သက်ဦးမွန် ရေးသည်။
မဏ္ဍိုင် – ဖေဖော်ဝါရီ ၄ ၊ ၂၀၂၆။
၂၀၂၅ မတ်လက လူပ်ခတ်သွားခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေများစွာ ရှိခဲ့ပါတယ်။ အခုချိန်ထိလည်း ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့ခက်ခဲနေဆဲပါ။
ဒီလိုထိခိုက်မှုတွေအထဲ လူတွေအတွက် နေ့စဉ်မရှိမဖြစ် အသက်တမျှ အရေးကြီးတဲ့ သဘာ၀ သယံဇာတတစ်ခု ဟာလည်း ထိခိုက်ခဲ့ပါတယ်။ ၂၀၃၀ နှစ်နောက်ပိုင်းလောက်ဆိုရင် မြေအောက်မှာရှိတဲ့ အဆိုပါ သယံဇာတဟာ အကြီးအကျယ် ရှားပါးလာတော့မယ့် အန္တရာယ်ရှိနေပါတယ်။
အဲဒီသဘာ၀ သယံဇာတဟာ အခြားတော့မဟုတ်ဘူး။ လူတို့နေ့စဉ် သုံးစွဲသောက်သုံးနေရတဲ့ မြေအောက်ရေပါပဲ။ မြန်မာနိုင်ငံမှာ လူအများစုက မြေအောက်ကိုတူးလိုက်ရင် ရေထွက်လာမယ်ဆိုတာလောက်ပဲ သိထားကြပြီး အဲဒီ မြေအောက်ရေ ဘယ်လိုအခြေအနေရှိနေပြီလဲ။ ရေတွင်းတူးတိုင်း ရေထွက်လာပါတော့မလား။ ထွက်လာတဲ့ရေ အရည်အသွေးကရော လူတွေ သုံးဖို့သောက်ဖို့ သင့်ပါတော့မလား စတာတွေကို သတိမထားမိတတ်ကြပါဘူး။
ငလျင်မတိုင်ခင်ကတည်းက အန္တရာယ်ရှိနေတဲ့ မြေအောက်ရေဟာ ငလျင်ကြီးရဲ့ရိုတ်ခတ်မှုကြောင့် ငလျင်ပြင်းအား သက်ရောက်ခံရတဲ့ရပ်ဝန်းအတွင်းက မြေအောက်ရေကို ထိမ်းသိမ်းထားတဲ့ ရေအောင်းသဲလွှာတွေဟာ တစ်ချို့ နေရာတွေမှာ မူလအရည်အသွေး၊ ပမာဏနှင့်ဖြစ်တည်ရာနေရာ အခြေအနေတွေ ပြောင်းလွဲကုန်ပါတယ်။
ဒါ့အပြင် ရေအောင်းသဲလွှာတွေဟာ ပိတ်လှောင်၊ ဖိသိပ်မထားသောရေအောင်းလွှာ (ပညာရပ်အခေါ် Unconfined aquifer) ဖြစ်သဖြင့် ငလျင်ပြင်းအားဒဏ်ကြောင့်ဖြစ်ပေါ်လာသောဖိအား၊ တွန်းအားစသည်တို့ သက်ရောက်ခံရတဲ့ အခါ မူလသဘာဝအနေအထားဆိုင်ရာ ဂုဏ်သတ္တိကို ပြောင်းလဲသွားပါတယ်။
ထိုအခါရေအောင်းလွှာမှာ ကြေမွလွယ်တဲ့မြေလွှာ၊ ကျောက်လွှာတွေဖြစ်ကာ သဲဆန်တဲ့ ဖျော်ရည်အဖြစ် ပြောင်းလဲ သွားပါတယ်။ ဒီလို မြေအောက်ရေ အကြောင်းတွေကို စနစ်တကျနဲ့ သေသေချာချာရှင်းပြပေးပြီး မြန်မာနိုင်ငံရဲ့ မြေအောက်ရေ အခြေအနေတွေအတွက် စိုးရိမ်ပူပန်နေသူတစ်ဦးက ရှိနေတယ်။
သူက မြန်မာနိုင်ငံမှာနေတာမဟုတ်ဘူး။ အမေရိကမှာ ကျန်းမာရေးအတွက်ဆေးကုသခံကာ နေထိုင်ရင်း မြန်မာ ပြည်သူတွေ ကြုံ တွေ့ရတော့မယ့် မြေအောက်ရေ အန္တရာယ်ကို စဉ်ဆက်မပြတ် သတိပေးနေသူပါ။
“ ဗမာလူမျိုးတွေစိတ် ခေါင်းထဲမှာစွဲနေတာက ကျွန်တော်တို့အဖေတွေ အဖိုးအဘွားတွေ၊ မြေရှိရင်ရေရှိတယ်လို့ပဲ တွက်ထားတာ။ ဟိုးရှင်ဘုရင်တွေ လက်ထက်ထဲက အဲဒီမတိုင်ခင်ကတည်းက … မြေရှိရင် ရေရှိတာပဲ၊ မြေအောက် ရေပြဿနာ မရှိဘူး။ ရေးကြီးခွန်းကျယ်လုပ်စရာ မလိုပါဘူး။ အခု အဲလိုမဟုတ်ဘူးဗျ။ မြေရှိတိုင်း ရေ မရှိတော့ဘူး။” လို့ သူက ဆိုပါတယ်။
ရေအရင်းအမြစ်နှစ်ခုဖြစ်တဲ့ မြေပေါ်ရေနဲ့မြေအောက်ရေမှာ မြစ်ချောင်းအင်းအိုင် မြေပေါ်ရေတွေကို နားလည် တတ်ကျွမ်းသူ ပညာရှင်တွေ ပေါများနေပေမယ့် မြေကြီးရဲ့ အနက်ရှိုင်းဆုံးနေရာမှာရှိနေတဲ့ မြေအောက်ရေ သဘော သဘာ၀နဲ့ မြေအောက်ရေပညာရပ်ကို စနစ်တကျတတ်ကျွမ်းနားလည်သူက မြန်မာနိုင်ငံမှာ အင်မတန်ရှား ပါတယ်။
တက္ကသိုလ်တွေမှာလည်း သင်ယူမှုနည်းသလို သင်ကြားမှုတွေဟာလည်း အကန့်အသတ်နဲ့ပါ။ ဒါပေမဲ့ ဒီမြေ အောက်ရေပညာရပ်ကို တန်ဖိုးထားပြီး ပညာရှင်အဖြစ်ရပ်တည်နေတဲ့ ရှားပါးမြေအောက်ရေ ပညာရှင်ကြီးတစ်ဦး ကတော့ ဇလဘူမိဗေဒပညာရှင် ဆရာကြီး ဦးမြင့်သိန်း(မောင်ကျေးရေ)ပဲဖြစ်ပါတယ်။
၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဆရာကြီးဦးမြင့်သိန်းဟာ ယခုဆိုရင် အသက် ၇၈ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ဆရာကြီး ဟာ ၁၉၈၀ ကနေစပြီး စက်မှုလယ်ယာဦးစီးဌာန၊ ကျေးရွာရေရရှိရေးဌာနခွဲမှာ မြေအောက်ရေနဲ့ပတ်သက်ပြီး စတင် လုပ်ကိုင်ခဲ့တာပါ။ အဲမတိုင်ခင်က ဆည်မြောင်းဦးစီးဌာနမှာ ၁၉၇၅ ကနေ ၁၉၈၀ ထိ ဆည်တည်ဆောက်ရေးတွေမှာ အဓိကဖြစ်တဲ့ မြေအောက်ရေနဲ့မြေသဘာဝတို့ကို စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို လက်ထောက်အင်ဂျင် နီယာ ဘူမိဗေဒအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
