ခိုင်ရီ ရေးသည်။
မဏ္ဍိုင်၊ ဇန်နဝါရီ ၂၊ ၂၀၂၆။
ဒီ ၅နှစ်တာကာလအတွင်း လူတွေဟာ ရောက်ရတဲ့အရပ်မှာ အလွမ်းကိုယ်စီနဲ့ နေပျော်ဖို့ကြိုးစားနေထိုင်ကြရ သူတွေချည်းပါပဲ။
တချို့က အိမ်လွမ်းကြတယ်။ တချို့က ဇာတိကိုလွမ်းကြတယ်။ တချို့က မိဘကိုလွမ်းတယ်။ တချို့က အိမ်မွေးခွေးကလေးကိုလွမ်းချင်လွမ်းမယ်။ တချို့ကျလည်း ကြောင်ကလေးဖြစ်ဖြစ်၊ ခွဲခွာနေရတဲ့ ချစ်ရသူတွေ ဖြစ်ဖြစ်ပေါ့။
ကျွန်မကတော့ ဒီကာလမှာ အလွမ်းမိဆုံးက ဘဝမှာတန်ဖိုးအထားရဆုံး ရပ်ဝန်းတစ်ခုဖြစ်တဲ့ သတင်းခန်းပါပဲ။ ဘဝမှာ နှစ်ရှည်လများ အလုပ်လုပ်ဖူးတဲ့ သတင်းခန်း ၂ ခု ရှိခဲ့ဖူးတယ်။ တခုကတော့ ရက်ပေါင်း ၂,၅၀၀ ကျော်၊ လအားဖြင့်ဆို ၈၄ လ၊ နှစ်အားဖြင့်ဆို ၇ နှစ်တိတိ အလုပ်လုပ်ခဲ့ဖူးတဲ့၊ ဘဝမှာ ပထမဆုံးလုပ်ငန်းခွင် သတင်းခန်းပါ။
အယ်ဒီတာတွေ၊ စာပြင်အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ ဓာတ်ပုံသတင်းထောက်တွေနဲ့ ဒီဇိုင်နာတွေ၊ ဒီတီပီလို့ခေါ်တဲ့ စာစီစာရိုက်အဖွဲ့သားတွေ၊ ဝင်ထွက်သွားလာနေတဲ့ ကာတွန်းဆရာ၊ နောက်ပြီး ကြော်ငြာတာဝန်ခံတွေ၊ ငွေစာရင်းကိုင်တွေ၊ ဖြန့်ချိရေး တာဝန်ခံတွေ၊ ပြင်ပစာမူရှင်တွေနဲ့ နယ်သတင်းထောက်တွေကို ဉာဏ်ပူဇော်ခတွေ စီစဉ်ပေးတဲ့ ပြင်ပဆက်သွယ်ရေး တာဝန်ခံအပါအဝင် သတင်းဌာနတစ်ခုရဲ့ အင်္ဂါရပ်အပြည့်အစုံပါတဲ့ သတင်းခန်းတစ်ခန်းပေါ့။
ပြောရရင် ဒီလိုသတင်းခန်း၊ ဒီလို အဝန်းအဝိုင်းဟာ ဒီတသက် ပြန်ရနိုင်ပါတော့မလားဆိုတဲ့ စိတ်နဲ့ နှမျောတသ လွမ်းဆွတ်ရတဲ့ သတင်းခန်းမျိုးပေါ့လေ။
အဲဒီတုန်းက တစ်ပတ်တစ်ကြိမ်ထုတ်တဲ့ ဂျာနယ်ခေတ်ဆိုတော့ နေ့စဉ်ထုတ်လောက် အလုပ်ကို အသည်းအသန်၊ အသက်မရှုနိုင်လောက်အောင် အလုပ်ရှုပ်တာမျိုးတော့ မရှိခဲ့ဘူး။ ဒါတောင်မှ အယ်ဒီတာတွေဟာ တစ်ပတ်တာလုံး တက်လာတဲ့ တိုက်ပိုင်သတင်းထောက်တွေရဲ့သတင်းတွေ၊ ဆောင်းပါးတွေ၊ ပြင်ပဆောင်းပါးရှင်တွေရဲ့ စာမူတွေ၊ သူတို့ကိုယ်တိုင်ရေးကြတဲ့ ဆောင်းပါးတွေကြားမှာ အလုပ်မအားကြရဘူး။
စားပွဲပေါ်ရောက်တဲ့ လက်ရေးစာမူတွေကိုအယ်ဒီတာ မင်နီတချောင်းနဲ့ ပြင်ထား၊ ခြစ်ထား၊ အပေါ်အောက် စာပိုဒ် အပြောင်းအရွှေ့လုပ်ထားတဲ့တစ်ထပ်ကြီးကို စာစီစာရိုက်သမားတွေဆီပို့လိုက်ပြီး၊ အဲကနေတဆင့် စာလုံးပေါင်း သတ်ပုံအမှား၊ မြန်မာစာအထားအသို အလွဲတွေကို ပြင်ပေးရတဲ့ စာပြင်အယ်ဒီတာဆီကို ရောက်တယ်။
