ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရမယ့် အချိန်ရောက်ပြီ

ရဲထွန်းဦး ရေးသည်။

မဏ္ဍိုင်၊ ဇန်နဝါရီ ၁၈၊ ၂၀၂၆။

မဲမသမာမှု ပြုလုပ်တယ်ဆိုပြီး အာဏာ ၃ ရပ်ကို အဓမ္မသိမ်းယူခဲ့ကာ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်မှုဟာ လက်ရှိဆိုရင် မကြာခင်မှာ ၅ နှစ် ပြည့်ပါတော့မယ်။ ပြည်သူ့ခုခံစစ်ဟာ ၅ နှစ်တာ ကာလအတွင်းမှာ ပြည်သူ့တွန်းလှန်စစ်အဖြစ် ပြောင်းလဲလာပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ အများအပြားလည်း ရှိနေပါပြီ။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းခဲ့ပြီး မတ်လ ၅ ရက်မှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က နိုင်ငံရေးရည်မှန်းချက် ၅ ရပ်ကို ထုတ်ပြန်ခဲ့ပြီး အချက် ၅ မှာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး”ကို အတည်းအလင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၁ ၊ မတ်လ ၃၁ ရက်မှာတော့ CRPH က ကြေငြာချက်အမှတ်(၂၀/၂၀၂၁)နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနေ့မှာပဲ “ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်” ကို ကြေငြာခဲ့ပါတယ်။

“ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်” အခန်း(၁)မှာ လုပ်ငန်းစဉ် (၄)ရပ်ဖော်ပြထားပြီး လုပ်ငန်းစဉ် (၄)ရပ်ထဲက အချက်-၂မှာ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး”ကို ထည့်သွင်းဖော်ပြထားသလို အခန်း(၃)မှာလည်း နိုင်ငံရေးလမ်းပြမြေပုံ အချက် ၁၂ ချက်ကို ထည့်သွင်း ရေးဆွဲထားပြီး အချက်-၈ မှာ “အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း” ကို ဖော်ပြထားပါတယ်။

ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို CRPH က ဦးဆောင်ရေးဆွဲပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ပါဝင်အတည်ပြုကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ သမဂ္ဂတွေ၊ အမျိုးသမီးတွေ၊ လူငယ်နဲ့ လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်လူထု အဖွဲ့အစည်းတွေ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့ အစည်းတွေ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ (Ethnic Resistance Organizations)၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနဲ့ လူမျိုးအခြေပြု အဖွဲ့အစည်း/ကောင်စီတွေ ပူးပေါင်းပါဝင်တယ်လို့ CRPH ကြေငြာချက်မှာ ဆိုထားပါတယ်။

ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပါဝင်အတည်ပြုသူတွေလို့ ဆိုထားတဲ့ NUCC မှာ ပါဝင် ကိုယ်စားပြုတဲ့အဖွဲ့အစည်း တွေကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ ၁၄ ဦး၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU) က ၁ ဦး။

နိုင်ငံရေးပါတီများ အစုအဖွဲ့က ဆိုရင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ၃ ဦး။ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ပါဝင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများအပါအဝင် CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ အစုအဖွဲ့ကဆိုရင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ(GSC)၊ အခြေခံနှင့် အဆင့်မြင့်ပညာအထွေထွေသပိတ်ကော်မတီ (GSCBHE)၊ အထွေထွေ သပိတ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GSCC)၊ လူမျိုးပေါင်းစုံအထွေထွေ သပိတ်ကော်မတီ (GSCN)၊ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု (MLA)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)WLB က ၂ ဦးစီ။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး သပိတ်အင်အားစု (GSCB)၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ (MPSSC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF)၊ Synergy လူမှုသဟဇာတဖော်ဆောင်ရေး အဖွဲ့၊ နည်းပညာဆိုင်ရာ ဆရာ/ဆရာများ အဖွဲ့ချုပ် (TTF)၊ အမျိုးသမီးမဟာမိတ်အဖွဲ့ – မြန်မာ (WAC – M)၊ အမျိုးသမီး ငြိမ်းချမ်းရေးကွန်ယက် (WPN)က ၁ဦးစီ။တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ အစုအဖွဲ့ကဆိုရင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့က ၂ဦးစီ။

ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့အစည်း/ ကောင်စီများအစုအဖွဲ့ကဆိုရင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)တို့က ၃ ဦးစီ ပါဝင်နေပါတယ်။

ဒါကြောင့် NUCC မှာ အစုအဖွဲ့ပေါင်း ၅ စု၊ စတင်ဖွဲ့စည်းစဉ်က အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့၊ နောင် ၃၃ဖွဲ့၊ လူဦးရေအားဖြင့် ၆၂ ဦး ပါဝင်နေတာကို တွေ့ရပြီး လူနာမည်နှင့် အဖွဲ့အစည်းနာမည်အချို့ကို ပုဂ္ဂိုလ်ရေးလုံခြုံရေးအရ ဖော်ပြထားခြင်း မရှိကြောင်းလည်း ဆိုထားတဲ့အတွက် ဖော်ပြမထားတဲ့ အဖွဲ့အစည်းဆိုတာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အစုအဖွဲ့က ၅ ဖွဲ့အပြင် အခြားအဖွဲ့အစည်းတွေလည်း ရှိနေသေးတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ဖော်ပြမထားတဲ့ အဖွဲ့အစည်းတွေက ပါဝင်မှုအရည်အတွက်ကို ဖော်ပြမထားတာကြောင့် ၆၂ ဦးထက်ပိုနိုင်တယ်လို့လည်း ထင်မြင်ရပါတယ်၊

NUCC စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ကချင်ကြားကာလ အတိုင်ပင်ခံအဖွဲ့ (KPICT)တို့က ၂၀၂၂ ခုနှစ်တည်းက နှုတ်ထွက်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ၂၀၂၅၊ မေလ-၄ရက်က NUCC ရဲ့ အဖွဲ့ဝင်အမည်စာရင်း ထုတ်ပြန်ရာမှတော့ NLD နဲ့ KPITC တို့ ပါဝင်လာခြင်း မရှိပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း CRPH က NUCC မှာ ပါဝင်မှု ခေတ္တရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲကျင်းပပေးမယ်လို့ တဖွဖွပြောခဲ့ပြီး အာဏာသိမ်းကာလ ၅ နှစ်ပြည့်ရန်အလို လပိုင်းဖြစ်တဲ့ ၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲ အပိုင်း(၁)ကိုကျင်းပေးခဲ့ကာ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ထပ်မံကျင်းပခဲ့ပါတယ်။

မတ်လထဲမှာ လွှတ်တော်ခေါ်ယူမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွှေးကောက်ပွဲ အပိုင်း(၂) ကျင်းပတဲ့နေ့မှာ စစ်ကောင်စီကို လိုလားတဲ့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဟာ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ ဆိုထားပေမယ့် အခြေခံဥပဒေကို ကျော်လွန်ဖောက်ဖျက်ကာ အာဏာသိမ်းခဲ့သလို အခြေခံဥပဒေက ခွင့်ပြုထားတာထက် ကျော်လွန်ပြီး သက်တမ်းတိုး အုပ်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီအခြေခံဥပဒေကိုပဲ အခြေခံပြီး ရွေးကောက်ပွဲကျင်းပကာ ပေါ်ထွက်လာမယ့် အစိုးရအဖွဲ့ဆိုတာက ၂၀၀၈ အခြေခံဥပဒေနဲ့ပဲ အုပ်ချုပ်မှာ ဖြစ်ပါတယ်။

တဖက်မှာ အမျိုးသားညီညွတ်ရေးအစိုးရဖြစ်တဲ့ NUG ကတော့ ၂၀၀၈ အခြေခံဥပဒေကို ၂၀၂၁ ခုနှစ်တည်းက ဖျက်သိမ်းထားပြီးဖြစ်ပါတယ်။ NUG ထိန်းချုပ်နယ်မြေတွေမှာ ပြည်ထဲရေး ဝန်ကြီးဌာနအောက်က တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်နေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)နဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တို့ကို ဖွဲ့စည်းကာ လုံခြုံရေး၊ အုပ်ချုပ်ရေးတွေကိုလည်း လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့ ပလဖနဲ့ ပအဖတို့ဟာ ဘယ်လိုဥပဒေတွေနဲ့ အုပ်ချုပ်ဆောင်ရွက်နေမှန်း NUG ရော၊ CRPH ပါ ပြောမထားပါဘူး။ ဒါပေမဲ့ NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာကို တိုင်ကြားတဲ့သူတွေကို ပြန်လည်တရားစွဲခဲ့ရာမှာ အစိုးရ အကြည်ညိုပျက်စေမှုလည်း ပါဝင်တာကြောင့် ဖျက်သိမ်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေအောက်က နည်းဥပဒေတွေက အသက်ဝင်နေသေးတယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၅၀ နီးပါးရှိတဲ့အနက် ၂၀၂၃ နဲ့ ၂၀၂၄ အတွင်း မြို့နယ် ၁၀၀ နီးပါးသာ ထိန်းချုပ်နိုင်မှုရှိတော့တဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ကလွဲရင် ၂၀၂၅ ထဲမှာ မြို့အတော်များများကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ ပါတယ်။