ကျေးရွာရေရရှိရေးဌာနမှာ ၁၉၈၀ ကနေ ၁၉၉၄ ခုနှစ်ထိ ၁၄ နှစ်ကြာလုပ်ကိုင်ခဲ့တာပါ။ ကျေးရေမှာ လုပ်ကိုင်နေရင်း ၁၉၇၈ ခုနှစ်မှာ နယ်သာလန်နိုင်ငံကနေ မြေအောက်ရေ စူးစမ်းလေ့လာရေးဆိုင်ရာ ဘွဲ့လွန်ကိုရရှိခဲ့ပါတယ်။ ကျေးရေဌာနမှာ လုပ်ကိုင်နေရင်း နိုင်ငံတော်အဆင့် စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ပါဝင်ဆောင်ရွက် ခဲ့သူပါ။
အဲဒီထဲကတစ်ခုဆိုရင် အပူပိုင်းဒေသ(Dry Zone) လို့ခေါ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အတွင်းမှာ ရှိတဲ့ မြို့နယ်၊ ကျေးရွာတွေမှာ စက်ရေတွင်းပေါင်းသုံးထောင်ကျော် တူးခဲ့တဲ့ နိုင်ငံတကာအဆင့်ရေပေးဝေရေး စီမံကိန်းလည်း ပါဝင်ပါတယ်။
အဲဒီပရောဂျက်ဟာ ၁၉၈၀ – ၁၉၉၀ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂက နိုင်ငံတကာ ရေပေးဝေရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရေဆယ်ဆုနှစ်၊ Water Decade သတ်မှတ်ခေါ်ဆိုပြီး UNICEF ကနေ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကျေး လက်ရေးပေးဝေရေးလုပ်ငန်းတွေ ဆောင်ရွက်ရန်ဖိတ်ခေါ်ခဲ့တာပါ။
စီမံကိန်းရည်ရွှယ်ချက်က ကျေးလက်ဒေသနေပြည်သူများ သန့်ရှင်းကောင်းမွန်သောသောက်သုံးရေကို လွယ်ကူစွာ ရရန်၊ ရေကောင်းရေသန့် သောက်သုံးလာရသဖြင့် ကျန်းမာရေး၊ပညာရေး၊ အလုပ်အကိုင်စီးပွားရေး ပိုမို ကောင်း မွန်လာစေရန်နဲ့ ကျေးရွာ လူထုပူးပေါင်းပါဝင်ရန်တို့ကို အလေးထားရည်ရွယ်တဲ့ စီမံကိန်းဖြစ်ပါတယ်။
အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံက လျောက်ထားရရှိခဲ့တာပါ။ ထောက်ပံ့ငွေဆိုရင် ဒေါ်လာ သန်း ၄၀ မက ပံ့ပိုးမှု ပေးခဲ့တာပါ။ ဒါ့အပြင် စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ဌာနဆိုင်ရာများကို လည်းလုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ခြင်း၊ ပါဝင်ခဲ့တဲ့ သက်ဆိုင်ရာပညာရှင်များကိုလည်း နိုင်ငံခြား ပညာသင်ဆုပေးခြင်း၊ စီမံခန့်ခွဲသူများကို လည်း အထောက်အပံ့ပေးတဲ့ နိုင်ငံများသို့လေ့လာရေးခရီးစေလွှတ်ခြင်း၊ အစည်းအဝေးများ တက်စေခြင်းစတဲ့ နိုင်ငံတကာ အဆင့်မှီ ပံ့ပိုးမှုတွေ ရရှိခဲ့ပါတယ်။ အဲဒီပရောဂျက်ဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲ မြန်မာက ပထမ ဦးဆုံး ရခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီ ၁၉၈၀ ကာလတွေတုန်းက အပူပိုင်းဇုံမှာ ရေရှိဖို့ အင်မတန်ခက်ခဲကြပါတယ်။ စက်ရေတွင်းတွေလည်း နည်း ပါးပါတယ်။ မြစ်ချောင်းတွေက သဲသောင်မှာ လက်နဲ့ယက်လို့ရတဲ့ လက်ယက်တွင်းတွေကိုပဲ အဓိကထား သုံးခဲ့ကြ ပါတယ်။ အဲဒီကာလ ရေရှားပါးလွန်းတာကြောင့် ရေရရှိရေးစီမံကိန်းဝင် ကျေးရွာတွေမှာ ရေတွေ လုံလုံလောက် လောက်သုံးရလာတော့ ဆိုရိုးတစ်ခုတောင် ထွက်ပေါ်ခဲ့ပါတယ်။
“ငွေကိုမလို ရွှေကိုမလို ရေကိုသာလိုပါတယ်” တဲ့။
ရေရှားပါးတာကြောင့် ကျန်းမာရေး ပြဿနာတွေလည်းရှိနေခဲ့တာပါ။ ထိုရေပရောဂျက်ကြောင့် အဲဒီ ပြဿနာ တွေကို ဖြေရှင်းနိုင်ခဲ့ကြပါတယ်။ သက်ဆိုင်ရာဌာနတွေကလည်း ကျန်းမာရေး၊ ပညာရေး၊လူမှုရေး၊စီးပွားရေးစစ် တမ်းများကိုလည်း ကောက်ယူနိုင်ခဲ့ပြီး ပံ့ပိုးမှုများရရှိခဲ့ပါသေးတယ်။
ကျေးရေဌာနအနေနဲ့လည်း စက်ပစ္စည်းတွေ လူအင်အား ပညာရှင်အင်အားတွေ ကောင်းကောင်းနဲ့ မြန်မာနိုင်ငံ အတွက် မြေအောက်ရေကဏ္ဍကို တစ်ဆင့်မြင့်တင်နိုင်ခဲ့တာပါ။ ဦးမြင့်သိန်းအတွက်လည်း မြေအောက်ရေ ပညာရပ် ပိုင်းဆိုင်ရာအတွက် အဖိုးမဖြတ်နိုင်တဲ့ ပညာတွေ ရရှိခဲ့တာပါ။