စာပြင်အယ်ဒီတာတွေလက်ထဲကိုရောက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေမှာ ကိုယ့်စာမူပါပြီဆိုရင် အဲဒီနားမှာ တဝဲလည်လည်နဲ့ အနားကိုသွားပြီး ဘာတွေပြင်ရသလဲ၊ ဘာတွေမှားသလဲ ကပ်မေးတဲ့အခါ အချိန်ရရင် ရသလို မြန်မာစာအထားအသို၊ ဝါကျအထားအသိုနဲ့ စာလုံးပေါင်း အမှားအမှန်ကို စိတ်ရှည်လက်ရှည်နဲ့ ပြောပြတတ်တာ လေးတွေကို သတိရတယ်။ ကတ္တားတွေ၊ ကံတွေ၊ ဝိဘက်တွေ အကြောင်း ရှင်းပြပေမယ့် နားတော့ သိပ်မဝင်ခဲ့ ဘူး။
ဒါပေမဲ့ “ငါရေးတာမှားရင် အယ်ဒီတာပြင်လိမ့်မယ်” ဆိုတဲ့အတွေးတွေကို စာပြင်အယ်ဒီတာတွေက ပြန်တည့်မတ်ပေးသလို ခံစားရဖူးတယ်။ ကိုယ့်လက်ကထွက်သွားတဲ့ ကုန်ကြမ်းမှာကတည်းက အမှားကင်းအောင် အတတ်နိုင်ဆုံးကြိုးစားဖို့ သတိကပ်စရာဖြစ်တယ်။ ပြန်တွေးရင် လုပ်ငန်းခွင် တစ်ခုထဲမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အပြန်အလှန်ရှိခဲ့ကြတာက သတိရ လွမ်းဆွတ်စရာပါ။
စာပြင်အယ်ဒီတာဆီကနေ စာစီစာရိုက်အခန်းကိုရောက်သွားတဲ့ သတင်းတွေကနေ ဂျာနယ်ဆိုဒ်ထက် ၂ဆလောက်ကြီးတဲ့ မူကြမ်းစာအုပ်ထွက်လာပြီဆိုရင်တော့ သတင်းထောက်တွေဟာ ကိုယ့်ပြင်စရာ၊ စာအကျအန ဖြည့်စရာရှိတာတွေကို ဝင်ပြင်ကြ၊ ဖြည့်ကြရတယ်။ တစ်ပတ်ကို သတင်း ၄ ပုဒ်ထက်ပိုပါရင် စာမူခရတယ်။ ဘဝမှာ ရဖူးသမျှဝင်ငွေထဲ စာမူခရတာဟာ အင်မတန်ပျော်ရတဲ့ အရာလေးတစ်ခုပဲ။
တစ်ပတ်တစ်ကြိမ် စာမူခထုတ်ကြရတဲ့နေ့တွေဆိုရင် ငွေစာရင်းကိုင်ရဲ့စားပွဲနားမှာ သတင်းထောက်တွေ စုပြုံပြီး စာမူခထုတ်ကြ၊ တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြ၊ နောက်တပတ်အတွက် အင်တာဗျူးရဖို့ သတင်းရင်းမြစ်နဲ့ချိန်းထားသူတွေကလည်း လုပ်စရာရှိတာ ဆက်လုပ်ကြပေါ့။
အဲဒီသတင်းခန်းကို ပြင်ပက စာမူပို့ချင်တဲ့ စာမူရှင်တွေလည်း ရောက်လာတယ်။ ရန်ကုန်ရောက်တုန်း ဂျာနယ်တိုက်ကိုဝင်ပြီး စာမူခဝင် ထုတ်သွားဦးမယ်ဆိုတဲ့ နယ်အသီးသီးက သတင်းသမားတွေ၊ ပြင်ဆောင်းပါးရှင် တွေလည်း ရောက်လာတယ်။ သတင်းပေးချင်လို့ဆိုပြီး သတင်းဌာနကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတဲ့ သတင်းရင်းမြစ်ပြည်သူတွေလည်း လာတတ်တယ်။
တခါတလေကျ “မင်းတို့သတင်းက မှားနေတယ်ကွ” ဆိုပြီး ဒေါကြီး မောကြီးနဲ့ ရောက်ချလာတတ်တဲ့ ဒေါသအိုး စာဖတ်သူတွေလည်း ပါတတ်တယ်။ တခါတလေကျ ကူညီဖေးမပေးရမယ့် အားနည်းသူတွေအကြောင်း သတင်းထဲပါလာရင် အဲလူတွေကို ကူညီချင်လို့ဆိုပြီး ဂျာနယ်တိုက်ကတစ်ဆင့် လှူပေးဖို့ ငွေလာလှူတဲ့ စာဖတ်သူ မျိုးလည်းကြုံရရဲ့။