၂၀၂၅ ၊ဒီဇင်ဘာလကုန်အထိ PDF နဲ့မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ်ပေါင်း (၃၇) မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားကာ မြို့နယ်ပေါင်း (၄၁) မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းပတ် ထိန်းချုပ်ထား ဆဲဖြစ်ကြောင်း ၂၀၂၆ ၊ဇန်နဝါရီ ၄ ရက်မှာ NUG က ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၃ ထဲမှာ ကျားဖြန့်နှိမ်နှင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်တပ်ကို အထိအနာဆုံးဖြစ်ခဲ့ပါတယ်။ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအထိ တော်လှန်ရေးတပ်တွေ ထိုးဖောက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

တဖက်မှာ KIA နဲ့ K-PDF ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မြို့တစ်မြို့ အပါအဝင် ကချင်ပြည်နယ် အထက်ပိုင်းက ကချင်အထူးဒေသ(၁)နဲ့ မြို့အားလုံးနီးပါး သိမ်းပိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်းမှာဆိုရင် PDF၊ KIA၊ AA နဲ့ ABSDF တို့ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့အချို့၊ PDF ပူးပေါင်းတပ်တွေဟာလည်း စစ်ကိုင်းတိုင်းအောက်ပိုင်းက မြို့အချို့ကို သိမ်းပိုက်ခဲ့ပါတယ်။

ကရင်ပြည်နယ်မှာဆိုရင်လည်း KNLA နဲ့ PDF တပ်တွေက မြို့တစ်ချို့ကို သိမ်းယူကာ မြဝတီမြို့ကို ခြိမ်းခြောက်နိုင်တဲ့အထိ စစ်ရေးအောင်မြင်မှု ရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာလည်း AA က ချင်းပြည်နယ်မှ မြို့နယ် ၁ မြို့နယ်အပါအဝင် ရခိုင်ပြည်မှ မြို့ ၃ မြို့သာ ကျန်ရှိသည်အထိ သိမ်းပိုက်ထားခဲ့ပါတယ်။

ဖွဲ့စည်းပုံကိစ္စ ပြန်ဆက်ရရင် ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ရေးဆွဲတဲ့အထဲမှာ ပါဝင်တဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေဆိုတာ NUCC မှာ ပါဝင်တဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွဲ့ကို ဆိုလိုတာ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီ ၈ ဖွဲ့မှာလည်း KNU၊ KNPP နဲ့ ABSDF ကိုသာ ဖော်ပြထားပြီး ကျန် ၅ဖွဲ့ကို ဖော်ပြမထားပါဘူး။ ဖော်ပြထားတဲ့ ၃ ဖွဲ့ထဲမှာလည်း KNU နဲ့ KNPP က NUCC မှာ ပါဝင်မှုကို ယာယီ ရပ်နားထားပါတယ်။

ထို့အတူ NUCC မှာ ပါဝင်တဲ့ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုတဲ့ လူမျိုးအခြေပြု အဖွဲ့အစည်း/ကောင်စီတွေကတော့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)တို့ ဖြစ်တာကြောင့် ဖယ်ဒရယ်ပဋိညာဉ်ကို ပူးပေါင်းပါဝင်တဲ့ တိုင်းရင်းသားလူမျိုးစု ၆ စု၊ တိုင်းရင်းသား လူမျိုးစု အခြေပြုအဖွဲ့ ၇ ဖွဲ့ ပါဝင်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ဖယ်ဒရယ်ပဋိညာဉ်က တိုင်းရင်းသားလူမျိုးအားလုံးကို လွှမ်းခြုံနိူင်မှု မရှိဘူးလို့ ယျေဘူယျ ယူဆရမှာ ဖြစ်ပါတယ်။