ကျေးရေဌာနမှာနေရင်း ၁၉၈၇ မှာနယ်သာလန်နိုင်ငံကနေမြေအောက်ရေစူးစမ်းလေ့လာရေးဆိုင်ရာ ဘွဲ့လွန် သင် တန်း တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ နယ်သာလန်ကနေ ပညာတော်သင်ပြန်လာတဲ့အခါမှာလည်း Greater Yangon Groundwater Data Base Management ကို ရန်ကုန်မြို့ရဲ့ မြေအောက်ရေအခြေအနေနဲ့ စက်ရေတွင်းတွေ ဘယ် လောက်ရှိတယ်။ ဘယ်လိုပုံစံရှိတယ်၊ ရေအရည်အသွေးနဲ့မြေအောက်ရေ ဘယ်လောက်အနက်မှာရှိတယ်ဆိုတာ တွေကို အသေးစိတ်မှတ်တမ်းတွေကို ကောက်ယူပြီး စာတမ်းလုပ်ခဲ့ပါသေးတယ်။
ထိုသုတေသနစာတမ်းကို ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနမှာ ဆွေးနွေးရှင်းလင်းပြီး စာတမ်းမိတ္တူတစ်စောင်၊ ရန်ကုန်ဌာနေ ကုလသမဂ္ဂရုံးသို့လည်း စာတမ်းတစ်စောင်ပေးပို့ခဲ့ပါတယ်။ အဲဒီတုန်းက ဦးမြင့်သိန်းရဲ့ဆရာဖြစ်သူ ဆရာကြီးဦးငွေသိန်း (ယခုကွယ်လွန်)က အပူပိုင်းဇုန်ဒေသရေရရှိရေးစီမံကိန်းရဲ့ Water Supply Office (UNICEF) အနေနဲ့ ပါဝင်ခဲ့ပါတယ်။
စာတမ်းပါအချက်အလက်တွေကို အခြေခံပြီး တက္ကသိုလ်များမှ ဘူမိဗေဒဆရာ၊ ဆရာမများ ဘွဲ့လွန်စာတမ်းများ ရေးသားကြပြီး မဟာသိပ္ပံ၊ ဒေါက်တာဘွဲ့ရယူခဲ့ကြတာလည်း ရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ဦးမြင့်သိန်းက ကျေးရွာရေရရှိရေး ဌာနခွဲက နှုတ်ထွက်ခဲ့ပါတယ်။
အဲဒီကနေတဆင့် စင်ကာပူနိုင်ငံမှာ ၁၉၉၄ ကနေ ၉၈ အထိ လက်ထောက်ဘူမိအင်ဂျင်နီယာအဖြစ်လည်းကောင်း၊ ၉၈ မှာတော့ မြန်မာပြည်ပြန်လာပြီး ၂၀၀၃ အထိ မြေအောက်ရေနဲ့ စက်ရေတွင်းများဆိုင်ရာ အတိုင်ပင်ခံနဲ့ မြေ အောက်ရေဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆရာဖြစ်သူ မြေအောက်ရေပညာရှင်ကြီး ဦးငွေသိန်းနဲ့အတူ လုပ်ကိုင်ခဲ့ပါတယ်။
ပြီးတော့ ၂၀၀၄ မှာ စင်ကာပူကိုပဲ ပြန်လည်ထွက်ခွာသွားပြီး ဘူမိအင်ဂျင်နီယာ၊ စီမံကိန်း အင်ဂျင်နီယာ၊ အကြီး တန်း ဘူမိအင်ဂျင်နီယာ၊ ဘူမိအင်ဂျင်နီယာ ဌာနမှူး စတဲ့ရာထူးတွေနဲ့ ၂၀၁၅ အထိ ၁၂ နှစ်ကြာလုပ်ကိုင်ခဲ့တာပါ။ ၂၀၁၂ မှာတော့ မြေအောက်ရေနဲ့ စက်ရေတွင်းဆိုင်ရာစာပေဆောင်းပါးတွေကို “မောင်ကျေးရေ” ဆိုတဲ့ ကလောင် အမည်နဲ့ စတင်ရေးသားခဲ့ပါတယ်။ ထိုအချိန်က သတင်းစာ၊ ဂျာနယ်နဲ့ အွန်လိုင်းမဂ္ဂဇင်းတွေမှာ ရေးသားခဲ့တာပါ။
“မောင်ကျေးရေ” လို့အမည်ပေးခဲ့တာက စက်မှုလယ်ယာဦးစီးဌာန၊ ကျေးရွာရေရရှိရေးဌာနခွဲမှာ အလုပ်လုပ်ခဲ့တာ ကို ဂုဏ်ပြုပေးခဲ့တာလို့ ဆရာကြီးကပြန်ပြောပြပါတယ်။ ကျေးရေဌာနဟာ သူ့အတွက်တော့ မေ့မရနိုင်တဲ့ ငယ် ချစ်ဦးလိုပါပဲ။ သူရေးထားပြုစုထားတဲ့ စာအုပ်စာတမ်းတွေသာမက ဝန်ထမ်းဘဝက လေ့လာဖတ်ရှု မှတ်သားခဲ့တဲ့ မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာစာအုပ်၊ စာတမ်း ၃၀၀ ကျော်ကိုလည်း နောက်လူတွေအတွက် အကျိုးရှိ အောင် အဲဒီဌာနကို လှူဒါန်းထားပါသေးတယ်။
၂၀၁၈ မှာတော့ ရေးသားထားတဲ့ဆောင်းပါးတွေကို စုပြီး “ မြေအောက်ရေနဲ့ ရေအရေးဆိုင်ရာ စာစုများ” ဆိုတဲ့ စာအုပ်ကိုထုတ်ခဲ့ပါတယ်။ အဲဒီစာအုပ်က အမျိုးသားစာပေဆု (အသုံးချသိပ္ပံ) ဆုရခဲ့ပါတယ်။ အဲ့အချိန်က ဒီဆုကို ဆရာဝန် စာရေးဆရာ၊ အင်ဂျင်နီယာစာရေးဆရာတွေပဲ တော်တော်များများရနေတဲ့ကာလပါ။ ဆရာကြီးက မြေ အောက်ရေနဲ့ပတ်သက်ပြီး ပထမဆုံးရေးတဲ့စာအုပ် ပထမဆုံးဆုရခဲ့တာဖြစ်တယ်လို့ ပြန်ပြောပြပါတယ်။
ဆရာကြီးရဲ့ မြေအောက်ရေပညာရပ်ကို အသုံးချမှုဟာ ဒီလောက်နဲ့ ရပ်မသွားသေးပါဘူး။ NLD အစိုးရလက် ထက် မှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ရေအရင်းအမြစ်ကော်မတီ (NWRC) မှာ အကြံပေးပညာရှင်အနေနဲ့ ၂၀၁၆ ကနေ ၂၀၂၀ အထိ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ဇလဘူမိဗေဒဆိုင်ရာ ဘွဲ့လွန်နဲ့ မဟာဘွဲ့တွေကို ဆက်လက်တက်ရောက် လိုတဲ့ ကျောင်းသူကျောင်းသားဆရာဆရာမများကို လမ်းညွှန်ပေးခြင်း၊ လိုအပ်သော စာရွက်စာတမ်း စာအုပ်များ မျှဝေပေးခြင်းများဆောင်ရွက်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံရဲ့ မြေအောက်ရေအခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့ စာတမ်းပြုစုတာတွေ၊ နိုင်ငံခြားပညာရှင် တွေ နဲ့ တွေ့ဆုံဆွေးနွေးတာတွေ နိုင်ငံအတွက်အရေးကြီးတဲ့ ရေပရောဂျက်တွေအတွက်လည်း ရရှိအောင် ပါဝင်စွမ်း ဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့မြေအောက်စနစ်တကျဖွံ့ဖြိုးရေးအတွက် နယ်သာလင်နိုင်ငံ TU Delft နဲ့ Sustainable Groundwater Yangon ကိုဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၁ မှာ လုပ်ငန်းများစတင်ရန် စီစဉ်ခဲ့ပေမယ့် ၂၀၂၁ မှာ စစ်အာဏာသိမ်းတော့ ပျက်သွားပါတယ်။
NLD အစိုးရလက်ထက်မှာလည်း ရေအရင်းအမြစ်တွေ ကောင်းမွန်လာစေရန် ဧရာ၀တီမြစ်ကြီးကို ဘက်ပေါင်း စုံ ပြုပြင် ဖွံ့ဖြိုးရေးလုပ်မယ့် စီမံကိန်းကြီးကိုဆောင်ရွက်ဖို့ ပရောဂျက်တွေရရှိပြီး ဆောင်ရွက်နေဆဲကာလမှာပဲ စစ် အာဏာ သိမ်းလိုက်တာကြောင့် ပရောဂျက်ဟာ ရေစုန်မျောခဲ့ရပါတယ်။
ဒါပေမဲ့ ပရောဂျက်အတွင်း ကျေးရွာရေရရှိရေး လက်ထက်က ဆောင်ရွက်ခဲ့တဲ့ တွင်း ၃,၀၀၀ စီမံကိန်း ပညာရပ် ဆိုင်ရာ Hydrogeology of the Dry Zone – Central Myanmar စာအုပ်ကို Australia Water Partner မှ Dr Leonard Drury (2017) ဦးဆောင်မှု၊ ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ထိုစာအုပ်ရေးသားရာတွင် ဆရာကြီးက မြန်မာနိုင်ငံဇလဘူမိဗေပညာရှင် (အကြံပေး) အဖြစ်ပါ ဝင်ခဲ့ပါတယ်။
ဆရာကြီးဟာ ၂၀၁၇ ကတည်းက နှလုံးရောဂါကြောင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရွှေ့ပြောင်း နေထိုင်နေရတာပါ။ အမေရိကကနေ မြန်မာနိုင်ငံရေအရင်းအမြစ်ကော်မတီအတွက် အထက်ဖော်ပြပါအလုပ် တွေ ကို လုပ်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။
ဆရာကြီးကို ကျွန်တော်စသိခဲ့တာဟာ မြေငလျင်ကြောင့် မြေအောက်ရေတွေ ဘယ်လိုထိခိုက်နိုင်တယ်ဆိုတဲ့ အင်တာဗျူးကြောင့်ပါ။ ယခင်ကလည်း ရေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးသားခဲ့ဖူးပြီး မြေအောက်ရေအကြောင်းကိုလည်း ကျွန်တော်က စိတ်ဝင်စားတဲ့သူပါ။
ဒီလိုပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကိုလည်း ဆောင်းပါးရေးသားတဲ့အခါ တတ်ကျွမ်းနားလည်တဲ့ ပညာရှင် တွေက ရှားပါးပြီး ဆောင်းပါးထဲမှာ ဖော်ပြဖို့ အတော်ကြိုးစားရပါတယ်။ ဆရာကြီးရဲ့အင်တာဗျူးကို ဖတ်ပြီး ပညာရှင်တစ်ဦးကို တွေ့လိုက်ရပြီဆိုပြီး ဝမ်းသာမိပါတယ်။
တစ်ဆက်တည်းပဲ ဆရာကြီးရဲ့ ဘ၀အကြောင်းနဲ့ လုပ်ဆောင်မှုတွေကိုလည်း နောက်လူတွေ သိရအောင် မှတ်တမ်း တင်ချင်စိတ်ဖြစ်မိပါတယ်။ ဒါကြောင့် ဆရာကြီးကို ဆက်သွယ်ပြီး ဆရာကြီးရဲ့ အကြောင်းတွေကို ရေးသားရန် အင် တာဗျူးဖို့ ခွင့်တောင်းခဲ့ပါတယ်။ ဆရာကြီးက လိုလိုလားလားပဲ ခွင့်ပြုပေးခဲ့ပါတယ်။
ကျန်းမာရေးမကောင်းတဲ့ကြားထဲက တစ်ကြိမ်အင်တာဗျူးရင် ၂ နာရီခန့်နဲ့ ၁၀ ကြိမ်ကျော် နာရီ ၂၄ နာရီနီးပါးကို ဖြေကြားပေးခဲ့တာပါ။ အင်တာဗျူးတဲ့အခါမှ မြန်မာနိုင်ငံရဲ့ မြေအောက်ရေကဏ္ဍဟာ ဘယ်လို အန္တရာယ်ရှိလာတဲ့ အကြောင်း၊ ၁၉၈၀ ကတည်းက မြန်မာနိုင်ငံရဲ့ မြေအောက်ရေ ကဏ္ဍတွေကို ဘယ်လိုတိုးတက်အောင် ဆောင်ရွက်ခဲ့ တာတွေအကြောင်း၊ မြေအောက်ရေပညာရပ်ကို ဝါသနာပါပြီး ဘယ်လိုပညာသင်ယူခဲ့တဲ့ အကြောင်းတွေနဲ့ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံမှာ ရရှိခဲ့တဲ့ ပရောဂျက်တွေနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကိုယ်တိုင်ပါဝင် လုပ် ကိုင်ခဲ့တဲ့ ဆရာကြီးရဲ့ ဘ၀ဖြစ်စဉ်တွေ ကို စိတ်ဝင်စားဖွယ် သိရပါတော့တယ်။
ဒါ့အပြင် အင်္ဂလိပ်လက်ထက်ကတည်းကရှိနေတဲ့ မြေအောက်ရေ ဥပဒေကို ဦးသန်းရွှေလက်ထက်မှာ အသုံးမပြု တော့ဘဲ မြေအောက်ရေကြီးကြပ်ရေးအရာရှိရုံးထိုင်တဲ့ ရန်ကုန်မြို့ဗိုလ်ချုပ်လမ်းအိုးအိမ်ဦးစီးဌာနကိုပါ ဖျက်လိုက် တဲ့အခါ မြန်မာနိုင်ငံရဲ့မြေအောက်ရေတူးဖော်တဲ့နေရာ၊ အထူးသဖြင့်ရန်ကုန်မြို့မှာ စည်းမဲ့ကမ်းမဲ့ဖြစ်ကုန်ပြီး မြေ အောက်ရေတွေ အန္တရာယ်ရှိလာတာပါ။