တခါတလေကျ ဖောင်ပိတ်ရက်၊ ကိုယ့်စားပွဲမှာကိုယ် ခေါင်းမဖော်နိုင်အောင် အသည်းအသန် စာရေးနေကြချိန် ဧည့်ကြိုကောင်တာကနေ ဖုန်းဝင်လာတယ်။ အပြင်မှာ သတင်းထောက် ဘယ်သူရဲ့ ဧည့်သည်ရောက်နေလို့ ထွက်တွေ့ပါဦးဆိုလို့ ထွက်သွားလိုက်ရင် သူတို့ထုတ်တဲ့ အိမ်တွင်းထုတ်ကုန်ပစ္စည်းတစ်မျိုးမျိုးကို ကိုင်ပြီး ဒါလေး မိတ်ဆက်သတင်း ရေးပေးပါဆိုပြီး သတင်းထောက်ကို ကြော်ငြာရေးခိုင်းတဲ့ ပရိသတ်မျိုး၊ ရွာက ဘုန်းကြီးကျောင်း သိမ်ဆောက်ချင်လို့ ကုသိုလ်ရအောင် သတင်းရေးပေးပါဆိုပြီး ဂျာနယ်တိုက်ပေါ်တက်လာ၊ သူ့ရွာကနေ ဒီဂျာနယ်မှာ သတင်းထောက် ဖြစ်နေတဲ့ သတင်းထောက်ကိုခေါ်တွေ့ပြီး သတင်းအတင်းရေးခိုင်းတဲ့ ကပ္ပိယအဘကြီးနဲ့လည်း ကြုံရရဲ့။
အခုလို လူမှုကွန်ရက်တွေ၊ ဆက်သွယ်ရေးစနစ်တွေက အားမကောင်း၊ တယ်လီဖုန်းဆင်းမ်ကဒ်တကဒ်ဟာ ကျပ်သိန်း ၄၀ လောက်ပေးဝယ်ရတဲ့ ဇိမ်ခံပစ္စည်းဖြစ်နေတဲ့အခါ သတင်းရင်းမြစ်ဟာ သတင်းဌာနနဲ့ ဆက်သွယ် ချင်ရင်၊ သတင်းထောက်နဲ့တွေ့ပြီး သတင်းပေးချင်ရင် ဂျာနယ်မှာပါတဲ့ လိပ်စာကိုင်ပြီး ဖုန်းခေါ်ချင်ခေါ်၊ ဖုန်းမအားတာများလို့ စိတ်မရှည်ရင် ဂျာနယ်တိုက်ပေါ် တက်လာရတဲ့ခေတ်ဆိုတော့ တကယ့်ကို လူအချင်းချင်း တွေ့ကြဆုံကြ၊ ပြောကြဆိုကြ၊ ဆွေးနွေးကြနဲ့ အမျိုးမျိုးအထွေထွေ ကြုံခဲ့ဆုံခဲ့ရဖူးတဲ့ နေ့ရက်တွေပေါ့။
စစ်အာဏာရှင် သန်းရွှေလက်ထက်က သတင်းထောက်ဖြစ်ခဲ့တဲ့ ကျွန်မတို့မျိုးဆက်ဟာ စာပေကင်ပေတိုင် လက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆီလိုအပေါက်ရှာခဲ့ကြရတယ်။ အာဏာရှင်ဟာ လူထုကို သတင်းအမှန်တွေ အမှောင်ချဖို့ကြိုးစားကြတဲ့အခါ လမ်းထိပ်ကရေမြောင်း အမှိုက်ဆို့လို့ ရေစီးရေလာ မကောင်းဖြစ်တာတောင် သတင်းရေးလို့မရခဲ့ဘူး။
စာဖတ်သူ သိစေချင်တဲ့၊ ပြောချင်တဲ့ သတင်းအကြောင်းအရာကို နိမိတ်ပုံလိုလို၊ အတိတ်ကောက်စရာလိုလိုနဲ့ လူထုကို သွယ်ကာဝိုက်ကာ အဓိပ္ပါယ်ဝှက်တွေနဲ့ တင်ဆက်ကြရတယ်။ သတင်းဌာနတွေနဲ့ စာဖတ်သူ လူထု အတွက် ငွေမင်အုပ်ထားတဲ့ သတင်းတွေကလည်း အောင်မြင်မှုတစ်ခုပဲ။ ဖန်တီးသူနဲ့ စာဖတ်သူကြားနားလည်တဲ့ နိမိတ်ပုံ သရုပ်ဖော်ပန်းချီလေး စာပေကင်ပေတိုင်လက်က လွတ်သွားတာလည်း အောင်မြင်မှုပဲ။
အပတ်စဉ်ထုတ်ဂျာနယ်ခေတ်ဆိုတော့ တစ်ပတ်မှာ ၂ ကြိမ် စာပေစိစစ်ရေးကို ဂျာနယ်မူကြမ်း တင်ကြရတယ်။ စာပေစိစစ်ရေးက ပြန်ကျလာတဲ့မူကြမ်းမှာ ကိုယ့်သတင်းကို မင်နီအတားခံလိုက်ရပြီဆိုရင် အင်မတန် အရသာ ရှိတာ။ “ငါ့သတင်းက စာပေစိစစ်ရေးပြုတ်တဲ့သတင်းကွ” ဆိုပြီး မာန်တက်ရသေးတာကလည်း မှတ်မှတ်ရရ။ စိစစ်ရေးပြုတ်သွားတော့ စာဖတ်သူဆီအရောက်မပို့နိုင်လို့ စိတ်မကောင်းဖြစ်ရတာကလည်း သပ်သပ် တကဏ္ဍပေါ့။
