ယူအေအီး စတဲ့ နိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်နေ ကြတာပါ။ ငါးသန်းကျော်ဟာ ပြည်ပကို တရားဝင်လမ်းကြောင်းက သွားတဲ့ အရေအတွက်ဖြစ်ပြီး အောက်လမ်းက သွားသူ၊ ပညာသင်ကြားသူ၊ ဆေးကုသူ၊ လည်ပတ်သူ၊ မှီခိုသူတွေ မပါဝင်ပါဘူး။
ပြည်တွင်းမှာလည်း ကျေးလက်ကို စွန့်ခွာလို့ မြို့ကြီးပြကြီးမှာ ဝမ်းကျောင်းနေကြသူတွေ အများအပြား ရှိပါတယ်။ လဘက်ရည်ဆိုင် စားသောက်ဆိုင်တွေက စားပွဲထိုးအများစုဟာ နယ်ဘက် ကျေးဘက်က လူငယ်တွေ အများစု ဖြစ်ပါတယ်။ စက်မှုလက်မှု အလုပ်ရုံတွေမှာ နေစားငြိမ်း ဝင်ရောက်လုပ်ကိုင်နေသူတွေဟာလည်း ကျေးလက်က လူငယ်တွေသာ ဖြစ်ကြပါတယ်။
အဝေးပြေးကားဂိတ်တွေမှာ ဝင်ရောက်လုပ်ကိုင်ကြတဲ့ နယ်ဘက်က လူငယ်တွေလည်း ရှိပါတယ်။ နေပူစပ်ခါး ကျောကော့အောင်လုပ်မှ နေ့စားခ ကျပ် ၈,၀၀၀/၁၀,၀၀၀ သာ ရကြပါတယ်။ ဒီဝင်ငွေက ကျေးလက်က လူငယ်တွေကို မဆွဲဆောင်နိုင်ပါဘူး။ ဒါကြောင့်လည်း မြို့တက်ပြီး ရရာအလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ခရီးများများသွားခြင်းက ပိုပြီးဒီမိုကရက်တစ် ဖြစ်စေသတဲ့။ ကျေးလက်မှာတော့ ဒီမိုကရက်တစ် ဖြစ်မဖြစ် မသေချာပေမယ့် လူငယ်တွေ ကုန်သလောက်နီးပါး ရှိနေပါပြီ။
ကျေးလက်ကို စွန့်ခွာကြသူတွေ များလွန်းလို့ တောင်သူလယ်လုပ် လုပ်ငန်းခွင်တွေမှာ လူငယ်တွေအစား လူကြီးတွေက ဝင်လုပ်နေကြရတယ်။ ဒါဟာ နောင်တချိန်မှာ ကြုံတွေ့လာရမဲ့ ကျေးလက်ရဲ့ လူမှုစီးပွား ပြဿနာဖြစ်ပါတယ်။
ဇာတိရပ်ရွာကို စွန့်ခွာပြီး တနယ်တကျေးမှာ ဝမ်းကျောင်းနေကြရတဲ့ လူငယ်တွေ ရှိတယ်။ အဲသည်လို ရေခြားမြေခြားမှာ လုပ်ကိုင်နေကြသူတိုင်း အဆင်ပြေတယ်လို့ ပုံသေတွက် မရပါဘူး။ သူတို့မှာလည်း အခက်အခဲကိုယ်စီနဲ့ပါ။ လုပ်ခလစာ အပြည့်အဝ ခံစားခွင့်မရှိတာ။ လူမှုဖူလုံရေး အကာအကွယ်တွေ မရတာ။ ပြန်ပို့ငွေတွေကို ကျန်ခဲ့သူတွေက သုံးဖြုန်းပစ်တာ စတဲ့အခက်အခဲတွေလည်း ရှိပါတယ်။ တကယ်တော့ သူတို့ဟာ ဇာတိရပ်ရွာကို စွန့်ခွာခဲ့ကြသူတွေ မဟုတ်ပါဘူး။ လိုအပ်စွာနဲ့ပဲ ချန်ထားရစ်ကြသူတွေသာ ဖြစ်ပါတယ်။