ဒါတွေကို တားဆီးနိုင်ဖို့ NLD လက်ထက်မှာ မြေအောက်ရေဥပဒေကို ရေးသားခဲ့ရာတွင်ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြန် လည်ပြဌာန်းနိုင်ဖို့လည်း လုပ်ခဲ့တာပါ။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် အဲဒီမြေအောက်ရေဥပဒေဟာလည်း အကောင်အထည် မပေါ်နိုင်တော့ဘဲ ရေစုန်မြောခဲ့ရပါတယ်။ မြေအောက်ရေကဏ္ဍအတွက် နှမြောစရာဆုံးရှုံးမှု တစ်ခုပါပဲ။
မြေအောက်ရေ ဥပဒေသာ ပေါ်ပေါက်လာရင် တစ်နိုင်ငံလုံးမှာရှိတဲ့ စက်ရေတွင်းတွေကို စာရင်းပြုစုနိုင်မှာဖြစ်သလို မြေအောက်ရေအရည်အသွေးနဲ့ အကန့်အသတ်မရှိ တူးချင်သလိုတူးနေကြတဲ့ ကိစ္စရပ်တွေကိုလည်း တားဆီးနိုင်မှာ ပါ။ Groundwater Management System တစ်ခု ထူထောင်ပြီး မြေအောက်ရေနှင့် စက်ရေတွင်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှာပါ။
မြေအောက်ရေအလွန်အကျွံတူးဖော်မှုကြောင့် ဖြစ်လာမယ့်အကျိုးဆက်တွေကို ဆောင်းပါးရဲ့နောက် အခန်းတွေမှာ ပြည့်ပြည့်စုံစုံဖော်ပြပေးသွားဦးမှာပါ။
အင်တာ မဗျူးခင်ကလည်း ဆရာကြီးအကြောင်းကို ဆောင်းပါးတစ်ပုဒ်တည်းနဲ့ မပြည့်စုံနိုင်တာ သိထားသလို အင် တာဗျူးပြီးနောက်မှာလည်း ပိုသေချာသွားခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရှားရှားပါးပါးရှိလှတဲ့ မြေအောက် ရေ ပညာရှင်ကြီး ဦးမြင့်သိန်းအကြောင်းကို အခန်းဆက်ရေးသားသွားမှာပါ။
ငယ်ဘ၀ မောင်မြင့်သိန်း
ဆရာကြီးက မိထ္ထီလာဇာတိပါ။ တိတိကျကျပြောရရင် မိထ္ထီလာကန်ကြီးရဲ့ အရှေ့ဘက်ခြမ်းမှာနေကြတာပါ။ ဦးမြင့်သိန်းကို မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နှစ် ၁၉၄၈ ဒီဇင်ဘာမှာ မွေးဖွားခဲ့ပြီး မွေးခြင်းမောင်နှမ ခုနစ် ယောက် အနက် ဒုတိယအကြီးဆုံးသားဖြစ်ပါတယ်။ မောင်မြင့်သိန်းဖခင်က အညာထွက်ကုန်တွေဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ စတာတွေကို ရောင်းဝယ်တဲ့ ကုန်သည်ပွဲစားကြီးပါ။ ဝါစက်ရုံတွေလည်း ထောင်ခဲ့ပါတယ်။
အမေဖြစ်သူကတော့ အင်္ဂလိပ်ခေတ်က ၁၀ တန်းအောင်ထားသူပါ။ အဲဒီခေတ်က အမျိုးသမီး ၁၀ တန်းအောင်ဆို တာ တကယ့်ကို ရှားရှားပါးပါးပါပဲ။
ဒါပေမဲ့ “မိန်းမတွေ သေစာတတ်တော်တဲ့ခေတ်မှာ အဖိုးက ၁၀ တန်းအောင်တော်ပြီဆိုပြီး ငွေသိမ်းခိုင်းတာ။” လို့ ၁၀ တန်းအောင်ပေမယ့် အိမ်မှုကိစ္စနဲ့ အိမ်စီးပွားရေးကိုပဲ ကူခိုင်းခဲ့ပုံကို ဦးမြင့်သိန်းက ပြန်ပြောပြပါတယ်။
ဒါပေမဲ့ အမေဖြစ်သူက စာအရမ်းဖတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း မောင်မြင့်သိန်းဟာ စာဖတ်တဲ့ အလေ့အထကိုရရှိခဲ့ပြီး ပညာရှင်ဖြစ်လာဖို့ စာဖတ်တဲ့အလေ့အထ မျိုးစေ့လည်းဖြစ်လာခဲ့တာပါ။
“မိထ္ထီလာမြို့မှာ အလင်းရောင်ဆိုတဲ့ စာအုပ်တိုက်ရှိတယ်။ သတင်းစာတွေ ကြေးမုံ၊ မြန်မာ့အလင်း၊ မန္တလေး ဂေဇတ်၊ ဝတ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်းလစဉ်ထုတ်တွေနဲ့ အဲ့ဒီသတင်းစာတွေလည်း အမေကယူတယ်။ အဲခေတ်က မဂ္ဂဇင်း ဂျာနယ် ၀ထ္ထုထွက်ရင် တစ်အုပ်ကို နှစ်ကျပ်ရယ်။” လို့ ပြန်ပြောင်းပြောပြတယ်။
ဦးမြင့်သိန်းဟာ မိထ္ထီလာမှာပဲ ၁၀ တန်းအထိကျောင်းနေခဲ့ပါတယ်။ ငယ်ဘ၀ကိုပြောရရင် ပြည့်စုံတဲ့မိသားစု အသိုင်း အ၀ိုင်းကနေ မွေးဖွားလာခဲ့သူပါ။ အဲအချိန်လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံဟာ အဖက်ဖက်ကနေ တိုးတက် ဖြစ်ထွန်းဖို့ တာဆူနေတာပါ။ ဝန်ကြီးချုပ်ဦးနုလက်ထက်မှာ ပြည်သူတွေ အတော်များများကလည်း စီးပွားရေး အဆင်ပြေခဲ့ကြတယ်။
မြန်မာငွေကြေးကလည်း တန်ဖိုးရှိနေချိန်ပါ။ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၆ ကျပ်ပဲရှိပါတယ်။ လက်ဖက် ရည်တစ်ခွက်ကို တစ်မတ်၊ ဆန်တစ်ပြည်တစ်မတ်၊ အင်္ဂလန်ကလာတဲ့ ကုလားမခြင်းတောင်းနို့ဆီ တစ်ဗူးငါးမူး၊ ဆားတစ်ပိသာ ပြား ၃၀ ပဲရှိတယ်လို့ အဲခေတ်က ကုန်စျေးနူန်းတွေကို သူက ပြန်တွက်ပြတယ်။