၁၉၈၈ နောက်ပိုင်းမှာဆိုရင် ထင်ရှားတဲ့ ဖယ်ဒရယ်ကို အခြေခံထားတဲ့ မူကြမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။အဲဒီမှာမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC)ကချင်အမျိုးသား ဒီမိုကရေစီကွန်ဂရက် (KNDC)၊ မွန်ဒီမိုကရေစီပါတီ (MNDF / MNDP)၊ ကရင်အမျိုးသား ဒီမိုကရေစီပါတီများ (KNP / KNDP စသည်)၊ ချင်း၊ ကယား၊ ပအိုဝ်း၊ ပလောင် (တအောင်း) စတဲ့ တိုင်းရင်းသား အခြေပြု ပါတီများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)ကနေ ရေးဆွဲထားတဲ့ “၈ပြည်နယ်မူ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း”။

ချင်းအမျိုးသားတပ်ဦး(CAN/CNF)၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA)၊ မွန်ပြည်သစ်ပါတီ(MNSP/MNLA)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO/KIA)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ပလောဝ်အမျိုးသားလွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ဝအမျိုးသားအစည်းအရုံး (WNO/WNA)တို့ နဲ့ ဖွဲ့စည်းထားတဲ့ UNFC က ရေးဆွဲခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ တင်သွင်းခဲ့တဲ့ “UNFC ဖယ်ဒရယ်မူကြမ်း”။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD၊ ကရင်အမျိုးသားပါတီ KNP၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ DNDP ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ DNDP ၊ မြို အမျိုးသား ဒီမိုကရေစီပါတီ MNDP ၊ ကယန်းအမျိုးသားပါတီ KNP ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ SSKDP ၊ မွန်ရေးရာ အဖွဲ့ MAA အပါအဝင် နိုင်ငံရေးပါတီ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ(PRCF)က ၂၀၂၄ ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်လိုက်တဲ့ “PRCF ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း”။

ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (National Council of the Union of Burma – NCUB)၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးနှင့်ညှိနှိုင်းရေးကော်မတီ (Federal Constitution Drafting and Coordinating Committee – FCDCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (People’s Representatives Committee for Federal – PRCF) တို့ရဲ့ “ဖယ်ဒရယ်မူကြမ်း ၃ ခုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်”၊ အဲဒီ ဖယ်ဒရယ်မူကြမ်း ၃ ခုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ပေါင်းစပ်ပြီး ဖက်ဒရယ်ဥပဒေအကယ်ဒမီက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့မှာ တင်ပြထားတဲ့ “စံပြုဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” တို့ဟာ ထင်ရှားလှပါတယ်။

အဲဒီဖွဲ့စည်းပုံမူကြမ်းတွေမှာ ဗမာပြည်နယ်ဖွဲ့စည်းမယ့် ၈ ပြည်နယ်မူက အများဆုံးဖြစ်နေသလို NCUB ကိုယ်စားလှယ် (၃) ဦး၊ NDF ကိုယ်စားလှယ် (၂) ဦး၊ NLD-LA ကိုယ်စားလှယ် (၁) ဦး၊ UNLDLA ကိုယ်စားလှယ် (၁) ဦး၊ NCGUB ကိုယ်စားလှယ် (၁) ဦး၊ KNPP ကိုယ်စားလှယ် (၂) ဦး၊ SDU ကိုယ်စားလှယ် (၁) ဦး၊ WLB ကိုယ်စားလှယ် (၂) ဦး၊ SYCB ကိုယ်စားလှယ် (၁) ဦး၊ NY-Forum ကိုယ်စားလှယ် (၁) ဦး စုစုပေါင်း (၁၅) ဦးတို့နဲ့ ဖွဲ့စည်းထားတဲ့ “FCDCC ရဲ့ ဒုတိယမူကြမ်း” ကတော့ ကချင်အမျိုးသားပြည်နယ်၊ ကရင်အမျိုးသားပြည်နယ်၊ ကရင်နီအမျိုးသားပြည်နယ်၊ ချင်းအမျိုးသား ပြည်နယ်၊ ဗမာအမျိုးသားပြည်နယ်၊ မွန်အမျိုးသားပြည်နယ်၊ ရခိုင်အမျိုးသားပြည်နယ်၊ ရှမ်းအမျိုးသား ပြည်နယ်၊ တနင်္သာရီအမျိုးသားများပြည်နယ်၊ ဧရာဝတီအမျိုးသားများပြည်နယ်၊ ဝအမျိုးသားပြည်နယ်နှင့် ချင်းတွင်းအမျိုးသား ပြည်နယ်အဖြစ် “၁၂ ပြည်နယ်မူ” အဖြစ်တွေ့ရမှာ ဖြစ်ပါတယ်။