အိမ်ပြန်ချိန်အကြောင်း အခုလို တခုတ်တရ ရေးဖြစ်တဲ့အခါ လွန်ခဲ့တဲ့ ၃၈ နှစ်က အဖြစ်အပျက်လေးကို သတိရမိတယ်။ တက္ကသိုလ် စာမေးပွဲနောက်ဆုံးနေ့မှာ “ကျွန်တော် တစ်နေ့ အိမ်ပြန်လာခဲ့ပါ့မယ်” လို့ မေးခွန်း စာရွက်နောက်ကျောဘက် ဝါကျတိုလေးရေးပြီး အိမ်ကို လူကြုံပါးခဲ့တဲ့ ကျောင်းသားကြီး တစ်ယောက်ရှိခဲ့ ဖူးတယ်။ အခုထိ သူအိမ်ပြန် မရောက်နိုင်သေးပါဘူး။ တချို့တွေရဲ့ အိမ်ပြန်ခရီးတွေက ဘာကြောင့် ဒီလောက် ဝေးကွာ ရှည်လျား နေရတာလဲ။
ပျော်ရွှင်ကြည်နူးမှုအပြည့်နဲ့ အိမ်ပြန်ချိန်တွေကို ကိုဗစ်မတိုင်မီ ကာလတွေအထိ မြင်တွေ့ခဲ့ဖူးတယ်။ အထူးသဖြင့် သင်္ကြန်နှစ်သစ်ကူး ပိတ်ရက်တွေမှာ အဝေးပြေးကားနဲ့ အိမ်ပြန်ကြသူတွေပေါ့။ ရန်ကုန်မြို့က အောင်မင်္ဂလာ ကားဝင်း။ ဒဂုန်ဧရာကားဝင်း။ မန္တလေးမြို့က ကျွဲဆည်ကန်ကားဝင်း စတဲ့ နိုင်ငံအနှံ့အပြားက ကားဝင်းတွေမှာ အဲဒီအချိန်ဆို ဇာတိရပ်ရွာ ပြန်ကြမယ့်သူတွေနဲ့ ပြည့်နှက်နေတတ်တယ်။
သူတို့အားလုံးရဲ့ မျက်နှာမှာ အပျော်ရွှင်ဆုံး အပြုံးလှလှတွေ ချိတ်ဆွဲထားချိန်လည်း ဖြစ်ပါတယ်။ မွေးရပ်မြေကို ပြန်ရတော့မယ်။ ဆွေမျိုးညာတိတွေနဲ့ တွေ့ရတော့မယ်။ ဒေသထွက် အစားအစာတွေ စားရတော့မယ်။ ငယ်သူငယ်ချင်းတွေနဲ့ စကားဖောင်ဖွဲ့ ပြောရတော့မယ်။ ဥဩတွန်သံ ချိုးကူသံတွေ နွားစာစဉ်းသံ တုန်းမောင်းခေါက်သံတွေ ကြားရတော့မယ်ဆိုတဲ့ အသိတွေက သောကတွေကို လွင့်ပါးစေရုံမက မောဟတွေကိုပါ လျော့နည်းစေတယ်။
ကိုဗစ်မတိုင်မီအထိ သင်္ကြန်နှစ်ကူးပိတ်ရက်တွေဟာ ပျော်စရာ အတိပါပဲ။ အိမ်ပြန်ကြမယ့် ကာယကံရှင်တွေ သာမက သူတို့ကို မြင်လိုက်ရတဲ့သူတွေသည်ပင် အပျော်ဓာတ်တွေကူးစက်ပြီး ပျော်ရွှင်ကြည်နူးကြရတယ်။ တခုသော င်္သကြန်ပိတ်ရက်မှာ အညာရွာတွေကို ဆိုင်ကယ်စီး ပြန်ကြမဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ တွေ့ဖူးတယ်။