အဲအချိန်က တောဒေသတွေမှာ ရေနံဆီမီးအိမ်တွေ သုံးကြပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေပဲ အောက်လင်း မီးအိမ်ကို သုံးကြတာပါ။ လျှပ်စစ်မီးကလည်းမရှိ၊ ထင်းတွေပဲ အသုံးများကြတယ်။ မြို့ပေါ်မှာတော့ လျပ်စစ်မီး အပြည့် အဝရရှိပါတယ်။ မိထ္ထီလာမှာဆို ငါးရက်တစ်စျေးရှိပြီး ကျေးလက်က ဒေသထွက်ကုန်တွေ၊ ပစ္စည်းမျိုးစုံကို လာရောက် ရောင်းချကြတယ်။
မိထ္ထီလာဝန်းကျင်က ရွာတွေကနေ မီးသွေး၊ ခရမ်းချဉ်သီး၊ ကြက်သွန်၊ ဂေါ်ဖီ၊ မုန်လာ၊ အာလူးနဲ့ ချည်ရက်ထည်တဲ့ နေရာဆို ဂျပ်ခုတ်တွေ အညာစောင်တွေ စောင်ချောတွေ ပင်နီတွေတိုက်ပုံနဲ့ပင်နီစတွေကိုလည်း သဲတော၊ ဝမ်းတွင်း ဘက်ကနေ လာရောင်းကြတာပါ။ ထင်းအပြည့် လှည်းတစ်စီးမှ ၁၀ ကျပ် ၊ ၁၂ ကျပ်ပဲ ရှိတယ်လို့ ဦးမြင့်သိန်းက ပြန်ပြောပြတယ်။
ရိုင်ပတ်ထားတဲ့ လှည်းတွေမှာ မီးသွေး၊ ထင်းတွေကို လှည်းပေါ်အပြည့်တင်ပြီး လာရောင်းကြတဲ့ လှည်းတန်းတွေ ဟာလည်း အဲခေတ်ကာလရဲ့ ပြယုတ်တွေပါ။ ထင်းလှည်းကြီးကို အဖေဖြစ်သူကမောင်း၊ ကလေးနဲ့မိန်းမတွေက နောက်က ထိုင်လိုက်လာကြတာပါ။ ဦးမြင့်သိန်းက အဖွားဖြစ်သူရဲ့ သူငယ်ချင်းနာမည်တောင်မှ မှတ်မိနေသေးတာ ပါ။
“ အဘွားရဲ့သူငယ်ချင်း ဒေါ်ရွတဲ့။ ကျွန်တော့်အဘွားနာမည်က ဒေါ်ထွန်းမေ။ လာရင် သူပြောတဲ့စကား မှတ်သား စရာကောင်းတယ်။ “မထွန်း ရေမကြွယ် မီးမကြွယ်တဲ့” အဲ့ခေတ်က ရေလည်းပေါသလား ဆိုတော့ မပေါဘူး။ မီး လည်းမပေါဘူး။ အဲခေတ်က ရေနံဆီ မီးအိမ်တို့နဲ့သုံးရတာ။ လောပိတကလည်း စကာစ၊ ရေကိုလှောင်ထားရမယ်။ ထင်းကိုလည်း မိုးတွင်းစာအတွက်လှောင်ထားရမယ်။” လို့ မဖွံ့ဖြိုးသေးတဲ့ ခေတ်ကာလအခြေအနေကို ပြန်ပြော ပြပါတယ်။
အဲခေတ်က မိထ္ထီလာမှာဆိုရင် သွားရေးလာရေးအတွက်က ကား၊ ရထားရှိပါတယ်။ ကားကတော့နည်းပါတယ်။ ကျေးရွာတွေမှာ နွားလှည်းကို အသုံးများပါတယ်။ မြို့ပေါ်၊ ဟိုသွားဒီသွား၊ စျေးသွားရင် မြင်းလှည်းတွေပဲ အဓိက ထားသုံးကြတာပါ။ အများပြည်သူတွေက မြင်းလှည်းကို အသုံးပြုကြတာ များပါတယ်။
စက်ဘီးရှိတဲ့အိမ်တွေက စက်ဘီးအသုံးပြုကြတယ်။ အလယ်တန်း၊ အထက်တန်း ကျောင်းသူကျောင်းသားတွေ ကလည်း စက်ဘီးနဲ့ ကျောင်းသွားကြတယ်။ သာစည်နဲ့မိတ္ထီလာကိုတော့ လိုင်းကားတွေတော့ ရှိပါတယ်။ ဂျစ်ကား တွေ ပြေးဆွဲပါတယ်။ မိထ္ထီလာကနေ ရန်ကုန်သွားချင်ရင် ၁၄ မိုင်ဝေးတဲ့ သာစည်ဘူတာထိ လိုင်းကားစီးရပါတယ်။ သာစည်ဘူတာကနေမှ ရထားနဲ့ ရန်ကုန်ကိုသွားရတာပါ။ သာစည်-မိတ္ထီလာလိုင်းကားခက သုံးမတ်၊တစ်ကျပ်ပဲ ပေးရတယ်။
မိတ္ထီလာမြို့က လမ်းလေးခွကားလမ်းဆုံမြို့ဖြစ်တဲ့အတွက် တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မန္တလေး၊ မလှိုင်၊ တောင်သာ၊ မြင်းခြံစတဲ့မြို့တွေနဲ့လမ်းပန်းဆက်သွယ်ရေးကောင်းပါတယ်။
“ဟိုတုန်းက ရွှေမန်းမေတို့ ရန်ကုန်မေလို့နာမည်ပေးထားတဲ့ မီးရထားကြီး တွေရှိတယ်။ အဲရထားကြီးတွေကလည်း ကောင်းတယ်။ ရထားပေါ်မှာ စားသောက်ဆိုင်တွေပါတယ်။ ရထားခက ရန်ကုန်မန္တလေးမှ ၂၅ ကျပ် တစ်မတ်ပဲ ပေးရတယ်။” လို့ ဆိုတယ်။
ပစ္စည်းတွေအနေနဲ့ဆိုရင်လည်း မိထ္ထီလာမှာ GEC လို့ခေါ်တဲ့ ကုမ္ပဏီရှိပြီး အဲဒီကုန်တိုက်မှာ အင်္ဂလန်နဲ့ အိန္ဒိယ ထုတ်ပစ္စည်းတွေကို ဝယ်ယူလို့ရတယ်လို့ ပြန်ပြောပြတယ်။ တိုလီမုစ၊ နဖားကလော်၊ လက်သည်းညှပ်က အစ စက်ဘီးနဲ့ ကားပစ္စည်းတွေအထိရပါတယ်။ စက်ဘီးဆိုရင်လည်း ရီလေးစက်ဘီးတွေရှိပါတယ်။ အင်္ဂလန်နဲ့ အိန္ဒိယ ထုတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
ရွှေတစ်ကျပ်သား ၈၂ ကျပ်ခေတ်မှာ စက်ဘီးတစ်စီးစျေးက အင်္ဂလန်ထုတ်ဆိုရင် ၃၀၀။ အိန္ဒိယထုတ်ဆိုရင် ၂၅၀၊ ၂၈၀ အထိပေးရပါတယ်။
“စက်ဘီးအသစ်တစ်စီးဆိုရင်တော်ရုံတန်ရုံ မဝယ်နိုင်ဘူးပေါ့ဗျာ။” လို့ သူကဆိုတယ်။