တချို့အပတ်စဉ်တွေမှာဆို မင်နီတားတာမဟုတ်ဘဲ ဂျာ/တာ ဆိုပြီး မင်ပြာနဲ့ ခြစ်ပေးလိုက်တာတွေကလည်း ဒုနဲ့ဒေး။ ဂျာ/တာရဲ့ ဆိုလိုရင်းက ဒီသတင်းထည့်မယ်ဆို နောက်ဆက်တွဲဖြစ်လာသမျှ ကိစ္စရပ်တွေကို ဂျာနယ်က တာဝန်ယူရမယ်ဆိုတဲ့ အဓိပ္ပါယ်။ ထုတ်ဝေသူက မဝံ့ရဲရင်တောင် သတင်းစာဆရာစိတ်ဓာတ်နဲ့ ခံယူချက်ကို လက်ကိုင်ထားတဲ့၊ ခေါင်းမာတဲ့ အယ်ဒီတာက ပုံနှိပ်ဖို့ ဆုံးဖြတ်လိုက်ပြီး စာမျက်နှာပေါ်မှာ ပါသွားရင် စာဖတ်သူ ဖတ်ခွင့်ရသလို၊ ဂျာနယ်လည်း မျက်နှာပန်းလှတယ်လို့ ဆိုရမယ်ပေါ့။
အဲဒီလို စာဖတ်သူပြည်သူဆီမှာ မျက်နှာပန်းလှပေမယ့် ပြည်သူကို ဘယ်သောအခါမှ မျက်နှာမမူခဲ့တဲ့ အာဏာရှင် အဖို့ မျက်မုန်းကျိုးစေတဲ့အရာဆိုတော့ ဂျာနယ်ထွက်ပြီး နောက်ရက်ဆိုရင်တော့ ရုံးက အယ်ဒီတာတွေကို စာပေ ကင်ပေတိုင်က ဆင့်ခေါ်လို့ သွားရှင်းကြရ၊ ခံဝန်ကတိနဲ့လက်မှတ်တွေထိုးကြရပြီ။ အဲဒီလို တစ်ကြိမ်က ၂ ကြိမ်၊ ၂ကြိမ်က ၃ကြိမ်ဆိုရင် ဂျာနယ် ထုတ်ဝေခွင့် ယာယီရပ်နားတာ၊ ကြာကြာရပ်နားတာ၊ အကန့်အသတ်မရှိ ရပ်နားတာ စတဲ့အမိန့်တွေ ထုတ်ပြီး သတင်းလွတ်လပ်ခွင့်ကို အနိုင်ကျင့်ဗိုလ်ကျကြတဲ့ခေတ်ပေါ့။
ကိုယ့်ရုံးကအယ်ဒီတာတွေ စာပေစိစစ်ရေးမှာ အဲဒီလို ခံဝန်သွားထိုးကြရတဲ့နေ့ဆို ရုံးမှာ ကျန်ခဲ့တဲ့ သတင်းထောက်တွေ၊ ရုံးအဖွဲ့သားတွေက ထုတ်မပြောဖြစ်ကြရင်တောင် ဘာများဖြစ်လာမလဲ ဆိုတဲ့အတွေးနဲ့ ရင်ထဲ တထိတ်ထိတ်၊ အာဏာရှင်အောက်ဆွဲတွေဆီမှာ အနိုင်ကျင့်တာခံရတဲ့ အဖြစ်ကို ခံပြင်းကြရတာပါပဲ။
စာပေစိစစ်ရေးလက်က ဖောချင်းသောချင်းလွတ်လေ့ရှိတဲ့သတင်းမျိုးတွေ၊ သူတို့ရေးစေချင်တဲ့သတင်းတွေကို ကျွန်မတို့က နောက်ပြောင် ပြီးနာမည်ပေးထားတာရှိတယ်။ “မြွေကိုက်ဖားရိုက်သတင်းတွေ”၊ “ငါးပွက်ရာ ငါးစာချတဲ့သတင်းတွေ” တဲ့။ အဲဒီလို “ဆင်မကြီးက ဝက်ကလေးမွေး” ၊ “ငှက်ပျောပင်က နဂါးထွက်လာ” ဆိုတဲ့ သတင်းမျိုးတွေပဲ ရေးပြီး စောင်ရေ များနေတဲ့ ဂျာနယ်မျိုးတွေ၊ စစ်တပ်ဘုန်းတော်ဘွဲ့ရေးနေတဲ့ ဂျာနယ်မျိုးတွေ ဆိုလည်း စာရင်းထဲထည့်လေ့မရှိကြဘူး။ ခေတ်စကားနဲ့ပြောရရင် ဘောင်မဝင်ဘူးပေါ့။
အဲဒီတုန်းက အဲဒီလိုသတင်းခန်းတွေထဲမှာ သတင်းထောက်လုပ်ခွင့်ရခဲ့တာဟာ တကယ်ကို မမေ့နိုင်စရာပါ။ ကိုယ်ပိုင်စားပွဲခုံမရှိသေးတဲ့ သတင်းထောက်ပေါက်စတွေဘဝမှာ အစည်းအဝေးစားပွဲလိုစားပွဲရှည်ကြီးမှာ အတူဝိုင်းထိုင်၊ အေဖိုးစာရွက်တစ်ဖက်လွတ်တွေနဲ့ သတင်းတွေထိုင်ရေးကြရတာ။ ကိုယ်ပိုင်ကွန်ပြူတာဆိုတာ မမြင်ဖူးတဲ့အချိန်ဆိုတော့ လက်ချောင်းတွေမှာ အသားမာတက်အောင်ရေးလိုက်၊ ဖျက်လိုက်၊ လုံးချေလိုက်၊ လွှင့်ပစ်လိုက်နဲ့ သိပ်ကို စိတ်ရှည်ခဲ့ဖူးတဲ့ကာလတွေလို ဆိုရပါမယ်။