လူငယ်တွေပီပီ ဂျင်းဘောင်းဘီ ကိုယ်စီဝတ်ထားကြတယ်။ ကျောပိုးအိတ်တွေ လွယ်ထားကြပြီး သနပ်ခါး အဖွေးသား လိမ်းကျံထားကြတယ်။ ကျောပိုးအိတ်ထဲမှာ မိကြီးဖကြီး ဦးကြီးဒေါ်ကြီးတွေဖို့ ရေကန်တော့ဖို့ မုန့်တွေဘာတွေ ပါနိုင်တာပေါ့။ ရွာမရောက်ခင် လမ်းဘေးက လဘက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေဝင်ပြီး အေးအေးလူလူနားကြမယ်။ စားရင်းသောက်ရင်း လုပ်ငန်းခွင်အတွေ့အကြုံတွေ တစ်ယောက်နဲ့ တစ်ယောက် ရယ်ကာမောကာ ပြောကြမယ်။ အချိန်တန်တော့လည်း ရွာရောက်မှာပဲ မဟုတ်လား။
ဒီနေ့ခေတ် အိမ်ပြန်ချိန်တွေက အရင်လို ပျော်စရာကောင်းပါဦးမလား။ ဇာတိရပ်ရွာမှာ ကိုယ်ပြန်အလာကို စောင့်မျှော်နေတဲ့ သူငယ်ချင်းတွေရှိဖို့ မသေချာတော့ဘူး။ ကိုယ့်ကို ထိန်းကျောင်းခဲ့တဲ့ ဆွေမျိုးတွေ စုံလင်ဖို့ မသေချာတော့ဘူး။ ဘုရားပွဲတွေ ကျောင်းပွဲတွေ အစဉ်အလာ ရိုးရာနတ်ပွဲတွေ အရင်လို စည်ကားသိုက်မြိုက်ဖို့ မသေချာတော့ဘူး။ တကယ်ကို မသေချာ မရေရာလှတဲ့ ခေတ်ကာလကြီးပါပဲ။
အရင်လို ပြန်ဆုံဖို့ မသေချာတဲ့အခါ အဆိုတော်မျိုးကြီးရဲ့ အိမ်ကိုပြန်ခဲ့တော့သီချင်းစာသား တစ်ပိုင်းတစ်စဟာ နှုတ်ခမ်းဖျားမှာ အလိုလို ရောက်လာခဲ့ပေါ့။
အိမ်ကိုမင်းလွမ်းနေသားနဲ့ ××× တေပေပြီး ××× အခုလောက်ထိအောင် ××× မင်း မခွဲစဖူး××× ဟိုအရင်တုန်းက ××× တို့အိမ်လေးထဲ ×××တစ်ခေါက်လောက် ××× ပြန်ခဲ့တော့ဟေ့။
တယ်လီဖုန်းစောင့်ရင်း ××× မင်းအသံ မျှော်နေတုန်း××× ပြန်ရောက်မယ့် နေ့တော့ ပြောလိုက်ဦး××× ဂစ်တာ တီးပြီးတော့ ××× ညည်းဆို ရေဒီယို သီချင်း××× မင်းအကြိုက်တွေ ××× မမေ့နိုင်ဘူး။
ဒီသီချင်းလေးက အကိုတစ်ယောက်က အဝေးရောက် ညီတစ်ယောက်ကို အိမ်ပြန်ဖို့ ဖိတ်ခေါ်တဲ့ သီချင်းလေးပါ။ ကျွန်တော့်အတွက် ခေတ်လှိုင်းတံပိုးရဲ့ ရိုက်ခတ်မှုကြောင့် အဝေးဆိပ်ကမ်းမှာ ဆိုက်ကပ်သွားတဲ့ သူငယ်ချင်းတွေကို လွမ်းတဲ့အခါ ညည်းဆိုဖြစ်တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်တယ်။
ကျွန်တော့် မိတ်ဆွေအချို့လည်း ရေကြည်နိုး မြက်နုနိုး မျှော်လင့်ချက်တွေနဲ့ တနယ်တကျေး ရောက်သွား ကြသူတွေရှိတယ်။ တစ်နေ့တော့ ကျွန်တော်တို့အားလုံး သေချာပေါက် ပြန်ဆုံကြဦးမှာပါ။ အဲဒီအခါကျရင် ကွဲကွာနေစဉ်က အဖြစ်အပျက်တွေကို ရယ်ကာမောကာ ပြောကြရဦးမှာပေါ့။