ဦးမြင့်သိန်းတို့ အိမ်မှာက စက်ဘီးရှိတဲ့အပြင် အဘိုးဖြစ်သူက အပေါင်ခံတာတွေလည်းလုပ်တဲ့အတွက် ညီကိုတွေက စက်ဘီးတွေ ထည်လဲစီးနိုင်ခဲ့ပါတယ်။ ကျောင်းသွားကျောင်းပြန်လည်း စက်ဘီးစီးသွားကြပါတယ်။
ပညာရေးစနစ်ကို ကြည့်လိုက်ရင်လည်း မြန်မာက အရှေ့တောင်အာရှမှာ ထိပ်တန်းစာရင်းဝင်ပါ။ လွတ်လပ်ရေး ရပြီး အင်္ဂလိပ်အုပ်ချုပ်မှုကနေ လွတ်မြောက်လာပြီး ၁၉၇၅ အထိ မြန်မာနိုင်ငံမှာ အသုံးပြုခဲ့တဲ့ ပညာရေးစနစ်ဟာ အင်္ဂလန်ပညာရေးစနစ် (British colonial education system) ကို အခြေခံထားတာပါ။ ပြောရရင် မြန်မာမှာ အထက်တန်းအောင်တာနဲ့ အင်္ဂလန်မှာကျောင်းသွားတက်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်ကာလက မြန်မာနိုင်ငံက ဗြိတိန်ကဖွဲ့စည်းထားတဲ့ ဗြိတိလျှ ဓနသာယာနိုင်ငံများအဖွဲ့ဝင်ဖြစ်လို့ပါ။
“ ကိုးတန်းဆိုတာက အဲ့ဒီတုန်းက ဟိုက်စကူးဖိုင်နယ်ပေါ့။ ကိုးတန်းအောင်လို့ရှိရင် အဲဒီခေတ်က အင်္ဂလန်က အထက်တန်းအောင်တာနဲ့ အတူတူပဲ။ ကိုးတန်းအောင်ရင် ရှေ့နေသင်တန်းတက်လုပ်စားလို့ရတယ်။ ကျောင်း ထွက်လို့ရှိရင် အထက်တန်းစာရေးရာထူးရတယ်။ နောက်တစ်ခါ မိထ္ထီလာလေတပ်မှာ လေကြောင်း လမ်းပြဆိုတဲ့ ရာထူး လျောက်လို့ရတယ်။ နောက်တစ်ခါ အလုပ်သင်ဗိုလ်တက်လို့ရတယ်။” လို့ အဲခေတ်က ပညာရေးအဆင့် အတန်းမြင့်မားပြီး အလုပ်အကိုင်လည်း ပေါများခဲ့ပုံကို ဦးမြင့်သိန်းက ပြန်ရှင်းပြတယ်။
အဲဒီခေတ်က ပညာရေးစနစ်ကို မူလတန်း၊ အလယ်တန်း ၊ အထက်တန်းနဲ့ တက္ကသိုလ်ဆိုပြီးခွဲခြားထားပါတယ်။ မူလတန်းကျောင်း (Primary School) ကို အသက် ၅ နှစ်ကနေ ၉ နှစ်ထိ ၄ နှစ်တက်ရပါတယ်။ အများစုက မြန်မာ လိုပဲ သင်ကြပြီး အင်္ဂလိပ်ဘာသာ မသင်သေးပါဘူး။ တချို့ကိုယ်ပိုင်ကျောင်းတွေမှာတော့ အင်္ဂလိပ်စာပါ သင်ကြား ပေးပါတယ်။ အလယ်တန်းရောက်မှ အင်္ဂလိပ်စာသင်ပါတယ်။ ဦးမြင့်သိန်းကတော့ အစိုးရကျောင်းမှာပဲ တက်ခဲ့တာ ပါ။
အခြေခံအလယ်တန်း (Middle School) ကိုလည်း သုံးနှစ်သင်ရပါတယ်။ ငါးတန်းကနေ ခုနစ်တန်းအထိ သင်ရပြီး အထက်တန်းကျောင်းတွေမှာ ပထဝီသိပ္ပံ၊ သမိုင်း၊ သင်္ချာ၊ ရူပဗေဒ၊ဓါတုဗေဒ၊အင်္ဂလိပ်စာ စသဖြင့် ဘာသာရပ် ပေါင်း များစွာကို သင်ကြားကြပါတယ်။
အထက်တန်းကျောင်း (High School) ကတော့ ရှစ်တန်း၊ ကိုးတန်းနှင့် ၁၀ တန်းဆိုပြီး သက်တမ်း သုံးနှစ်ပါပဲ။ ၁၀ တန်း စာမေးပွဲကိုတော့ (Matriculation Exam) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲလို့ သတ်မှတ်ထားပါတယ်။ ထူးခြား တာက အဲခေတ်မှာ ကိုးတန်းအောင်တာနဲ့ အလုပ်အကိုင်တော်တော်များများကို လုပ်ခွင့်ရပြီး အငယ်တန်းအရာရှိ၊ အရာခံအဖြစ်လည်း လုပ်ကိုင်လို့ရပါတယ်။ ကိုးတန်းကို အတန်းပညာအဆုံး ဟိုက်စကူးဖိုင်နယ်လို့ခေါ်တာပါ။ ကိုးတန်းအောင်ရင် အထက်တန်းရှေ့နေစာမေးပွဲဖြေလို့ရပါတယ်။
၁၀ တန်းကတော့ အဆင့်မြင့်ပညာရေးကို တက်လှမ်းနိုင်တဲ့ ဝင်ပေါက်လို့ဆိုရမှာပါ။ ၁၀ တန်း စာမေးပွဲကိုတော့ (Matriculation Exam) အောင်မှသာ တက္ကသိုလ်တွေဆီကို ပညာသွားရောက်သင်ကြားနိုင်မှာပါ။ ၉ တန်း အောင်ပြီးတာနဲ့လည်း တက္ကသိုလ်ကို တန်းမရောက်သေးပါဘူး။
ထိုခေတ်က စက်မှုအင်ဂျင်နီယာတက္ကသိုလ်ဆက်လိုသူ၊ စာတော်သူတွေက Science မေဂျာတွေဖြစ်တဲ့ (Physics, Chemistry, Math) တို့ကို သင်ကြားပြီး ဒုတိယနှစ်အောင်ပြီးရင် စက်မှုတက္ကသိုလ်ကို ကူးပြောင်းတက်လို့ရပါ တယ်။ စက်မှုတက္ကသိုလ်တက်ဖို့အတွက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကတဆင့် တက်ရောက်ရပါတယ်။ တက္ကသိုလ်ပညာ ရေးမှာ အိန္ဒိယ၊ အင်္ဂလန်စတဲ့ နိုင်ငံတွေက ဆရာတွေက အင်္ဂလိပ်လိုပဲ လာရောက်သင်ကြားပေးကြတာပါ။ ဒါကြောင့် အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်ပါက တက္ကသိုလ်ပညာကိုသင်ယူလို့ ပိုကောင်းပါတယ်။