လက်ရေးနဲ့ ၁၀ မျက်နှာအထက်ရေးရတဲ့ ဆောင်းပါးတွေဆိုရင် စိတ်တိုင်းမကျရင်းနဲ့ မိုးကြီးချုပ်လို့ အဆောင် ပိတ်ချိန်လည်းကျော်ပြီဆိုရင် မပြန်တော့ဘဲ ညည ရုံးမှာ မအိပ်မနေရေး၊ အိပ်ချင်လာရင် ရုံးစားပွဲအောက် ဝင်အိပ်ကြတဲ့ရက်တွေလည်းရှိဖူးရဲ့။ ထိုင်ခုံတွေဆက်၊ ရန်ကုန်လမ်းညွှန် ၂ အုပ်ဆင့်ခေါင်းအုံးပြီး ခဏတဖြုတ် တစ်ရေးအိပ်၊ မျက်နှာထသစ်ပြီး ဆက်ရေးကြတာလည်းရှိဖူးရဲ့။ အဲဒီသတင်းခန်းမှာ ကိုယ့်ရဲ့ သတင်းသမားဘဝ အစ၊ ကိုယ်က ငယ်မွေးခြံပေါက် ဖြစ်လို့ အဲဒီသတင်းခန်းဟာ ကိုယ့်ရဲ့ အိမ်လိုပဲခံစားခဲ့ရတယ်။
နေ့ခင်းနေ့လယ် စောစောစီးစီး သတင်းရေးပြီးသွားရင် အယ်ဒီတာ့ စားပွဲပေါ် စာမူလေးတင်ခဲ့ပြီး ရုံးအောက်ဆင်း ကြပြီ။ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင် ထိုင်ရင်း သူ့အခက်အခဲ၊ ကိုယ့်အခက်အခဲ ရင်ဖွင့်ကြ၊ အကြံပေးကြ၊ အတုယူစရာ ရှိယူကြ၊ သင်ခန်းစာယူစရာရှိလည်းယူကြ၊ ငြင်းကြ၊ ခုန်ကြ၊ စိတ်ကောက်စရာ ရှိလည်း ကောက်ကြ၊ ရန်ဖြစ် လိုက်၊ ပြန်ချစ်လိုက်နဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း လူချင်း နီးစပ်ခဲ့ကြတယ်။
သတင်းထောက်တွေကြားမှာ အချင်းချင်း သတင်းလိုက်တဲ့နယ်ပယ်တူပြီး သူလုပ်မယ့်သတင်း၊ ငါလုပ်မယ့် သတင်းဆိုပြီး လုကြတာမျိုးလည်းရှိတယ်။ တခါတလေ သတင်းထောက်အချင်းချင်းသာမက သတင်းသမားပိုး အပြည့်နဲ့ သတင်းပဲရေးချင်တဲ့ အယ်ဒီတာနဲ့ လုရတာမျိုးလည်းရှိကြသေးတယ်။ ကျွန်မကတော့ ပေါက်သတင်းတွေ၊ မျက်နှာဖုံးသတင်းတွေများများရေးနိုင်တဲ့ သတင်းထောက်တစ်ယောက်မဟုတ်ခဲ့ဘဲ လူနေမှုဘဝဆောင်းပါးတွေရေးခဲ့သူဖြစ်တဲ့အခါ အဲ့လို လုရပြုရတဲ့အဖြစ်ကတော့ ကင်းဝေးတယ်။
အယ်ဒီတာတွေနဲ့ သူ့ကိုယ်စိတ်တိုင်းမကျ၊ ကိုယ့် သူစိတ်တိုင်းမကျလို့ အပြန်အလှန်စိတ်ဆိုး၊ စိတ်တိုရတာတွေက အဲ့ဒီတုန်းကတော့ စိတ်ညစ်ညူးစရာဖြစ်ခဲ့ပေမယ့် အခုပြန်တွေးကြည့်တော့ တအိမ်တည်းအတူနေ မောင်နှမတွေ ရန်ဖြစ်ခဲ့ကြသလိုပါပဲ။
အဲဒီတုန်းက သတင်းခန်းကောင်းမှာ အလုပ်လုပ်ခွင့်ရခဲ့တဲ့ ကျွန်မဟာ အလုပ်ခွင်မှာ မိန်းကလေး၊ ယောကျ်ားလေး ဒိုးတူဘောင်ဘက်၊ ပုခုံးတပြန် ဒုံးတပြန် အလုပ်တွေ တန်းတူလုပ်ခွင့်ရခဲ့တယ်လို့ ဆိုရမယ်။ စာပေစိစစ်ရေးခေတ် မို့ ရေးသင့်ရေးထိုက်၊ ပြည်သူသိသင့်သိထိုက်တဲ့ အမှန်တရားတွေ စာမျက်နှာပေါ်မရောက်ခဲ့တာကလွဲရင် တက်ညီလက်ညီလုပ်နိုင်ခဲ့ကြတယ်။