NUCC အနေနဲ့ကလည်း အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲနေပြီး “ဖယ်ဒရယ်အသွင်ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာ အ‌ခြေခံဥပဒေကို အမြန်ဆုံး ရေးဆွဲပြဌာန်းပြီး လက်ရှိ ထိန်းချုပ်စီမံထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ကျင့်သုံးသွားမယ်” လို့ ၂၀၂၅ ဩဂုတ်လ ၂၂ နေ့က ထုတ်ပြန်လိုက်တဲ့ NUCC ရဲ့ “အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေး ရပ်တည်ချက်များ” မှာ ဆိုထားပါတယ်။ ဒါ့ကြောင့် ဖယ်ဒရယ်အခြေခံဥပဒေတရပ် တရားဝင် ပေါ်ထွက်လာခြင်း မရှိသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြေမြင်မှာတော့ တိုင်းရင်းသားဒေသတွေမှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ချင်းအမျိုးသားကောင်စီများအပြင် မြန်မာ(ဗမာ)အများစုနေထိုင်တဲ့တိုင်းတွေဖြစ်တဲ့ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးစတဲ့ ဖယ်ဒရယ်ယူနစ်တွေ ပေါ်ပေါက်လာ နေတာကြောင့် ခေတ်အဆက်ဆက် တိုင်းရင်းသားတွေ လိုလားနေတဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေးဆိုတဲ့ ၈ ပြည်နယ်မူနဲ့ အလှမ်းဝေးသွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝ ပြည်နယ်၊ ရှမ်းနီပြည်နယ်၊ တအောဝ်းပြည်နယ်ဆိုတဲ့ သက်ဆိုင်ရာ လူမျိုးတွေအလိုက် လိုလားချက်တွေရှိ နေတဲ့အပြင် မြန်မာ(ဗမာ)အများစုလို့ ဆိုရမယ့် တိုင်း ၇ ခုကလည်း ဖယ်ဒရယ်ယူနစ်နဲ့ အမျိုးသားများပြည်နယ် အနည်းဆုံး ၇ ခုလောက် ထွက်ပေါ်လာမှာလို့ ယူဆရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာဆိုလိုတာက တိုင်းရင်းသားတွေအနေနဲ့ သက်ဆိုင်ရာ လူမျိုးစုတစ်စုစီအလိုက် လူဦးရေနဲ့ ပျံနှံ့နေထိုင်ပုံ အပေါ်မူတည်ပြီး ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ပေါ်ထွက်လာနိုင်ပေမယ့် မြန်မာ(ဗမာ)လူမျိုးစုကတော့ ပြည်နယ်တစ်ခု ပေါ်ထွက်လာရမှာ ဖြစ်ပါတယ်။ ဒါမှ တိုင်းရင်းသားတွေနဲ့ တန်းတူညီမျှမှု ရှိနိုင်မှာ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံပြန့်နှံ့နေထိုင်တဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတို့လို ဒေသတွေကတော့ ပြည်ထောင်စု နယ်မြေ(သို့မဟုတ်) အမျိုးသား ပြည်နယ်များအဖြစ် ပေါ်ထွက်ရမှာပါ။ ဒါကို တိုင်းရင်းသားတွေကလည်း လိုလားလက်ခံ ထားပြီးသား ဖြစ်ပါတယ်။