“ အဲ့ခေတ်က စက်မှုလက်မှုသိပ္ပံအထက်တန်းကျောင်း ၊ စိုက်ပျိုးရေးသိပ္ပံ GTI တို့ စတဲ့ ကျောင်းတက္ကသိုလ်တွေက ဗြိတိလျှ ဓနသယာယအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အလျောက် ပညာသင်အထောက်အပံ့တွေ၊ ဥပမာကိုလန်ဘိုပလန် (Colombo Plan) ရရှိကြပါတယ်။ အဲဒီခေတ်က ဂျီတီအိုင်ကျောင်းက စင်္ကာပူနိုင်ငံက ပိုလီတက်ကနစ် (Singapore Polytechnic) ထက်သာတယ်။” လို့ ဦးမြင့်သိန်းက ပြန်ပြောပြပါတယ်။
အဲ့ခေတ်က တက္ကသိုလ်တွေအနေနဲ့ ရန်ကုန်တက္ကသိုလ် (University of Rangoon) ရယ် မန္တလေးတက္ကသိုလ် (University of Mandalay) ရယ်နှစ်ခုပဲရှိသေးတယ်လို့ ဆိုပါတယ်။ ကောလိပ်အနေနဲ့က တောင်ကြီးကောလိပ်နဲ့ မကွေးကောလိပ်၊ မော်လမြိုင်ကောလိပ်ပဲ ရှိပါတယ်။ မြစ်ကြီးနားနဲ့မော်လမြိုင်မှာ တက္ကသိုလ်အနေနဲ့ မဖွင့်သေးပါ ဘူး။ နာမည်ကျော်စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်က အဲ့အချိန်မှာ တောင်ကြီးကောလိပ်ကျောင်းအုပ်လို့ဆိုတယ်။
တက္ကသိုလ်နဲ့ကော်လိပ်တွေဟာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အ၀ရတဲ့အတွက် ပညာရေး အဆင့်အတန်းက မြင့်မားခဲ့ပါတယ်။ တက္ကသိုလ်ဝင်ခွင့်ရဖို့ကလည်း ခက်ခဲပါတယ်။ထိုခေတ်က ၁၀ တန်း ကို စာဖြေသူအားလုံး၏ ၂၅ ရာခိုင်နှုန်းခန့်သာ အောင်ကြတယ်လို့ ဆရာကြီးက ပြောပါတယ်။
၁၉၂၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဆိုရင် နိုင်ငံတစ်ဝှမ်းက လာရောက်တက်ကြသူတွေနဲ့ မြန်မာမှာသာမက ကမ္ဘာမှာပါ အထင်ကရ ရှိလှပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုတို့ ကစလို့ နိုင်ငံခေါင်းဆောင်တွေ ပေါ်ထွက်ခဲ့တာပါ။ အဲအချိန်က (၁၉၄၀–၅၀) ကျော်ကာလ ရန်ကုန်တက္ကသိုလ် အဆင့်အတန်းဟာ အိန္ဒိယက University of Calcutta, ဂျပန် Tokyo University စတဲ့ တက္ကသိုလ်တွေနဲ့ တန်းတူ ပါပဲ။
ဒါပေမဲ့ ၁၉၆၂ ဦးနေဝင်း စစ်အာဏာသိမ်းလိုက်ပြီးနောက် ပညာရေးစနစ်ကို သူ့စိတ်ကြိုက် လိုသလို ပြောင်းလဲ လိုက်တာကြောင့် ပညာရေးစနစ်ဟာ ယနေ့အချိန်ထိ နလံမထူနိုင်တော့ဘဲ အောက်ကို ထိုးဆင်းခဲ့ရပါတယ်။ ဦးမြင့် သိန်းဟာ အဲဒီအဆင့်မြင့် ပညာရေးခေတ်ကို ကိုယ်တိုင်ဖြတ်သန်းပြီး ဘွဲ့ရသည်အထိ ပညာသင်ခဲ့ရတာပါ။
ဒါပေမဲ့ ကိုးတန်းမှာတော့ စာမေးပွဲ တစ်ခါကျသေးတယ်လို့ ဆိုပါတယ်။ မိဘတွေကလည်းပြေလည်၊ စာကိုလည်း အဲဒီနှစ်မှာ သိပ်စိတ်မဝင်စားခဲ့တာကြောင့်လို့ ပြန်ပြောင်းပြောပြတယ်။ စာမေးပွဲကျတာကြောင့် မိဘတွေက ပဲခူးကို ပို့လိုက်ပါတယ်။ ပဲခူးမှာ ဦးလေးဖြစ်သူက ခရိုင်တရားသူကြီးဖြစ်နေတာပါ။ ဦးလေးရဲ့ ယောက္ခမဖြစ်သူက ဦးနေဝင်းလက်ထက် နိုင်ငံတော်ကောင်စီဝင် ဦးသာဒင်ပါ။ ပဲခူးမှာ Special Grammer School တည်ထောင်ပြီး ကျောင်းအုပ် လုပ်နေတာပါ။
ဦးမြင့်သိန်းဟာ အဲဒီကျောင်းမှာ ကိုးတန်းအောင်သည်အထိနေပြီး ၁၀ တန်းကို မိထ္ထီလာမှာ ပြန်လည်ဖြေဆို အောင် မြင်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ၁၀ တန်းအောင်မြင်ခဲ့တာပါ။
“ ပထမဦးစားပေးက ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ၊ သစ်တော၊ စိုက်ပျိုးရေး၊ တိရိစ္ဆာန်ဆေးကု အဲ့ဒီကနေပြီး တော့မှ အထူးပြုဘာသာတွေကို ကွဲသွားတဲ့ကာလပေါ့။ အဲဒီမှာ ကျွန်တော့် အမှတ်က အထက်မရောက် အောက် မရောက် ဖြစ်သွားတယ်၊ အမှတ် (အိုင်အလ်အေ)က ၆၅ ကျော် RIT လျှောက်တယ်ဗျ။ အမှတ်ကပ်မမီတော့ RIT တစ်ခုပဲတင်တယ်။ မရတော့ ဘူမိဗေဒအထူးပြု ရသွားတယ်။ ၁၉၆၈ မန္တလေးတက္ကသိုလ်မှာ တက်ရတယ်။” လို့ ဆို ပါတယ်။
အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။
( လာမည့်အပိုင်း ၂ တွင် ဦးမြင့်သိန်း၏ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တက္ကသိုလ်ကျောင်းသား ဘ၀ဖြတ်သန်းခဲ့ပုံများ၊ လုပ်ငန်းခွင်ဝင်ရောက်ဖို့ကြိုးစားရပုံများ၊ မိသားစုဘ၀နှင့် အဲဒီခေတ်က မြန်မာနိုင်ငံအခြေ အနေများကို ဆက်လက်ဖော်ပြပါမည်။)