အဲဒီအချိန်ကာလတွေတုန်းက အထက်လူကြီးက ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ကဖြစ်စေ မိန်းကလေးမို့လို့ ထိကပါး ရိကပါး နှောက်ယှက်စော်ကားတာ၊ အသားယူတာ၊ သွေးတိုးစမ်းတာ စတဲ့ ယုတ်ညံ့တဲ့ လုပ်ရပ်မျိုးတွေ မကြုံဖူးခဲ့ တာဟာ တကယ်ကံကောင်းခဲ့တဲ့ အချက်တွေထဲက မှတ်မှတ်ရရ တစ်ခုပါပဲ။ သတင်းစာပညာရဲ့ အခြေခံ ကျင့်ဝတ်တွေကို ခါးဝတ်ပုဆိုးလိုမြဲမြဲမြံမြံ ကျင့်သုံးခဲ့ကြတဲ့ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ အယ်ဒီတာတွေနဲ့ ကြုံခဲ့ဆုံခဲ့ရတာ ဘဝမှာ ဆုလာဘ်တစ်ခုပါပဲ။
ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်၊ ၂၀၁၀ ရွေးကောက်ပွဲ စတဲ့ မြန်မာပြည်ရဲ့ သမိုင်းဝင်ကာလတွေမှာ မြေပြင် ဆင်းကြ၊ သတင်းတွေယူကြ၊ ရေးကြ၊ စာပေစိစစ်ရေးပြုတ်လိုက်ကြနဲ့ ပျော်လည်းပျော်ရ၊ စိတ်လည်းတိုရ၊ အားမလိုအားမရတဲ့ ပြည်တွင်းဂျာနယ်လစ်တွေဘဝပေါ့။
မြေပြင်ကို ကွင်းမဆင်းဘဲ ရုံးမှာထိုင်ပြီး ဖုန်းတစ်လုံးနဲ့ အင်တာဗျူးလုပ်၊ သတင်းထုတ်လေ့ရှိတဲ့ သတင်းထောက်ကို အချင်းချင်း စနောက်ကြတဲ့စကားက “တစ်ပေပတ်လည် သတင်းထောက်” တဲ့။ အဲ့ဒီတုန်းက ကမ်းရိုးတန်း စီဒီအမ်အေ ဖုန်းတွေ၊ ခြင်းဖုန်းတွေခေတ်ဆိုတော့ တယ်လီဖုန်းအရွယ်အစားကိုရည်ညွှန်းပြီး မခံချင်အောင် စကြနောက်ကြတာပါ။
ဂျာနယ်ထွက်တဲ့ရက်မှာ ဂျာနယ်မျက်နှာဖုံးမှာ ကိုယ့်သတင်းပါတဲ့သတင်းထောက်ဟာ သတင်းခန်းထဲမှာ မျက်နှာ ပွင့်တယ်။ ဒီတပတ်မျက်နှာဖုံးသတင်းတက်တဲ့အထဲ ကိုယ့်သတင်းပါတယ်ဆိုရင် ဂုဏ်ယူရတယ်။ အမြဲတမ်း မဟုတ်ပေမယ့် မျက်နှာဖုံးတက်တဲ့သတင်းပိုင်ရှင်က စာမူခထုတ်တဲ့အခါ လက်ဖက်ရည်လိုက်တိုက်တဲ့ ရက်မျိုး ကလည်း ဒကာခံရသူအတွက်ရော၊ လက်ဖက်ရည်သောက်ရသူအတွက်ရော ပျော်စရာတွေထဲက တစ်ခုပေါ့။
၂၀၁၀ နောက်ပိုင်းနှစ်တွေမှာတော့ သတင်းရယူတဲ့အခါ၊ ရေးသားတဲ့အခါ အထိုက်အလျောက် လွတ်လပ်ခွင့် ရလာကြပြီ။ ပြည်ပရောက်သတင်းဌာနကြီးတချို့လည်း ပြည်တွင်းပြန်ဝင်လာကြပြီ။
ကျွန်မ ဘဝရဲ့ ဒုတိယလုပ်ငန်းခွင်သတင်းခန်းကိုရောက်တဲ့အချိန်မှာတော့ ဒုတိယသတင်းခန်းက အဲဒီလို ပြည်တွင်း ပြန်ဝင်လာပြီး သတင်းခန်းတွေပြန်လည်ပတ်ကြတဲ့ သတင်းဌာနတွေထဲမှာတစ်ခုပေါ့။ အတွေ့အကြုံရင့်ကျက်ပြီး၊ ပုံစံတကျ ဖြစ်နေတဲ့ အဲဒီသတင်းခန်းမှာ သတင်းသမားအဖြစ် ၂ နှစ်လုပ်ခဲ့တယ်။ ပိုစနစ်ကျတာတွေရှိခဲ့သလို မြန်မာ့သတင်းမီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေတွေနဲ့လည်ပတ်ကြတဲ့ သတင်းခန်းဖြစ်လို့ အဖွဲ့အစည်း ပိုဆန်တာကို တွေ့ရတယ်။ စာပေစိစစ်ရေးကိုဖြတ်ရတဲ့အဆင့်ပျောက်သွားတဲ့ကာလဖြစ်လို့ ပိုချောချောမောမော လုပ်နိုင်ကိုင်နိုင် ကြပြီ။