အဲဒီလိုမှ မဟုတ်ရင်တော့ တန်းတူညီမျှရေးအတွက် တိုင်းရင်းသားတွေ လိုလားခဲ့တဲ့ ဗမာပြည်နယ် ဖွဲ့စည်းရေးအစား ၁၉၇၄ ဖွဲ့စည်းပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံတို့လို တိုင်း ၇ ခု နေရာမှာ မြန်မာ(ဗမာ) ပြည်နယ်မဟုတ်တဲ့ မြန်မာ(ဗမာ)ကိုယ်စားပြု ဖယ်ဒရယ်ယူနစ် ၁ ခုထက်မက ပိုထွက်ပေါ်လာမှာ ဖြစ်ပြီး တန်းတူညီမျှရေးဟာ ပျောက်ကွယ်သွားမယ့် အလားအလာ ဖြစ်နေပါတယ်။

ဒါ့ကြောင့် တိုင်းရင်းသားတော်လှန်ရေးတပ်တွေအနေနဲ့လည်း တော်လှန်ရေးကို သီးခြားလုပ်ကိုင်နေတယ်လို့ ယူဆမိပါ တယ်။ နွေဦးတော်လှန်ရေးအတွင်းမှာ တိုင်းရင်းသားတွေက မိမိတို့ဒေသ လွတ်မြောက်ရေးကိုသာ ရှေးရှုလုပ်ကိုင်လာရင် မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကိုလည်း ၁၀၂၇ စစ်ဆင်ရေးအဆုံးသတ်ကိုကြည့်ရင် မြင်သာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ထဲမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ သိမ်းပိုက်ထားခဲ့တဲ့ နယ်မြေတချို့ကို ပြန်လည် စွန့်လွှတ်ခဲ့ပါတယ်။ အထူးသဖြင့် MNDAA ဟာ နယ်မြေအတော်များများကို လက်လွှတ်ခဲ့ရပေမယ့် ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ နယ်မြေထက်ကျော်လွန်ပြီး နယ်မြေအချို့ရရှိခဲ့ကာ ခရိုင် ၄ ခု နဲ့ မြို့တော် ၁ ခုပါဝင်တဲ့အထူးဒေသတခုအနေနဲ့ ပြဌာန်း လိုက်ပါပြီ။ ပလောဝ်ပြည်နယ်ထူထောင်ရေး ကိုင်စွဲထားတဲ့ TNLA ကတော့ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချိုက ပြန်ဆုတ် ပေးလိုက်ရပြီး မိုးကုတ်မှာ စစ်ကောင်စီတပ်တွေကို ခေါ်သွင်းလာခဲ့ရတဲ့အထိ တော်လှန်ရေးအမဲစက် ထင်ခဲ့ရပါတယ်။

ပြန်ဆုတ်မပေးခင်ကဆိုလည်း သိမ်းပိုက်နယ်မြေတွေတွေမှာ KIA၊ MNDAA နဲ့ TNLAတို့တွေဟာ နယ်မြေအငြင်းပွားရင်း ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။

နောက်ပိုင်းမှာလည်း MNDAA ရဲ့အထူးဒေသဟာ ရှမ်းလူမျိုးတွေအများအပြားနေထိုင်တဲ့ ဒေသတွေ၊ ကချင်လူမျိုး အများအပြားနေထိုင်တဲ့ ဒေသတွေ ပါဝင်နေတာကြောင့် ရှမ်းလက်နက်ကိုင်တွေ၊ ကချင်လက်နက်ကိုင်တွေနဲ့ ပွတ်တိုက်မှု ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရပါဘူး။ ထို့အတူ TNLA ထိန်းချုပ်ထားတဲ့ နေရာအချို့ဟာလည်း ရှမ်းလူမျိုးအများစု နေထိုင်တဲ့ဒေသတွေ ပါဝင်နေတာကြောင့် ရှမ်းလက်နက်ကိုင်တွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

အဲဒါအပြင် တနင်္သာရီတိုင်းအတွင်းမှာ ဖြစ်ခဲ့သလို NUG လက်အောက်ခံတပ်တွေနဲ့ ဒေသခံ တိုင်းရင်းသားတပ်တွေကြား အုပ်ချုပ်ရေးပွတ်တိုက်မှုတွေဖြစ်လာနိုင်သလို နယ်မြေပိုင်ဆိုင်မှုအပေါ် အခြေခံပြီး ပွတ်တိုက်မှုတွေလည်း ဖြစ်လာနိုင် ပါတယ်။