အာဏာရှင်ရုပ်ပြောင်ကာတွန်းမျက်နှာဖုံးတွေနဲ့ အပတ်စဉ်ဂျာနယ်ထုတ်နေတဲ့ အဲဒီသတင်းခန်းမှာ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်၊ ကျောချင်းကပ် အလုပ်လုပ်ကြရတာဆိုတော့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း လူချင်းတွေ့ကြ၊ ပြောကြ၊ နေ့လယ်စာအတူတူစားကြ၊ လက်ဖက်ရည်အတူဆင်းသောက်ကြဆိုတော့ ပထမ အလုပ်တုန်းကလို ငယ်ပေါင်းတွေ မဟုတ်ကြပေမယ့် သတင်းခန်းပုံစံပီသခဲ့ပါသေးတယ်။ ကိုယ်ပိုင်ကွန်ပြူတာနဲ့ စာရေးနိုင်နေပြီဆိုတော့ ဒီသတင်းခန်းကို ရောက်တဲ့အချိန်မှာ စာစီစာရိုက်ဝန်ထမ်းတွေ မလိုအပ်တော့တဲ့ အချက်က ပထမအလုပ်နဲ့မတူတဲ့အပြောင်းအလဲပဲ။
သတင်းအယ်ဒီတာက ကွန်ပြူတာထဲကနေ သူပြင်ထားတာ၊ ပြင်စေချင်တာကို စာဖိုင်ပြန်ပို့ပြီး သိချင်တာကို မေးတာ၊ ဖြည့်စေချင်တာကို ပြောတာ စတဲ့အလုပ်တွေကို အွန်လိုင်းကနေတဆင့်လုပ်ပါတယ်။ လူချင်း စကားပြောရတဲ့အဆင့်က ပထမသတင်းခန်းတုန်းကထက်စာရင် လျော့ကျလာပါတယ်။ သတင်းအယ်ဒီတာတွေ ဆီမှာ စာမူအတည်ဖြစ်တဲ့အခါကျတော့လည်း စာပြင်အယ်ဒီတာဆီကို ပြန်လွှဲပါတယ်။
ဒုတိယ သတင်းဌာနမှာ မှတ်မှတ်ရရ အဖြစ်ဆုံးက စာပြင်အယ်ဒီတာပါ။ မြန်မာစာအရေးအသား၊ စာလုံးပေါင်း၊ စကားပြေ၊ စကားပြောမရောစေဖို့၊ အသုံးအနှုန်းနဲ့ စာအကျအပေါက်တွေမရှိစေဖို့ စေ့စေ့စပ်စပ် စိစစ်တတ်သလို၊ လူချင်းဆုံဖို့အချိန်ရရင်လည်း သဘောတရားနားလည်အောင် သေချာရှင်းပြတတ်၊ အကြံပေးတတ်တယ်။ စာပြင်အယ်ဒီတာတယောက်ရဲ့ အလုပ်ကို လေးလေးနက်နက် ပီပီပြင်ပြင် တန်ဖိုးထားပြီး အားစိုက်လုပ်တယ် ဆိုတာ အထင်းသားပေါ်လွင်တယ်။ သူ့ပညာရပ်နဲ့ပတ်သက်လာရင် အလျှော့မပေးဘဲ လိုရင်းမရောက်၊ ရောက်အောင် ပြောယူတတ်တဲ့ သဘာဝကတော့ အမှတ်တရအဖြစ်ဆုံးပဲ။
အဲဒီလို သတင်းခန်းတွေမှာ ဆယ်စုနှစ်တခုနီးပါး သတင်းသမားအဖြစ်အလုပ်လုပ်ပြီးတဲ့အခါမှာ သတင်းခန်း မဟုတ်တော့တဲ့ သတင်းစာပညာနယ်ပယ်မှာ ဆက်အလုပ်လုပ်၊ အဲဒီကနေ ဘယ်သတင်းခန်းမှာမှ လခစား မလုပ်တော့ဘဲ ကိုယ်ရေးပေးချင်တဲ့သတင်းဌာနကို ကိုယ်ရေးချင်တဲ့ စာတွေရေးပို့ရင်း သတင်းခန်းနဲ့ဝေးကွာတဲ့ အလွတ်စာရေးသူအဖြစ် နေလာလိုက်တာ ဆယ်စုနှစ်တစ်ခုနီးပါးထပ်ကြာလာခဲ့တယ်။
၂၀၁၀ ကနေ ၂၀၂၀အတွင်းကာလမှာ လွတ်လပ်သယောင်ရှိလာတဲ့ သတင်းလောကထဲကို အသစ်အသစ်ဝင်လာတဲ့ လူငယ်သတင်းသမားတွေ အများအပြားရှိခဲ့ကြတယ်။ တက်ညီလက်ညီနဲ့ သတင်းအလုပ်တွေ အများကြီး လုပ်နိုင်ခဲ့ကြတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ သတင်းခန်းတွေဟာ စစ်အစိုးရလက်ထက်ဖြစ်စေ၊ အရပ်သားအစိုးရလက်ထက်ဖြစ်စေ ပုံစံချင်းမတူတဲ့ အန္တရာယ်တွေကြုံခဲ့ရတဲ့ကြားမှာ သတင်းသမားအချင်းချင်း ရဲဘော်ရဲဘက်စိတ်ဓာတ်တွေနဲ့ အကောင်းဆုံး အလုပ်လုပ် နိုင်ခဲ့ကြပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သတင်းဌာနတွေ၊ သတင်းခန်းတွေကို ဝင်ဖျက်ဆီး၊ သတင်း မီဒီယာတွေကို လိုင်စင်ဖျက်သိမ်း၊ သတင်းထောက်တွေကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်နှစ်ရှည်တွေချ၊ မြန်မာပြည်ရဲ့ တည်ဆောက်လက်စ သတင်းစာလွတ်လပ်ခွင့် အဆောက်အအုံကြီးတစ်ခုလုံးဟာ အာဏာရှင်တွေရဲ့ ဖြိုချဖျက်ဆီး ခြင်းကို ခံလိုက်ပါတယ်။ ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ သတင်းခန်းနဲ့ ဆက်စပ် ပတ်သက်တဲ့ လောကသားမှန်သမျှ ဖရိုဖရဲ၊ ကစဉ့်ကလျားနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ကြရတယ်။
ပြည်တွင်းမှာကျန်ကျန်၊ ဘေးလွတ်ရာရှောင်ရှောင် သတင်းစာပညာနဲ့ ဆက်ပြီးအသက်မွေးဝမ်းကျောင်း ပြုနေသူ တွေဟာ ကျရာနေရာမှာ ကျရာတာဝန်ကို ထမ်းပြီး သတင်းသမားအဖြစ်ဆက်လုပ်နေကြသူတွေလည်း ရှိသလို၊ တချို့ကျတော့လည်း မိသားစုဘဝရပ်တည်ရေးအတွက် အခြားသောနယ်ပယ်ကို ပြောင်းရွှေ့သွားကြတာလည်း ရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းသမားဘဝကို ရွေးချယ်လာကြသူတွေလည်းရှိပြန်တယ်။
ဘာပဲဖြစ်ဖြစ် အခုတော့ သတင်းခန်းတွေဟာ လူမစုံကြတော့ပါဘူး။ တချို့ကထောင်ထဲမှာ၊ တချို့က အာဏာရှင်ဘေးဆိုးရန်ဆိုးရဲ့ လွတ်မြောက်ရာအရပ်ဒေသအသီးသီးမှာ။ တချို့က မိသားစုဘေးကင်းဖို့အတွက် သတင်းသမားအလုပ်ကိုနှုတ်ဆက်ခွဲခွာကြရပါတယ်။
သတင်းသမားအလုပ်တွေဆက်လုပ်ဖြစ်တော့လည်း အရင်ထက်ပိုကောင်းလာတဲ့နည်းပညာတွေကြားမှာ အရင်တုန်းက လူ ၅ယောက်လောက်လုပ်ရမယ့်တာဝန်တွေကို တစ်ယောက်တည်းလုပ်ကြရတာမျိုးတွေ ရှိလာတယ်။ သူပဲသတင်းသမား၊ သူပဲရိုက်ကူးရေးသမား၊ သူပဲ တည်းဖြတ်သူ၊ သူပဲ စာစီစာရိုက်၊ သူပဲ စာပြင်အယ်ဒီတာ ဒီလိုတွေ လုပ်ကိုင်နိုင်စွမ်းတွေတိုးတက်လာတာမျိုးတွေလည်းရှိလာတယ်။
ကျွန်မကတော့ အခုလက်ရှိလည်း သတင်းခန်းထဲမှာရှိနေပေမယ့် အဲဒီသတင်းခန်းက အွန်လိုင်းသတင်းခန်းပါ။ တစ်ယောက်ကိုတစ်ယောက် လူလူချင်းမတွေ့ရတဲ့ အွန်လိုင်းလုပ်ဖော်ကိုင်ဖက်၊ အွန်လိုင်းဆက်သွယ်ရေးစနစ်၊ အွန်လိုင်းက အလုပ်တာဝန်တွေနဲ့ သတင်းသမားအဖြစ် ဆက်ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းသမားအလုပ်ကို ပိုတာဝန်ကျေရမယ်ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေနဲ့အတူတူ ကျောချင်းကပ်ပြီး အလုပ်တွေဆက်လုပ်နေပါတယ်။
ဘဝမှာ ပြန်ရနိုင်ဖို့ ခက်ခဲသွားပြီဖြစ်တဲ့ ဟိုးတုန်းက လူစုံတက်စုံ သတင်းခန်းဖြတ်သန်းမှု သဘောသဘာဝတွေကို လွမ်းဆွတ်နေတဲ့ သတင်းသမားတစ်ယောက်အဖြစ်နဲ့ပေါ့လေ။
1 comment
luckyplay https://www.redluckyplay.net