သိမ်းပိုက်နယ်မြေတွေကို ချုပ်ကိုင်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်မှာဆိုရင် ULA က အုပ်ချုပ်နေပြီး ဖယ်ဒရယ်ထက်မနိမ့်တဲ့ အဆင့်အတန်းကို တောင်းဆိုထားပါတယ်။ ထို့အတူ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်က သိမ်းပိုက်ထားတဲ့နယ်မြေတွေကို KIO က ဒေသန္တရအုပ်ချုပ်ရေးနဲ့အုပ်ချုပ်ထားပြီး ဖယ်ဒရယ်မူကိုပဲကိုင်စွဲထားပါတယ်။

အထူးသဖြင့် ရှမ်းမြောက်က နယ်မြေတွေကို လက်လွှတ်လိုက်ရတာဟာ တော်လှန်ရေး အင်အားစုတွေအတွက် အထိအနာဆုံးဖြစ်ပြီး တရုတ်ဖိအားကြောင့် လက်လွှတ်လိုက်ရတာဆိုပေမယ့် တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောတူညီမှု မရှိလို့ လက်လွှတ်လိုက်ရတာက ပိုမှန်ပါလိမ့်မယ်။ ထို့အတူ လက်နက်ကိုင်တပ်ဖွဲ့ချင်းချင်းတွေ ပွတ်တိုက်မှုကို ရှောင်လွဲနိုင်တာလည်း ဘုံသဘောတူညီချက်တခု လိုအပ်တယ်ဆိုတာ ပလက်ဝ မြို့နယ်က သက်သေပြနေပါတယ်။ ချင်းပြည်နယ်ထဲပါဝင်နေတဲ့ ပလက်ဝကို AA က သိမ်းပိုက်ထားပေမယ့် ချင်းလက်နက်ကိုင်တွေနဲ့ ပွတ်တိုက်မှု မဖြစ်ခဲ့တာက အမြင်သာဆုံး ဖြစ်စဉ်ပါပဲ။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကော်မရှင်ဟာ ၂၀၀၈ အခြေခံဥပဒေပေါ်မှာပဲ ရွေးကောက်ပွဲ ဖော်ဆောင်ပြီး လွတ်တော်ခေါ်ယူကာ ၂၀၀၈ အခြေခံဥပဒေနဲ့ပဲ အသွင်ပြောင်း အစိုးရတရပ်ကို ဖော်ဆောင်လာတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေမှာတော့ အုပ်ချုပ်ရေးနယ်မြေ၊ အုပ်ချုပ်ရေး အကောင်အထည်ဖော်ဖို့နဲ့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု၊ အနာဂတ် တပ်မတော် စသဖြင့် ဘာမှ အဆင်သင့်မဖြစ်သေးတာကိုတွေ့ရပါတယ်။

ဒါ့ကြောင့် လက်ရှိအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အလုံးစုံနီးပါး ပါဝင်သဘောတူနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ခုကို ဖော်ဆောင်ကာ ရေးဆွဲအတည်ပြုပြီး ဘုံသဘောတူညီချက်တစ်ခုနဲ့ တော်လှန်ရေးကို ဟန်ချက်ညီညီ ရှေ့ဆက်တာက အကောင်းဆုံး အဖြေတစ်ခု ထွက်ပေါ်လာနိုင်ကြောင်း သုံးသပ်မိပါတယ်။

ဒါဆိုရင် တရုတ်ဖိအားကြောင့် ရပ်တန့်လိုက်ရတဲ့ ထိုးစစ်တွေ၊ မြေပြင်တပ်တွေကြား ကွဲပြားခြားနားမှုနဲ့ အငြင်းပွားမှုတွေကို အလွယ်တကူ ဖြေရှင်းနိုင်ပြီး တိုင်းရင်းသားတပ်တွေအပါအဝင် တပြေးညီ စစ်ဆင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါမှသာ နှစ်ပေါင်း ၇၀ ကျော် ဗိုလ်ကျစိုးမိုးနေတဲ့ အာဏာရှင်စစ်တပ်ကို ဖယ်ရှားပြီး ပြည်တွင်းစစ် ကင်းစင်တဲ့ တိုင်းရင်းသား ပေါင်းစုံသဘောတူတည်ထောင်ထားတဲ့ ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်လာနိုင်မယ်လို့ ယုံကြည်မိပါတယ်။

Leave a Comment

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing